အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) - မုန်တိုင်း (၁)
အမှောင်ထုဖုံးလွှမ်းနေသော ညအချိန်တွင် လနှင့် ကြယ်များကိုပင် မမြင်ရပေ။ ညကောင်းကင်ယံ၌ မည်သည့်အလင်းရောင်မျှ ရှိမနေချေ။
ကျန်းရှောင်ဖန်းသည် ဂူဝ၌ ဒူးထောက်နေခဲ့သည်မှာ ခြောက်နာရီခန့်ပင် ရှိနေပြီဖြစ်သည်။ အခြားသော တောင်ထိပ်မှ တပည့်များမှာလည်း အိပ်ပျော်နေကြပြီ ဖြစ်၏။
တာ့ကျူးတောင်ထိပ်လိုဏ်ဂူအတွင်းမှ နောက်ဆုံးကျန်ရစ်သော မီးရောင်လေးသည်ပင်လျှင် ငြိမ်းသတ်သွားလေတော့သည်။
လိုဏ်ဂူအတွင်း၌ ထျန်းပုယီက တစ်စုံတစ်ရာ ပြောလိုက်ရာ ထျန်းလင်းအာက ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
“အဖေ”
ထို့နောက် မည်သည့်အသံမျှ ထပ်မကြားရတော့ပေ။ ကျန်းရှောင်ဖန်းက မည်သည့်အရာ ဖြစ်ပျက်သွားမှန်း မသိချေ။ သို့သော် မကြာမီတွင် စုန့်တာ့ရန် ထွက်လာလေ၏။
ကျန်းရှောင်ဖန်းသည် ခေါင်းမော့ကာ စုန့်တာ့ရန်ကို ကြည့်လိုက်သည်။ စုန့်တာ့ရန်မှာ မပြောရက်သော်လည်း ပြောလိုက်ရလေသည်။
“ဂျူနီယာေလး... မင်း ဒီမှာ ဒူးထောက်နေတာ ဆရာ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်တဲ့ ဝေးဝေးကို သွားပြီး ဒူးထောက်နေဖို့ ဆရာက ပြောလိုက်တယ်”
ကျန်းရှောင်ဖန်း၏ ရင်ထဲ၌ လေးလံသွားတော့သည်။ သူ၏ မျက်နှာပေါ်သို့ ရုတ်တရက် အေးစက်စက် အရာတစ်ခု ကျဆင်းလာခဲ့၏။ အမှောင်တိကျနေသော ညတွင် မိုးရွာကျလာချေပြီ။
သူက ဘာမျှမပြောဘဲ တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး ပို၍ဝေးကွာသော တောအုပ်အစပ်ဆီသို့ လျှောက်သွားကာ သစ်ပင်အိုကြီးတစ်ပင်အောက်၌ ဒူးထောက်ထိုင်ချလိုက်လေသည်။
စုန့်တာ့ရန်က သူ့ကို ခဏတာမျှ ငေးကြည့်နေခဲ့သည်။ သူ၏ ပုံရိပ်မှာ ညမိုးရေထဲတွင် ဝေဝါးသွားခဲ့ပြီ ဖြစ်သည်။
သူသည် သက်ပြင်းသဲ့သဲ့ချကာ ခေါင်းခါယမ်းပြီးနောက် ပြန်လှည့်သွားလေတော့သည်။
“ဝုန်း”
မိုးခြိမ်းသံကြီးက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းကြီးက အစွယ်များထုတ်ကာ လက်သည်းများကို ဖြန့်ကျက်ထားသကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားလေသည်။
ခဏအကြာတွင် ကျောက်ခဲငယ်များကဲ့သို့ ကြီးမားလှသော မိုးပေါက်ကြီးများ ကျဆင်းလာကာ ကျောက်ဆောင်များကို ရိုက်ခတ်မိပြီး တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာလေသည်။ ထို့နောက် သဲကြီးမဲကြီး ရွာသွန်းလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လောကကြီးတစ်ခုလုံး ဝေဝါးသွားခဲ့၏။ ကျန်းရှောင်ဖန်း၏ တစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုသွားတော့သည်။
