← Chapters

အခန်း ၄၉၂

Vol. 33 Ch. 492

အခန်း ၄၉၂

Vol. 33 Ch. 492

အခန်း (၄၉၂) - အမှတ်စာရင်းပေါ်သို့ နောက်ထပ်နှစ်ဦး ထပ်မံရောက်ရှိလာခြင်းနှင့် ဗျူဟာ ထွက်ပေါ်လာခြင်း

ရွှီရှင်းသည် အပြင်ဘက်က အခြေအနေကို အချိန်အတော်ကြာအောင် ဆက်လက်စောင့်ကြည့်နေခဲ့ပြီး မည်သည့်ထူးခြားမှုမျှ ပေါ်ထွက်မလာတော့ကြောင်း သေချာသွားသည့် အချိန်ကျမှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။

လက်ရှိအခြေအနေအရ ဤမျှအထိ ထူထဲလှသော ဆီးနှင်းထုကြီးများ ရှိနေခြင်းဖြစ်ရာ အကယ်၍ သားရဲဒီရေလှိုင်းကြီးသာ နောက်ထပ်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့မည်ဆိုပါက သူနှင့် အပြာရောင်အဆင့် သစ်ပင်အိမ် ရှိကြသော ရှင်ကျန်သူများအတွက်မူ ပြဿနာရှိမည်မဟုတ်သော်လည်း အဆင့်နိမ့် သစ်ပင်အိမ်အသေးလေးများတွင် နေထိုင်ကြသူများအတွက်မူ တကယ့်ကို အလွန်ပင် စိတ်ဒုက္ခရောက်ကြရပေလိမ့်မည်။

မဖြစ်သေးပါဘူး...သူတို့တွေ သစ်ပင်အိမ်ပတ်ဝန်းကျင်က ဆီးနှင်းတွေကို သေသေချာချာ ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။

သူသည် ခဲခဲလေးကို ပွေ့ချီထားလျက် ဆိုဖာပေါ်တွင် ပြန်လည်ဝင်ထိုင်လိုက်ပြီးနောက် နယ်မြေချန်နယ်အတွင်း၌ လှမ်း၍ စကားဆိုလိုက်၏။

"အားလုံးပဲ... မင်းတို့ သစ်ပင်အိမ်အပြင်ဘက်က ဆီးနှင်းထုတွေက အခုဆိုရင် အနည်းဆုံး နှစ်မီတာကျော်လောက်အထိ ထူနေလောက်ပြီ။ မင်းတို့အားလုံးလည်း ဆီးနှင်းအသုံးအဆောင်ဝတ်စုံတွေကို သေချာပေါက် ဝယ်ယူထားကြပြီးပြီ မဟုတ်လား။ ဒီနေ့ မွန်းတည့်ချိန်ကျလို့ အပူချိန် အနည်းငယ် မြင့်တက်လာတဲ့အခါ လူတိုင်း မိမိတို့ သစ်ပင်အိမ်ပတ်ဝန်းကျင်က ဆီးနှင်းထုတွေကို အမြန်ဆုံး ရှင်းလင်းကြဖို့ လိုအပ်လိမ့်မယ်။ အကယ်လို့ ဆီးနှင်းထုကသာ ဒီလောက်အထိ မြင့်တက်နေမယ်ဆိုရင်တော့ ဆီးနှင်းထဲမှာ လှုပ်ရှားနိုင်တဲ့ သားရဲဆိုးတွေက မင်းတို့ကို ပိုပြီးတော့ အလွယ်တကူ လာရောက်တိုက်ခိုက်နိုင်လိမ့်မယ်"

ချက်ချင်းပင် နယ်မြေချန်နယ်အတွင်းက လူအုပ်ကြီးမှာ ပြန်လည်၍ တုံ့ပြန်လာကြတော့၏။

"သဘောပေါက်ပါပြီ၊ အစ်ကိုကြီးရွှီ"

