အခန်း ၄၉၁
Vol. 33 Ch. 491
အခန်း (၄၉၁) - နေ့သစ်တစ်နေ့နှင့် ထူးဆန်းလှသော အရိပ်မည်းကြီး ပြန်လည်ပေါ်ထွက်လာခြင်း (၂)
ရွှီရှင်းသည် အမှတ်စာရင်းကို တစ်ချက်ကြည့်လိုက်မိ၏။
အမှတ်စာရင်းပေါ်တွင်မူ ယခင်အတိုင်းပင် လူငါးယောက်၏ အမည်များသာ ရှိနေဆဲ ဖြစ်ပေသည်။
ကြည့်ရသည်မှာ ဤမျှအထိ မှောင်မည်းပြီး အေးစက်လှသော ညဉ့်နက်သန်းခေါင်ကြီး၌ ဆီးနှင်းတောင်ပေါ်သို့ ဇွတ်အတင်း တက်လှမ်းချင်ကြသူတော့ ရှိပုံမပေါ်ပါပေ။
၎င်းက တကယ့်ကို ရူးသွပ်လွန်းရာ ရောက်ပေလိမ့်မည်။
မနေ့ကအတိုင်းပင်။
ရွှီရှင်းသည် ကျပန်း စွမ်းရည်မြှင့်တင်မှုကို ထပ်မရွေးချယ်ခဲ့ပါပေ။
သူသည် အိပ်ရာမှထကာ အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လာခဲ့တော့သည်။
"အာ... နင် နိုးလာပြီလား"
လီဝမ်ရှီးသည် ခဲခဲလေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း မီးဖိုချောင်အတွင်းမှ ထွက်လာကာ "အမြန်ဆုံး သွားပြီး မျက်နှာသစ်၊ သွားတိုက်လိုက်ဦးနော်၊ ဖေးအာ နံနက်စာ ပြင်ဆင်လို့ ပြီးတော့မယ်" ဟု လှမ်း၍ ဆို၏။
"အီး"
ခဲခဲလေးကလည်း ၎င်း၏ ဧရာမအမြီးကြီးကို ယမ်းခါပြရင်း လှမ်း၍ အော်ဟစ်လိုက်ပေသည်။
အာ...
လက်ရှိအချိန်မှာတော့ သူ့ရဲ့ ဘဝက တကယ့်ကို သက်တောင့်သက်သာရှိပြီး ပျော်ရွှင်စရာ ကောင်းလှပေသည်။
အကယ်၍ ဘာဘေးအန္တရာယ်မှသာ ရှိမနေဘူးဆိုရင်တော့ ဤကဲ့သို့သော ဘဝမျိုးကို ဆက်လက်ဖြတ်သန်းသွားရတာ တကယ့်ကို မဆိုးလှပါပေ။
သူသည် သန့်စင်ခန်းအတွင်း ဝင်ရောက်ကာ ကိုယ်လက်သန့်စင်လိုက်၏။
ပြန်ထွက်လာသည့်အခါ ရိုးရှင်းသော်လည်း အလွန်ပင် အရသာရှိလှမည့် နံနက်စာများမှာ စားပွဲခုံပေါ်သို့ ရောက်ရှိနေခဲ့ချေပြီ။
ထိုအမျိုးသမီးနှစ်ဦးမှာလည်း စားပွဲခုံတွင် ဝင်ထိုင်လျက် သူ့အား စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
ရွှီရှင်းသည် အရင်ဆုံး ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနှင့် အားရွှယ်တို့အတွက် အသားအချို့ကို လှမ်း၍ ကျွေးလိုက်ပေသည်။
၎င်းတို့၏ အစားအသောက် အာဟာရလိုအပ်ချက်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်မှာ မှန်သော်လည်း ကံကောင်းထောက်မစွာဖြင့် သားရဲဒီရေလှိုင်းကြီး ပြီးဆုံးသွားပြီးနောက်ပိုင်း သူတို့ထံ၌ ဗီဇပြောင်းသတ္တဝါအသားများ အမြောက်အမြား ကျန်ရှိနေသေးသဖြင့် ၎င်းတို့ကို လုံလောက်အောင် ကျွေးမွေးရန်အတွက် တတ်နိုင်ပေသည်။
