ခြင်ဆီရရန် ကြိုးစားခြင်း
Vol. 004 Ch. 176
သူတို့အပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ အားကောင်းသော လေပြင်းတစ်ခုက ကျဆင်းလာသည်။ ဝမ်လင်းက ချက်ချင်း သိုလှောင်အိတ်ကို ပုတ်လိုက်ရာ များပြားလှသော အကာအကွယ် အဆောင်များ ထွက်လာသည်။ နတ်ဆိုးပင်လယ် အတွင်း၌ ကျင့်ကြံသူ အများပြားကို သတ်ခဲ့သဖြင့် သူ့ထံတွင် အဆင်နိမ့် အဆောင်များနှင့် မှော်ရတနာများက မြောက်မြားစွာ ရှိနေသည်။
အဆောင်များသည် အလင်း အကာအကွယ်များ ဖြစ်သွားပြီး ဝမ်လင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။ လေပြင်းက ကျဆင်းလာသည့်အချိန်တွင် ဝမ်လင်းက ဘေးဘက်သို့ ခုန်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှုလီချင်းနှင့် ရှေးဟောင်း အင်ပါယာက သွားနေရင်းမှ ရပ်တန့်လိုက်၏။ ရှေးဟောင်း အင်ပါယာက ရှေးဟောင်း ခေါင်းလောင်း တစ်ခုကို ပစ်လိုက်သည်။ ရှေးဟောင်း ခေါင်းဟောင်းက ထွက်ပေါ်လာသည်နှင့် ချက်ချင်း ကြီးမားသွားပြီး ရှေ့နှင့်နောက် လှုပ်ခါသွား၏။ ထိုအခါ ရှေးဟောင်း ခေါင်းလောင်းမှ အသံလှိုင်းများ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ ကျောက်တိုင်များက တစ်စစီ ကွဲကြေ သွားလေသည်။
ထိုအခါ အပေါ်မှ အုပ်မိုး၍ ကျလာသော ပျက်စီးခြင်းသားရဲ၏ မြွေသဏ္ဌာန် ခန္ဓာကိုယ်က တွန့်လိမ်သွား၏။ တစ်ပြိုင်နက်တည်း မှာပင် အသံလှိုင်းက ပျက်စီးခြင်း သားရဲ၏ ဦးခေါင်းကို ထိမှန်သွားရာ ပျက်စီးခြင်း သားရဲကြီးက နာကျင်စွာ အော်ဟစ်လိုက်ရပြီး အနက်ရောင် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
အနက်ရောင် မီးခိုးငွေ့များနှင့် ထိသွားသည့် ကျောက်တိုင်များ အားလုံးသည် ချက်ချင်း အမှုန့်ဖြစ်ပြီး ပျောက်ကွယ် သွား၏။
အဆိပ်အငွေ့များကို ခါးကုန်းကြီးမုန့်က ဖြေရှင်းရမည့် အတွက် သူက သူ့မျက်နှာပေါ်မှ ဘုတစ်ခုကို ဖောက်လိုက်ရာ ပြင်းထန်လှသော အနံ့ဆိုးတစ်ခု ထွက်လာသည်။
ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး အနက်ရောင် မီးခိုးငွေ့များ၏ ရှေ့တွင် ပြန်ပေါ်လာသည်။ ထိုအချိန်တွင် သူ၏မျက်နှာက အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီး သူက ပါးစပ်ကို ဟ၍ အနက်ရောင် မီးခိုးငွေ့များ အားလုံးကို စုပ်လိုက်သည်။ ထိုအခါ သူ၏နောက်ကျောမှ အဖုကြီးသည် တဖြည်းဖြည်း ကြီးလာသည်။ အနက်ရောင် မီးခိုးငွေ့များ အားလုံး စုပ်ယူပြီးသည့် အချိန်တွင် သူ့နောက်မှ အဖုကြီးသည် တောင်တစ်လုံးကဲ့သို့ ကြီးမား နေလေပြီ။