အဝတ်အစားများက ကိုယ်တွင်ကပ်နေပြီး မိုးစက်များက အရိုးခိုက်အောင် အေးစက်လှသည်။ သူက ခေါင်းမော့ကြည့်လိုက်၏။
မူလက အမှောင်တိကျနေသော ကောင်းကင်တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် လိုဏ်ဂူ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။
ကောင်းကင်နှင့် မြေကြီးကြားတွင် သူတစ်ယောက်တည်းသာ ရှိနေပြီ ဒုက္ခခံစားနေရသကဲ့သို့ ရှိနေပေသည်။
သူက ခေါင်းငုံ့ထားကာ မလှုပ်မယှက် ဒူးထောက်နေလေ၏သည်
သည်းထန်လှသော မိုးစက်များက ကောင်းကင်ဘုံမှ သူ့ကို ပေးအပ်သော ပြစ်ဒဏ်တစ်ခုနှင့် တူနေချေသည်။
ရပ်တန့်သွားခြင်းမရှိဘဲ သည်းထန်စွာ ရွာသွန်းနေပြီး လျှပ်စီးနှင့် မိုးခြိမ်းသံတို့ကလည်း အရိုင်းဆန်စွာ ဟိန်းဟောက်နေကြလေတော့သည်။
စိုရွှဲနေသော ဆံပင်များမှတဆင့် ရေစက်များက သူ၏ ပါးပြင်ပေါ်သို့ စီးကျလာသည်။ ကျန်းရှောင်ဖန်း၏ မျက်လုံးများက ဖွင့်၍ပင် မရနိုင်တော့ချေ။
သို့သော် ထိုအချိန်၌ ရုတ်တရက် သူ၏ရှေ့မှောက်တွင် ပုံရိပ်တစ်ခု ပေါ်လာကာ နုနယ်လှသော ခြေဖဝါးအစုံက သူ၏ရှေ့တွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရလေသည်။
သူက မနည်းအားယူကာ ခေါင်းမော့ကြည့်လိုက်၏။ ကောင်းကင်ယံ၌ လျှပ်စီးများ လက်သွားပြီး မိုးခြိမ်းသံ ထွက်ပေါ်လာကာ အားပျော့လှသော အလင်းရောင်နှင့်အတူ ကျန်းရှောင်ဖန်းသည် သူ၏ရှေ့၌ လှပလွန်းလှသော မိန်းမပျိုတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရလေသည်။
ကျန်းရှောင်ဖန်းမှာ ကြက်သေသေသွားတော့သည်။
လုရွှယ်ချီလည်း တစ်ကိုယ်လုံး ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်၏။ လျှပ်စီးအလင်းရောင် ပျောက်ကွယ်သွားသည်နှင့်အမျှ သူမ၏ ပုံရိပ်သည်လည်း အမှောင်ထုထဲတွင် ဝေဝါးသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် ကျန်းရှောင်ဖန်းသည် သူမ ရှေ့တွင် ရပ်နေကြောင်းကို ခံစားနိုင်ပေသည်။
မုန်တိုင်းထန်နေသော ည၌ နူးညံ့လှသော ပုံရိပ်လေးက သူ၏ရှေ့တွင် ညင်သာစွာ ဒူးတုပ်ထိုင်ချလိုက်လေ၏။
မိုးက ပို၍သည်းထန်လာပြီး လေကလည်း ပိုမိုကြမ်းတမ်းလာလေတော့သည်။
ငရဲ၏ အနက်ရှိုင်းဆုံးနေရာ၌ မိစ္ဆာများ အော်ဟစ်နေသကဲ့သို့ပင်။
ရေခဲတမျှ အေးစက်နေသော လက်တစ်ဖက်က တုန်တုန်ယင်ယင်ဖြင့် ကျန်းရှောင်ဖန်း၏ ဆံပင်များကို သပ်တင်ပေးလိုက်သည်။
သူမက အိပ်မက်သဖွယ် ရောက်ရှိလာပြီး ပြောလိုက်လေ၏။
“မကြောက်ပါနဲ့... မကြာခင် ပြီးသွားတော့မှာပါ”
“……”