"အီး"
လီဝမ်ရှီး၏ ပွေ့ချီခြင်းကို ခံထားရလျက် စားပွဲခုံဘေးတွင် ထိုင်နေသော ခဲခဲလေးသည် လီဝမ်ရှီးအား အမြန်ဆုံး စားသုံးရန်အတွက် လှမ်း၍ တိုက်တွန်းနေရှာ၏။
လုဖေးအာသည် ၎င်းအတွက် သီးသန့်ပန်းကန်အသေးလေးတစ်ခုကိုပင် ပြင်ဆင်ပေးထားသေးသည်။
"လာပြီ၊ လာပြီ။"
ရွှီရှင်းသည် စားပွဲခုံတွင် ဝင်ထိုင်လိုက်ပြီး နံနက်စာကို စတင်စားပါတော့သည်။
သူသည် လုဖေးအာအား လှမ်းကြည့်လျက် "ဒီနေ့ မနက် ဆယ်နာရီဆိုရင်တော့ နင် ဆီးနှင်းတောင်ပေါ် တက်ရမယ့် အလှည့်ပဲ။ အားလုံး ပြင်ဆင်ပြီးပြီလား" ဟု မေးမြန်းလိုက်၏။
"ပြင်ဆင်ပြီးပါပြီ"
လုဖေးအာက ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ၊ နင်ပြောပြခဲ့တဲ့ ဘေးအန္တရာယ်တွေက ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး" ဟု ဆိုလိုက်ပေသည်။
"ဟို... ဒါပေမဲ့ သတိတော့ထားဦးနော်"
လီဝမ်ရှီးသည် အရည်ရွှန်းလှသော အမဲသားစတိတ်တစ်ခုကို ဝါးပြီးနောက် "အကယ်လို့ ရွှီရှင်းနဲ့ ဝမ်ကွေ့ရှင်းတို့ ကြုံခဲ့ရသလို ဗီဇပြောင်းငှက်အုပ်ကြီးတွေနဲ့သာ သွားပြီး ကြုံမယ်ဆိုရင်တော့၊ ကျောက်ကမ်းပါးပေါ်မှာ ရင်ဆိုင်ရတာ တော်တော်လေး ခက်ခဲလိမ့်မယ် မဟုတ်လား" ဟု ဝင်၍ ဆိုရှာ၏။
"အဲ့တာအတွက်တော့ စိုးရိမ်စရာ မလိုပါဘူး။"
လုဖေးအာသည် အလွန်ပင် ယုံကြည်ချက်ရှိလှသော မျက်နှာအမူအရာကို ပြသလိုက်ပြီး အနည်းငယ် ဝင့်ကြွားစွာဖြင့်ပင် "တကယ်ဆိုရင် ငါ မနေ့က တစ်ကိုယ်တော် လှုပ်ရှားတဲ့အချိန်မှာ သတိပြုမိခဲ့တာ ငါ့ရဲ့ဘေးမှာ အခြားရှင်ကျန်သူတွေ ရှိမနေဘူးဆိုရင်တော့၊ ငါ ကြုံတွေ့ရတဲ့ သတ္တဝါမှန်သမျှက ဗီဇပြောင်းသတ္တဝါဖြစ်ဖြစ်၊ သာမန်သတ္တဝါဖြစ်ဖြစ် ငါ့ကို လုံးဝ လာပြီး မတိုက်ခိုက်ကြဘူး" ဟု ဆိုလိုက်ပေသည်။
"ဩော်"
ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် ပင့်လိုက်မိပြီး "နင် သေချာလို့လား။ ဆောင်းရာသီဖြစ်လို့ သတ္တဝါတွေက ပျင်းပြီး မလှုပ်ရှားချင်ကြတာကြောင့်ကော မဖြစ်နိုင်ဘူးလား" ဟု မေးလိုက်၏။
"သေချာပေါက် ကျွန်မကြောင့်မို့လို့ပေါ့။"
လုဖေးအာသည် အစားစားနေသော အားရွှယ်ရှိရာဆီသို့ လက်ညှိုးညွှန်ပြလျက် "အားရွှယ်က သက်သေခံပေးနိုင်ပါတယ်။ မနေ့က သစ်ပင်အိမ်ရဲ့ အရှေ့မြောက်ဘက်ကို ဖြတ်သန်းသွားတဲ့အချိန်တုန်းက၊ ငါတို့ ဆီးနှင်းဝံပုလွေအုပ်ကြီးတစ်အုပ်နဲ့ ကြုံခဲ့ရသေးတယ်။ ဒါပေမဲ့ သူတို့က ငါတို့ကို လုံးဝ လာပြီး မတိုက်ခိုက်ကြတဲ့အပြင်၊ အားရွှယ်နဲ့ပါ အပြန်အလှန် အော်ဟစ်ပြီး စကားပြောဆိုနေကြသေးတာ၊ ငါကတော့ နားမလည်ခဲ့ပေမဲ့ပေါ့" ဟု ဆို၏။
