အခန်း ၄၉၀
Vol. 33 Ch. 490
အခန်း (၄၉၀) - နေ့သစ်တစ်နေ့နှင့် ထူးဆန်းလှသော အရိပ်မည်းကြီး ပြန်လည်ပေါ်ထွက်လာခြင်း
ညဘက် ဆယ်နာရီကျော်အချိန်တွင်မူ လီဝမ်ရှီးသည် သူ၏ ရင်ခွင်အတွင်း၌ ပါးပြင်လေးများ နီမြန်းလျက် အိပ်ပျော်နေခဲ့ချေပြီ။
ရွှီရှင်းသည် သူမကို ပွေ့ဖက်ထားရင်း ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ကြည့်ရှုလိုက်၏။
ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း၌မူ စောစောက လှိုင်းလုံးကြီး ဖြတ်သန်းသွားခဲ့ပြီဖြစ်ရာ ယခုအခါ လူအများစုမှာ ကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်၍ ပြောဆိုနေကြပေသည်။
၎င်းတို့သည် ရွှီရှင်းနှင့် အခြားသောသူများကို ဤလှုပ်ရှားမှု၏ အတွေ့အကြုံများနှင့် ဗျူဟာများကို မျှဝေပေးစေလိုကြခြင်း ဖြစ်၏။
ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း၌မူ -
"နယ်မြေ ၁၈၈ နဲ့ နယ်မြေ ၁ က ဆရာကြီးတို့ရေ... ကျေးဇူးပြုပြီး မင်းတို့ရဲ့ တောင်တက်အတွေ့အကြုံတွေနဲ့ ဗျူဟာတွေကို မျှဝေပေးကြပါဦး..."
"နယ်မြေအချင်းချင်းကြားမှာ အပြန်အလှန် ကူညီပေးသင့်တာ မဟုတ်ဘူးလား"
"အဲ့တာက ဘာမှမဖြစ်ပါဘူး၊စနစ်က ဇွတ်အတင်းလုပ်ခိုင်းတဲ့ ဖြစ်ရပ်မျိုး မဟုတ်ဘဲ ကိုယ်တိုင်စတင်ရတဲ့ ဖြစ်ရပ်မျိုးပဲဥစ္စာ တောင်ပေါ်ကို မတက်ကြရင် ပြီးတာပါပဲ"
"သူတို့က မင်းတို့ကို အတွေ့အကြုံတွေနဲ့ ဗျူဟာတွေ ပြောပြရင်တောင်မှ၊ မင်းတို့ကော တောင်ပေါ်တက်ဖို့ သတ္တိရှိကြလို့လား"
"ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အမှတ်စာရင်းပေါ်တက်ပြီး ဆုလာဘ်တွေ ယူချင်သေးတဲ့ အခြားဆရာကြီးတွေလည်း ရှိနေသေးတာပဲကို..."
"လှုပ်ရှားမှုကို ငြင်းပယ်ခဲ့တဲ့လူတွေ ပြောပြချက်အရဆိုရင်တော့၊ ထူးဆန်းတဲ့အသံက သူတို့ကို တောင်ထိပ်ပေါ်က လျှို့ဝှက်ချက်တွေကို မိမိတို့ရဲ့ ကိုယ်ပိုင်နယ်မြေက လူတွေနဲ့ မျှဝေခံစားနိုင်တယ်လို့ ပြောခဲ့တယ်ဆိုတော့၊ ငါလည်း အဲ့တာကနေတစ်ဆင့် အကျိုးကျေးဇူးတွေ ရနိုင်မလား"
ရွှီရှင်းသည် ဆီးနှင်းတောင်၏ အတွေ့အကြုံများကို အခြားသော နယ်မြေက လူများအား မျှဝေပေးရန် ရှိ၊ မရှိ ကိစ္စနှင့်ပတ်သက်၍ ယခုအချိန်အထိ ဆုံးဖြတ်ချက် မချနိုင်သေးပါပေ။
ဆီးနှင်းတောင်ကြီး၏ အကျိုးကျေးဇူးများမှာ လက်ရှိအခြေအနေအရမူ မိမိ၏ ကိုယ်ပိုင်နယ်မြေက လူများအတွက်သာ သေချာပေါက် အားသာချက် ရှိနေခြင်းဖြစ်ပြီး သူသည် ဤအချက်ကို အသုံးပြုလျက် မိမိနယ်မြေအတွင်းက အဝေးကြီးမှာ ရှိနေကြသော လူများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် စည်းလုံးနိုင်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဤကိစ္စတွင် အခြားသော ပြဿနာတစ်ခု ပါဝင်နေသေး၏။
