← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) - မိစ္ဆာဂိုဏ်း

“အား...”

အော်ဟစ်သံနှင့်အတူ ကျန်းရှောင်ဖန်းသည် အိပ်မက်မှ လန့်နိုးလာလေသည်။ မှောင်မိုက်နေသော ညဉ့်သန်းခေါင်ယံအချိန်တွင် မောဟိုက်စွာ အသက်ရှူနေပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးများဖြင့် စိုရွှဲနေလေသည်။

ဖာရှန်းက ဖူကျစ်အကြောင်း ပြောပြခဲ့သည့် အချိန်မှစ၍ ကျန်းရှောင်ဖန်းသည် ငယ်စဉ်က မကြာခဏမက်ခဲ့သော အိပ်မက်ဆိုးများကို ပြန်လည်မက်လာခဲ့ခြင်း ဖြစ်သည်။

သူ၏နှလုံးသားထဲတွင် စွဲထင်နေသော ရွာသူရွာသားများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် မြင်ကွင်းများမှာ ပြန်လည်ပေါ်ပေါက်လာပြီး သူ့ကို ဝါးမြိုနေသကဲ့သို့ ခံစားနေရသည်။

တုတ်တိုလေးမှာ သူ၏ဘေးနားတွင် ရှိနေဆဲပင်။ တုတ်တို၏ ကိုယ်ထည်ပေါ်မှ ရင်းနှီးနေသော အေးစိမ့်မှုမှာ အတိတ်ကအတိုင်း မပြောင်းလဲသေးချေ။

သို့သော်လည်း ထိုအအေးဓာတ်အပြီးတွင် သူ၏ ညာဘက်လက်မောင်း၌ ချည်နှောင်ထားသော လက်နက်မှ နွေးထွေးသော စွမ်းအင်များ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရ၏။

ထိုစွမ်းအင်မှာ တုတ်တို၏ အအေးဓာတ်နှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။

မည်သူမျှ မမြင်နိုင်သော ထိုအမှောင်ထုထဲတွင် သူသည် တိတ်တဆိတ် ကွေးကွေးလေး ဝပ်နေမိပေသည်။

လျှို့ဝှက်ချက်တွေ အများကြီးကို ထမ်းပိုးထားရတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ...

အမှောင်ထုထဲတွင် အခြားသူများမှာ အေးချမ်းစွာ အိပ်မောကျနေကြ၏။ ဂူအပြင်ဘက်တွင်လည်း ကင်းစောင့်နေသည့် တပည့်များရှိသဖြင့် အားလုံးက စိတ်အေးလက်အေး ရှိနေကြသည်။

သူတို့၏ တည်ငြိမ်ပြီး ရင်းနှီးနေသော အသက်ရှူသံများကို နားထောင်ရင်း ကျန်းရှောင်ဖန်းမှာ ငေးမောနေမိသည်။

အဝေးတစ်နေရာမှ အိပ်မက်ထဲ၌ပင် သူမ၏ ညင်သာသည့် အသံလေး ထွက်ပေါ်လာသည်။ အမှောင်ထုက အမြင်အာရုံကို ပိတ်ပင်ထားသော်လည်း ထိုလှပသော မိန်းကလေးမှာ ပြုံးရွှင်နေပြီး ဤတိတ်ဆိတ်သော ညဉ့်ဦးယံတွင် ချိုမြိန်စွာ အိပ်မက်မက်နေသည်ကို သူ ရှင်းလင်းစွာ မြင်ယောင်နေမိလေသည်။

ဒါပေမဲ့ သူရဲ့ အိပ်မက်ထဲမှာ ရှိနေတာက ဘယ်သူများပါလိမ့်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး တုတ်တိုလေးကို ညင်သာစွာ ဆုပ်ကိုင်ကာ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။

ထိုတုတ်တိုလေး တစ်ခုတည်းကသာ သူ့အနားတွင် အမြဲရှိနေပြီး မည်သည့်အခါမျှ စွန့်ခွာသွားမည်မဟုတ်သကဲ့သို့ ခံစားနေရသည်။

သူသည် အေးချမ်းစွာ သေဆုံးသွားခဲ့ကြသည့် မြေခွေးဝိညာဉ်စုံတွဲကို ဝေဝါးစွာ သတိရမိပြန်သည်။

‘ငါသာဆိုရင်ရော... ကိုယ်ချစ်ရတဲ့သူနဲ့အတူ သေရဲတဲ့သတ္တိ ရှိပါ့မလား’