"ဟားဟား... ကျွန်တော်ကတော့ နေ့တိုင်းပဲ သစ်ပင်အိမ်ပတ်ဝန်းကျင်က ဆီးနှင်းတွေကို ပုံမှန်ရှင်းလင်းနေတာဗျ၊ ဒါကြောင့်မို့လို့ ပတ်ဝန်းကျင်မှာ နှင်းတွေက လုံးဝ စုပုံမနေပါဘူး"

"ဟိဟိ... ကျွန်မကတော့ သားရဲဒီရေလှိုင်းတုန်းက ဆီးနှင်းမြေခွေးတစ်ကောင်ကို သတ်နိုင်ခဲ့လို့ ဆီးနှင်းမြေခွေးလည်စည်းလေးတစ်ခု လုပ်ထားတာဥစ္စာ ဒါကြောင့်မို့လို့ မွန်းတည့်ချိန်အထိ စောင့်နေစရာမလိုဘဲ အခုပဲ အပြင်ထွက်ပြီး နှင်းသွားရှင်းလိုက်တော့မယ်"

"အစ်ကိုကြီး... ဆီးနှင်းတောင်ကြီးရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာလဲဆိုတာကို ကျွန်တော်တို့ အခုထိ မသိရသေးဘူးဗျ"

"စိတ်ပူမနေပါနဲ့၊ အချိန်တန်ရင်တော့ အစ်ကိုကြီးက ငါတို့ကို သေချာပေါက် ပြောပြမှာပါ"

"ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင်တော့ တောင်ပေါ်ကို မတက်နိုင်တာ အမှန်ပဲမို့၊ အစ်ကိုကြီးတို့ ချန်ထားပေးမယ့် ဟင်းရည်ကျန်လေးကိုပဲ အေးအေးဆေးဆေး သောက်ဖို့ စောင့်နေတော့မယ်"

"အာ... နယ်မြေ ၁၈၈ က လူဖြစ်ရတာ တကယ့်ကို ကောင်းတယ်။ အခြားနယ်မြေက လူတွေ ပြောပြချက်အရဆိုရင်တော့ သူတို့တွေက ဟင်းရည်သောက်ဖို့ နေနေသာသာ အနံ့ကိုတောင် မရှုရဘူးတဲ့ဗျာ"

ဆီးနှင်းတောင်ကြီးနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုမူ ရွှီရှင်းအနေဖြင့် ယခုအချိန်တွင် လူအများသိအောင် ထုတ်ပြန်ပေးလို့ ရပြီဟု ခံစားမိသော်လည်း ဤကိစ္စကို အရင်ဆုံး သေသေချာချာ ဆွေးနွေးတိုင်ပင်ရန် လိုအပ်သေးပေသည်။

"ဟေး... ဟေး... အားလုံးပဲ အမြန် လာပြီး ကြည့်ကြဦးဗျို့၊ အမှတ်စာရင်းပေါ်မှာ နောက်ထပ် လူနှစ်ယောက် ထပ်ပြီး ပေါ်လာပြန်ပြီ။ အခုတင်ပဲ စက္ကန့်သုံးဆယ်တောင် မခြားဘဲ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ပေါ်လာတာ"

ဤသတင်းကို မြင်တွေ့လိုက်ရသောအခါ ရွှီရှင်းသည် အမှတ်စာရင်းကို ချက်ချင်းပင် ဖွင့်ကြည့်လိုက်ပေသည်။

ထိုစဉ် အမှတ်စာရင်းပေါ်တွင်မူ ထိုလူ ပြောကြားခဲ့သည့်အတိုင်းပင် နောက်ထပ် လူနှစ်ဦး ထပ်မံတိုးပွားလာခဲ့ပြီဖြစ်ရာ စုစုပေါင်း ခုနစ်ဦးအထိ ရှိသွားခဲ့ချေပြီ။

တကယ့်ကို ညဉ့်နက်သန်းခေါင်ကြီးအချိန်၌ တောင်ပေါ်သို့ ဇွတ်အတင်း တက်ခဲ့ကြသူများ ရှိနေတာပင်။