သူက ယိုင်နဲ့နဲ့ဖြင့် ကျောက်တိုင်ပေါ်တွင် ရပ်နေပြီး ပျက်စီးခြင်း သားရဲကြီးအား စိုက်ကြည့် လိုက်သည်။ ထိုအချိန်တွင် သူ ဖောက်ထားသည့် မျက်နှာပေါ်ရှိ အဖုမှ အနက်ရောင် အငွေ့ အမျှင်တန်းများ ထွက်လာရာ သူ၏ပခုံးထက်ရှိ ဖားပြုပ်က ထိုအနက်ရောင် အမျှင်တန်းများကို စုပ်ယူလိုက်၏။
ရှုလီချင်းသည် အစီအရင် များစွာကို ပြုလုပ်ပြီး တစ်ခုခုကို ရွတ်လိုက်သည်။ ရှေးဟောင်း အင်ပါယာက ခေါင်းလောင်းကို ပစ်လိုက်သည့် အချိန်တွင် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ရောက်သွား၏။
ဝမ်လင်း၏ မျက်လုံးများက အရောင်လက်နေပြီး နောက်သို့ ချက်ချင်း ဆုတ်သွားကာ စဦးစိတ်ဝိညာဉ်အဆင့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သလင်းကျောက် ဓားကိုပါ ထုတ်ယူလိုက်၏။ သလင်းကျောက်ဓား၏ ဓားဦးက ရှုလီချင်းဆီသို့ ညွှန်လျက်ဖြင့် သူ့ရှေ့တွင် ရှိနေသည်။
ရှုလီချင်း၏ အကြည့်က သူ့ဘေးမှ လူငယ်ဆီသို့ ရောက်သွား၏။ လူငယ်၏မျက်နှာက ကြောက်လန့်နေဟန်ရပြီး မြွေသဏ္ဌာန် ပျက်စီးခြင်း သားရဲကြီးကို စိုက်ကြည့် နေလေသည်။
ရှုလီချင်းက ရုတ်တရက် အော်လိုက်သည်… "ကြောက်လန့်ခြင်း…”
လူငယ်၏ ခန္ဓာကိုယ်က ချက်ချင်း တုန်သွားပြီး အနက်ရောင် အငွေ့များက နှာခေါင်းပေါက်များနှင့် ပါးစပ်ထဲမှ ထွက်လာသည်။ အနက်ရောင် အငွေ့က အနက်ရောင် ဓားတစ်ချောင်း အဖြစ် ဖွဲ့စည်းသွားပြီး ရှုလီချင်း၏ ရှေ့တွင် မျောနေလေသည်။
လူငယ်၏ ခန္ဓာကိုယ်က ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြစ်သွားပြီး ဇဝေဇဝါ ဖြစ်နေသည့် မျက်လုံးများဖြင့် ရပ်နေလေသည်။
ရှုလီချင်းက ညာလက်ဖြင့် အနက်ရောင်ဓားကို ညွှန်လိုက်ပြီး ပါးစပ်မှ တစ်ခုခု ရွတ်လိုက်သည်။ ထိုအခါ အနက်ရောင်ဓားက တဖြည်းဖြည်း ကြီးမားလာပြီး အလွန် ကြီးမားသော ဓားကြီးတစ်လက် ဖြစ်သွား၏။
ထိုအရာ အားလုံးသည် အလွန် တိုတောင်းလှသော အချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ပျက်စီးခြင်း သားရဲကို အသံလှိုင်းတစ်ခု ထပ်မံထိမှန်ပြီး ပျက်စီးခြင်း သားရဲက အနက်ရောင် မီးခိုးငွေ့များကို နောက်တစ်ကြိမ် မှုတ်ထုတ် လိုက်ပြန်သည်။ ရှုလီချင်းက အော်လိုက်သည်… “သွား…”
သူ့ရှေ့မှ အနက်ရောင် ဓားသည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွားပြီး ပျက်စီးခြင်း သားရဲကြီး၏ လည်ပင်းကို ခုတ်ပိုင်း လိုက်သည်။ ဓားက ပျက်စီးခြင်း သားရဲ၏ လည်ပင်းပေါ်သို့ ထိသွားသည့် အချိန်တွင် ပျက်စီးခြင်း သားရဲက နာကျင်သွားဟန်ဖြင့် ခေါင်းကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ အနက်ရောင်ဓားက အဝေးသို့ လွင့်ထွက် သွား၏။
