ပျက်စီးခြင်းသားရဲ
Vol. 004 Ch. 175
ရှုလီချင်းက ဝမ်ချင်းယွဲ့နှင့် ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည်… “အပျက်အစီး ကြယ်နယ်မြေကနေ ကြိုဆိုပါတယ် … သွမ့်မူက မင်းတို့ကို အရင်က ပြောဖူးရင် တောင်မှ ငါက ထပ်ပြီး အသိပေးရလိမ့်မယ်…”
“ဒီဘဲဥပုံ အလင်းစက်ကွင်းကို ဖြတ်သန်း သွားပြီးရင် ငါတို့က ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်သွား လိမ့်မယ်… ငါတို့ ရရှိထားတဲ့ သတင်းတွေ အရဆိုရင် ဒီနေရာမှာ ရှေးဟောင်း နတ်ဘုရား၏ အလောင်း ရှိနေတယ် … ရှေးဟောင်း နတ်ဘုရားရဲ့ စွမ်းအားက သူတို့ရဲ့ ခန္ဓာကိုယ်က လာတာ… ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က အလွန်ကြီးတယ် … အစွမ်းအနည်းဆုံး ရှေးဟောင်း နတ်ဘုရား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အနည်းဆုံး ဆုဇခုဂြိုဟ် လောက်တော့ ရှိတယ် … ဒီမှာ ရှိတဲ့ ရှေးဟောင်း နတ်ဘုရားက အရွယ် ရောက်ပြီးသား စွမ်းအား ပြည့်နေတဲ့ ရှေးဟောင်း နတ်ဘုရားရဲ့အလောင်းပဲ … အဲဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်က ဆုဇခုဂြိုဟ်ထက် အဆပေါင်းများစွာ ကြီးမား နေလိမ့်မယ်။
“ဒီနေရာမှာ ဘာလို့ ရတနာတွေ အများကြီး ကျန်ခဲ့ရသလဲ ဆိုတော့ ရှေးဟောင်း နတ်ဘုရားက သေသွားတာ မှန်ပေမဲ့ သူ့ရဲ့နတ်ဘုရား စိတ်အာရုံက မပျက်စီးသွားဘဲနဲ့ ထိန်းသိမ်း ထားနိုင်တဲ့ အခြေအနေ တစ်ခုအဖြစ် ကျန်ရှိနေလို့ပဲ … ငါတို့က အထဲကို ဝင်ပြီး သူ့ရဲ့မှတ်ဉာဏ်ကို ရယူဖို့ ကြိုးစားရမယ် … သူ့ရဲ့ မှတ်ဉာဏ်ထဲက ဘယ်ကျင့်စဉ်မဆို အခုခေတ်ရဲ့ ကျင့်စဉ်တွေ ထက်တော့ သာမှာပဲ...”
“မှော်ရတနာတွေ အတွက်ကတော့ ရှေးဟောင်း နတ်ဘုရားတွေရဲ့ မှော်ရတနာတွေက သိုလှောင်အိတ်နဲ့ မဆံ့တာမို့ အားလုံးက သူ့ရဲ့ခန္ဓာကိုယ်မှာပဲ ရှိလိမ့်မယ် … မင်းတို့ ကံကောင်းရင် မင်းတို့ တစ်ခုခုတော့ တွေ့မှာပေါ့…”
“ဒီနေရာမှာ ဆေးလုံးတွေလည်း ရှိတယ် … ရှေးဟောင်း နတ်ဘုရားကလည်း ကျင့်ကြံခြင်း အတွက် ဆေးလုံးတွေ လိုတာပဲ … သူတို့သုံးတဲ့ ဆေးတွေဟာ ငါတို့ တွေးထားတာထက်ကို အများကြီး အစွမ်းထက်တယ် … ဒါပေမဲ့လည်း သူတို့က ဆေးလုံးတွေ အားလုံးကို အသုံးပြုကြမှာ မဟုတ်ဘူး… တစ်ချို့တလေကတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်နေလိမ့်ဦးမယ် … ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ ရည်ရွယ်ချက်က ဝိညာဉ် အသွင်ပြောင်း ဆေးလုံးပဲ… ဝိညာဉ် အသွင်ပြောင်း ဆေးလုံးကို ရှေးဟောင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ တွေ့နိုင်တယ်…”
