← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) - သရဲဘုရင်ကွေ့ဝမ် (၂)

ထိုသူမှာ ရှောင်ကျိုးပင် ဖြစ်လေသည်။ သူ အဘယ်ကြောင့် ကျန်နေခဲ့သလဲဆိုသည်မှာမူ မသိရချေ။

ရှောင်ကျိုးမှာ လူအများကို သရဲဘုရင်ဂိုဏ်းကို ဆန့်ကျင်ရန် သွေးထိုးခဲ့သူဖြစ်ရာ ပိယောင်အနေဖြင့် သူ့အပေါ် အမြင်ကောင်း မရှိပေ။ သူမ၏ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး အေးစက်စွာ ပြုံးလိုက်၏။

“ရှင်က ရှင့်ရဲ့ မဟာမိတ်တွေကို မကူညီဘဲ ဒီမှာပဲ နေနေတာဆိုတော့ ဘာတွေ ကြံစည်နေတာလဲ...”

ရှောင်ကျိုး၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ ဖြစ်ကာ လမ်းမှန်ဂိုဏ်းသားများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင် မရှိချေ။ သူက ပြုံး၍ ပြောလိုက်သည်။

“ကျုပ်က ဒီအတိုင်း ကြည့်နေတာပါ... သရဲဘုရင်ဂိုဏ်းက တကယ်ပဲ ကျုပ်တို့လို အသုံးမကျတဲ့ နယ်ရုပ်တွေနဲ့ အတူတူ ရှေ့ဆက်မှာလား... ဒါမှမဟုတ် ကျုပ်တို့ကိုပဲ အမြတ်ထုတ်ပြီး အသေခံခိုင်းမှာလား ဆိုတာကိုပေါ့...”

ပိယောင်၏ မျက်နှာမှာ အေးခဲသွားပြီး ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် အရိပ်ထဲက လူက ရုတ်တရက် ပြောလိုက်လေသည်။

“မင်းက ကျုပ်တို့ မိစ္ဆာဂိုဏ်းသား မဟုတ်ဘူး... မင်း ဘယ်သူလဲ...”

ပိယောင် အံ့အားသင့်သွားသလို ရှောင်ကျိုးမှာလည်း တုန်လှုပ်သွား​သေည်။ သူ၏ မျက်လုံးများက အရိပ်ထဲသို့ ဝေ့ကြည့်လိုက်ရာ သတိကြီးစွာ ထားနေပုံရပြီး လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

“ဒါ ဘယ်သူလဲ... ဘယ်လိုဖြစ်လို့ ဒီလို စကားမျိုး ပြောနိုင်ရတာလဲ... ကျုပ်က သွေးသန့်စင်ဂိုဏ်းရဲ့ တပည့်ပါ... ကျုပ်က ခင်ဗျားတို့ကို ဆန့်ကျင်တဲ့ စကားပြောမိလို့ပဲ အခုလို စွပ်စွဲတော့မှာလား...”

ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့လည်း အံ့အားသင့်သွားကြသည်။ အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြချေ။

သို့သော် ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် အခြားမေးခွန်းတစ်ခု ရှိနေ၏။ အရိပ်ထဲက လူ၏ အသံမှာ ရင်းနှီးနေသော်လည်း ဘယ်နေရာမှာ ကြားဖူးမှန်း သူ မမှတ်မိချေ။

အရိပ်ထဲတွင် ရပ်နေသော လူက သာမန်ကာလျှံကာပင် ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက သွေးသန့်စင်ဂိုဏ်းဟာ ကျုပ်တို့ မိစ္ဆာလမ်းစဉ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တာ သံသယဖြစ်စရာ မလိုပါဘူး...”

“ဒါပေမဲ့ အခုတော့ သူတို့က အားနည်းသွားကြပြီ... မင်းရဲ့ အရည်အချင်းနဲ့ ကျင့်ကြံခြင်း အဆင့်အတန်းအရဆိုရင် ခေါင်းဆောင်နျန်ဟာ မင်းထက် အများကြီး နိမ့်ကျနေတာပဲ...”

“သူက မင်းကို တပည့်အဖြစ် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... တကယ်လို့ သူသာ အဲဒီလောက် အရည်အချင်းရှိရင် သွေးသန့်စင်ဂိုဏ်းဟာ အခုဆို ပြန်လည် အင်အားကြီးနေပြီပေါ့...”

