အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) - သရဲဘုရင်ကွေ့ဝမ် (၁)
ပိယောင်ကို မြင်လိုက်ရသဖြင့် ကျန်းရှောင်ဖန်း အံ့အားသင့်သွားသည်။ ပိယောင် စကားပြောလိုက်သည်နှင့် ဆူညံနေသော မိစ္ဆာဂိုဏ်းသားများမှာ ချက်ချင်းပင် ငြိမ်သက်သွားကြလေသည်။
ကြောက်ရွံ့မှုကို စာလုံးမပေါင်းတတ်သော ခွေးရိုင်းတာအိုဆရာပင် ထိုအချိန်တွင် မည်သည့်အသံမျှ မထွက်ရဲချေ။
ရုတ်တရက်ဆိုသလို သူမကို မည်သူမျှ စကားမပြောရဲကြသော်လည်း ခဏအကြာတွင် တစ်စုံတစ်ယောက်က ချောင်းဟန့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။
“မိန်းကလေးပိယောင်... ကျုပ်မှာ ပြောစရာ နည်းနည်းတော့ ရှိပါတယ်... ပြောသင့်မပြောသင့်တော့ မသိဘူးပေါ့လေ...”
ကျန်းရှောင်ဖန်း ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ စကားပြောလိုက်သူမှာ ခေါင်းဆောင်နျန်၏နောက်တွင် ရပ်နေသော လူငယ်တစ်ဦးဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ခေါင်းဆောင်နျန်နှင့် အခြားသူများမှာလည်း အံ့အားသင့်သွားကြပြီး ထိုလူငယ် စကားပြောလာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။
ခေါင်းဆောင်နျန်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူငယ်ကို တိုးတိုးလေး ပြောလိုက်၏။
“ရှောင်ကျိုး... ဒီနေရာက မင်းစကားပြောရမယ့် နေရာမဟုတ်ဘူး နောက်ဆုတ်နေစမ်း...”
ပိယောင်က ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း မမှတ်မိသဖြင့် ခေါင်းဆောင်နျန်ကို မေးလိုက်လေသည်။
“ဒါက ဘယ်သူလဲ...”
ခေါင်းဆောင်နျန်က ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“သူက ကျုပ်တို့ သွေးသန့်စင်ဂိုဏ်းရဲ့ လူသစ်လေးပါ... မျိုးရိုးက ကျိုး... နာမည်က ချောင်လို့ ခေါ်ပါတယ်...”
ပိယောင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး... သူ့ကို ပြောခွင့်ပေးလိုက်ပါ...”
ထိုလူငယ်မှာ ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှ မပြချေ။ သူသည် လူအုပ်ထဲမှ ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“မိန်းကလေးပိယောင်... ဒီမှာရှိတဲ့ လူတိုင်း သိထားကြတာက မိန်းကလေးဟာ သရဲဘုရင်ရဲ့ အချစ်ဆုံးသမီးတော် ဖြစ်တယ်ဆိုတာပဲ... ဒါကြောင့်လည်း လူတိုင်းက မိန်းကလေးကို လေးစားကြတာပေါ့...”
“သရဲဘုရင်က ကျုပ်တို့ကို ဒီနေရာမှာ ခွေ့နျူကို ရှာဖို့ ခေါ်ယူခဲ့တာကြောင့် ကျုပ်တို့လည်း မဖြစ်မနေ လာခဲ့ကြတာပါ... ဒါပေမဲ့...”
သူက စကားကို ခဏရပ်လိုက်ရာ မျက်နှာတွင် ကြင်နာတတ်သော အပြုံးတစ်ခု ပေါ်လာသော်လည်း လေသံမှာမူ အေးစက်သွားလေသည်။
“ဒါပေမဲ့ ခွေ့နျူကို မတွေ့ရသေးခင်မှာပဲ အမှန်တရားဘက်တော်သားတွေရဲ့ အရေအတွက်က တိုးလာနေပြီ... ချင်းယွင်ဂိုဏ်းရဲ့ တောင်ထိပ်သခင် ခုနစ်ပါးထဲက နှစ်ပါးတောင် ရောက်နေပြီဆိုတော့ ကျုပ်တို့က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ...”
“ဒီလိုအခြေအနေမျိုးမှာ သရဲဘုရင်က ဘာရှင်းပြချက်မှ မပေးဘဲ ကျုပ်တို့ကို မျက်ကွယ်မှာပဲ အလုပ်ခိုင်းနေဦးမယ်ဆိုရင်...”
