← Chapters

အခန်း ၄၉၃

Vol. 33 Ch. 493

အခန်း ၄၉၃

Vol. 33 Ch. 493

အခန်း (၄၉၃) - အမှတ်စာရင်းပေါ်သို့ နောက်ထပ်နှစ်ဦး ထပ်မံရောက်ရှိလာခြင်းနှင့် ဗျူဟာ ထွက်ပေါ်လာခြင်း (၂)

သို့သော်လည်း အနည်းဆုံးတော့ သူကော ကျိချောင်းယန်ပါ တောင်ထိပ်သို့ ရောက်ရှိနိုင်မည့် အခြားသော နည်းလမ်းမျိုးကို ရှာဖွေတွေ့ရှိခြင်း မရှိကြသေးပါပေ။

ဖြစ်နိုင်သည်မှာ တောင်တက်သည့်လူ နည်းပါးလွန်းနေသေး၍ ဖြစ်ရမည်ဖြစ်ပြီး အကယ်၍ လူအများအပြားသာ ထပ်မံကြိုးပမ်းကြမည်ဆိုပါက ရှာဖွေတွေ့ရှိမှုအသစ်များ ရှိလာနိုင်ပေသည်။

ဝမ်လေ့ - " ငါတို့ မကြာခင် ကျောက်ဆောင်တွေပေါ် တက်ရတော့မယ်ဆိုတော့ တကယ်ကို ရင်တုန်နေပြီဗျာ။ အစ်မဖေးအာ... နင်ကော ရင်မတုန်ဘူးလား"

လုဖေးအာ - "ငါကတော့ အဆင်ပြေပါတယ်။ ငါက အအေးဒဏ်ကော အပူဒဏ်ကိုပါ တော်တော်လေး ခံနိုင်ရည်ရှိတဲ့အပြင်၊ ဗီဇပြောင်းသတ္တဝါတွေကလည်း ငါ့ကို လာပြီး မတိုက်ခိုက်ကြဘူးဥ"

ဝမ်လေ့ - "ဘာကြီးလဲ အဲ့တာကတော့ တကယ်ကို အစွမ်းထက်လွန်းတာပဲ..."

ကျောက်ရှောင်ချွမ်း - "ရင်တုန်မနေပါနဲ့၊ ငါတို့အားလုံးလည်း တစ်ခေါက်စီ တက်ဖူးကြပြီပဲဥစ္စာ။ အပူချိန်တွေကလည်း အရမ်းဆိုးလှတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ မင်း အစွမ်းကုန်သာ အားစိုက်ထုတ်ပြီး ဆက်တိုက်တက်ပါ"

သူနှင့် ဝမ်ကွေ့ရှင်းတို့သည် တောင်တက်ရန် အကောင်းဆုံးအချိန်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသော အပူချိန်မှာ ရွှီရှင်း ကြုံတွေ့ခဲ့ရသည်ထက်စာလျှင် များစွာ ပိုမိုသက်တောင့်သက်သာ ရှိခဲ့ပေသည်။

ကျိချောင်းယန် - "အားလုံးပဲ... ငါ့မှာ အကြံတစ်ခု ရှိတယ်။ ငါတို့ ဆီးနှင်းတောင်ပေါ်မှာ စုဆောင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကို အခြားနယ်မြေက လူတွေကိုပါ ဘာလို့ မျှဝေမပေးကြတာလဲ"

ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် ပင့်လိုက်မိပေသည်။

ကျိချောင်းယန်၏ အတွေးအမြင်များမှာ အမြဲတမ်းလိုလို သူ၏ အတွေးများနှင့် တစ်ထေရာတည်း တူညီနေတတ်ပေသည်။

ဝမ်ကွေ့ရှင်း - "ဘာဖြစ်လို့လဲ။ အဲ့ဒါက အခြားနယ်မြေက လူတွေရဲ့ အင်အားကို မြှင့်တင်ပေးရာ ရောက်မနေဘူးလား"

ကျိချောင်းယန် - "အဲ့တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့လည်း..."