သူသည် ဆီးနှင်းတောင်ထိပ်ပေါ်သို့ ရောက်ရှိစဉ်တုန်းက အမှတ်စာရင်း၏ ပထမနေရာ ဆုလာဘ်နှင့်ပတ်သက်၍ ထူးဆန်းသောအသံက ဤသို့ ပြောကြားခဲ့သည်ကို ပြန်လည်တွေးတောမိလိုက်ပေသည်။
[တောင်ထိပ်သို့ ပထမဆုံး ရောက်ရှိခဲ့သော ရှင်ကျန်သူဖြစ်သည့်အတွက်၊ မင်းကို အထူးဆုလာဘ်တစ်ခု ပေးအပ်မှာ ဖြစ်ပြီး၊ ၎င်းကို ဆီးနှင်းတောင်တက်လှမ်းမှု လှုပ်ရှားမှုကြီး အပြည့်အဝ ပြီးမြောက်သွားတဲ့ အချိန်ကျမှသာ ချီးမြှင့်ပေးအပ်မှာ ဖြစ်သည်။]
"ဆီးနှင်းတောင်တက်လှမ်းမှု လှုပ်ရှားမှုကြီး အပြည့်အဝ ပြီးမြောက်သွားသည့်အချိန်" ဟူသော စကားလုံးက သူ့အား အနည်းငယ် စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်စေမိပေသည်။
ဆီးနှင်းတောင်တက်လှမ်းမှု လှုပ်ရှားမှုကြီးသည် တစ်ချိန်ချိန်တွင် သေချာပေါက် အပြည့်အဝ ပြီးဆုံးသွားမည်ဖြစ်သော်လည်း စနစ်က မည်သည့်အချိန်ကန့်သတ်ချက်ကိုမျှ ရှင်းလင်းစွာ ပေးထားခြင်း မရှိပါချေ။
ဤလှုပ်ရှားမှုကြီးက ဘယ်အချိန်မှာ ရုတ်တရက် ပြီးဆုံးသွားမလဲဆိုသည်ကို သူ လုံးဝ မသိရှိနိုင်ပါပေ။
သို့သော်လည်း သူ ကြိုတင်ခန့်မှန်းနိုင်သည်မှာ ဆီးနှင်းတောင်တက်လှမ်းမှု လှုပ်ရှားမှုကြီး ပြီးဆုံးသွားခဲ့ပါက ရှင်ကျန်သူများအနေဖြင့် ဆီးနှင်းတောင်ပေါ်သို့ ထပ်မံတက်လှမ်းခြင်းက အသုံးဝင်တော့မည်မဟုတ်သလို လှုပ်ရှားမှုကိုလည်း စတင်နိုင်တော့မည်မဟုတ်ဘဲ တည်နေရာကူးပြောင်းစက်ကြီးကိုလည်း ထပ်မံ၍ အသက်သွင်းနိုင်တော့မည် မဟုတ်ပါချေ။
တစ်ညအတွင်းမှာတင် ရုတ်တရက် ထိုးထွက်လာခဲ့ကြသော ဤဆီးနှင်းတောင်ကြီးများသည်လည်း ဆက်လက်၍ တည်ရှိနေတော့မည် မဟုတ်တာလည်း ဖြစ်နိုင်ပေသည်။
ဆိုလိုသည်မှာ လှုပ်ရှားမှု ရှိနေစဉ်အတွင်း၌သာ ထိုတည်နေရာကူးပြောင်းစက်ကြီးကို အမြန်ဆုံး အသက်မသွင်းနိုင်ခဲ့ပါက နောက်ပိုင်းတွင် မည်သည့်အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပါချေ။
ဤအတွေးသည် အခြားသော နယ်မြေများအတွက်လည်း အကျုံးဝင်လှပေသည်။
၎င်းအပြင် ဤကိစ္စသည် အခြားသော အချက်တစ်ခုနှင့်လည်း ဆက်စပ်နေသေးသည် ၎င်းတို့သည် အနာဂတ်တွင် ထိုတည်နေရာကူးပြောင်းစက်ကြီးကို အသုံးပြုလျက် အခြားသော နယ်မြေများဆီသို့ အမှန်တကယ် သွားရောက်နိုင်ကြမည်ဖြစ်ပြီး အခြားနယ်မြေများက တည်နေရာကူးပြောင်းစက်များကိုပါ အသက်သွင်းရန် ကူညီပေးနိုင်ခြင်းက အခြေခံအားဖြင့် အနာဂတ်တွင် မိမိကိုယ်ကိုယ် ပြန်လည်ကူညီခြင်းနှင့် အလားသဏ္ဌာန် တူညီနေခြင်း ဖြစ်ပေသည်။
ထားလိုက်ပါတော့....