ဝမ်ချင်းယွဲ့၏ မျက်လုံးများက တောက်ပလာပြီး ကောင်းကင်ထက်ရှိ ဘဲဥပုံ အလင်းစက်ကွင်းကို ကြည့်နေ လေသည်။
ခါးကုန်းကြီးမုန့်သည် မျက်နှာပေါ်မှ အဖုများကို ပွတ်ပြီး ပြောလိုက်သည်… “လိုအင်၆မျိုး၊ သွမ့်မူ… ငါတို့က ရရှိလာမဲ့ ပစ္စည်းတွေ အတွက်ကိုရော ဘယ်လိုခွဲမှာလဲ…”
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ဝမ်ချင်းယွဲ့ကို ကြည့်ပြီး ပြောလိုက်သည်… “ပစ္စည်းတွေ အတွက်ကတော့ ညီတူညီမျှ ခွဲမယ် … ဒါပေမဲ့ ဝိညာဉ်အသွင် ပြောင်းဆေးလုံး ရခဲ့ရင်တော့ ငါတို့ရဲ့ အစွမ်းကို ကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့…”
သွမ့်မူကျိက သက်ပြင်းတစ်ချက် ချပြီး ပြောလိုက်သည်… “အဲဒီ အကြောင်းတွေကို ပြောဖို့ စောသေးတယ်… ငါတို့က အတားအဆီးတွေကို ဖြတ်ပြီးမှ ပြောလည်း နောက်မကျသေးဘူး…”
ခါးကုန်းကြီးမုန့်သည် လိုအင်၆မျိုး နတ်ဆိုးသခင်၏ နောက်မှ ပါလာသော လူငယ်လေးအား ကြည့်ကာ ပြောလိုက်သည်… “ဒီကောင်လေးက အတားအဆီးတွေကို ဖြတ်ဖို့ ငါတို့ကို ကူညီ နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်…”
လိုအင် ၆မျိုး နတ်ဆိုးသခင်သည် ဝမ်လင်းအား ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်… “ငါ ခေါ်လာတဲ့ ကောင်လေးက သူနဲ့ အတူတူပဲ … ဒီကောင်လေးက တတိယ စမ်းသပ်မှုမှာ ကူညီပေးလိမ့်မယ်… သူက အဆင့်၃ ထျန်းကျူးနိုင်ငံက ဖြစ်ပြီးတော့ တစ္ဆေတွေကို ထိန်းချုပ်တဲ့ နည်းစနစ်တွေကို တတ်ကျွမ်းထားတယ် … ငါတို့က တတိယ စမ်းသပ်မှုမှာ ရှိတဲ့ ထူးဆန်းတဲ့ သက်ရှိတွေကို ရင်ဆိုင်ဖို့အတွက် သူက အသုံးဝင် လာနိုင်တယ်… ငါက သူ့ကို ရှာဖို့ နှစ်တော်တော် များများ အချိန်ပေးထား ရတာ…”
“ဒီလိုလား … ဟီးဟီး … တတိယ စမ်းသပ်မှု … အရင်က ငါတို့ တတိယ စမ်းသပ်မှုမှာ နောက်ပြန်ဆုတ် ခဲ့ရတယ်… ဒီတစ်ကြိမ်မှာတော့ အောင်မြင်မယ်လို့ ထင်ပါတယ်…” ခါးကုန်းကြီးမုန့်က ဝမ်လင်းနှင့် လူငယ်ကို ကြည့်ပြီး ထူးဆန်းသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
ဘဲဥပုံအလင်း စက်ကွင်း၏ အရှေ့တွင် ရှိနေသော ရှေးဟောင်း အင်ပါယာသည် သူ၏လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ အနက်ရောင် အမျှင်များက မိုးရွာချလိုက် သကဲ့သို့ ထွက်ပေါ်လာသည်။ ထို့နောက် အလင်းစက်ကွင်း အတွင်းမှ အနက်ရောင် အမျှင်များစွာက ရုတ်တရက် ထွက်ပေါ်လာပြီး နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲ သွား၏။ နဂါးက ဟိန်းသံ တစ်ချက်ပေးပြီး ရှေးဟောင်း အင်ပါယာ၏လက်ဖဝါး အတွင်းသို့ ဆင်းသက် လာသည်။