ထိုအဖြစ်က ရှုလီချင်း၏ ဘေးနားရှိ လူငယ်ကို ပါးစပ်နှင့် နှာခေါင်း ပေါက်များမှ သွေးများ စီးကျ လာစေသည်။ သူ၏ ခန္ဓာကိုယ်ကလည်း အားနည်းလာပြီး သူ၏မျက်လုံးမှ ဇဝေဇဝါဖြစ်မှုကလည်း ပိုမို နက်ရှိုင်းလာသည်။
ရှေးဟောင်း အင်ပါယာက ခေါင်းလောင်းကို ပို၍ မြန်မြန် တီးလိုက်သည်။ အသံလှိုင်းများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ပျက်စီးခြင်း သားရဲဆီသို့ တိုးဝင်သွား၏။
ပျက်စီးခြင်း သားရဲကြီးကို အသံလှိုင်းများက လာရောက် ထိမှန်နေရာ သားရဲကြီးက သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး သွေးဆာနေသော မျက်လုံးများဖြင့် ပါးစပ်ကို ဟလိုက်သည်။ သားရဲကြီး၏ ပါးစပ်ထဲမှ တစ္ဆေလိုလို ပုံရိပ်တစ်ခု ပျံသန်းထွက်လာရာ ရှေးဟောင်း အင်ပါယာ၏ အမူအရာက ပြောင်းလဲသွားပြီး ခေါင်းလောင်းကလည်း လျင်မြန်စွာ ပျောက်ကွယ် သွား၏။
ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံက သားရဲကြီးကို တစ်ချိန်လုံး စောင့်ကြည့်နေသဖြင့် သားရဲကြီး ပါးစပ်ဟလိုက်သည့် အချိန်တွင် မြွေအသေးတစ်ကောင် ပျံသန်း၍ ထွက်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ထိုမြွေအသေးက ခေါင်းလောင်းကို ကိုက်ပြီး ချက်ချင်း ပြန်ဆုတ် သွားသည်။
ခါးကုန်းကြီးမုန့်၏ မျက်လုံးက အရောင်လက် သွားပြီး မြွေသဏ္ဌာန် ပျက်စီးခြင်း သားရဲကြီးကို အဝေးရှိ ကျောက်တိုင် တစ်ခုပေါ်မှ စိုက်ကြည့် လိုက်သည်။ သူက နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ပြေးထွက် သွားတော့မည့် အချိန်တွင် ပျက်စီးခြင်း သားရဲကြီးက ပါးစပ်ကို ပိတ်လိုက်၏။
ခါးကုန်းကြီး၏ မူမမှန်မှုကို ဝမ်လင်းက သတိပြုမိ၏။ သူက လူတိုင်းကို သတိထား နေသည့်အပြင် အထူးသဖြင့် အဆိပ်ကို သုံးသည့် ခါးကုန်းကြီးကို ပို၍ပင် သတိထားနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရှုလီချင်း၏ အကြည့်က သူ့ဘေးမှ လူငယ်ဆီသို့ ရောက်သွားပြီး လူငယ်၏ခေါင်းကို လက်ချောင်းဖြင့် ညွှန်ကာ အော်လိုက်သည်… “ဒေါသ…”
ထိုအခါ လူငယ်၏ ပါးစပ်နှင့် နှာခေါင်းမှ ခရမ်းနီရောင် အငွေ့တစ်မျိုး ထွက်လာပြီး နောက်ဓားတစ်ချောင်း ဖြစ်ပေါ်လာသည်။
သွမ့်မူကျိ၏ အမူအရာက မည်းမှောင်နေပြီး ဝမ်ချင်းမူအား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်၏အတွေးကို တစ်ယောက်က သိနေသည့်အလား နှစ်ယောက်စလုံးက သားရဲကြီး၏ အပေါ်သို့ ခုန်လိုက်ကြပြီး သူတို့၏ မှော်ရတနာများကို ထုတ်ယူကာ တိုက်ခိုက် လိုက်ကြသည်။