လောလောဆယ်တွင်မူ ဤအရာများကို ထည့်သွင်းစဉ်းစားမနေတော့ဘဲ ၎င်းတို့၏ တည်နေရာကူးပြောင်းစက်ကြီးပင်လျှင် အပြည့်အဝ အသက်မဝင်သေးပါချေ။
မနက်ဖြန်ကျမှ တည်နေရာကူးပြောင်းစက်ကြီး တကယ်ပဲ အချင်းချင်း ချိတ်ဆက်သွားသည့်အခါကျမှ အခြေအနေကို ဆက်လက်စောင့်ကြည့်ရပေမည်။
ရွှီရှင်းသည် ကျိချောင်းယန်ထံသို့ သီးသန့်စာစနစ် မှတစ်ဆင့် စာတစ်စောင် ပေးပို့လိုက်ပြီး ထိုနက်ရှိုင်းလှသော အစင်းကြောင်းရာကြီးအကြောင်းကို ပြောပြလိုက်ပေသည်။
အခြားတစ်ဖက်က လူသည်လည်း အိပ်ပျော်ခြင်း မရှိသေးဘဲ လျင်မြန်စွာပင် ပြန်လည်စာဆိုလာခဲ့၏။
"ငါ သိပါပြီ၊ မနက်ဖြန်ကျရင် ငါတို့ တောင်ထိပ်ပေါ်ကို အတူတူ နောက်တစ်ကြိမ် ထပ်သွားကြတာပေါ့"
"ကောင်းပါပြီ" ဟု ရွှီရှင်းက ပြန်လည်ဖြေကြားလိုက်ပေသည်။
"အင်း..."
လီဝမ်ရှီးသည် သူ၏ ရင်ခွင်အတွင်း၌ အိပ်ပျော်နေဆဲဖြစ်ပြီး ခပ်တိုးတိုး ညည်းတွားလိုက်ရှာ၏။
ရွှီရှင်းသည် သူမ၏ နဖူးပြင်လေးကို အသာအယာ နမ်းရှုပ်လိုက်ပြီးနောက်၊ သူမကို ပွေ့ဖက်လျက် အိပ်မက်ကမ္ဘာအတွင်းသို့ အတူတူ ဝင်ရောက်သွားခဲ့ပါတော့သည်။
...