“အဆင်သင့်ဖြစ်ပြီ ဝင်လာခဲ့ကြတော့…”
ပြောပြီးသည်နှင့် ရှေးဟောင်း အင်ပါယာက နဂါးကို သိမ်းလိုက်ပြီး အရွယ်အစား မတူသည့် လက်ကောက် နှစ်ခုကို ထုတ်ယူ လိုက်သည်။ လက်ကောက် အကြီးက အနီရောင် ရှိပြီး အသေးက မီးခိုးရောင် ရှိ၏။
လက်ကောက်နှစ်ခုကို ကိုင်ထားရင်းဖြင့် ရှေးဟောင်း အင်ပါယာက အလင်းစက်ကွင်း အတွင်းသို့ ဝင်ရောက် သွား၏။
ရှုလီချင်း သည်လည်း လူငယ်ကို ဆွဲခေါ်ပြီး ရှေးဟောင်း အင်ပါယာ၏ နောက်မှ လိုက်ဝင်သွား၏။ ဝမ်ချင်းယွဲ့သည် နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သူတို့နောက်မှ လိုက်ဝင် သွားသည်။
ကျန်နေသည့် သွမ့်မူကျိနှင့် ခါးကုန်းကြီးမုန့်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဝမ်လင်းအား ကြည့်လိုက် ကြသည်။ ဝမ်လင်းက ဘာမှပြောမနေဘဲ လေထဲသို့ ပျံတက်သွားပြီး အလင်းစက်ကွင်း၏ ရှေ့တွင် ရပ်ကာ သွမ့်မူကျိအား ပြောလိုက်သည်… “ငါက ဒီနေရာကို ရောက်ပြီဆိုတော့ စီနီယာက ကတိအတိုင်း လုပ်ပေးမယ်လို့ ထင်ပါတယ်…”
သွမ့်မူကျိက ရယ်မောပြီး ပြောလိုက်သည်… “အလျင် မလိုစမ်းပါနဲ… ငါတို့က တတိယ စမ်းသပ်မှုကို ဖြတ်ပြီးသွားရင် ငါ ပေးမှာပါ…”
ဝမ်လင်းက သူ့ကို ဘာမှ ပြန်မပြောဘဲ အေးစက်စွာဖြင့် ကြည့်လိုက်သည်။
ခါးကုန်းကြီးမုန့်သည် သူတို့ နှစ်ယောက်ကို ကြည့်ပြီး မသိမသာဖြင့် ရယ်လိုက်ကာ အလင်းစက်ကွင်း အတွင်းသို့ ဝင်သွား၏။
သွမ့်မူကျိသည် ဝမ်လင်းအား ကြည့်ကာ အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ဆေးနှစ်လုံးအား ထုတ်ကာ ဝမ်လင်းဆီသို့ ပစ်ပေးလိုက်သည်။
“ဖမ်းလိုက်…”
ဝမ်လင်းသည် ဆေး၂လုံးအား ဖမ်းယူပြီး စစ်ဆေး ကြည့်လိုက်သည်။ ဆေးလုံးများသည် လီမူဝမ် ပြောပြသည့် အချက်များဖြင့် တကယ်ကို တူညီနေသည်။ ဆေးလုံး အသေးသည် မြေအသွင်ပြောင်း ဆေးလုံးဖြစ်ပြီး အကြီးသည် စဦးဝိညာဉ် ဖြစ်ပေါ်ခြင်း ဆေးလုံး ဖြစ်သည်။
ဆေးလုံး၂လုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီးနောက် ဝမ်လင်းက အလင်းစက်ကွင်း အတွင်းသို့ ဝင်သွားလိုက်၏။ အလင်းစက်ကွင်း အတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် ဝမ်လင်းသည် အလွှာပါး တစ်ခုကို ဖြတ်၍ သွားရသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက် ဝမ်လင်းက လေကို ပြင်းပြင်းရှူပြီး သူ့ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်ရာ အံ့အားသင့်မှင်တက် သွားလေသည်။