“ကျုပ်တို့ မိတ်ဆွေတွေထဲက တစ်ချို့ကများ သရဲဘုရင်ဟာ လမ်းမှန်ကျင့်ကြံသူတွေကို သုံးပြီး ကျုပ်တို့ကို အမြစ်ဖြတ်ဖို့ ကြံစည်နေတာလားလို့ မေးခွန်းထုတ်လာမှာကို ကျုပ်စိုးရိမ်မိတယ်...”
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။ ပိယောင်၏နောက်တွင် ရှိနေသော လူအချို့မှာ ထရပ်လိုက်ကြရာ သူတို့မှာ သရဲဘုရင်ဂိုဏ်း၏ တပည့်များ ဖြစ်လေသည်။
သရဲဘုရင်ဂိုဏ်းသားများမှလွဲ၍ ကျန်မိစ္ဆာဂိုဏ်းသားများမှာမူ အံ့အားသင့်သွားပြီးနောက် ထိုလူငယ်ကို ဝေဖန်ရန် စိတ်ကူးမရှိဘဲ ပိယောင်ကိုသာ သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။ ဝေဖန်သံများမှာလည်း တဖြည်းဖြည်း ကျယ်လောင်လာလေသည်။
ကျန်းရှောင်ဖန်းမှာ ပိယောင်အတွက် မနေနိုင်ဘဲ စိုးရိမ်မိသွားသလို ထိုလူငယ်ပြောသော စကားများကိုလည်း စဉ်းစားနေမိ၏။ သူတို့အားလုံးမှာ မိစ္ဆာဂိုဏ်းသားများ ဖြစ်ကြသော်လည်း ဂိုဏ်းခွဲများစွာ ရှိနေကြရာ ဖြစ်နိုင်သည်မှာ သရဲဘုရင်ဂိုဏ်းက...
သူ စဉ်းစားနေစဉ်မှာပင် ပိယောင်က အေးစက်စွာ ပြောလိုက်၏။
“ရှင်က ဘယ်သူမို့လို့ ဒီနေရာမှာ သွေးထိုးစကားပြောရဲတာလဲ...”
ရှောင်ကျိုးက ပြုံးလိုက်၏။ အစွမ်းထက်ပြီး လှပသော ဤမိန်းကလေးနှင့် ရင်ဆိုင်နေရသော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိဘဲ သာမန်ကာလျှံကာပင် ပြောလိုက်လေသည်။
“ကျုပ်က အမည်မသိတဲ့ အညတရတစ်ယောက်ပါပဲ... မြင့်မြတ်တဲ့ မိစ္ဆာဂိုဏ်းကို ကြည်ညိုလွန်းလို့ ဝင်ရောက်ခဲ့တာပါ... မိန်းကလေးပိယောင်နဲ့ နှိုင်းယှဉ်ရင်တော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပေါ့လေ...”
“ဒါပေမဲ့ အခု လမ်းမှန်ဂိုဏ်းသားတွေက ကျုပ်တို့ကို သတ်ဖို့ အခွင့်အရေး စောင့်နေကြချိန်မှာ သရဲဘုရင်ဂိုဏ်းက အင်အားကြီးဂိုဏ်းကြီး လေးခုထဲက တစ်ခုဖြစ်တဲ့အတိုင်း ကျုပ်တို့ရဲ့ ခေါင်းဆောင်နေရာမှာ ရှိနေတယ်...”
“ဒါပေမဲ့ ဒီလို အန္တရာယ်ရှိတဲ့နေရာမှာ ကျုပ်တို့ကို ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ဒါဟာ တကယ်ပဲ တရားမျှတပါ့မလား...”