သူသည် အကြောင်းပြချက်များကို အသေအချာ ရှင်းပြလိုက်ရာ ၎င်းအချက်များမှာ အခြေခံအားဖြင့် ရွှီရှင်း တွက်ချက်ထားသည်များနှင့် လုံးဝ ကိုက်ညီနေပေသည်။

ယခုအခါ အမှတ်စာရင်းပေါ်တွင် လူနှစ်ဦး ထပ်မံတိုးပွားလာခဲ့ပြီဖြစ်ပြီး ၎င်းတို့ထဲက တစ်ဦးမှာ အလွန် သန်မာလှသူ မဟုတ်ပါချေ။

တောင်ထိပ်သို့ ရောက်ရှိသူ ပိုမိုများပြားလာသည်နှင့်အမျှ ဤသတင်းအချက်အလက်များသည် အခြားသူများကြောင့် သေချာပေါက် ပေါက်ကြားသွားလိမ့်မည်ဖြစ်ရာ ၎င်းအစား မိမိတို့ဘာသာ ကြိုတင်မျှဝေပေးလျက် နာမည်ကောင်းကို ရယူထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ထို့ပြင် သူ ခံစားမိသည်မှာ အနာဂတ်တွင် ဤတည်နေရာကူးပြောင်းစက်ကြီးသည် နယ်မြေအချင်းချင်းကြား ချိတ်ဆက်မှုများကို ပြီးမြောက်စေနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ဤစနစ်မှတစ်ဆင့် နယ်မြေများဆီသို့ပင် သွားလာနိုင်ကြမည် ဖြစ်ပေသည်။

လှုပ်ရှားမှု မပြီးဆုံးခင်အချိန်အတွင်း အပြင်ဘက်က နယ်မြေတစ်ခုခုသည် တည်နေရာကူးပြောင်းစက်ကို အသက်မသွင်းနိုင်ခဲ့ပါက နောက်ပိုင်းတွင် တကယ့်ကို အဆင်မပြေ ဖြစ်ရပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ပင်မသစ်ပင်အိမ်ကို ဆက်လက်ပိုင်ဆိုင်ထားကြဆဲဖြစ်သော အခြားသူများသည် အနာဂတ်တွင် မိမိတို့၏ မဟာမိတ်များ ဖြစ်လာနိုင်ကြသဖြင့် အနည်းငယ် ကာကွယ်စောင့်ရှောက်ပေးရန် ထိုက်တန်ပေသည်။

အခြားသူများ၏ သစ်ပင်အိမ်များတွင် ကပ်ပါးပြုခြင်းကို ခံထားရပြီးသူများအတွက်မူ ၎င်းတို့၏ ကံကြမ္မာအတိုင်းသာ လွှတ်ထားရုံပဲ ရှိတော့ပေသည်။

ဒါတင်မကသေးဘဲ တောင်တက်သည့်လူ ပိုမိုများပြားလာသည်နှင့်အမျှ ဆီးနှင်းတောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များလည်း ပိုမိုထွက်ပေါ်လာနိုင်ပြီး ၎င်းတို့သည် တောင်ထိပ်သို့ ရောက်ရှိနိုင်မည့် ဖြတ်လမ်းတစ်ခုခုကိုပင် ရှာဖွေတွေ့ရှိသွားနိုင်ချေ ရှိပေသည်။

ရွှီရှင်း - "ငါလည်း ကျိချောင်းယန်ရဲ့ နည်းလမ်းကို ထောက်ခံပါတယ်။ ငါလည်း ဒီကိစ္စကို တွက်ချက်ထားပြီးသား။ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးတာက ဆိုးကျိုးထက်စာရင် အားသာချက်တွေ ပိုပြီး များပြားလိမ့်မယ်"

ဝမ်ကွေ့ရှင်း - "နင်တို့ ပြောပြတဲ့အချက်တွေက ယုတ္တိရှိတာပဲ၊ ဒါဆိုရင်တော့ မျှဝေပေးလိုက်ကြရအောင်"

ကျောက်ရှောင်ချွမ်း - "ငါ့ရဲ့ သဘောထားကိုကော ဘယ်သူမှ လာမမေးကြတော့ဘူးလား"

ချင်ယွန်လုံ - "ဒါဆို မင်းကော ဘယ်လိုထင်လဲ။ မင်းက ကန့်ကွက်ချင်လို့လား"

ကျောက်ရှောင်ချွမ်း - "ငါက လုံးဝ ထောက်ခံတာပေါ့"

ချင်ယွန်ဟု - "..."