နောက်တစ်နေ့ နံနက်တွင် သူ နိုးထလာခဲ့သည့်အခါ ကုတင်ပေါ်တွင် သူတစ်ဦးတည်းသာ ကျန်ရှိတော့ပေသည်။
သူသည် မျက်လုံးများကို ပွတ်သပ်လျက် မတ်တပ်ထိုင်လိုက်ပြီး သူ၏ လက်ပတ်နာရီကို စစ်ဆေးကြည့်လိုက်၏။
နံနက် ခုနစ်နာရီကျော်မျှသာ ရှိသေးသဖြင့် အလွန်နောက်မကျသေးပါပေ။
သူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မနေ့ညက နှင်းကျခြင်းမှာ ရပ်တန့်သွားခဲ့ပြီဖြစ်သော်လည်း တောအုပ်အတွင်းက ဆီးနှင်းထုမှာမူ ပို၍ ထူထဲလာခဲ့ပြီး မီတာသုံးမီတာခန့်အထိ ရှိနေခဲ့ချေပြီ။
သုံးရက်အတွင်းမှာတင် ဆီးနှင်းထုက သုံးမီတာအထိ တောင် စုပုံသွားတာ လား...။
သတိပြုရမည်မှာ သာမန်အဆင့်နိမ့် သစ်ပင်အိမ်များ၏ ပထမထပ် အမြင့်သည်ပင် သုံးမီတာမျှသာ ရှိခြင်း ဖြစ်ပေသည်။
ဤမျှအထိ ထူထဲလှသော အခြေအနေမျိုးတွင်မူ ထိုအဆင့်နိမ့် သစ်ပင်အိမ်များတွင် နေထိုင်ကြသော လူများသည် ယခုအခါ ပြတင်းပေါက်များကို တံခါးပေါက်အဖြစ် အသုံးပြုလျက် အပြင်သို့ ထွက်နေကြရပြီလား မသိပါချေ။
သူသည် အပြင်ဘက်က ကပ်ပါးသစ်ပင်အိမ်ရှိရာဆီသို့ လှမ်းကြည့်လိုက်ရာ ၎င်းက သူ မျှော်လင့်ထားသည်ထက်စာလျှင် အနည်းငယ် ပိုမိုနိမ့်ကျနေခဲ့ချေပြီ။
သစ်ပင်အိမ်၏ ပတ်ဝန်းကျင် အပူချိန်မှာမူ သစ်ပင်အိမ်၏ သက်ရောက်မှုကြောင့် သုညဒီဂရီအထက်တွင် ရှိနေဆဲဖြစ်သဖြင့် လွန်ခဲ့သည့် နှစ်ရက်က နေ့ဖက်တွင် နေရောင်ခြည် ရှိနေခြင်းကြောင့် သစ်ပင်အိမ်ပတ်ဝန်းကျင်က ဆီးနှင်းအချို့မှာ အရည်ပျော်သွားခဲ့ခြင်း ဖြစ်၏။
၎င်းတို့ကို စနစ်တကျ ရှင်းလင်းခြင်း မပြုလုပ်ခဲ့သော်လည်း ဆီးနှင်းထု၏ အမြင့်မှာ အကြမ်းဖျင်းအားဖြင့် နှစ်မီတာခန့်သာ ရှိပေသည်။
သို့သော်လည်း သစ်ပင်အိမ်၏ အမိုးအကာ အောက်ခြေပိုင်းနှင့် ဆိုလျှင်မူ မီတာဝက်ခန့်သာ ကွာဝေးတော့သည့် အနေအထား ဖြစ်၏။
အကယ်၍ ၎င်းဆီးနှင်းထုပေါ်တွင် နင်းလျှောက်နိုင်စွမ်း ရှိကြသော သားရဲဆိုးများ၏ တိုက်ခိုက်မှုသာ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက၊ ဤအဆင့်နိမ့် သစ်ပင်အိမ်များသည် မိမိတို့၏ အမြင့်ပိုင်း အားသာချက်များကို လုံးဝ ဆုံးရှုံးသွားရတော့မည်ဖြစ်ပြီး မြေညီထပ်အိမ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လူတိုင်းကို မိမိတို့ သစ်ပင်အိမ်ပတ်ဝန်းကျင်က ဆီးနှင်းများကို အမြန်ဆုံး ရှင်းလင်းခိုင်းတာက ပိုပြီး ကောင်းမွန်လိမ့်မည်။
ထိုစဉ် သူ၏ နားထဲတွင် စနစ်၏ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။