ဆဋ္ဌမနေရာတွင် ရှိနေသူမှာ နယ်မြေ ၂၃ က ဖန်းထျန်ယန်း ဟု ခေါ်သူဖြစ်ပြီး ထိုအမည်မှာ ယခင် အမှတ်စာရင်းများတွင်လည်း ပေါ်ထွက်ဖူးသော အမည်တစ်ခု ဖြစ်ပေသည်။

သတ္တမနေရာတွင် ရှိနေသူမှာမူ နယ်မြေ ၁ က တုန်းအာပေါင် ဟု ခေါ်သူ ဖြစ်၏။

၎င်းတို့နှစ်ဦးစလုံးမှာ မတူညီသော နယ်မြေများမှ ဖြစ်ကြပြီး အကွာအဝေးမှာလည်း အလွန်ပင် ဝေးကွာလှပေသည်။

ကြည့်ရသည်မှာ ၎င်းတို့နှစ်ဦးသည် အချိန်ချင်း နီးကပ်စွာဖြင့် တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်မှာ မှန်သော်လည်း ၎င်းတို့ကြားတွင် မည်သည့်ပတ်သက်မှုမျှ ရှိနေလိမ့်မည် မဟုတ်ပါချေ။

ဒါပေမဲ့...

"ဒီတုန်းအာပေါင်ဆိုတာက ဘယ်သူလဲ"

ရွှီရှင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ရ၏။

အမှတ်စာရင်းပေါ်တွင်မူ ယခင်က ဤတုန်းအာပေါင်ဟူသော အမည်မျိုး တစ်ခါမျှ ပေါ်ထွက်ဖူးခြင်း မရှိပါပေ။

သူသည် ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ကို ဖွင့်လှစ်ကြည့်ရှုလိုက်သည့်အခါ၊ နယ်မြေ ၁ က ရှင်ကျန်သူများကိုယ်တိုင်ပင်လျှင် ဤတုန်းအာပေါင်ဟူသော လူကြောင့် အံ့သြမှင်သက်နေကြကြောင်း တွေ့ရှိလိုက်ရပေသည်။

ကျောက်ရှောင်ချွမ်းသည်လည်း အမှတ်စာရင်းပေါ်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့ခြင်းဖြစ်သော်လည်း သူက စူးစမ်းရှာဖွေသူများ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် အားလုံးအတွက် အံ့သြစရာမဟုတ်ဘဲ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း တုန်းအာပေါင်ကတော့ လုံးဝ ကွဲပြားခြားနားလှပေသည်။

"တောက်... ဒီကောင်က ဘာလဲဟ။ အရင်က အမှတ်စာရင်းတွေမှာဆိုရင် အဆင့်တစ်ထောင်ရဲ့ အနောက်မှာပဲ ရှိနေခဲ့တာဥစ္စာ ဘယ်လိုနည်းနဲ့ တောင်ပေါ်ကို အောင်မြင်အောင် တက်နိုင်ခဲ့တာလဲ"

"ဟင် တောက်... အဆင့်တစ်ထောင်ကျော် ဟုတ်လား။ ငါတို့နယ်မြေတစ်ခုလုံးမှာတောင် လူတစ်ထောင် မပြည့်တော့ပါဘူးဆို..."

"ဒါက ဘာအခြေအနေကြီးလဲ"

"ဒါဆိုရင်တော့... ဆရာကြီးတစ်ယောက် မဟုတ်ရင်တောင်မှလှုပ်ရှားမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ပေါ့။ ငါလည်း တော်တော်လေး စိတ်လှုပ်ရှားလာပြီ..."