သွမ့်မူကျိက ကြီးမားသော တူကြီးတစ်လက်ကို အသုံးပြုနေခြင်း ဖြစ်သည်။ တူကို မြှောက်လိုက်သည့် အချိန်တိုင်း လျှပ်စီးဘောလုံးများ ဖြစ်ပေါ်လာပြီး တူနှင့်အတူ သားရဲကြီးပေါ်သို့ ကျဆင်းနေ၏။
ဝမ်ချင်းယွဲ့က မည်သည့် ရတနာပစ္စည်းကိုမှ မသုံးမပြုချေ။ သူ၏လက်က အစီအရင် တစ်ခုကို ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဆိုသည့် ရှေးဟောင်းစာလုံး ၅လုံး ပေါ်လာသည်။ ထိုစာလုံးများကို ဒြပ်စင်၅မျိုး ဝင်္ကပါ တစ်ခုအဖြစ် ဖွဲ့စည်းစေပြီး သားရဲကြီး၏ကိုယ်ပေါ်သို့ တစ်ချက်ပြီး တစ်ချက် ရိုက်ချနေလေသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းစိတ်ထဲတွင် တုန်လှုပ် သွားလေသည်။ ထိုလူ၅ယောက်၏ နည်းစနစ်များသည် အလွန်ကို အစွမ်းထက်လွန်း လှသည်။ သူ့ကို ဆွဲဆောင် သွားနိုင်သည့် တစ်ခုတည်းသော နည်းစနစ်ကတော့ ရှုလီချင်း၏ နည်းစနစ် ဖြစ်သည်။ ထိုနည်းစနစ်သည် လူငယ်ကို အနစ်နာခံပြီး သားရဲကြီးကို တိုက်ခိုက်နေခြင်း ဖြစ်၏။
သားရဲကြီးက နာကျင်မှုကို ခံစားလာရဟန်ဖြင့် ဒေါသတကြီး ဟိန်းဟောက်ပြီး သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်သည်။ ထိုအခါ သူ့ဘေးတွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး ဘေးနားရှိ ကျောက်တိုင်များ အပါအဝင် အားလုံးကို သူ့ဆီသို့ ဆွဲယူနေသည်။
ထိုဝဲကတော့ကြီး ပေါ်လာသည်နှင့် သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့သည် ပထမဆုံး နောက်ဆုတ် လာကြသူများ ဖြစ်သည်။ ရှေးဟောင်း အင်ပါယာကတော့ သူ၏ရတနာနှင့် သူ့ကြားရှိ ဆက်သွယ်မှု ပြတ်သွားသဖြင့် သူ့မျက်နှာက ပုပ်သိုးနေလေသည်။
ဝဲကတော့က ကြီးမားသည်ထက် ကြီးမားလာပြီး အားကောင်းသော စုပ်အားတစ်ခု ထွက်ပေါ် လာသောကြောင့် အားလုံးက လျင်မြန်စွာဖြင့် နောက်သို့ ဆုတ်ပြေး ကြလေသည်။
ရှုလီချင်း၏ရှေ့ရှိ ခရမ်းနီရောင်ဓားသည် လင်းလက်လာပြီး သားရဲကြီး၏ မျက်လုံး တစ်ဖက်ဆီသို့ လှစ်ခနဲ ပြေးထွက် သွား၏။ တစ်ချိန်တည်းမှာပင် လွင့်ထွက်သွားသည့် အနက်ရောင်ဓား သည်လည်း ပြန်ပေါ်ပြီး ကျန်သည့် မျက်လုံး တစ်ဖက်ဆီသို့ ပြေးဝင်သွား၏။
ဓားများက သားရဲကြီး၏ မျက်လုံးကို ထိသည်နှင့် အငွေ့များအဖြစ် ပြောင်းသွားပြီး လွန်ဖြင့် ဖောက်သကဲ့သို့ သားရဲကြီး၏ မျက်လုံးထဲသို့ ဝင်သွား၏။
ထိုအခါ သားရဲကြီး၏ ခန္ဓာကိုယ်က ခဏလောက် ရပ်တန့်သွားပြီး ရူးသွပ်စွာ အော်ဟစ် လိုက်သည်။ သားရဲကြီး၏ မျက်လုံးများက တစ်ဖက်က ခရမ်းနီရောင် ဖြစ်နေပြီး တစ်ဖက်က အနက်ရောင် ဖြစ်နေလေသည်။ ထို့နောက် သားရဲကြီးက ပါးစပ်ကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ရာ မြွေအသေးက ပြန်ထွက်လာပြီး ထိုအငွေ့များကို လိုက်လံ စုပ်ယူလေသည်။