“ရှင်နဲ့အတူတူ ကျွန်မ ဒီမှာ ရှိနေပေးမယ်”
“……”
“ဝုန်း”
ကောင်းကင်ဘုံ၏ အမျက်ဒေါသအလား မိုးခြိမ်းသံက ကျယ်လောင်စွာ ဟိန်းထွက်လာသည်။
ပြင်းထန်လှသော လျှပ်စီးများ၊ ဟိန်းဟောက်နေသော လေပြင်းများအကြား၌ အေးခဲနေသော မိုးရေစက်များက မိစ္ဆာများကဲ့သို့ ကခုန်နေကြချိန်တွင် ထိုနူးညံ့လှသော မျက်နှာ မျက်ဝန်းတစ်စုံက အိပ်မက်ထဲမှ အချိုမြိန်ဆုံးသော ပုံရိပ်လေးအဖြစ် သူ၏ဘေးတွင် ရှိနေပေးခဲ့လေသည်။
မိုးရေထဲတွင် သူမက တီးတိုးရေရွတ်လိုက်သည်။ ကျန်းရှောင်ဖန်းအတွက်သာမက သူမ၏ နှလုံးသားအတွက်ပါ ညင်သာစွာ တီးတိုးပြောဆိုလိုက်လေသည်။
“ရှင်က ကိုယ့်အသက်ကိုတောင် ဂရုမစိုက်ဘဲ ကျွန်မကို ကယ်တင်ပြီး ကာကွယ်ပေးခဲ့တယ်။ ကျွန်မလည်း ရှင့်အတွက် အဲဒီလိုပဲ လုပ်ပေးမှာပါ”
“ရှင့်ရင်ထဲက နာကျင်မှုကို ကောင်းကင်ဘုံကလည်း သိသလို ကျွန်မလည်း သိပါတယ်။ ရှင့်ရင်ထဲက ဝေဒနာကို လျော့ပါးသွားအောင် မကူညီပေးနိုင်ပေမယ့် ရှင်နဲ့အတူတူ မျှဝေခံစားပေးနိုင်ပါတယ်”
“တစ်နေ့နေ့မှာ ရှင်ချစ်တဲ့သူနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ့်နေ့ကို ရောက်လာဖို့ ဆုတောင်းပေးပါတယ်”
ထို့နောက် သူမ၏အသံမှာ တဖြည်းဖြည်းတိုးဝင်သွားကာ ပျောက်ကွယ်သွားလေတော့သည်။ မုန်တိုင်းကမူ ပို၍ ပြင်းထန်လာခဲ့သည်။
ထိုပုံရိပ်လေးမှာ လေယူရာယိမ်းနွဲနေသည့် မြက်ပင်လေးတစ်ပင်အလား အားနည်းလွန်းလှပေသည်။
ညအမှောင်က လေးလံလွန်းလှပြီး ကောင်းကင်ယံကမူ တိတ်ဆိတ်နေလေသည်။
မုန်တိုင်းက အချိန်ကြာမြင့်စွာ သောင်းကျန်းနေပြီးနောက် အနည်းငယ် လျော့ပါးသွားခဲ့သည်။ ကျန်းရှောင်ဖန်း၏ တစ်ကိုယ်လုံးမှာ အေးခဲနေပြီ ဖြစ်၏။
ချမ်းစိမ့်စိမ့်အအေးဒဏ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေလေသည်။ သူ၏ လက်မောင်းများနှင့် ခြေထောက်များမှာလည်း အေးခဲနေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူသည် ပြင်းထန်စွာ ဖျားနာတော့မည် ဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် ထရပ်ကာ မိုးခိုရန် ဆန္ဒမရှိခဲ့ပေ။
ထိုအချိန်တွင် နွေးထွေးသော စွမ်းအင်တစ်ခုက သူ၏ ညာဘက်လက်မောင်းမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်တွင်းမှ အအေးဓာတ်အများစုကို ခြေဖျက်လိုက်သည်။
၎င်းမှာ သူ၏ ညာဘက်လက်မောင်းတွင် စည်းနှောင်ထားသော မီးလျှံကြေးမုံထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ကျန်းရှောင်ဖန်းသည် တစ္ဆေသဖွယ် မိန်းမပျိုလေးကို ရုတ်တရက် သတိရသွားသည်။