"အားရွှယ်ကိုယ်တိုင်က ဆီးနှင်းဝံပုလွေဘုရင် ဖြစ်နေလို့ မဟုတ်ဘူးလား၊ မင်းနဲ့ ဘာဆိုင်လို့လဲ"
ရွှီရှင်းက သူမ၏ စကားကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပေသည်။
"...ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ကို လုံးဝ လာပြီး မတိုက်ခိုက်ကြတာတော့ အမှန်ပဲ"
လုဖေးအာသည် စိတ်ပျက်သွားသည့်အမူအရာဖြင့် ဆိုလိုက်ပြီး မိမိ၏ စတိတ်အသားတုံးကို အားရပါးရ ဝါးလိုက်ကာ "အင်း... တကယ်ကို အရသာရှိတယ်...။ ငါ ပထမဆုံးအကြိမ် လူတစ်ယောက်ကို ခေါ်ပြီး ပြန်လာတဲ့အချိန်တုန်းကတော့ သူတို့နဲ့ ထပ်ပြီး ကြုံခဲ့ရသေးတယ်။ ကံကောင်းလို့ အားရွှယ်က မြန်ဆန်လွန်းလို့ ငါတို့ကို အချိန်မီ ခေါ်လာနိုင်ခဲ့တာ။ နောက်ပိုင်း ခရီးစဉ်တွေမှာတော့ ငါ လမ်းတည့်တည့်ကနေပဲ သွားပြီး ဝေ့ပတ်လာခဲ့တာဖြစ်လို့ ဘာပြဿနာမှ မရှိတော့ဘူး" ဟု ဆို၏။
ကြည့်ရသည်မှာဘာပြဿနာမှ ရှိပုံမပေါ်ပါပေ။
"ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ၊ ဗီဇပြောင်းသတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကို မခံရဘူးဆိုရင်တော့ ကမ္ဘာမှာ ရှင်သန်ရမယ့် ဘေးအန္တရာယ်အဆင့်က အများကြီး လျော့ကျသွားမှာ သေချာတယ်"
လီဝမ်ရှီးသည် စိတ်ထဲကနေ အလွန်ပင် အားကျမိနေသော်လည်း ရွှီရှင်းကော လုဖေးအာပါ သူမအား ထိုဗီဇပြောင်းလဲစေမည့် ဆေးလုံးကို သောက်သုံးရန် ခွင့်ပြုကြမည်မဟုတ်သဖြင့် မိမိထံ၌ ဤကဲ့သို့သော စွမ်းရည်မျိုး ရှိမနေခြင်းအတွက်သာ စိတ်မကောင်းဖြစ်နေရရှာတော့သည်။
ခဲခဲလေးသည်လည်း အစာစားလို့ ပြီးသွားခဲ့ပြီဖြစ်ရာ စားပွဲခုံအစွန်းတွင် ဝပ်လျက် ၎င်းတို့၏ ဆွေးနွေးချက်များကို နားရွက်လေးများ လှုပ်ခါရင်း အသေအချာ နားထောင်နေမိ၏။
"မဆိုးပါဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဘေးကင်းဖို့အတွက် ကိုယ်ပျောက်ဝတ်ရုံ၊ ခွန်အားခါးပတ်နဲ့ ဆီးနှင်းမြေခွေးလည်စည်းတို့ကိုပါ သေသေချာချာ ယူသွားဖို့တော့ လိုအပ်လိမ့်မယ်"
ရွှီရှင်းသည် သူမ၏ ဝတ်စုံကို စစ်ဆေးကြည့်ရှုလိုက်ပေသည်။
၎င်းမှာ ရမှတ်ဈေးဝယ်စင်တာမှ လဲလှယ်ထားသော သာမန်ပေါ့ပေါ့ပါးပါး အဝတ်အစားများသာ ဖြစ်ကြပေသည်။
"စိတ်ချပါ၊ ငါက ငါ့ရဲ့ အသက်ကို အလွန် တန်ဖိုးထားတဲ့သူပါ၊ ငါ့ရဲ့ သခင်..."