သူသည် အမှောင်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေမိလေသည်။

နေဝန်းသည် အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ပင်လယ်ဘက်မှ လေညင်းများ တိုက်ခတ်လာ၏။ ယနေ့တွင် တိမ်တိုက်များမှာ ပါးလွှာနေပြီး ရာသီဥတုမှာ ကြည်လင်နေသည်။

လမ်းမှန်ဂိုဏ်းမှ လူများသည် သူတို့၏ ဂူထဲမှ ထွက်လာကြပြီးနောက် မိစ္ဆာဂိုဏ်းသားများကို ရှာဖွေရန်အတွက် သူတို့၏ လက်နက်များကို အသုံးပြုကာ ဝမ်လျိုတောင်ကုန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားကြလေသည်။

ထျန်းလင်းအာမှာ သူမ၏ “ဖီးနစ်ဝိညာဉ်” လက်နက်နှင့်အတူ ရှေ့ဆုံးမှ ဦးဆောင်ကာ ပျံသန်းသွားလေသည်။ စုန့်တာ့ရန်နှင့် ဟယ်တာ့ကျစ်တို့က သူမနောက်မှ ကပ်လျက်လိုက်ပါလာကြသည်။ တုပိရှုနှင့် ကျန်းရှောင်ဖန်းတို့ကမူ နောက်ဆုံးမှ ပျံသန်းလာကြလေသည်။

သူတို့အုပ်စုထဲတွင် စုန့်တာ့ရန်မှအပ ကျန်ရှိသူများမှာ ပိုးနွယ်၊ စုတ်တံ သို့မဟုတ် ထူးဆန်းပြီး ရယ်စရာကောင်းသော အန်စာတုံးနှင့် တုတ်တိုတို့ကို အသုံးပြုနေကြရာ ဓားများကိုသာ အသုံးပြုကြသည့် ချင်းယွင်တပည့်များကြားတွင် အလွန်ပင် သိသာထင်ရှားနေသည်။

သို့သော်လည်း ဤနေရာမှာ ချင်းယွင်တောင် မဟုတ်ချေ။ ဝမ်လျိုတောင်ကုန်းတွင် မိစ္ဆာဂိုဏ်းသားများကိုပင် မဆိုထားနှင့် လမ်းမှန်ဂိုဏ်းများထဲတွင်ပင် အမျိုးမျိုးသော လက်နက်များကို အသုံးပြုနေကြသည့် လူများစွာ ရှိနေလေသည်။

သို့သော်လည်း ပျင်းရိနေသော လူအချို့က သူတစ်ပါး၏ လက်နက်များကို ဝေဖန်အကဲဖြတ်ကြသည့်အခါ “ကျွမ်းကျင်သူ” တစ်ဦးက ဝမ်လျိုတောင်ကုန်းရှိ လက်နက်များထဲတွင် အထူးဆန်းဆုံးမှာ ချင်းယွင်ဂိုဏ်း တာ့ကျူးတောင်ထိပ်မှ တပည့်တစ်ဦး၏ လောင်းကစားအန်စာတုံး ဖြစ်ပြီး၊ အရိုးရှင်းဆုံးနှင့် အကြမ်းထည်အဆန်ဆုံးမှာ ထိုတောင်ထိပ်မှပင် တပည့်တစ်ဦး၏ မီးဖိုချောင်သုံး တုတ်တိုဖြစ်ကြောင်း ထောက်ပြကြလေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ချင်းယွင်ဂိုဏ်း၏ ခေါင်းဆောင်မှုအောက်တွင် ထူးခြားသော နောက်လိုက်များစွာ ရှိနေကြောင်းနှင့် လျှော့တွက်၍ မရကြောင်း ထင်ရှားနေပေသည်။

အကယ်၍သာ ထျန်းပုယီ ထိုစကားများကို ကြားခဲ့ပါက သူ မည်သို့ တွေးတောလေမည်နည်း။

လမ်းမှန်ဂိုဏ်းတပည့်များသည် အုပ်စုလိုက် ပျံသန်းနေကြ၏။ ဝမ်လျိုတောင်ကုန်း၏ လေညင်းနှင့်အတူ အရောင်အသွေးစုံလင်သော အလင်းတန်းများမှာ လှပစွာ တောက်ပနေကြသည်။