"တော်စမ်းပါ... လူဘယ်လောက်တောင် သေသွားခဲ့ပြီလဲ၊ နယ်မြေ ၁ ထဲက ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ဆရာကြီးတစ်ယောက်တောင် သေသွားခဲ့တာ ဒီလောက်အထိ မလွယ်ကူပါဘူး"

"ဖြစ်နိုင်တာကတော့... သူက ဆရာမကြီး ရှီဝမ်ယွမ်ရဲ့ ကူညီမှုကို ရရှိခဲ့တာ မဟုတ်ဘူးလား"

"ဒါက သေချာပေါက် ဆရာမကြီး ရှီဝမ်ယွမ်က သူ့ကို မဟာဗျူဟာတွေ ပေးခဲ့လို့ပဲ ဖြစ်ရမယ်"

"ဒါက သိသာနေတာပဲဥစ္စာ၊ မဟုတ်ရင် အဆင့်တစ်ထောင်ကျော်ကလူက ဘယ်လိုနည်းနဲ့ တောင်ထိပ်ကို ရောက်နိုင်မှာလဲ။ နယ်မြေထဲက ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်တွေတောင် သေကုန်ကြပြီလေ ဟုတ်တယ်မလား"

"တောက်... ဆရာကြီးတို့ရေ... ကျေးဇူးပြုပြီး မဟာဗျူဟာတွေကို မျှဝေပေးကြပါဦး၊ ဘာလို့ အခုထိ ထုတ်မပြောကြသေးတာလဲ"

"နင်တို့အားလုံးက ဘာလို့ တုန်းအာပေါင်အကြောင်းပဲ ပြောနေကြတာလဲ။ ငါတို့ နယ်မြေ ၂၃ က ဆရာကြီး ဖန်းထျန်ယန်း ဆဋ္ဌမနေရာ ရသွားတာကို မမြင်ကြဘူးလား"

"အကယ်လို့ မဟာဗျူဟာသာ ရှိမယ်ဆိုရင် မင်းကော တောင်ပေါ်တက်ဖို့ သတ္တိရှိလို့လား"

နယ်မြေ ၂၃ က ဖန်းထျန်ယန်းသည် ဆဋ္ဌမနေရာကို ရရှိထားသဖြင့် ပိုမြင့်သောအဆင့်တွင် ရှိနေသည်မှာ မှန်သော်လည်း ၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုသံမှာမူ အလွန်ပင် နည်းပါးလှပေသည်။

လူတိုင်းသည် တုန်းအာပေါင်အကြောင်းကိုသာ အားရပါးရ ဝိုင်းဝန်းဆွေးနွေးနေကြခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သောအဆင့်နှင့် အင်အားသာရှိသော လူတစ်ယောက်ပင်လျှင် တောင်ထိပ်သို့ ရောက်ရှိနိုင်သည်ဆိုပါက ဆိုလိုသည်မှာ ဆရာကြီးများ၏ ကူညီမှုသာ ရှိမည်ဆိုလျှင် ၎င်းတို့ကိုယ်တိုင်လည်း ရောက်ရှိနိုင်သည်ဟူ၍ ဖြစ်သောကြောင့် ဖြစ်ပေသည်။

ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် တွန့်လိုက်မိ၏။

သူကိုယ်တိုင်လည်း ဤလူ တောင်ထိပ်သို့ ရောက်ရှိသွားခြင်းမှာ ရှီဝမ်ယွမ်နှင့် သေချာပေါက် ကြီးမားစွာ ဆက်စပ်မှု ရှိနေရမည်ဟု ခံစားမိပေသည်။

မည်သို့ပင်ဆိုစေ ရှီဝမ်ယွမ်သည် ဆီးနှင်းတောင်ပေါ်သို့ တက်ရောက်ဖူးသူဖြစ်သဖြင့် ဆီးနှင်းတောင် တစ်လုံးချင်းစီတွင် ရှင်ကျန်သူ သုံးဦးစီ လိုအပ်ကြောင်းကို သေချာပေါက် သိရှိထားရမည် ဖြစ်ရာ ထိုဆီးနှင်းတောင်နှင့် နီးကပ်စွာ ရှိနေသော အခြားရှင်ကျန်သူများကို ကူညီလျက် တောင်ပေါ်သို့ ခေါ်ဆောင်ခြင်းက အလွန်ပင် ဖြစ်နိုင်ချေ ရှိပေသည်။

သို့သော်လည်း...