သူက လုရွှယ်ချီဟု ထင်ခဲ့သော်လည်း ယခုအချိန်၌ သူမ၏ ပုံရိပ်ကို မတွေ့ရတော့ချေ။ သူမ ထွက်သွားပြီလား သို့မဟုတ် မူလကတည်းက ပေါ်မလာခဲ့ခြင်းလော။
ထိုအကြောင်းကို တွေးမိကာ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းရမ်းလိုက်ရာ ရေများ နေရာအနှံ့ လွင့်စဉ်သွားလေသည်။ သို့သော် ထိုစဉ်မှာပင် အသံတစ်သံကို ရှင်းလင်းစွာ ကြားလိုက်ရလေ၏။
“အရူးလေး”
ကျန်းရှောင်ဖန်းက လှည့်ကြည့်လိုက်ပြီး “စီနီယာအစ်မ လု” ဟုပင် ခေါ်လိုက်မိမတတ် ဖြစ်သွားသည်။
သို့သော်လည်း ထိုအခိုက်တွင် တောအုပ်ထဲမှ မိန်းမပျိုတစ်ဦး ဖြည်းညှင်းစွာ ထွက်လာလေသည်။ သူမ၏ လက်ထဲတွင် မုန်တိုင်းဒဏ်ကို ကာကွယ်ရန် ထီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ သူ့ကို ပြုံး၍ ကြည့်နေ၏။
ထိုသူမှာ ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့သောသူ .... နတ်ဆိုးဂိုဏ်းမှ မိန်းကလေးပိယောင်ပင် ဖြစ်လေသည်။
ညအမှောင်ထုထဲတွင် မိုးက အနည်းငယ်လျော့ပါးသွားသော်လည်း သည်းထန်နေဆဲပင် ဖြစ်၏။ အဝေးမှနေ၍ သေသေချာချာ မမြင်ရပေ။
အစပိုင်းတွင် ကျန်းရှောင်ဖန်းက သူ့မျက်လုံးများ သူ့ကို လှည့်စားနေသည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း၌ ပိယောင်သာ ဖြစ်နေခဲ့သည်။ သူမက မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ သူ့ထံသို့ လျှောက်လာလေသည်။
သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လက်ထဲတွင်လည်း အစိမ်းရောင်ထီးကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။
သို့သော် မုန်တိုင်းက အလွန်ပြင်းထန်လွန်းသဖြင့် သူမ၏ ဝတ်စုံအစွန်းရှိ နေရာအတော်များများမှာ စိုရွှဲနေခဲ့ပြီ ဖြစ်၏။
သူ၏ရှေ့သို့ ရောက်လာသောအခါ သူမ၏ ပုံရိပ်က ရှင်းလင်းသွားလေသည်။ စိုရွှဲနေသော နေရာများက သူမ၏ အသားအရေနှင့် ညင်သာစွာ ကပ်နေလေတော့သည်။
ကျန်းရှောင်ဖန်းက ခေါင်းငုံ့ထားကာ သူမကို မကြည့်ဘဲ နေလိုက်သည်။
ပိယောင်မှာ အံ့သြသွားပြီး သူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့ကိုကြည့်၍ ပြုံးလိုက်လေသည်။
“နင့်ကြည့်ရတာ တကယ် ထူးဆန်းတယ်နော်။ ဒီလိုမိုးသည်းနေတဲ့အချိန်မှာ ဒူးထောက်ဖို့ ဒီနေရာကို ရွေးထားတာ... ဒါက ချင်းယွင်ဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခုလား”
ကျန်းရှောင်ဖန်းမှာ စိတ်အနှောင့်အယှက်ဖြစ်သွားကာ သူမကို စိုက်ကြည့်လိုက်သော်လည်း ပိယောင်၏ မျက်နှာလေးက မျှော်လင့်မထားလောက်အောင် နူးညံ့နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
“ဝုန်း”