ဝမ်လေ့ - "ဒါဆိုလည်း ဘာလို့ လာပြီး စကားတွေ အရှည်ကြီး ပြောနေရတာလဲ"

အားလုံး၏ သဘောတူညီချက်ကို ရရှိသွားခဲ့ပြီဖြစ်ရာ ကျိချောင်းယန်သည် ရွှီရှင်းထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခု ပေးပို့လာခဲ့၏။

"ရွှီရှင်း... ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်းက စကားပြောသမျှတွေက အမည်မဖော်ဘဲ ပြောနေကြတာဖြစ်လို့ အလွယ်တကူပဲ လူတွေရဲ့ အာရုံစိုက်မှုကနေ လွတ်မြောက်သွားတတ်တယ်။ ဒါကြောင့်မို့လို့ ငါတို့တွေ သံလက်နက်တွေကို နောက်တစ်ကြိမ် ဘာလို့ ထပ်ပြီး မရောင်းချကြတာလဲ။ ငါတို့ရဲ့ အရောင်းအဝယ် အချက်အလက်တွေက ကမ္ဘာ့အရောင်းအဝယ် ပလတ်ဖောင်းပေါ်ရဲ့အပေါ်ဆုံးမှာ သီးသန့် ပင်ထိုးခံရမှာဖြစ်လို့ ငါတို့ ပြောချင်တဲ့ အကြောင်းအရာတွေကို မှတ်ချက်အတွင်းမှာသာ ထည့်သွင်းထားမယ်ဆိုရင်တော့ လူတွေက အဲ့တာကို မြင်ပြီး တစ်ဆင့်ချင်းစီ လိုက်ဖြန့်ဝေပေးကြမှာ သေချာတယ်"

ရွှီရှင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့ရချေပြီ။

ဤသည်မှာ မိမိတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အမှတ်အသားကို အသုံးပြုလျက် စကားပြောနိုင်မည့် တကယ့်ကို ကောင်းမွန်လှသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ဤနည်းလမ်းမှာ အမှတ်စာရင်းပေါ်တွင် ထိပ်ဆုံး၌ ရှိနေကြသော ၎င်းတို့ကဲ့သို့ လူများအတွက်သာ အကျုံးဝင်လှပေသည်။

မည်သို့ပင်ဆိုစေ ၎င်းတို့ တင်လိုက်သော အရောင်းအဝယ် အချက်အလက်များသာ ထိပ်ဆုံး၌ သီးသန့် ပင်ထိုးပြသခြင်း ခံရမည်ဖြစ်သောကြောင့် ဖြစ်၏။

ကမ္ဘာ့အရောင်းအဝယ် ပလတ်ဖောင်းပေါ်တွင် မရေမတွက်နိုင်သော အရောင်းအဝယ် အချက်အလက်များ ရှိနေခြင်းဖြစ်ရာ သာမန်ရှင်ကျန်သူများအနေဖြင့်မူ သီးသန့် လိုက်လံရှာဖွေခြင်း မပြုလုပ်ပါက ၎င်းတို့၏ အရောင်းအဝယ် သတင်းစကားကို အခြားသူများ မြင်တွေ့နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။

တူညီသော ပစ္စည်းအရေအတွက် အမြောက်အမြား ရှိနေသဖြင့် သီးသန့် ရှာဖွေသည့်တိုင်အောင် မြင်တွေ့ချင်မှ မြင်တွေ့နိုင်မည် ဖြစ်ပေသည်။

"ကောင်းပါပြီ၊ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ မင်းဆီမှာ သံတုံးတွေ ကျန်နေသေးလား"

"ပြီးခဲ့တဲ့အကြိမ်က ပစ္စည်းအချို့ ကျန်သေးတယ်၊ သတင်းစကား ဖြန့်ဝေဖို့အတွက်တော့ လုံလောက်ပါတယ်။ မင်း ငါနဲ့အတူ တွဲပြီးတော့ တင်လိုက်ပါဦး"

"ကောင်းပါပြီ"

၎င်းတို့နှစ်ဦးသည် သံလက်နက် ရာဂဏန်းခန့်ကို လျင်မြန်စွာပင် ပလတ်ဖောင်းပေါ်သို့ တင်လိုက်ကြပြီး ၎င်းနောက် မှတ်ချက်အတွင်း၌ ဆီးနှင်းတောင်ထိပ်နှင့် ပတ်သက်သော သတင်းအချက်အလက် မဟာဗျူဟာများကို အသေအချာ ထည့်သွင်းဖော်ပြလိုက်ကြတော့၏။

ကမ္ဘာလုံးဆိုင်ရာ ချန်နယ်တစ်ခုလုံးမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ဆူညံပွက်လောရိုက်သွားရပြန်ချေပြီ။

"ဝါး... ဆရာကြီးတွေက မဟာဗျူဟာ လမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးလိုက်ပြီဗျို့။ တောက်..."