ကျန်းရှောင်ဖန်းပင်လျှင် ခံစားမိလိုက်၏။ ထိုရှောင်ကျိုးမှာ ကြင်နာသော လေသံဖြင့် ပြောနေသော်လည်း စကားလုံးတိုင်းမှာ သရဲဘုရင်ဂိုဏ်းကို ပစ်မှတ်ထားနေပြီး တင်းမာမှုများ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးနေခြင်းမှာ ထင်ရှားလှပေသည်။
သို့သော် သူ၏ ရည်ရွယ်ချက် အစစ်အမှန်မှာမူ မေးခွန်းထုတ်စရာ ဖြစ်နေ၏။
ခေါင်းဆောင်နျန်၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ရသည်မှာ ထိုသူသည် သွေးသန့်စင်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိပုံမရချေ။
အခြားမိစ္ဆာဂိုဏ်းသားများမှာ ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး သူတို့၏ အသံများမှာ ကျယ်လောင်လာကာ မျက်နှာများတွင်လည်း သရဲဘုရင်ဂိုဏ်းအပေါ် ရန်လိုသော အရိပ်အယောင်များ ပေါ်လာလေသည်။
ပိယောင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် နောက်သို့ တစ်လှမ်းဆုတ်ကာ သူမနောက်က လူကို လှည့်၍ တီးတိုးပြောလိုက်သည်။
ကျန်းရှောင်ဖန်း ထိုဘက်သို့ ကြည့်လိုက်သော်လည်း မီး၏ အလင်းရောင်မှာ သိပ်မလင်းလှချေ။ ပိယောင်၏ ဘေးတွင် ထွားကြိုင်းသော လူတစ်ဦး ရှိနေပြီး ထိုသူ၏နောက်ကွယ်တွင် သက်လတ်ပိုင်းလူတစ်ဦး ရပ်နေလေသည်။
သို့သော် ထိုသူရပ်နေသော နေရာမှာ မှောင်နေသည့်အပြင် ရှေ့ကလူ၏ ကွယ်နေမှုကြောင့် ကျန်းရှောင်ဖန်းအနေဖြင့် ထိုသူ၏မျက်နှာကို မမြင်ရချေ။
ပိယောင်က ထိုသူနှင့် စကားပြောပြီးနောက် လှည့်၍ ရှေ့သို့ တစ်လှမ်းတက်ကာ လူအုပ်ကို အေးစက်စွာ ဝေ့ကြည့်လိုက်၏။
သူမ၏ လှပသော မျက်နှာလေးမှာ ရေခဲနှင်းကဲ့သို့ အေးစက်နေလေသည်။ တောက်လောင်နေသော မီးတိုင်၏ အလင်းအောက်တွင် သူမမှာ ဝမ်းနည်းစရာကောင်းပြီး အထီးကျန်သော အလှတရားတစ်ခု ရှိနေပေသည်။
စကားပြောသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်လုံးများမှာ သူမထံသို့ စုပြုံရောက်ရှိသွားကြသည်။
“အ နားထောင်ကြပေးပါ...”
သူမ၏ အသံမှာ ဂူအတွင်း ဟိန်းထွက်သွားလေသည်။
“သရဲဘုရင်ဂိုဏ်းဟာလည်း လူတိုင်းလိုပဲ မြင့်မြတ်တဲ့ မိစ္ဆာလမ်းစဉ်ရဲ့ တပည့်တွေပါပဲ... ကျွန်မတို့ဟာ မြေအောက်မယ်တော်နဲ့ ကောင်းကင်ဘုရင်တို့ကို ကိုးကွယ်ကြတာ ဖြစ်တဲ့အတွက် သရဲဘုရင်ဂိုဏ်းက ဘယ်လောက်ပဲ အင်အားကြီးပါစေ ကိုယ့်ဂိုဏ်းတူတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး... ဒါကြောင့် စိတ်အေးအေးထားကြပါ...”
ဤသို့ ကြေညာလိုက်ပြီးနောက် မိစ္ဆာဂိုဏ်းသား အများစုမှာ စိတ်သက်သာရာ ရသွားကြ၏။ ခေါင်းဆောင်နျန်က သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်ပြီးနောက် ရှေ့သို့ အမြန်တိုးကာ ရှောင်ကျိုးကို ဆွဲခေါ်ပြီး တီးတိုး ပြောလိုက်သည်။
“မင်း ပြောလို့ ဝပြီလား...”
ရှောင်ကျိုးက သူ့ကို ပြုံးပြလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြန်သည်။
“ဒါဆိုရင်တော့ ကျုပ်တို့ ပိုပြီး စိတ်အေးရတာပေါ့... ဒါပေမဲ့ မိန်းကလေးပိယောင်... ခွေ့နျူရဲ့အေကြာင်းကိုလည်း ရှင်းပြပေးပါဦး...”
“တကယ်လို့ ကျုပ်တို့ အဲဒါကို ရှာမတွေ့ဘူးဆိုရင်တော့ ကျုပ်တို့ကို အမြန်ဆုံး ထွက်ခွာခွင့်ပြုတာက ပိုကောင်းပါလိမ့်မယ်...”
“မဟုတ်ရင်တော့ သရဲဘုရင်ဂိုဏ်းက ကျုပ်တို့ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တောင် ကျုပ်တို့ဟာ လမ်းမှန်ဂိုဏ်းသားတွေရဲ့ လက်ထဲမှာ သေကြရပါလိမ့်မယ်...”