လုဖေးအာသည် အကျင့်အတိုင်း စနောက်ရန် ပြင်လိုက်သော်လည်း လီဝမ်ရှီး ရှိနေသည်ကို သတိရသွားသဖြင့် စကားကို ချက်ချင်း ရပ်တန့်လိုက်ပြီး "ငါ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါ့မယ်လို့ အာမခံပါတယ်။ ဩော် ဒါနဲ့..." ဟု ဆို၏။
သူမသည် သစ်ပင်အိမ်၏ အရှေ့မြောက်ဘက် အရပ်ဆီသို့ လက်ညှိုးညွှန်ပြလျက် "ဟိုဖက်မှာ၊ ငါ ဝံပုလွေအုပ်နဲ့ ကြုံခဲ့ရတဲ့နေရာမှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ရှိသေးတယ်၊ နင် သိလား။ အားရွှယ် အဲ့နေရာကို ဖြတ်သွားတဲ့အချိန်တုန်းကသူ့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးရောင်တွေက တောက်ပလာပြီး ပင်ပန်းနွမ်းနယ်မှုတွေအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့တာ။ ဒါကြောင့်မို့လို့လည်း မနေ့က ဒီလောက်အထိ ခရီးအကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် သွားနိုင်ခဲ့တာပေါ့" ဟု ဆိုလိုက်ပေသည်။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။
ထိုအရှေ့မြောက်ဘက် အရပ်ဆိုသည်မှာ လီယာကျွင်း ၏ သစ်ပင်အိမ် ရှိရာဆီသို့ ဦးတည်နေခြင်း ဖြစ်ပေသည်။
၎င်းတို့သည် ထိုနယ်ပယ်နှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ကြခြင်း ဖြစ်၏။
၎င်းနယ်ပယ်အတွင်း၌ ဤကဲ့သို့သော အေးစက်လှသည့် ဆီးနှင်းထုကြီးများ ရှိနေသည့်တိုင်အောင် ဗီဇပြောင်းသတ္တဝါများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိနေဆဲပင်။
ဧရာမဆီးနှင်းကျခြင်း ပြီးသွားခဲ့ပါက သူ သေချာပေါက် သွားရောက်စစ်ဆေးရပေမည်။
ယခုအခါ သူ့ထံ၌ ခရမ်းရောင်အဆင့်ရှိသော ကိရိယာအပြည့်အစုံ ရှိနေပြီဖြစ်ရာ ၎င်းကို ရင်ဆိုင်ရန်အတွက် လုံလောက်လှပေသည်။
"ငါတို့ အဲ့နေရာကို သိပါတယ်"
ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး "နင် လောလောဆယ် တောင်တက်မယ့် ကိစ္စကိုပဲ အာရုံစိုက်လိုက်ပါ။ ငါတို့ရဲ့ အခြေအနေကိုလည်း နင်သိတာပဲ၊ ငါတို့ တောင်ထိပ်ပေါ်ကို အရင်သွားပြီး နင်ကို စောင့်နေပါ့မယ်။ အကယ်လို့ နင် အပေါ်ကို စောစောရောက်သွားလို့ ငါတို့ ရှိမနေသေးဘူးဆိုရင်တော့ ကျောက်ဆစ်ရုပ်တုတွေကို လုံးဝ သွားပြီး မထိပါနဲ့၊ ပြီးတော့ ငါ့ကိုရှာဖို့ ချက်ချင်း အောက်ကို ပြန်ဆင်းလာခဲ့ရမယ်၊ သဘောပေါက်လား" ဟု ဆိုလိုက်၏။
"သဘောပေါက်ပါပြီ၊ တောင်ထိပ်ပေါ်ကို တက်လို့ ရှင်တို့ ရှိနေရင် ရှင်တို့ပြောတာကို နားထောင်မယ်။ အကယ်လို့ ရှိမနေရင်တော့ ရှင့်ကိုရှာဖို့ အောက်ကို ချက်ချင်း ပြန်ဆင်းလာခဲ့ပါ့မယ်"
လုဖေးအာသည် ရွှီရှင်း၏ စကားများကို ပြန်လည်ရွတ်ဆိုပြလိုက်ပြီးနောက် မိမိ၏ မနက်စာ နောက်ဆုံးအလုတ်ကို စားလိုက်ကာ ကုလားထိုင်ပေါ်သို့ ကိုယ်ကိုပစ်လှဲရင်း "ငါ ပန်းကန်တွေ မဆေးချင်ဘူး" ဟု အော်ဟစ်လိုက်တော့သည်။
"အီး"
ခဲခဲလေးမှာ ထိတ်လန့်သွားခဲ့ရပြီး မတ်တပ်ရပ်လျက် ခေါင်းလေးကို စောင်းကာ သူမအား လှမ်းကြည့်နေမိ၏၊
သူမ၏ စိတ်အခြေအနေက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဤမျှအထိ ပြောင်းလဲသွားရပါသနည်းဆိုသည်ကို နားမလည်နိုင်ရှာပါပေ။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့မှာမူ မထိန်းနိုင်ဘဲ ရယ်မောမိလိုက်ကြပြီး ကုတင်မှထကာ ပန်းကန်ခွက်ယောက်များကို အတူတူ ဝိုင်းဝန်းသိမ်းဆည်းလိုက်ကြတော့သည်။