ရှောင်ကျိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မေးလိုက်သည်။

“ခင်ဗျား ကျုပ်တိုက်ခိုက်တာကို မမြင်ဖူးသေးဘဲနဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဘယ်လိုသိမှာလဲ...”

ထိုသူက လှောင်ပြုံးပြုံးကာပြောလိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိဖို့ တိုက်ခိုက်နေတာကို မြင်ဖို့ လိုလို့လား... ဟို အဘိုးကြီး ချန်းစုန့်က ‘ထိုက်ချိဝိညာဉ်စွမ်းအား’ ကို သုံးပြီး တောင်နံရံတွေကို တုန်ခါအောင် လုပ်ပြီး စကားပြောတဲ့အခါ သူ့ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့ကို ခြောက်လှန့်ဖို့ပဲ...”

“ကျင့်ကြံခြင်း နိမ့်တဲ့လူတွေဆိုရင် ဝိညာဉ်တုန်ခါသွားပြီး တည်တည်ငြိမ်ငြိမ်တောင် မနေနိုင်ကြတော့ဘူး... ခေါင်းဆောင်နျန်တောင်မှ အဲဒီအထဲမှာ ပါသေးတယ်...”

“ဒါပေမဲ့ မင်းကတော့ ဘာမှမဖြစ်သလို ရပ်နေနိုင်တာကို ကြည့်ရင် မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းရတာ ခက်လို့လား...”

ရှောင်ကျိုး၏ မျက်နှာ အရောင်ပြောင်းသွားလေသည်။ သူက အရိပ်ထဲက လူကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။

“မိစ္ဆာဂိုဏ်းထဲမှာ ဒီလို ကျွမ်းကျင်သူတွေ ပုန်းအောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး... အရှင်က ဘယ်သူပါလဲ...”

ပိယောင်က အော်ဟစ်လိုက်ပြီး လေထဲသို့ ပျံတက်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

“သေစမ်း...”

ရုတ်တရက်ဆိုသလို မှောင်မည်းနေသော ဂူအတွင်း၌ မွှေးရနံ့နှင့်အတူ အဖြူရောင်အလင်းတန်းများ ဝင်းလက်သွားလေသည်။

အဖြူရောင်ပန်းပွင့်လေးများမှာ ပိယောင်၏ ရှေ့တွင် လွင့်မြောနေသော နှင်းပွင့်များကဲ့သို့ ကခုန်နေကြလေသည်။ သို့သော် ထိုပန်းပွင့်များ၏ တောက်ပမှုသည်ပင် အရိပ်ထဲက လူရှိရာသို့ အလင်းမရောက်နိုင်ချေ။ သူတို့ ထိုသူ၏ မျက်နှာကို မမြင်ရသေးပေ။

ရှောင်ကျိုးကလည်း အလျင်အမြန်တုံ့ပြန်ကာ နောက်သို့ တစ်လှမ်းဆုတ်၍ လေဟာနယ်ထဲသို့ လှမ်းဖမ်းလိုက်သည်။

သူသည် တောက်ပသော နတ်ဓားတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။ အာရုံအဖမ်းစားနိုင်ဆုံး အစိတ်အပိုင်းမှာ ထိုဓားပေါ်တွင် ထွင်းထုထားသော တောက်ပသည့် ကြယ်ခုနစ်စင်းပုံရိပ်များပင် ဖြစ်လေသည်။

“ဟင်...”

အရိပ်ထဲက လူက တီးတိုး ရေရွတ်လိုက်သည်။

“ခုနှစ်စင်ကြယ်ဓား ပါလား...”