ပိယောင်နှင့် အခြားသရဲဘုရင်ဂိုဏ်းသားများမှာ သူ့ကို စိုက်ကြည့်လိုက်ကြ၏။ သို့သော် ရှောင်ကျိုးမှာမူ သူသည် အန္တရာယ်ကြီးလှသော အခြေအနေသို့ ရောက်နေသည်ကို မသိသည့်အလား ပြုံးမြဲပြုံးနေဆဲ ဖြစ်လေသည်။ အခြား မိစ္ဆာဂိုဏ်းသားများကလည်း ဝိုင်း၍ အော်ဟစ်လိုက်ကြသည်။
“မှန်တယ်...”
“အတိအကျပဲ... မိန်းကလေးပိယောင်... ကျုပ်တို့ကို ရှင်းပြချက်တစ်ခု ပေးပါ...”
“……”
ဆူညံသံများ အနည်းငယ် ငြိမ်ကျသွားသောအခါ ပိယောင်က ရှောင်ကျိုးထံမှ အကြည့လွှဲလိုက်သည်။ ယခုအချိန်က ငြင်းခုံနေရမည့် အချိန်မဟုတ်သောကြောင့် သူမက ပြောလိုက်သည်။
“အားလုံးပဲ... သူ မပြောရင်တောင် ကျွန်မတို့ သရဲဘုရင်ဂိုဏ်းက ဖြေရှင်းချက် ပေးမှာပါ... တကယ်တော့ ဒီတစ်ခါ ကျုပ်တို့ လျိုပိုတောင်ကို လာရတဲ့ အကြောင်းအရင်းကတော့...”
“ဝုန်း...”
ဂူတစ်ခုလုံး ရုတ်တရက် တုန်ခါသွားလေသည်။ ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့မှာ ယိုင်လဲသွားကြသည်။ မိစ္ဆာဂိုဏ်းသားများမှာလည်း အလွန်အံ့အားသင့်သွားကြပြီး အချို့မှာ အော်ဟစ်လိုက်ကြလေသည်။
“ဒါ ဘာဖြစ်တာလဲ...”
“ငလျင်လှုပ်တာလား...”
သို့သော် မကြာမီမှာပင် ဂူဝတွင် လေတိုးသံများ ထွက်ပေါ်လာပြီး အစွမ်းထက်သော အသံတစ်ခုမှာ မိုးခြိမ်းသံကဲ့သို့ သူတို့၏ နားစည်ထဲသို့ တိုးဝင်လာလေသည်။
“မိစ္ဆာကောင်တွေ... ခုချက်ချင်းထွက်လာပြီး အသေခံကြစမ်း...”
လူတိုင်း ထိတ်လန့်သွားကြ၏။ ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ထိုအသံမှာ လုံရှို့တောင်ထိပ်၏ အရှင်သခင် ချန်းစုန့်၏ အသံဖြစ်နေသဖြင့် ဝမ်းသာသွားကြလေသည်။
ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် လေးစားမှုများ ပြည့်နှက်သွား၏။ ဂူဝမှ ဤနေရာအထိ အတော်လေး ဝေးသော်လည်း ချန်းစုန့်၏ အသံမှာ အလွန်ပင် ရှင်းလင်းနေပြီး တောင်ံနံရံများကိုပင် တုန်ခါစေနိုင်ပေသည်။
ဤမျှ မြင့်မားသော ကျင့်ကြံခြင်း အဆင့်အတန်းမှာ သူနှင့် အလှမ်းဝေးလွန်းလှ၏။
မိစ္ဆာဂိုဏ်းသားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
“ဒီနေရာက အရမ်းလုံခြုံတာပဲကို... သူတို့ ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ...”
ထိုအခါ ရှောင်ကျိုးက အော်ပြောလိုက်ပြန်သည်။
“မိန်းကလေးပိယောင်... ဒါဟာ အလွန် စိုးရိမ်ရတဲ့ အခြေအနေပဲ... သရဲဘုရင်ဂိုဏ်းက ကျုပ်တို့ မဟာမိတ်တွေကို လျိုပိုတောင်ကို ခေါ်ယူခဲ့လို့ ကျုပ်တို့ ဒီကို ရောက်နေတာ... အခုတော့ ကျုပ်တို့ ဒီလို အန္တရာယ်နဲ့ ကြုံနေရပြီဆိုတော့ ဘယ်လို လုပ်ကြမလဲ...”
ရှောင်ကျိုး၏စကားကို လူအများစုက ထောက်ခံကြသည်။
“မှန်တယ်... မိန်းကလေးပိယောင် တစ်ခုခု ပြောပါဦး...”