[သစ်ပင်အိမ်၏ အလှဆင်မှုအမှတ် ၅၀၀ ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်၊ ယနေ့အတွက် ကျပန်း စွမ်းရည်မြှင့်တင်မှု ကို ရရှိပါသည်။စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှု အချိန်ကာလ တစ်ရက်ပါ။ ၎င်းအပြင် ဒုတိယမြောက် စွမ်းရည်မြှင့်တင်မှုကိုလည်း စိတ်ကြိုက် ထပ်မံရွေးချယ်နိုင်ပါသည်]
စိတ်ဝိဉာဉ်ခွန်အား မြှင့်တင်မှု ဆိုသည်မှာ အသစ်ပေါ်ထွက်လာသော စွမ်းရည်မြှင့်တင်မှုတစ်ခုဖြစ်ပြီး နားထောင်ရတာ တော်တော်လေး ကောင်းမွန်လှပေသည်။
ချက်ချင်းပင် အေးမြလှသော ခံစားချက်တစ်ခုမှာ သူ၏ ဦးနှောက်အတွင်းသို့ တိုးဝင်သွားခဲ့ပြီး သူ နိုးထလာစအချိန်မှာပင် စိတ်အာရုံကို လုံးဝ ကြည်လင်လန်းဆန်းသွားစေခဲ့ကာ အာရုံခံစားမှု အားလုံးကို နိုးကြားသွားစေခဲ့၏။
ဤခံစားချက်က လိမ္မော်သီးကို စားသုံးလိုက်ရသည့် ခံစားချက်မျိုးနှင့် တူညီနေသလိုပင်။
မဟုတ်သေးပါဘူး၊ ဤခံစားချက်က ၎င်းထက်ပင် များစွာ ပိုမိုပြင်းထန်လှပေသည်။
အင်း...
ဤစွမ်းရည်မြှင့်တင်မှုက ကျောက်ဆစ်ထုဆစ်ခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းများ ပြုလုပ်ရန်အတွက် တကယ့်ကို သင့်တော်လှပေသည်။
ဤစွမ်းရည်မြှင့်တင်မှု ပေါ်ထွက်လာခြင်းက တကယ့်ကို အချိန်ကိုက်လှပေသည်။
ယနေ့တွင် သူကိုယ်တိုင် အပြင်သို့ ထွက်ခွာလှုပ်ရှားရန် မလိုအပ်သေးသဖြင့် အချိန်အနည်းငယ် ပေးအပ်လျက် စူးစမ်းရှာဖွေသူများအဖွဲ့ဝင်များအတွက် အနုပညာလက်ရာအချို့ကို ဖန်တီးပေးရပေမည်။
၎င်းတို့၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပိုမိုများပြားလာခဲ့ပြီဖြစ်ရာ အခြားသောသူများ၏ သစ်ပင်အိမ် အလှဆင်မှုအဆင့်အတန်းများကို မြှင့်တင်ပေးလျက် လုပ်ဆောင်ချက် နယ်ပယ်များကို တိုးမြှင့်ပေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်၏။
သူ၏ စိတ်အာရုံများ လုံးဝ ကြည်လင်သွားခဲ့ပြီဖြစ်ရာ ရွှီရှင်းသည် အခန်းပြင်ပမှ ထွက်ပေါ်နေသော အသံအချို့ကို ကြားလိုက်ရပေသည်။
သူ၏ထံ၌ အကြားအာရုံ မြှင့်တင်မှု ရှိမနေခဲ့သော်လည်း တူညီသော သစ်ပင်အိမ်၏ အထပ်တစ်ခုတည်းအတွင်းမှ ထွက်ပေါ်နေသော အသံများဖြစ်သဖြင့် ရှင်းလင်းစွာ ကြားနိုင်ခြင်း ဖြစ်၏။
၎င်းမှာ မီးဖိုချောင်အတွင်းမှ ထွက်ပေါ်နေသော လီဝမ်ရှီးနှင့် လုဖေးအာတို့၏ ပျော်ရွှင်စွာ ရယ်မောသံများဖြစ်ကြပြီး ၎င်းတို့သည် သေချာပေါက် မနက်စာ ပြင်ဆင်နေကြခြင်း ဖြစ်ရပေမည်။
အခန်း ၄၉၀ ပြီး။