သူမသည် မည်သို့သော နည်းလမ်းဖြင့် ကူညီပေးခဲ့ပါသနည်း။

အဆင့်တစ်ထောင်ကျော်တွင် ရှိနေသော လူတစ်ယောက်အား တောင်ထိပ်သို့ ရောက်ရှိအောင် ပြုလုပ်ပေးနိုင်ခြင်းကတော့...။

အခြားသူများအနေဖြင့် မသိနိုင်ကြသော်လည်း သူကိုယ်တိုင် တောင်ပေါ်သို့ တက်ရောက်ဖူးသူဖြစ်သဖြင့် ဆီးနှင်းတောင် တက်ရသည့် ခက်ခဲမှုနှုန်းကို အသေအချာ သိရှိထားပေသည်။

အကယ်၍ ဆီးနှင်းတောင်၏ ပတ်ဝန်းကျင် အခြေအနေများကို အခြားသူများနှင့် မျှဝေခံစားစေနိုင်သည့်တိုင်အောင်လူအများစုမှာမူ ၎င်းကို ငေးမောကြည့်ရှုရုံမှတစ်ပါး အခြားတတ်နိုင်ကြမည် မဟုတ်ပါချေ။

၎င်းတို့ဖက်တွင်မူ နယ်မြေအတွင်း အထူးစွမ်းရည်များ ရှိကြပြီး ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်များဖြစ်ကြသည့် လုဖေးအာနှင့် ဝမ်လေ့တို့ တောင်တက်ရန် ကြိုးပမ်းမည့် ကိစ္စကိုပင် လူတိုင်းက စိုးရိမ်ပူပန်စိတ်များဖြင့် ရင်တလှပ်လှပ် ဖြစ်နေကြရခြင်း ဖြစ်ပေသည်။

လက်ရှိအချိန်တွင်မူ စူးစမ်းရှာဖွေသူများအဖွဲ့အတွင်း၌ ဆူညံပွက်လောရိုက်နေခဲ့ချေပြီ။

ဝမ်လေ့ - "စိတ်မကောင်းလိုက်တာဗျာ၊ အမှတ်စာရင်းပေါ်မှာ နောက်ထပ် လူနှစ်ယောက် တိုးလာပြန်ပြီ၊ ငါတော့ ငိုချင်လာပြီ။ ငါကော ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ဝင်နိုင်ဦးမလား။ ထိပ်ဆုံး ဆယ်ယောက်ရဲ့ ဆုလာဘ်တွေက အောက်ကလူတွေနဲ့ ကွာခြားချက် ရှိတယ် မဟုတ်လား..."

ဝမ်ကွေ့ရှင်း - "သူတို့တွေက တကယ်ပဲ ညဖက်ကြီးမှာ တောင်ပေါ်တက်ခဲ့ကြတာလား။ ဒါတင်မကသေးဘဲ အောင်မြင်အောင်ပါ လုပ်နိုင်ခဲ့ကြသေးတယ်..."

ကျိချောင်းယန် - "နယ်မြေ ၁ က လူကတော့ နည်းနည်း ထူးဆန်းတယ်။ အကယ်လို့ ရှီဝမ်ယွမ်ရဲ့ ကူညီမှုကို ရရှိခဲ့တယ်ဆိုရင်တောင်မှ သူကိုယ်တိုင်က ဒီနယ်ပယ်မှာ ထူးကဲလှတဲ့ ပါရမီမျိုး ရှိမနေဘူးဆိုရင်တော့ သူ သေချာပေါက် ထူးခြားလှတဲ့ တောင်တက်နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့လို့ပဲ ဖြစ်ရမယ်"

ကျိချောင်းယန်၏ စကားလုံးများကြောင့် ရွှီရှင်း၏ စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားခဲ့ရပေသည်။

၎င်းက တကယ်ပင် ဖြစ်နိုင်ချေ ရှိပေသည်။

ဖြစ်နိုင်သည်မှာ ဤဆီးနှင်းတောင်ထိပ်သို့ ရောက်ရှိရန်အတွက် ခြေကျင်တက်လှမ်းခြင်းအပြင် အခြားသော နည်းလမ်းများလည်း ရှိနေသေးခြင်းများလား မသိပါချေ။

အခန်း ၄၉၂ ပြီး။

All Chapters