အရာအားလုံးကို စနစ်တကျ သိမ်းဆည်းပြီးနောက် လီဝမ်ရှီးသည် သူမ၏ ကိုယ်ပိုင်သစ်ပင်အိမ်ဆီသို့ ပြန်လည်ထွက်ခွာခဲ့ချေပြီ။
သူမသည် ညဉ့်နက်သန်းခေါင်ကြီးအထိ အပြင်မှာ တစ်ညလုံး ရှိနေခဲ့ခြင်းဖြစ်သဖြင့် ယနေ့တွင် ပြန်မသွားပါက အဆင်ပြေမည် မဟုတ်ပါချေ။
လီယာကျွင်းသည် အသစ်စက်စက် ရောက်ရှိလာသော ရှင်ကျန်သူနှစ်ဦးအား လီဝမ်ရှီးသည် ဆီးနှင်းတောင်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်ချက်များကို ရှာဖွေနိုင်ရေးအတွက် ရွှီရှင်းနှင့် သွားရောက်ဆွေးနွေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ထိုလူများအနေဖြင့် သူမအပေါ် အလွန်ပင် လေးစားကြည်ညိုနေကြသည်မှာ မှန်သော်လည်း သူမအနေဖြင့်မူ ထိုနေရာ၌ မိမိ၏ မျက်နှာကို သွားရောက်ပြသရန် လိုအပ်သေးသည် မဟုတ်ပါလော။
လုဖေးအာသည်လည်း အရာအားလုံးကို ပြင်ဆင်ရန်အတွက် သူမ၏ သစ်ပင်အိမ်ဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့ချေပြီ။
ယခုအခါ ရှစ်နာရီပင် မပြည့်သေးသဖြင့် လုဖေးအာနှင့် ဝမ်လေ့တို့ တောင်တက်ရန် သတ်မှတ်ထားသော အချိန်အထိ နှစ်နာရီကျော်မျှ အချိန်လိုပါသေးသည်။
"အီး"
ပြတင်းပေါက်နားသို့ ဘယ်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ခဲခဲလေးသည် အပြင်ဘက်သို့ လှမ်းကြည့်ရင်း "အီး အီး" ဟု ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်တော့သည်။
ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် တွန့်လိုက်မိပေသည်။
ဤသည်က ဘေးအန္တရာယ် ရှိနေကြောင်း သတိပေးသည့် အော်ဟစ်သံ မဟုတ်ပါလား။
သူသည် အပြင်ဘက်က မြင်ကွင်းကို ကြည့်ရှုရန်အတွက် ပြတင်းပေါက်နားသို့ ချက်ချင်းပင် ပြေးသွားလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် မြေပုံပေါ်၌ ရန်သူများ ရှိ၊ မရှိကိုပါ အမြန်ဆုံး စစ်ဆေးကြည့်ရှုလိုက်ပေသည်။
"ဟင်" သူ၏ မျက်စိသူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွားခဲ့ရ၏။
သူသည် သစ်ပင်အိမ်နှင့် မီတာရာဂဏန်းခန့် ကွာဝေးသော သစ်ပင်ကြီးတစ်ပင်၏ အနောက်အတွင်းသို့ အမွှေးပွပွဖြင့် သတ္တဝါတစ်ကောင်၏ ရိပ်ခနဲ ဖြတ်သန်းသွားသော ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
သူသည် ထိုနေရာဆီသို့ မိနစ်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သည့်ထူးခြားသော ဖြစ်စဉ်မျှ ထပ်မံပေါ်ထွက်မလာခဲ့သလို မြေပုံပေါ်တွင်လည်း မည်သည့်အနီရောင် အစက်အပြောက်မျှ ပြသခြင်း မရှိပါပေ။
ထိုအမွှေးပွပွဖြင့် သတ္တဝါ၏ ပုံသဏ္ဌာန်မှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ချေပြီ။
ရွှီရှင်းသည် မျက်စိကို အနည်းငယ် မှိတ်လိုက်မိပေသည်။
သူသည် ထိုအမွှေးပွပွဖြင့် အရိပ်မည်းကြီးများ ပြန်လည်ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း အခြားသောသူများကို အမြန်ဆုံး အသိပေးရန် လိုအပ်ပေသည်။
ယနေ့တွင်မူ ထိုကောင်များသည် ပြဿနာများ လာရောက်မရှာဖွေကြပါစေနှင့်ဟုသာ မျှော်လင့်ရပါတော့သည်။
အခန်း ၄၉၁ ပြီး။