ကျန်းရှောင်ဖန်းသည် သူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လမ်းမှန်ဂိုဏ်းသားများမှာ ယပ်တောင်ပုံစံ ဖြန့်ကျက်ထားသည်ကို မြင်လိုက်ရသည်။

သူ၏ ညာဘက် မလှမ်းမကမ်းတွင် ရိုးရှင်းသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်စု ရှိနေပြီး သူတို့မှာ ဝါးနုတောင်ထိပ်မှ တပည့်များ ဖြစ်ကြသည်။ လုရွှယ်ချီမှာလည်း သူတို့အထဲတွင် ပါဝင်လေသည်။

သူမ၏ အဝတ်အစားများနှင့် ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံနေပြီး အေးစက်လှပသော မျက်နှာလေးနှင့် လိုက်ဖက်ကာ နတ်မိမယ်တစ်ပါးအလား ထင်မှတ်ရပေသည်။

ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ လှုပ်ခတ်သွားသဖြင့် သူသည် ခေါင်းကို အမြန်ပင် လွှဲလိုက်မိသည်။

အခြားတစ်ဖက်တွင်မူ လုံရှို့တောင်ထိပ်မှ တပည့် ခြောက်ဦး၊ ခုနစ်ဦးခန့် ရှိနေသည်။ ချီဟောင်နှင့် လင်းကျင်းယွီတို့လည်း ထိုအထဲတွင် ပါဝင်၏။

လင်းကျင်းယွီကလည်း သူ့ကို လှမ်းကြည့်နေပြီး ပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်လေသည်။

ကျန်းရှောင်ဖန်းကလည်း အပြုံးဖြင့်ပင် ပြန်လည် နှုတ်ဆက်လိုက်၏။

လုံရှို့တောင်ထိပ် တပည့်များ၏ နောက်တွင် လိုက်ပါလာသော လူတစ်စုမှာ ရှောင်ကျူးတောင်ထိပ်မှ တပည့်များ ဖြစ်ပုံရပေသည်။

ထိုအချိန်တွင် ရှေ့ဆုံးမှ ထျန်းလင်းအာက ရုတ်တရက် ကျယ်လောင်စွာ လေချွန်လိုက်၏။

ကျန်းရှောင်ဖန်း ရှေ့သို့ ကြည့်လိုက်ရာ ထျန်းလင်းအာသည် မန္တန်ရွတ်ဆိုနေပြီး ဖီးနစ်ဝိညာဉ် လက်နက်မှာ အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။

“ဝှစ်” ခနဲ အသံနှင့်အတူ သူမ၏ လှပသော ခန္ဓာကိုယ်လေးမှာ ယခင်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

စုန့်တာ့ရန်မှာ အံ့အားသင့်သွားမိ၏။ သူ၏ ညီမငယ်လေးမှာ တက်ကြွလွန်းသည်ကို သူသိပေသည်။

ချင်းယွင်တောင်ကဲ့သို့ တင်းကျပ်သော စည်းကမ်းများမရှိဘဲ အပြင်သို့ ထွက်လာရသည့် အခွင့်အရေးမှာ ရှားပါးလှသဖြင့် သူမ အပြင်ရောက်တိုင်း လွတ်လပ်စွာ ပျံသန်းတတ်လေသည်။

စုရုမှာ ဤအချက်ကို စိုးရိမ်သဖြင့် သူမ၏ သမီးကို အကြိမ်ကြိမ် ဆုံးမဖူးသည်။ မထွက်ခွာမီကပင် စုရုက သူမကို သေချာစောင့်ကြည့်ရန် စုန့်တာ့ရန်အား မှာကြားခဲ့သေးသည်။

သို့သော်လည်း ထျန်းလင်းအာမှာ လူတိုင်း၏ အလိုလိုက်ခြင်းကို ခံရကာ ကြီးပြင်းလာသူ ဖြစ်ပေရာ စုန့်တာ့ရန်၏ စကားများကို သူမ နားထဲမထည့်ချေ။

သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ မတတ်သာသည့်အဆုံး စုန့်တာ့ရန်မှာလည်း အရှိန်မြှင့်၍ နောက်မှ လိုက်ရလေတော့သည်။

ကျန်းရှောင်ဖန်း၊ ဟယ်တာ့ကျစ်နှင့် အခြားသူများမှာလည်း သူတို့၏ လက်နက်များကို အရှိန်မြှင့်ကာ နောက်မှ ကပ်လျက်လိုက်ပါသွားကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် လုံရှို့တောင်ထိပ်နှင့် ရှောင်ကျူးတောင်ထိပ်မှ လူများနှင့် အလှမ်းကွာဝေးသွားကြချေပြီ။