သူ စကားပြောနေစဉ်မှာပင် ပိယောင်နှင့် ရှောင်ကျိုးတို့မှာ လေထဲတွင် တိုက်ခိုက်နေကြပြီ ဖြစ်လေသည်။ ပန်းပွင့်များနှင့် ဓားအလင်းတန်းများ ပျံဝဲနေမှုကြောင့် ကျယ်ဝန်းသော ဂူကြီးမှာပင် ကျဉ်းမြောင်းသွားသယောင် ထင်ရပေသည်။

ကျန်းရှောင်ဖန်းအနေဖြင့် ရှောင်ကျိုး အမည်ရှိ ထိုလူငယ်မှာ လမ်းမှန်ဂိုဏ်းသား တစ်ဦးဖြစ်နိုင်ကြောင်း ခန့်မှန်းမိသဖြင့် သူ့အတွက် စိုးရိမ်မိသည်။

သို့သော် တိုက်ပွဲကို ကြည့်နေစဉ်တွင် သူ၏ မျက်လုံးများမှာ ပိယောင်ထံသို့သာ ခဏခဏ ရောက်သွားမိလေသည်။

သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိ၏။ ထိုတိုက်ပွဲမှာ အမြန်ဆုံး သရေကျသွားပြီး ပိယောင်ကို လွတ်မြောက်ခွင့် ရစေချင်မိလေသည်။

ထျန်းလင်းအာက ရုတ်တရက် ပြောလိုက်သည်။

“အဲဒီလူ ရှောင်ကျိုးက ချင်းယွင်ဂိုဏ်းက တပည့် ဖြစ်ရမယ်...”

ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဘာ... စီနီယာအစ်မက သူ့ကို သိလို့လား...”

ထျန်းလင်းအာက ခေါင်းခါလိုက်ပြီး တိုက်ပွဲကို တစ်ချက်ကြည့်ကာ ပြောပြလေသည်။

“အမေ ပြောဖူးတာ ကြားဖူးတယ်... ခုနစ်စင်ကြယ်ဓားဆိုတာ ထုံထျန်းတောင်ထိပ်ရဲ့ နာမည်ကျော် နတ်ဓားတစ်လက်ပဲ... အရင်က ဒါယိုရှန် စစ်ဘို သုံးခဲ့ဖူးတယ်... နောက်ပိုင်းမှာတော့ တစ်စုံတစ်ယောက်ကို ပေးလိုက်တယ်လို့ ကြားမိတယ်...”

သူမ စကားမဆုံးခင်မှာပင် ပိယောင်က အော်ဟစ်လိုက်၏။ ရှန့်ရှင်းဟွာပန်းများမှာ ပြန့်ကားသွားပြီး ဂူတစ်ခုလုံးတွင် တောက်ပသော အဖြူရောင် ပန်းပွင့်များ ပြည့်နှက်သွားလေသည်။

ထို့နောက် ထက်မြက်သော အလင်းတံတိုင်းကြီးကဲ့သို့ ရှောင်ကျိုးထံသို့ ဖိနှိပ်လေတော့သည်။

ကျန်းရှောင်ဖန်းမှာ ပိယောင် ဤမှော်ပညာကို သုံးသည်ကို မြင်ဖူးထားသဖြင့် ၎င်း၏ စွမ်းအားကို သိပေသည်။ သူသည် ရှောင်ကျိုးအတွက် မနေနိုင်ဘဲ စိုးရိမ်မိသွားသည်။

ရှောင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ၏ ညာလက်က ဂါထာအမှတ်အသားကို ဖော်ဆောင်ထားပြီး ဘယ်လက်က ညာလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလေသည်။

၎င်းမှာ တန်ချိန်ပေါင်းများစွာသော စွမ်းအင်များကို ထိန်းထားရသကဲ့သို့ ရှိသော်လည်း ပေါ့ပါးသွက်လက်သည့် ဟန်ပန်လည်း ရှိနေပေသည်။

သူ၏ လက်ချောင်းများက လေထုကို ခွဲထွက်သံများ ထွက်ပေါ်စေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုက်ချိပုံရိပ်တစ်ခုကို ရေးဆွဲလိုက်လေသည်။

ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ မြင်လိုက်ရသောအခါ သံသယဖြစ်စရာ မလိုတော့ချေ။ ရှောင်ကျိုးမှာ ချင်းယွင်ဂိုဏ်းဝင် တစ်ဦးပင်။ သူအသုံးပြုလိုက်သော မှော်ပညာမှာ ချင်းယွင်ဂိုဏ်း၏ ‘ထိုက်ချိဝိညာဉ်စွမ်းအား’ ပင် ဖြစ်ပေသည်။

ချက်ချင်းဆိုသလိုပင် ခုနစ်စင်ကြယ်ဓားမှာ အထက်သို့ ထိုးတက်သွားပြီး တောက်ပစွာ လင်းလက်လာ၏။ ၎င်းသည် ထိုက်ချိပုံရိပ်၏ ဗဟိုတွင် တည်ရှိနေလေသည်။