"အာ ဘယ်မှာလဲ၊ ဘယ်မှာလဲ။ မဟာဗျူဟာ လမ်းညွှန်ချက်က ဘယ်နေရာမှာလဲ"

"အရောင်းအဝယ် ပလတ်ဖောင်းပေါ်က ဆရာကြီးတို့ရဲ့ မှတ်ချက်ထဲမှာ သွားပြီး ကြည့်ကြဦး။ မဟုတ်ရင်တော့ ပစ္စည်းတွေ အကုန်အဝယ်ခံရရင် မြင်ရတော့မှာ မဟုတ်ဘူး"

"သူတို့တွေက ဒီလိုနည်းလမ်းနဲ့ ဖြေရှင်းလိုက်တာလား။ ဆရာကြီးတွေကတော့ တကယ့်ကို အစွမ်းထက်လွန်းတယ်"

"ဝါး အနှုတ် ၅၀ ဒီဂရီရှိတဲ့ အအေးဒဏ်နဲ့၊ အပေါင်း ၆၀ ဒီဂရီရှိတဲ့ အပူဒဏ် ဟုတ်လား။ ဘယ်သူကများ ကြံ့ကြံ့ခံနိုင်မှာလဲ"

"ဒါကြောင့်မို့လို့လည်း နယ်မြေ ၁ ရဲ့ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ဆရာကြီးတစ်ယောက်တောင် သေဆုံးသွားခဲ့တာပေါ့..."

"ငါ့ကို ကြည့်ခွင့်ပေးပါဦး... ဘယ်ကလာတဲ့ တောက်တီးတောက်တဲ့ကောင်ကများ ဆရာကြီးတွေ တင်ထားတဲ့ လက်နက်တွေကို အကုန်လုံး ဝယ်ပစ်လိုက်တာလဲဟ။ ငါတို့ မဟာဗျူဟာကို ဘယ်လိုနည်းနဲ့ ကြည့်ရတော့မှာလဲ"

"စိုးရိမ်မနေပါနဲ့၊ ငါ စာသားတွေကို ကူးယူထားပါတယ်၊ အားလုံးပဲ လာပြီး ကြည့်လိုက်ကြဦး:..."

ချက်ချင်းပင် လူအများအပြားမှာ ၎င်းအချက်အလက်များကို အပြန်အလှန် စတင်ဖြန့်ဝေပေးကြတော့သဖြင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ မဟာဗျူဟာ လမ်းညွှန်ချက်များမှာ ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း၌ တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ကြချေပြီ။

"အစွန်းရောက် ပတ်ဝန်းကျင်၊ အမှန်တကယ်ပဲ အစွန်းရောက် ပတ်ဝန်းကျင်တစ်ခု ရှိနေတာပါလား"

"အစွန်းရောက် ပတ်ဝန်းကျင်ကို ထားလိုက်ပါဦး၊ ငါကတော့ ဤကျောက်ဆောင်တွေပေါ်ကိုတောင် မတက်နိုင်တာအမှန်ပဲမို့ လုံးဝ လက်လျှော့လိုက်ပါပြီ"

"ငါကတော့ အမြင့်ကြောက်တတ်တဲ့သူမို့လို့ စောစောကတည်းက လက်လျှော့ထားပြီးသား။ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ကတော့ တကယ်ကို အစွမ်းထက်လွန်းတယ်။ ငါ့ရဲ့ ဆန္ဒကတော့ နယ်မြေ ၁၈၈ ထဲကို ဝင်ရောက်ပြီး ဆရာကြီးတို့ရဲ့ ဦးဆောင်မှုအောက်မှာ ပျံသန်းချင်တာပဲ"

"ငါကတော့ ငါ့ကိုယ်ငါ အခွင့်အရေး ရှိသေးတယ်လို့ ခံစားရတယ်..."