ပိယောင်က အသက်ကို ပြင်းပြင်းရှူလိုက်စဉ် ဂူအပြင်ဘက်မှ လေတိုးသံများ တစ်သုတ်ပြီးတစ်သုတ် ကြားနေရလေသည်။ လမ်းမှန်ဂိုဏ်းသားများမှာ သတင်းကြားပြီးနောက် ဤနေရာသို့ လာနေကြပြီဖြစ်ကြောင်း သိသာလှပေသည်။
ပိယောင်၏ မျက်နှာမှာ ညှိုးမှိန်သွားပြီးနောက် ရှေ့သို့ တစ်လှမ်းတက်ကာ ပြောလိုက်၏။
“လူတိုင်း... လမ်းမှန်ဂိုဏ်းသားတွေ ကျွန်မတို့ ဒီမှာရှိနေတာကို ဘယ်လို သိသွားသလဲဆိုတာတော့ မသိဘူး... ကျွန်မကိုယ်တိုင်လည်း သရဲဘုရင်ရဲ့ တစ်ဦးတည်းသော သမီးတော်အနေနဲ့ ဒီအန္တရာယ်ကြားမှာ ပိတ်မိနေတာပဲ... ကျွန်မကိုပါ သံသယရှိနေကြဦးမှာလား...”
လူအများစုမှာ တိတ်ဆိတ်သွားကြ၏။ ထိုအခါ ပိယောင်၏ဘေးက လူကောင်ကြီးကြီးနှင့် လူက ရှေ့သို့တိုးလာပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“လူတိုင်း... အခု ကျုပ်တို့ရှေ့မှာ အန္တရာယ်ကြီး ရှိနေပြီ... ဘာလို့ ကျုပ်တို့ အားလုံး စုပေါင်းပြီး ရန်သူကို မတွန်းလှန်ကြတာလဲ... ကျုပ်တို့ရဲ့ အင်အားတွေကို ပေါင်းစည်းလိုက်ရင် အပြင်က ဖြောင့်မတ်ချင်ယောင်ဆောင်နေတဲ့ လူတွေကို ရှုံးချင်မှ ရှုံးမှာပါ...”
လူတိုင်း ခေါင်းငြိမ့်လိုက်ကြ၏။ အမှန်တွင် ထိုအချိန်တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။ ဂူကြီးမှာ ကျယ်ဝန်းသော်လည်း အခြားထွက်ပေါက်မရှိသည့် လမ်းပိတ်နေသော နေရာဖြစ်ပေသည်။
မိစ္ဆာဂိုဏ်းသားများမှာ အသင့်ပြင်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး အားပေးကာ အပြင်သို့ အပြိုင်အဆိုင် တိုးထွက်သွားကြလေသည်။
မကြာမီမှာပင် အပြင်ဘက်၌ လက်နက်များ ထိတွေ့သံနှင့် ဆဲဆိုသံများ ပြည့်နှက်သွားလေသည်။ မူလက စည်ကားနေသော ဂူအတွင်း၌ ပိယောင်နှင့် အရိပ်ထဲတွင် ရပ်နေသော လျှို့ဝှက်ဆန်းကြယ်သူသာ ကျန်ရစ်တော့လေသည်။
ကျန်းရှောင်ဖန်းမှာ ဝမ်းသာသလိုရှိသော်လည်း ပိယောင်အတွက်လည်း စိုးရိမ်နေမိသည်။ သူမသည် မိစ္ဆာဂိုဏ်းမှ ဖြစ်ကြောင်း သူသိထားပြီး သူတို့သည် တစ်လမ်းတည်း လျှောက်နိုင်ကြသူများ မဟုတ်ချေ။
သို့သော် ခရီးစဉ်တစ်လျှောက် သေဘေးနှင့် အကြိမ်ကြိမ် အတူတကွ ရင်ဆိုင်ခဲ့ရသဖြင့် ထိုခေါင်းမာသော မိန်းကလေးအပေါ် သူ၏စိတ်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်တည်နေခဲ့မိလေသည်။
ပိယောင်က မျက်မှောင်ကြုတ်ထား၏။ သူမက အရိပ်ထဲက လူကို လှည့်ပြောရန် ပြင်လိုက်ချိန်တွင် ရန်သူကို သွားမရင်ဆိုင်ဘဲ ဤနေရာတွင် တစ်ယောက်တည်း ရပ်ကျန်နေခဲ့သူ တစ်ဦးရှိနေသည်ကို တွေ့လိုက်ရသည်။