ခဏအကြာတွင် ခုနစ်စင်ကြယ်ဓားမှာ ရှေ့သို့ ပြေးထွက်သွားပြီး ထိုက်ချိစွမ်းအင်၏ ထောက်ပံ့မှုကြောင့် အရှိန်အဟုန်မှာ ပိုမိုပြင်းထန်လာလေသည်။

ထို့နောက် နတ်လက်နက်နှစ်ခုမှာ လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြတော့သည်။

“ဝုန်း...”

နတ်လက်နက်နှစ်ခု ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာသော အလင်းတန်းများမှာ ဂူအတွင်း ပျံ့နှံ့သွားလေသည်။ ကျောက်ဂူကြီးမှာ ထိုဒဏ်ကို မခံနိုင်ဘဲ ကျောက်တုံးအချို့မှာ အပေါ်မှ ပြိုကျလာ၏။

ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့မှာလည်း ပတ်ဝန်းကျင်၏ တုန်ခါမှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြ၏။

ရှောင်ကျိုး၏ ထိုက်ချိဝိညာဉ်စွမ်းအား ကျင့်ကြံမှုအပေါ် သူ အံ့ဩလေးစားမိသွားလေသည်။

ဤကျင့်ကြံမှု အဆင့်အတန်းမှာ သူတွေ့ဖူးသမျှ ချင်းယွင်ဂိုဏ်းသားများထက်ပင် သာလွန်နေလေသည်။

ပိယောင်၏ အဖြူရောင်အလင်းတံတိုင်းကြီးမှာ ပျက်စီးသွားလေသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားပြီး အရေးနိမ့်နေပုံရ၏။

ကျန်းရှောင်ဖန်းမှာ သူမကို သိနေသည်မှာ ကြာပြီဖြစ်ရာ စိတ်ထဲတွင် မကောင်းဖြစ်မိသလို ပိယောင်မှာလည်း အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ကြောင်း သူသိပေသည်။

သူ ထင်သည့်အတိုင်းပင် ပိယောင်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူမက ရှန့်ရှင်းဟွာကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခါးကြားမှ လှပသော ရွှေရောင်ခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။

ရှောင်ကျိုးက မျက်မှောင်ကြုတ်ကာ သတိကြီးစွာဖြင့် ရင်ဆိုင်လိုက်၏။ သူ့ရှေ့က မိန်းကလေးမှာ ငယ်ရွယ်သော်လည်း သူမ၏ ကျင့်ကြံမှုမှာ သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေပေသည်။

သူ၏ စွမ်းအားအများစုကို သုံးလိုက်သော်လည်း သူမကို အနည်းငယ်သာ ထိခိုက်စေနိုင်ခဲ့၏။ သူမ လုပ်ဆောင်နေပုံအရ ဆိုလျှင် ပို၍ အစွမ်းထက်သော နတ်လက်နက်တစ်ခု ရှိနေပုံရလေသည်။

သူ အကြောက်ဆုံးမှာမူ အရိပ်ထဲတွင် ရပ်နေသော လူသားပင် ဖြစ်လေသည်။

ကြည်လင်သော ခေါင်းလောင်းသံလေးမှာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသော ဤဂူအတွင်း၌ ပျံ့လွင့်လာရာ မြင်ကွင်းနှင့် များစွာ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

ပိယောင်မှာ လေထဲသို့ ပျံတက်သွား၏။ လက်နှစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ခေါင်းလောင်းလေးမှာ သူမ၏ရှေ့တွင် ဖြည်းညင်းစွာ ပျံဝဲနေပြီး သာယာသော အသံကို ထုတ်လွှတ်နေလေသည်။

ကျန်းရှောင်ဖန်းမှာ လေထဲတွင် ရပ်နေသော ထိုလှပသည့် မိန်းကလေးကို ကြည့်နေမိ၏။ သူမ၏ လက်မောင်များမှာ အရိုးမရှိသည့်အလား နူးညံ့နေပြီး ရွှေရောင်ခေါင်းလောင်းလေးမှာ သူမ၏ လက်နှစ်ဖက်ကြားတွင် ဖြည်းညင်းစွာ လည်ပတ်နေလေသည်။

“ဒင်... ဒင်... ဒင်...”