"သင့်တော်တဲ့ အချိန်ကျရင်တော့... ငါ သေချာပေါက် သွားပြီး ကြိုးစားကြည့်ဦးမယ်"

"ငါကတော့ နယ်မြေ ၁၈၈ က ဆရာကြီးတွေကို သံသယဝင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့... မတူညီတဲ့ နယ်မြေတွေက ဆီးနှင်းတောင်တွေကော အားလုံး အတူတူပဲ ဖြစ်နိုင်ပါ့မလား။ ဆီးနှင်းတောင် တစ်လုံးချင်းစီကော ပတ်ဝန်းကျင်ချင်း တူညီပါ့မလား"

ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်းက အချို့သော လူအများအပြားမှာ စောစောကတည်းက ဘဝကို လက်လျှော့ကာ ဝပ်နေကြပြီဖြစ်သလို အချို့မှာမူ လုံးဝ စိတ်ဓာတ်ကျနေကြပြီး အချို့ကတော့ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြကာ အချို့ကလည်း သတိကြီးစွာဖြင့် သံသယဝင်နေကြဆဲ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် အခြားသော နယ်မြေများက ထိပ်တန်းကစားသမားများမှာမူ စိတ်ကွယ်ရာအတွင်း၌ သေချာပေါက် တိတ်တဆိတ် ကြံစည်တွက်ချက်နေကြပြီ ဖြစ်ရမည်။

ရွှီရှင်းနှင့် သူ၏အဖွဲ့ဝင်များ၏ ရည်ရွယ်ချက်မှာလည်း အပြည့်အဝ ပြီးမြောက်သွားခဲ့ချေပြီ။

ထိုစဉ် အရောင်းအဝယ် ပလတ်ဖောင်းပေါ်၌ နောက်ထပ် အရောင်းအဝယ် အချက်အလက်တစ်ခု ထပ်မံ၍ ပင်ထိုးပြသခြင်း ခံရပြန်သည်။

၎င်းမှာ အမှတ်စာရင်း၏ တတိယနေရာတွင် ရှိနေသော ရှီဝမ်ယွမ်၏ အရောင်းအဝယ် အချက်အလက် ဖြစ်ပေသည်။

သူမသည် သံလက်နက်များကို ရောင်းချခြင်း မဟုတ်ဘဲ အပြာရောင်အဆင့်ရှိသော သာမန်အသီးအနှံများကိုသာ ရောင်းချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

သူမသည်လည်း မှတ်ချက်အတွင်း၌ မိမိကြုံတွေ့ခဲ့ရသော ဆီးနှင်းတောင်၏ ပတ်ဝန်းကျင် အခြေအနေများသည် ရွှီရှင်းတို့ဖက်က အခြေအနေများနှင့် တစ်ထေရာတည်း တူညီနေပြီး စမ်းသပ်ချက်များနှင့် အမြင့်တည်နေရာများမှာလည်း လုံးဝ တူညီနေကြောင်း ရေးသားဖော်ပြလိုက်သဖြင့် လူတိုင်းကို ပိုမို၍ စိတ်အေးသက်သာ ဖြစ်သွားစေခဲ့ပေသည်။

၎င်းနောက်တွင်မူ နယ်မြေ ၂၃ က ဖန်းထျန်ယန်းသည်လည်း ရှေ့သို့ ထွက်ပေါ်လာခဲ့ပြီး အပြာရောင်အဆင့်ရှိသော သံလက်နက်အချို့ကို တင်လျက် မိမိ၏ ကြွယ်ဝမှုကို ကြွားဝါပြလာခဲ့၏။

မည်သူမျှ ဝယ်ယူနိုင်စွမ်းမရှိစေရန် တန်ဖိုးကို အလွန်မြင့်မားစွာ သတ်မှတ်ထားခြင်း ဖြစ်သဖြင့် သေချာပေါက် ကြွားဝါပြနေခြင်းသာ ဖြစ်ပေသည်။

သူသည်လည်း မှတ်ချက်အတွင်း၌ ဆီးနှင်းတောင်၏ ပတ်ဝန်းကျင် အခြေအနေများမှာ လုံးဝ တူညီနေပါသဖြင့် လူတိုင်း စိတ်အေးလက်အေးဖြင့် ယုံကြည်စိတ်ချနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပေသည်။