သူရောက်နေသည့် နေရာသည် ပြင်ပတိုက်ပွဲ မြေပြင် အတွင်း၌ ရောက်သွားခဲ့သော ပျက်စီးခြင်း လောကနှင့် အလွန်ဆင်တူနေပြီး ကွာခြားချက် တစ်ခုသာ ရှိ၏။ ထိုအချက်မှာ ဤနေရာတွင် ကြီးမားသော ကျောက်တိုင်ကြီးများ အများအပြား ရှိနေခြင်းပင် ဖြစ်သည်။ ထိုကျောက်တိုင်ကြီး များသည် ထူးဆန်းသော အားတစ်ခုက ထိန်းသိမ်း ထားသကဲ့သို့ ဖြည်းညင်းစွာဖြင့် ရှေ့သို့ ရွေ့လျား နေကြလေသည်။
ဝမ်လင်းသည် ကျောက်တိုင်ကြီး တစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။ ကျောက်တိုင်းကြီးသည် ပေ၃၀၀ခန့်ကျယ်ပြီး ကျောက်တိုင် တစ်ခုလုံးပေါ်တွင် သူ တစ်ယောက်တည်းသာ ရှိ၍ ကျောက်တိုင်ကြီး၏ အောက်တွင် အဆုံးမရှိသော ဟင်းလင်းပြင် ကြီးသာ ရှိ၏။
သူက ဘေးပတ်ဝန်းကျင် ကြည့်လိုက်ရာ အလင်းစက်ကွင်းသို့ ဝင်ရောက် သွားခဲ့သော လူတိုင်းကို မြင်လိုက် ရသည်။ လူတိုင်းသည် ကျောက်တိုင် တစ်ခုပေါ်တွင် ရှိနေကြ၏။
သွမ့်မူကျိ၊ လိုအင်၆မျိုး နတ်ဆိုးသခင်၊ ခါးကုန်းကြီးမုန့်နှင့် ရှေးဟောင်း အင်ပါယာသည် တည်တည် ငြိမ်ငြိမ်ဖြင့် ရှိနေကြပြီး ဝမ်ချင်းယွဲ့သည် ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး တစ်ခုခု စဉ်းစားနေသည်။
နောက်ဆုံးကျန်သည့် လူငယ်ကတော့ ကျောက်တိုင် တစ်ခုပေါ်တွင် ထိုင်ပြီး မှင်တက်နေသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။
ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ထုတ် လိုက်သည်။ ဤနေရာတွင် နတ်ဘုရား စိတ်အာရုံကို တားဆီးထားသည့် မည်သည့်အရာမှ ရှိမနေသည့် အတွက် လွတ်လပ်စွာပင် ထုတ်လို့ရ၏။ သို့သော်လည်း သူ့ဘေးတွင် စွမ်းအားကြီးသော မိစ္ဆာအိုကြီးများ ရှိနေသဖြင့် သူရှိနေသည့် ကျောက်တိုင်ကြီးကို ဖုံးလွှမ်းနိုင်ရုံ လောက်သာ ဖြန့်ထုတ် ထားလိုက်သည်။
ထိုအချိန်တွင် လိုအင်၆မျိုး နတ်ဆိုးသခင်၏အသံသည် အဝေးမှ ပျံ့လွင့်လာသည်။
“ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူး… စင်္ကြံတစ်ခုပဲ ရှိတယ် … မင်းအနေနဲ့ ကျောက်တိုင်ပေါ်မှ ရှိနေဖို့ပဲ လိုတယ်…”
ဝမ်လင်းက ထိုစကားကို ကြားသည်နှင့် ထိုင်ချလိုက်ပြီး ရှေ့သို့ တရွေ့ရွေ့ သွားနေသည့် ကျောက်တိုင်များကို ကြည့်လိုက်သည်။ သူ့ကို မည်သူကမှ အာရုံမစိုက်ကြောင်း သတိထားမိ သွားပြီး အင်္ကျီထဲသို့ လက်ထည့်ကာ ဟိုဖန် အဖွဲ့အစည်းဆီမှ ရခဲ့သော သိုလှောင်အိတ်ကို စမ်းကြည့် လိုက်သည်။
သူက နတ်ဘုရား စိတ်အာရုံကို သိုလှောင်အိတ် ထဲသို့ ထည့်လိုက် သော်လည်း မည်သည့် တုံ့ပြန်မှုကိုမှ မခံစားရပေ။ ထိုအချက်ကြောင့် ဝမ်လင်းက အံ့ဩ သွားသော်လည်း စမ်းသပ်ရန် အချိန်မရှိသဖြင့် ညာလက်ကို ပြန်ထုတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းယွဲ့က ရုတ်တရက် အော်ပြော လိုက်သည်… “အဲဒါ ဘာကြီးလဲ…”