ရှောင်ကျိုးမှာ ထိုခေါင်းလောင်းသံကြောင့် မိန်းမောသွားပြီး သူသည် သေရေးရှင်ရေး အခြေအနေသို့ ရောက်နေသည်ကိုပင် မေ့လျော့သွားသဖြင့် အံ့အားသင့်သွားရသည်။

သူ၏ နှစ်ရှည်လများ ကျင့်ကြံအားထုတ်မှုသာ မရှိလျှင် သူသည် စိတ်လွတ်သွားနိုင်ပေသည်။ ဤခေါင်းလောင်းလေးမှာ လူ၏ဝိညာဉ်ကို ဆွဲဆောင်နိုင်သော အစွမ်းရှိပေသည်။

ထိုသို့ ဝေခွဲမရ ဖြစ်နေချိန်တွင် သူ၏စိတ်ထဲ၌ ဒေါသများ ဖြစ်ပေါ်လာလေသည်။ သူသည် အံ့အားသင့်သွားပြီး ဆက်၍ နားမထောင်တော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူက အော်ဟစ်လိုက်၏။

“သေစမ်း... မိစ္ဆာမ...”

သူ၏ အော်ဟစ်သံမှာ နံရံများကို တုန်ခါစေပြီး ခေါင်းလောင်းသံကို ဖုံးလွှမ်းသွားကာ ခုနစ်စင်ကြယ်ဓားမှာ လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားတော့၏။

ပိယောင်၏ ဖြူလျော့နေသော မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်နေသော်လည်း ခုနစ်စင်ကြယ်ဓား ပြေးဝင်လာသည်ကို မြင်သောအခါ နောက်သို့ မဆုတ်ချေ။

သူမ၏ ညာဘက် လက်ချောင်းများကို ခတ်လိုက်ရာ ‘ဟယ်ဟွမ်ခေါင်းလောင်း’ မှာ ရှေ့သို့ ပြေးထွက်သွားပြီး ခုနစ်စင်ကြယ်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။

ရှောင်ကျိုး၏ ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ ခုနစ်စင်ကြယ်ဓားမှတစ်ဆင့် မိစ္ဆာဂီတသံများ ထွက်ပေါ်လာပြီး သူ၏ နားစည်များကို ဖောက်ထွက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့မှာ အံ့အားသင့်သွားကြပြီး ကူညီရန် ပြင်လိုက်ကြသည်။ သို့သော် ရှောင်ကျိုး၏ မျက်နှာမှာ ရုတ်တရက် တည်ငြိမ်သွားပြီး သူက အော်ဟစ်လိုက်လေသည်။

ခုနစ်စင်ကြယ်ဓားမှာ ပြန်လည် တောက်ပလာပြီး ပြန်လည် တိုက်စစ်ဆင်လိုက်၏။ အခြားတစ်ဖက်တွင်မူ ပိယောင်မှာ အလွန်ပင် ဖြူလျော့နေပြီ ဖြစ်လေသည်။

သူမ၏ မျက်လုံးများမှာ မှိန်ဖျော့နေပြီး စိတ်လွတ်နေသကဲ့သို့ ရှိကာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ချေ။ သူမသည် ခုနစ်စင်ကြယ်ဓား၏ လက်ချက်ဖြင့် သေဆုံးရတော့မည့် အခြေအနေသို့ ရောက်သွားလေသည်။

ကျန်းရှောင်ဖန်း၏ စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွား၏။ ဘာကိုမျှ စဉ်းစားမနေတော့ဘဲ သူသည် ထွက်လာပြီး အော်လိုက်လေသည်။

“မလုပ်ပါနဲ့...”