ထိုအချိန်တွင် ဝမ်လင်း၏ မျက်လုံးထဲ၌ အလင်းရောင် တစ်ချက် လက်သွား၏။ ဤအချိန်သည် သူ စောင့်နေသည့် အချိန်ဖြစ်သည်။ သူက ရှေ့သို့ ခုန်ဝင်သွားပြီး ဝဲကတော့၏စုပ်အား အကူအညီဖြင့် သားရဲကြီး၏ပါးစပ်အတွင်းသို့ ဝင်သွား၏။
ထိုအချိန်တွင် အစိမ်းရောင် အလင်းတစ်ချက် လက်သွား၏။ ထိုအလင်းသည် သူနှင့်အကြံချင်း တူနေသည့် အဝေးမှ ကြည့်နေသော ခါးကုန်းကြီးမုန့် ဖြစ်သည်။ ခါးကုန်းကြီးမုန့်ကို မြင်ပြီး ဝမ်လင်းက အားကျသည့် အပြုံးတစ်ခု ပြုံးလိုက်သည်။
သို့သော်လည်း ထိုအပြုံးတွင် ရက်စက်မှု အရိပ်အယောင်များ ပါနေသည်။
ခါးကုန်းကြီးက ဝမ်လင်းကို ဖြတ်ကျော် သွား၏။ သူ၏ ရည်ရွယ်ချက်က မြွေကဲ့သို့ ပျက်စီးခြင်း သားရဲကြီး၏ ပါးစပ်ထဲမှ မြွေအသေး ဖြစ်သည်။ ဝမ်လင်းကတော့ သူနှင့် ဦးတည်ချက် မတူပေ။ သူက လည်ချောင်းမှ အောက်သို့ ဆင်းသွား လိုက်၏။ သူ၏ပစ်မှတ်သည် သားရဲကြီး၏ ကျောရိုး ဖြစ်သည်။
လီမူဝမ်က သူ့ကို နဂါးကဲ့သို့ သတ္တဝါ အားလုံးတွင် တန်ဖိုးအရှိဆုံး အစိတ်အပိုင်းသည် သူတို့၏အမြုတေ မဟုတ်ဘဲ ခြင်ဆီသာ ဖြစ်ကြောင်း ပြောပြထား၏။ ထို့ကြောင့် သူက စွန့်စားပြီး ဝင်လာခြင်း ဖြစ်သည်။
သူက မြွေကဲ့သို့ ပျက်စီးခြင်း သားရဲကြီးကို မြင်သည့် အချိန်ကတည်းက ခြင်ဆီ အကြောင်းကို တွေးမိခြင်းဖြစ်သည်။ ခြင်ဆီ၏ အစွမ်း အာနိသင်သည် သားရဲ၏ သက်တမ်းပေါ်တွင် မူတည်၏။ သားရဲတစ်ကောင် ကသာ လုံလောက်သည့် သက်တမ်း တစ်ခု ရှိပါက ခြင်ဆီသည် စဦးဝိညာဉ် ဖွဲ့ရာတွင် ကူညီပေးနိုင်ကြောင်း လီမူဝမ်က သူမ သိသမျှ သူ့အား အကုန် ပြောပြပေးခဲ့သည်။
ဤသားရဲကြီးသည် နဂါးဟုတ်၊ မဟုတ် သူ မသိချေ။ နဂါး မဟုတ်လျှင်တောင်မှ မျိုးနွယ်ကတော့ တူနိုင်သည်။ ထို့ကြောင့် သားရဲကြီး၏ ခြင်ဆီတွင် အစွမ်းသတ္တိ တချို့တော့ ရှိမှာ သေချာသည်။
ထို့ကြောင့် သားရဲကြီး၏ ပါးစပ်က ဒုတိယအကြိမ် ပွင့်သွားသည့် အချိန်တွင် စွန့်စားပြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။ ခါးကုန်းကြီး သည်လည်း ဝင်လာလိမ့်မည် ဆိုတာကို ဝမ်လင်း သိနေသည်။ သားရဲကြီးက ပါးစပ်ကို ပထမဆုံးအကြိမ် ဟလိုက်သည့် အချိန်တွင် ခါးကုန်းကြီး၏ အမူအရာများကို မြင်ထားသည့် အတွက် ဝမ်လင်းက သားရဲကြီး၏ကိုယ်ထဲသို့ ပို၍ပင် ဝင်ချင်လာသည်။
သူ စိုးရိမ်သည့် အချက်သည် ခြင်ဆီကို သူ ရပြီးနောက်တွင် တခြားသူများက သူ့အား သံသယ ဝင်မည်ကို ဖြစ်သည်။ သို့သော်လည်း ယခုမူ ခါးကုန်းကြီး သည်လည်း အထဲတွင် ရှိနေသဖြင့် သားရဲကြီးက တစ်ခုခု မူမမှန်တာ ဖြစ်သွားလျှင် ခါးကုန်းကြီးအား လွဲချနိုင်သည်။