ကြည့်ရသည်မှာ ထိုလူများသည်လည်း တစ်ဦးချင်းစီအလိုက် ဤကဲ့သို့သော အကြံဉာဏ်မျိုးကို အသီးသီး တွက်ချက်မိသွားကြပုံရပေသည်။

ထို့ပြင် ၎င်းတို့သည် နယ်မြေ ၁၈၈ က လူများချည်းပဲ နာမည်ကောင်းများနှင့် လူထုထောက်ခံမှုအားလုံးကို ရူးသွပ်မတတ် သိမ်းပိုက်သွားသည်ကို မမြင်တွေ့လိုကြသဖြင့် မိမိတို့လည်း အနည်းငယ် ပါဝင်၍ ခံစားလိုကြခြင်း ဖြစ်ရမည်။

"ဝါး... ဆရာမကြီး ရှီဝမ်ယွမ်ပါ ရှေ့ကို ထွက်လာခဲ့ပြီ"

"ပြီးတော့ ဖန်းထျန်ယန်းပါ ပါဝင်လာခဲ့သေးတယ်"

"ဒီလို ကြည့်ရတာတော့ မတူညီတဲ့ နယ်မြေတွေက ဆီးနှင်းတောင်တွေကြားမှာ ဘာကွာခြားချက်မှ မရှိတာ သေချာသွားပြီဖြစ်လို့ ငါလည်း တိုက်ခိုက်ချင်စိတ်တွေ ပြန်ပေါ်လာပြီ"

"ဘာကွာခြားချက်မှ မရှိရင်တောင်မှ၊ ငါကတော့ အပေါ်ကို မတက်နိုင်တာ အမှန်ပဲ..."

"အားလုံးပဲ စိတ်ဓာတ်မကျကြပါနဲ့ဦးဗျာ။ အဆင့်တစ်ထောင်ကျော်မှာ ရှိနေတဲ့ တုန်းအာပေါင်တောင်မှ အောင်မြင်အောင် လုပ်နိုင်ခဲ့သေးတာပဲ၊ ငါတို့လည်း သေချာပေါက် လုပ်နိုင်မှာပါ"

"ထားလိုက်ပါတော့၊ ငါကတော့ အောက်မှာပဲ အေးအေးဆေးဆေး ဝပ်နေပါ့မယ်။ ဆရာကြီးတို့ရေ... ဆက်တိုက်သာ ကြိုးစားကြပါဦး၊ ကျွန်တော်ကတော့ မင်းတို့ကို အပြည့်အဝ ထောက်ခံပါတယ်"

ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။

မိမိတို့ ပြုလုပ်သင့်သည့် ကိစ္စရပ်များကိုမူ အပြည့်အဝ ပြုလုပ်ပေးခဲ့ပြီးပြီ ဖြစ်ရာ နောက်ပိုင်း အခြေအနေများကိုတော့ ၎င်းတို့ဘာသာ ဆက်လက်ဖြစ်ပျက်သွားရန် လွှတ်ထားရုံမျှသာ ရှိတော့ပေသည်။

သူသည် အချိန်ကို လှမ်း၍ တစ်ချက်ကြည့်လိုက်မိ၏။

သံလက်နက်များကို ပြုလုပ်ခြင်းနှင့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးခြင်းများ ပြုလုပ်လိုက်ရသဖြင့် အချိန်တော်တော်လေး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါ နံနက် ကိုးနာရီကျော်သို့ ရောက်ရှိနေခဲ့ချေပြီ။

နေလုံးကြီးသည်လည်း အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဆီးနှင်းထု၏ အပူချိန်မှာလည်း ဖြည်းဖြည်းချင်း မြင့်တက်လာနေခဲ့ပြီ ဖြစ်၏။

"ရွှီရှင်း... အစ်ကိုကြီး"

ရုတ်တရက် သူ၏ သစ်ပင်အိမ်အောက်ခြေမှနေ၍ လုဖေးအာ၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပေသည်။

"အီး..."