သူ၏ စကားမဆုံးခင်မှာပင် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ခရမ်းရောင် စွမ်းအင်တစ်ခု ဝင်းလက်သွားကာ ပျောက်ကွယ်သွားလေသည်။

ရှောင်ကျိုးမှာ နောက်သို့ လွင့်ထွက်သွား၏။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ပါးစပ်မှ သွေးများ ချက်ချင်း ထွက်လာလေသည်။ ခုနစ်စင်ကြယ်ဓားမှာလည်း လွင့်ထွက်သွားပြီး မာကျောသော ကျောက်နံရံထဲသို့ စိုက်ဝင်သွားတော့၏။

ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ ထိတ်လန့်သွားကြပြီး ရှောင်ကျိုးထံသို့ ပြေးသွားကြလေသည်။

ထျန်းလင်းအာက ဖီးနစ်ဝိညာဉ်ကို ထုတ်ရန် ပြင်လိုက်သော်လည်း ရှောင်ကျိုးက ဒဏ်ရာရနေသည့် ကြားမှ သူတို့ကို ဆွဲထားလိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်လေသည်။

“မလုပ်နဲ့... မလုပ်နဲ့... အဲဒီလူရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတယ်... မင်းတို့ သူနဲ့ ယှဉ်လို့ မရဘူး...”

ကျန်းရှောင်ဖန်း ကြောင်အသွားသည်။ ထျန်းလင်းအာက မနေနိုင်ဘဲ မေးလိုက်လေသည်။

“ကျွန်မတို့ နာမည်တွေကို ရှင် ဘယ်လို သိတာလဲ...”

ရှောင်ကျိုးက ခဏမျှ တိတ်သွားပြီး ရှေ့သို့ ကြည့်လိုက်၏။ ထိုနှစ်ဦးမှာလည်း တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ပိယောင်နှင့် ရင်ဆိုင်လိုက်ရလေသည်။

သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှာ ကျန်းရှောင်ဖန်းတို့ဘက်သို့ ကျောပေးကာ လေထဲတွင် ရပ်နေလေသည်။ သူက ပိယောင်ကို အောက်သို့ ဆင်းနိုင်ရန် ကူညီပေးလိုက်ပြီး ကြင်နာစွာ ပြောလိုက်လေသည်။

“ယောင်အာ... ဒီခေါင်းလောင်းက ကျင်းလင်းသခင်မ ချန်ရစ်ခဲ့တဲ့ နတ်လက်နက်ပဲ... သမီးရဲ့ ကျင့်ကြံမှုက မလုံလောက်သေးတော့ ဒါကို သုံးရင် ကိုယ့်ကိုကိုယ် ပြန်ထိခိုက်ဖို့ အရမ်းလွယ်တယ်... နောက်ဆိုရင် ဒါကို အလွယ်တကူ မသုံးပါနဲ့...”

ပိယောင်၏ မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခေါင်းငုံ့ကာ ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့ပါ အဖေ...”

ကျန်းရှောင်ဖန်းတို့မှာ ဆွံ့အသွားကြလေသည်။ ရှောင်ကျိုးမှာမူ အနည်းငယ် သက်သာလာပုံရပြီး ထိုသူ၏ ကျောပြင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“ဒါဆိုရင် အရှင်က မိစ္ဆာဂိုဏ်းကြီး လေးခုထဲက တစ်ခုရဲ့ ဂိုဏ်းချုပ်... သရဲဘုရင် ပေါ့လေ...”

ထိုလူက လှည့်ကြည့်ပြီး ပြုံးလိုက်၏။ သူတို့ ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ပါးလွှာသော မျက်ခုံးများ၊ လေးထောင့်ပုံစံ မျက်နှာနှင့် ပညာရှိတစ်ဦးကဲ့သို့သော မျက်လုံးများကြောင့် သူသည် ကြမ်းတမ်းခက်ထန်သော အခြားမိစ္ဆာဂိုဏ်းသားများနှင့် များစွာ ကွာခြားလှပေသည်။

သို့သော် ကျန်းရှောင်ဖန်းမှာ ပို၍ပင် အံ့အားသင့်သွားပြီး ငေးကြည့်ကာ ပြောလိုက်မိသည်။

“ခင်ဗျားလား...”

ပညာရှိ လူကြီးတစ်ဦးကဲ့သို့ ရုပ်ရည်ရှိသော သရဲဘုရင်မှာ... ကုန်းစွန်းတောင်ခြေက လက်ဖက်ရည်ဆိုင်တွင် သူ့အား မီးတုတ်၏ လျှို့ဝှက်ချက်ကို ပြောပြခဲ့သူ ‘ဝမ့်ရန်ဝမ်’ ပင် ဖြစ်နေသည်။

All Chapters