တစ်ယောက်နှင့် တစ်ယောက် ရည်ရွယ်ချက်ခြင်း မတူသဖြင့် ဝမ်လင်းလုပ်မည့် အရာကို ခါးကုန်းကြီး အနေဖြင့် မသိနိုင်ချေ။ ထို့ကြောင့် ပြဿနာများလည်း မဖြစ်နိုင်တော့ချေ။
ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် တောင်မှ သူတို့က သူ့အား တိုက်ခိုက်မှာ မဟုတ်ပေ။ သူတို့၏ရည်ရွယ်ချက်သည် ဤသားရဲ၏ခြင်ဆီ မဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကား ရှေးဟောင်း နတ်ဘုရား၏အလောင်း ဖြစ်သည်။
ဝမ်လင်းက သလင်းဓားကို သုံးပြီး သားရဲကြီး၏ကိုယ်ထဲတွင် သွားနေသော်လည်း သားရဲကြီး၏ခန္ဓာကိုယ်ကို ဒဏ်ရာ တစ်ခုပင် ပေးနိုင်စွမ်း မရှိပေ။
ဝမ်လင်းက ပိုပြီးသွားလေ သူ့စိတ်ထဲတွင် ပိုပြီး လေးလံလာလေ ဖြစ်နေသည်။ သားရဲကြီး၏ ခန္ဓာကိုယ် အတွင်းတွင် မြွေအသေး တစ်ကောင်မှ လွဲ၍ မည်သည့်အရာမှ မရှိချေ။ သို့သော်လည်း အနက်ရောင် အသားနံရံကြီး ကတော့ သူ့ဘေး ပတ်လည်တွင် ရှိနေ၏။
ဝမ်လင်းက အစွမ်းရှိသလောက်ဖြင့် အသားနံရံကြီးကို ဓားဖြင့် ထိုးစိုက် လိုက်သော်လည်း အသားနံရံကြီးတွင် ခြစ်ရာလေးပင် မထင်ခဲ့ချေ။ ကျောရိုးသည် ဤအသားနံရံကြီး၏ အောက်တွင် ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း သူက အသားနံရံကြီးကို ဒဏ်ရာ သေးသေးလေးပင် မပေးနိုင်ချေ။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားပြီးနောက် သူ့မျက်လုံးက အရောင်လက် သွားကာ တခြားနေရာ တစ်ခုဆီသို့ လျင်မြန်စွာ သွားလိုက်၏။ ထိုနေရာသည် ဦးခေါင်းနှင့် လည်ပင်း ဆက်နေသည့်နေရာ ဖြစ်သည်။
ထိုအချိန်တွင် မြွေအသေးသည် တုန်သွားပြီး အနက်ရောင် အငွေ့ အမျှင်တန်းများက သူ့ကိုယ်မှ ထွက်လာသည်။ ဝမ်လင်းက ဘေးဘက်သို့ ရှောင်လိုက်ပြီး သားရဲကြီး၏ ဦးခေါင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်၏။
မကြာမီ သူက သားရဲကြီး၏ ဦးခေါင်းဆီသို့ ရောက်လာသည်။ ဦးခေါင်းနှင့် လည်ပင်း ဆက်နေသည့် နေရာတွင် အနီရောင် အမျှင်လေးတစ်ခု ရှိနေသည်။ ဝမ်လင်းက သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံးကို နှိုးဆွပြီး သိုလှောင်အိတ်ထဲမှ ဓားအချောင်း တစ်ရာကျော်ကို ထုတ်ယူလိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံက ဓားပျံအားလုံးကို ထိန်းချုပ်လိုက်ပြီး ဓားဦးများကို အနီရောင်အမျှင် ရှိရာသို့ ချိန်ရွယ်၍ ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။
***