သူတို့အောက်ရှိ ဟင်းလင်းပြင်ကြီးထဲမှ မီးအိမ်ကဲ့သို့ အလင်းရောင် နှစ်ခုက တောက်ပလာသည်။ ထိုအလင်းမီးအိမ် နှစ်ခုသည် အလွန် ကြီးမား၏။ ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ထိုနေရာအထိ ဖြန့်ကြက်လိုက်ရာ ထိုအလင်းမီးအိမ် နှစ်ခုသည် မျက်လုံးများ ဖြစ်ကြောင်း သိလိုက်ရသည်။
မျက်လုံးနှစ်လုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မကြာမီ ပြန်ပေါ် လာသည်။ ပြန်ပေါ်လာသည့် အချိန်တွင် မျက်လုံးနှစ်လုံးကို ပိုမို ကြီးမားစွာဖြင့် မြင်တွေ့ လိုက်ရသည်။ ခါးကုန်းကြီးက ကျောက်တိုင်၏ အစွန်းဆီသို့ သွား၍ သုန်မှုန်နေသည့် မျက်နှာထားဖြင့် အောက်သို့ ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ဝါးမှ အပြာရောင် အမှုန့်များက အောက်သို့ ကျဆင်းသွား၏။
အပြာရောင် အမှုန့်များ အောက်သို့ ကျဆင်း သွားသည်နှင့် အမှုန့်များက တောက်ပ လာသည်။ အောက်သို့ ပိုကျလေ အရောင်က ပိုပြီး တောက်ပလာလေ ဖြစ်ပြီး နောက်ဆုံးတွင် အမှုန့်များက မျက်လုံး နှစ်လုံးပေါ်သို့ ကျသွား၏။
သူတို့၏ အောက်ရှိ ထိုသတ္တဝါသည် အလွန်ကြီးမားပြီး မြွေနှင့် ဆင်တူသည်။ အပြာရောင် အမှုန့်များ၏ အလင်းရောင်ဖြင့် မြင်ရသလောက် ဆိုလျှင် အနည်းဆုံးတော့ ထိုသက်ရှိ သတ္တဝါ၏ ခန္ဓာကိုယ်သည် ပေ၁၀၀၀၀ခန့် ရှည်သည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ခရမ်းနီရောင် တောက်ပနေ၏။
ဦးခေါင်းတွင် ချို၉ခု ရှိနေပြီး ပါးစပ် ဟလိုက်သည့် အချိန်တွင် ချွန်ထက်နေသော သွားများက မြင်ရသူတိုင်းကို ကြောက်လန့် စေနိုင်သည်။
ခါးကုန်းကြီးမုန့်၏ အမူအရာက ပို၍ သုန်မှုန်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အမှုန့်များမှ အလင်းရောင်များက ပျောက်ကွယ်သွားပြီး နေရာတစ်ခုလုံးကို အမှောင်ထုကြီးက ပြန်လည် ဖုံးအုပ်သွား၏။
ခါးကုန်းကြီးမုန့်က ခဏလောက် စဉ်းစားပြီး အားလုံးကို ပြောလိုက်သည် … “ဒါက ပျက်စီးခြင်း သားရဲကြီးပဲ… စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ် တစ်ယောက်နဲ့ အစွမ်းချင်း ညီတယ်…”
လိုအင်၆မျိုး နတ်ဆိုးသခင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်… “အဲဒါကြီးကို ဒေါသထွက်အောင် မလုပ်ကြနဲ့… အရင်တစ်ခါကလည်း ငါတို့က အန္တရာယ် ကင်းကင်းနဲ့ ဖြတ်ကျော် နိုင်ခဲ့တယ် … ငါတို့က သူ့ကို ဒေါသထွက်အောင် မလုပ်သရွေ့ အဆင့်ပြေ သွားပါလိမ့်မယ်…”