တိမ်မည်းကြီးများထဲမှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
ထို့နောက် ဤအခိုက်အတန့်တွင် ကြီးမားလှသော အလင်းရောင်ကြီးတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းလက်သွားကာ ကောင်းကင်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ဖြစ်သွားပြီးနောက် မှေးမှိန်သွားလေတော့သည်။
လျှပ်စီးနှင့် မိုးခြိမ်းသံတို့၏ နောက်တွင် မိုးက တစ်ဖန် ပြန်၍ သည်းထန်လာခဲ့ချေပြီ။
ပိယောင်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ကိုင်းညွတ်လာသည်။ ကျန်းရှောင်ဖန်းသည် သူ့အပေါ်သို့ ကျရောက်နေသော မိုးရေများ နည်းပါးသွားသည်ကို တွေ့ရှိလိုက်ရသည်။
သူသည် ကြီးမားလှသော ဖိအားကြီးမှ ရုတ်တရက် လွတ်မြောက်သွားကာ သက်တောင့်သက်သာ ဖြစ်သွားလေတော့သည်။
သူက ခေါင်းမော့ကြည့်လိုက်ရာ ပိယောင်က ထီးတစ်ဝက်ကို ရွှေ့ကာ သူ့အတွက် မိုးကာပေးထားသည်ကို တွေ့လိုက်ရသည်။ သို့သော် မိုးက သည်းထန်လွန်းလှသဖြင့် ကျန်းရှောင်ဖန်းကို ငဲ့ညှာနေစဉ်တွင် ပိယောင်၏ ခန္ဓာကိုယ်တစ်ဝက်မှာ မိုးစိုသွားခဲ့လေတော့သည်။
ကျန်းရှောင်ဖန်း၏ ရင်ထဲ၌ နွေးထွေးသွားကာ ထီးကို နောက်သို့ ပြန်တွန်းပေးလိုက်ပြီး တိုးတိတ်စွာ ပြောလိုက်လေသည်။
“သွေးစက်ဂူထဲမှာတုန်းက မင်း အပြင်းအထန် ဖျားထားတာလေ... အအေးမိမှာကို သတိထားဦး”
ပိယောင်က အံ့အားသင့်သွားကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်သည်။
ကျန်းရှောင်ဖန်းမှာ သူမ၏ ထူးဆန်းသော အကြည့်ကြောင့် ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ပိယောင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ဝမ်းသာအားရဖြင့် ပြုံးလိုက်သည်။
“ဒီတော့ ကလေးလေးက ငါ့ကျန်းမာရေးကိုတောင် စိတ်ပူတတ်နေပြီပေါ့”
ကျန်းရှောင်ဖန်းမှာ မျက်နှာပူသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အမှောင်ထုကြီးစိုးနေသော ညအချိန်တွင် သူ၏မျက်နှာကို မြင်ရရန် ခက်ခဲနေခဲ့သည်။ သူက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေ၏။
“မင်းဖျားသွားရင် ငါ့ကို အပြစ်တင်မှာစိုးလို့ပါ”
ပိယောင်က သူ့ပုခုံးပေါ်သို့ မှီချလိုက်သည်။ ယခုအခါ သူတို့နှစ်ဦးမှာ နီးကပ်စွာ ရှိနေကြပြီ ဖြစ်သည်။
ကွာခြားချက်မှာ ကျန်းရှောင်ဖန်းက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ပိယောင်က သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပိယောင်က ထီးကို တစ်ဖန်ပြန်ရွှေ့လိုက်ကာ သူတို့ခေါင်းပေါ်မှ မုန်တိုင်းကို ကာကွယ်ပေးလိုက်လေသည်။