ခဲခဲလေးသည် သူ၏ ရင်ခွင်အတွင်းမှနေ၍ ပြတင်းပေါက် အစွန်းဖက်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်ရှာ၏။

သူကိုယ်တိုင်လည်း ပြတင်းပေါက်နားသို့ လျှောက်သွားခဲ့မိပေသည်။

အောက်ခြေတွင်မူ လုဖေးအာသည် သူမ၏ ဆီးနှင်းဝံပုလွေကို စီးနင်းထားခြင်း မဟုတ်ဘဲ ဆီးနှင်းလျှောစီးဘုတ် တစ်ခုကို အသုံးပြုလျက် ဆီးနှင်းလျှောစီးနေခြင်း ဖြစ်ပြီး ခန္ဓာကိုယ်တွင် အပြာရောင်အဆင့်ရှိသော သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ကာကွယ်ရေးမျက်မှန်ကို တပ်ဆင်ထားလျက် ကိုယ်ပျောက်ဝတ်ရုံနှင့် ဆီးနှင်းမြေခွေးလည်စည်းတို့ကိုပါ လည်ပင်းတွင် ပတ်ထားသဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားခဲ့ချေပြီ။

လုဖေးအာသည် ရွှီရှင်း ပြတင်းပေါက်မှ ငုံ့ကြည့်နေသည်ကို မြင်တွေ့လိုက်ရသောအခါ မော့ကြည့်လိုက်ပြီး ဆီးနှင်းတောင်ကြီးရှိရာ အရပ်ဆီသို့ လက်ညှိုးညွှန်ပြလျက် "ငါ အခုပဲ သွားပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်။ ငါက အဲ့လမ်းဖက်ကို တစ်ခါမှ မသွားဖူးသေးလို့၊ အရင်ဆုံး သွားပြီး ရင်းနှီးအောင် လုပ်ထားမလို့" ဟု လှမ်း၍ ဆိုလိုက်ပေသည်။

"ကောင်းပါပြီ၊ သွားလိုက်ဦးလေ။ မနက် ဆယ်နာရီဝန်းကျင်ကျမှသာ စပြီး တောင်တက်ဖို့ မမေ့နဲ့ဦးနော်"

"ကောင်းပါပြီ၊ ငါ သွားပြီနော်"

လုဖေးအာသည် ကိုယ်ကိုလှည့်လျက် သူမ၏ ဆီးနှင်းလျှောစီးဘုတ်ကို အသုံးပြုကာ လျင်မြန်စွာပင် ထွက်ခွာသွားခဲ့တော့၏။

စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌ လူတိုင်းကို အကြောင်းကြားပြီးနောက် ဝမ်လေ့သည်လည်း မိမိ စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ချေပြီ။

သူ၏ သစ်ပင်အိမ်မှာ ဆီးနှင်းတောင်ကြီးနှင့် နီးကပ်စွာ ရှိမနေသဖြင့် စောစောစီးစီး ထွက်ခွာရန် တကယ်ပင် လိုအပ်လှပေသည်။

ဆီးနှင်းတောင် နှစ်လုံး၏ တတိယမြောက်လူများသည် ယခုအခါ ဆီးနှင်းတောင်ကြီးများရှိရာ အရပ်ဆီသို့ အသီးသီး ဦးတည်ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။

အကယ်၍ ၎င်းတို့နှစ်ဦးစလုံးသာ အောင်မြင်စွာ တက်လှမ်းနိုင်ကြမည်ဆိုပါက ၎င်းတို့သည် ဆီးနှင်းတောင်ကြီး၏ လျှို့ဝှက်ချက် အစိတ်အပိုင်းအချို့ကို သေချာပေါက် ဖော်ထုတ်နိုင်ကြမည်ဖြစ်ပြီး အားလုံးထဲတွင် အရေးအကြီးဆုံးအချက်မှာမူ နှစ်ဖက်လုံးကြား၌ စစ်မှန်သော အပြန်အလှန် ဆက်သွယ်မှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြတော့မည် ဖြစ်ပေသည်။

အရာအားလုံးသာ အဆင်ပြေချောမွေ့စွာ ဖြစ်ပျက်သွားမည်ဆိုပါက ယနေ့သည် ထိုဖြစ်ရပ်ကြီး အမှန်တကယ် ပေါ်ထွက်လာမည့် နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။

၎င်းကို စိတ်ကူးကြည့်ရုံမျှဖြင့်ပင် စိတ်ထဲ၌ စိတ်လှုပ်ရှားဖွယ် ခံစားချက်များ ပေါ်ထွက်နေမိတော့၏။

အခန်း ၄၉၃ ပြီး။

All Chapters