သူ့စကား ဆုံးသည့်အချိန်တွင် သူ့အောက်မှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ် လာသည်။ မျက်လုံးနှစ်လုံးက ပိုမို ကြီးမားလာပြီး အနံ့အသက် တစ်မျိုးက သူ့တိုဆီသို့ ဦးတည်လာ၏။
လူတိုင်းက ချက်ချင်း မတ်တတ် ရပ်လိုက်ကြသည်။ ခါးကုန်းကြီးမုန့်က ချက်ချင်း ဆေးလုံးများစွာကို ထုတ်ပြီး အားလုံးကို ပစ်ပေးလိုက်သည်။
“ဆေးလုံးကို မင်းတို့ ပါးစပ်ထဲမှာ ငုံထား … ဆေးလုံးက အဆိပ်ကို ကာကွယ် ပေးလိမ့်မယ်…”
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ခုန်လိုက်ရာ လူငယ်၏ အနီးသို့ ရောက်သွားပြီး လူငယ်ကို ဆွဲခေါ်ကာ တစ်ချိန်တည်းမှာပင် ဆေးလုံးကို ဖမ်းယူလိုက်ပြီး အဝေးသို့ ပျံသန်းသွား၏။
တစ်ချိန်တည်းမှာပင် သွမ့်မူကျိက ဝမ်လင်း၏ အနားသို့ ရောက်လာသည်။ ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေသည့်ကို ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းသွားက အသံ ထုတ်လွှတ်ခြင်းဖြင့် ပြောလိုက်သည်… “ငါ့နောက်လိုက်ခဲ့…”
ပြောပြီးသည်နှင့် သွမ့်မူကျိက အဝေးသို့ လျင်မြန်စွာ ပျံသန်းသွား၏။
ဝမ်လင်းက ခါးကုန်းကြီးမုန့်၏ ဆေးလုံးကို ဖမ်းယူလိုက်ပြီး ပါးစပ်ထဲသို့ မထည့်သေးဘဲ အားလုံးက ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို မြင်လိုက်မှသာ ဆေးလုံးကို ငုံ၍ သွမ့်မူကျိ၏နောက်သို့ လိုက်သွားသည်။
လူတိုင်းက လျင်မြန်စွာဖြင့် ကျောက်တိုင်များကို တစ်တိုင်ပြီးတစ်တိုင် ခုန်ပျံပြီး ပြေးလွှား နေကြသည်။ ဝမ်လင်းသည် သွမ့်မူကျိ၏ နောက်မှ ကပ်ကာ ခုန်ပျံ၍ ပြေးနေခြင်း ဖြစ်သည်။ သူတို့၏နောက်မှ ဟိန်းဟောက်သံက တဖြည်းဖြည်း ကျယ်လောင်လာပြီး ကျောက်တိုင်များက စတင်၍ တုန်ခါလာသည်။
ထိုအချိန်တွင် သူတို့၏နောက်ရှိ ကျောက်တိုင် တစ်ခုသည် မြွေကဲ့သို့ သတ္တဝါကြီး၏ ဦးခေါင်းဖြင့် တိုက်ခိုက်ခြင်း ခံရကာ တစ်စစီ ကြေမွသွား၏။ ကျောက်တိုင်က ကြေမွ သွားပြီးနောက် ကြီးမားသော ဦးခေါင်းကြီးတစ်လုံး ပေါ်ထွက်လာသည်။
ငါးညှီနံ့ကဲ့သို့ အနံ့တစ်မျိုးကလည်း သူတို့နောက်မှ လိုက်လာသည်။ ဝမ်လင်းသည် ဆေးလုံးကို ပါးစပ်ထဲတွင် ငုံထားရင်းဖြင့် ရှေ့သို့ လျင်မြန်စွာ ပြေးလွှား နေသကဲ့သို့ လူတိုင်းသည်လည်း ရှေ့သို့ အားစိုက်ကာ ပြေးလွှား နေကြ၏။ သူတို့ထဲမှ အမြန်ဆုံးလူသည် ဝမ်ချင်းယွဲ့ ဖြစ်သည်။
မြွေသဏ္ဌာန် ပျက်စီးခြင်း သားရဲကြီးသည် သူ့ရှေ့မှ ပြေးလွှားနေသည့် လူများကို အေးစက်စွာ ကြည့်ပြီး ဟိန်းဟောက် လိုက်သည်။ ထို့နောက် သူ၏ ပေတစ်သောင်းကျော် ရှည်သည့် ခန္ဓာကိုယ်ကြီးက ချက်ချင်း မြောက်တက်လာပြီး ဝမ်လင်းတို့ လူစုပေါ်သို့ ရိုက်ချလိုက်သည်။
***