ကျန်းရှောင်ဖန်းသည် အရှိန်မြှင့်ကာ ထျန်းလင်းအာ၏ အနားသို့ မီအောင် လိုက်သွားလိုက်၏။

သူသည် သူမ၏ အနားသို့ ရောက်သွားပြီး လှမ်းကြည့်လိုက်ရာ ထျန်းလင်းအာ၏ မျက်နှာထက်တွင် အပြုံးများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူမ ဝတ်ဆင်ထားသော အနီရောင်ဝတ်စုံမှာ ဖီးနစ်ဝိညာဉ်နှင့် လိုက်ဖက်ကာ အလွန်ပင်လှပနေသည်။

လေတိုးသံများကြားတွင် ထျန်းလင်းအာ၏ ပျော်ရွှင်သော ရယ်မောသံလေးကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ နွေးထွေးသွားရသည်။

“ညီလေး...”

ရုတ်တရက် စုန့်တာ့ရန်၏ အသံ ထွက်ပေါ်လာသည်။

ကျန်းရှောင်ဖန်း ခေါင်းကို အမြန်လှည့်လိုက်ပြီး မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ ဂိုဏ်းတူအစ်ကိုကြီး”

စုန့်တာ့ရန်မှာ သူ၏ ဓားကြီးကို စီးနင်းရင်း ပြုံးကာ ပြောလိုက်သည်။

“ညီလေး... မင်းရဲ့ ကျင့်ကြံမှုက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ကျန်းရှောင်ဖန်းက ကျေးဇူးတင်စွာဖြင့် ဆိုလိုက်သည်။

“ဒါက အစ်ကိုကြီးရဲ့ သွန်သင်မှုတွေကြောင့်ပါ”

စုန့်တာ့ရန်က ခေါင်းခါရင်း ပြုံးလိုက်ကာ ပြောလိုက်သည်။

“ဒါက ငါ့ရဲ့ အရည်အချင်း မဟုတ်ပါဘူး။ အခုလေးတင် ကြည့်လိုက်လေ၊ မင်းက ငါရယ်၊ စတုတ္ထနဲ့ ဆဋ္ဌမမြောက် ညီလေးတို့ထက်တောင် ပိုမြန်အောင် ပျံနိုင်နေပြီပဲ”

ကျန်းရှောင်ဖန်း ထိုအခါမှ သတိထားမိ၏။ သူသည် ထျန်းလင်းအာကို မီအောင် အရှိန်မြှင့်လိုက်စဉ်က သူ၏ ဂိုဏ်းတူအစ်ကို သုံးဦးကို ကျော်တက်ခဲ့သည်ကို သတိမပြုမိခဲ့ချေ။

သို့သော်လည်း စုန့်တာ့ရန်နှင့် ဟယ်တာ့ကျစ်တို့မှာ တည်ငြိမ်နေကြပြီး အကယ်၍သာ သူတို့ အမှန်တကယ် အရှိန်မြှင့်မည်ဆိုပါက သူ့ထက် နှေးမည်မဟုတ်ပေ။

ကျန်းရှောင်ဖန်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောလိုက်သည်။

“အစ်ကိုကြီး... ကျွန်တော်က...”

သူ၏ စကားမဆုံးမီမှာပင် ထျန်းလင်းအာက လှည့်ကြည့်လာ၏။ သူမသည် ကျန်းရှောင်ဖန်းကို ကြည့်ကာ ပျော်ရွှင်စွာ အော်ပြောလိုက်လေသည်။

“ရှောင်ဖန်း... ဒီလိုပျံသန်းရတာ တကယ်ကို နေလို့ကောင်းတယ် မဟုတ်လား။ ဟိုမှာကြည့်စမ်း... ကောင်းကင်ကြီးက ဘယ်လောက်တောင် မြင့်ပြီး ကြည်လင်နေလဲဆိုတာ...လာကြည့်စမ်းပါအုံး”

ကျန်းရှောင်ဖန်းသည် သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ပြုံးလိုက်မိ၏။

ကောင်းကင်ကြီးမှာ ကြည်လင်နေသဖြင့် လူကို စိတ်လက်ပေါ့ပါးစေပေသည်။ သို့သော်လည်း ဤအရာမှာ မိမိချစ်မြတ်နိုးရသော မိန်းကလေး၏ အပြုံးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

All Chapters