အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) - စိုးရိမ်ပူပန်မှုများ (၂)
ညတာက မှောင်မိုက်နေလေသည်။ တောက်ပသော ကြယ်တာရာပေါင်းများစွာသည် အထက်ကောင်းကင်ယံတွင် လင်းလက်တောက်ပလျက် ကမ္ဘာလောကကြီးကို အလင်းပေးနေ၏။
ကောင်းစွာ ဖုံးကွယ်ထားသော နေရာတစ်ခုတွင် သရဲဘုရင်သည် ဖြည်းညင်းစွာ ထွက်လာလေသည်။ ပိယောင်မှာ တောင်ကုန်းပေါ်တွင် တစ်ယောက်တည်း ရပ်ကာ လှိုင်းတံပိုးတောင်ကုန်း၏ အရှေ့ဘက်သို့ စိုက်ကြည့်နေလေသည်။
ထိုနေရာမှာ လမ်းမှန်ဂိုဏ်းဝင်များ စခန်းချရာ နေရာဖြစ်လေသည်။
သရဲဘုရင်က သက်ပြင်းချကာ သူမ၏ နောက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
“ယောင်အာ... ညက အေးတယ်၊ ကျန်းမာရေး ဂရုစိုက်ဦး”
ပိယောင်သည် တိတ်ဆိတ်စွာပင် လှည့်လာပြီး အတင်းအကျပ် ပြုံးလိုက်သည်။
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဖေဖေ”
သရဲဘုရင်က မေးလိုက်သည်။
“မင်း ကျန်းရှောင်ဖန်းဆိုတဲ့ ကောင်လေးအကြောင်း စဉ်းစားနေတာလား”
ပိယောင်၏ မျက်နှာမှာ နီမြန်းသွားသော်လည်း ဘာမှပြန်မပြောချေ။
သရဲဘုရင်က သူ၏သမီး၏ ပုခုံးကို ကြင်နာစွာ ပုတ်ပေးလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ ဆိုလိုက်၏။
“ဒီနေ့ သူ့ကိုကြည့်ရတာ... မင်းနဲ့အတူ နဂါးနက်ဂူထဲကို ရောက်သွားပြီးတဲ့နောက် သူ့ရဲ့ ကျင့်ကြံဆင့်က အတော်လေး တိုးတက်လာတာကို ငါသတိထားမိတယ်”
ပိယောင်မှာ လန့်သွားပြီးမှ ဝမ်းသာအားရ မေးလိုက်၏။
“တကယ်ပဲလား။”
သရဲဘုရင်က ခေါင်းညိတ်ပြသည်။
“ငါ့အထင်တော့ သူက ‘ကောင်းကင်ကျမ်း’ ပထမတွဲကို ဖတ်ပြီးနောက် တစ်ခုခုကို နားလည်သွားလို့ ဖြစ်လိမ့်မယ်။”
“ဒါနဲ့... သမီး သွေးစက်ဂူထဲကနေ အဖေ့ကို ပေးခဲ့တဲ့ ကောင်းကင်ကျမ်း ပထမတွဲ အကျဉ်းချုပ်က အဖေ့ရဲ့ ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်”
ပိယောင်က ပျော်ရွှင်စွာ မေးလိုက်၏။
“တကယ်ပဲလား။”
သရဲဘုရင်က ခေါင်းညိတ်လျက် ဆိုသည်။
“မှန်တယ်။ ကောင်းကင်ကျမ်းက စုစုပေါင်း လေးတွဲရှိတာ။ ဒဏ္ဍာရီတွေအရတော့ ငါးတွဲမြောက် ရှိသေးတယ်လို့ ဆိုကြပေမဲ့ ဘယ်သူမှ မဖတ်ဖူးကြဘူး။ ရှေးယခင်ကတည်းက ငါတို့ မြင့်မြတ်တဲ့ဂိုဏ်းမှာ လေးတွဲ ရှိခဲ့တာ”
“ကံမကောင်းစွာနဲ့ပဲ အများစုက ပျောက်ဆုံးကုန်ကြပြီ။ ငါတို့ သရဲဂိုဏ်းက ဒီနေ့လို ဂုဏ်သိက္ခာမျိုး ရရှိနေတာက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက အရင်ဂိုဏ်းချုပ်က ကောင်းကင်ကျမ်း ဒုတိယတွဲကို ရရှိခဲ့လို့ပဲ”
သူက ခေတ္တမျှ ရပ်လိုက်ပြီး ဆက်ပြော၏။
“ဒါပေမဲ့ ဒုတိယတွဲရဲ့ အရေးအသားတွေက အလွန်နက်နဲတဲ့ ကျင့်ကြံမှုတွေ ပါဝင်နေပေမဲ့ လျှို့ဝှက်ပြီး နားလည်ရ ခက်ခဲလွန်းတယ်။ အကြောင်းကတော့ ဂါထာတွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေက ပထမတွဲရဲ့ အကျဉ်းချုပ်နောက်မှာ တန်းစီပြီး ပါဝင်နေလို့ပဲ”
“ဒါကြောင့် နှစ်ပေါင်းရာနဲ့ချီပြီး ငါတို့ ဝမ်ဂိုဏ်းဟာ ဟေဟွမ်၊ ချန်ရှန်းနဲ့ ဝမ်တုဂိုဏ်းတွေနဲ့ပဲ ကမ္ဘာလောကကို ခွဲဝေအုပ်ချုပ်ခဲ့ရတာ။ ဒါပေမဲ့ အခုကစပြီးတော့... ဟဲဟဲ...”
ပိယောင်က ပြုံးလိုက်၏။
“ဒါဆိုရင် သမီးက ဖေဖေအတွက် ကြိုပြီးဂုဏ်ပြုရမှာပေါ့”
သရဲဘုရင်က ပြုံးလျက် ခေါင်းညိတ်ပြလေသည်။
“သမီးက ဂိုဏ်းအတွက် အများကြီး ကူညီပေးခဲ့တာပဲ။ သမီးကို ကုန်းစွန်းတောင်က သွေးသန့်စင်ဂိုဏ်းဆီကို လွှတ်လိုက်တာက မူလက လေ့ကျင့်ပေးဖို့နဲ့ ဟေရှင်းအဖိုးကြီး ချန်ထားခဲ့တဲ့ ရတနာတွေ ရှိမရှိ ကြည့်ခိုင်းဖို့ပဲ”.
“ဒါပေမဲ့ ကောင်းကင်ကျမ်းကို ပြန်ယူလာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ဘယ်လက်နက်တွေထက်မဆို ပိုတန်ဖိုးရှိတယ်”
ပိယောင်က ပြုံးလိုက်သော်လည်း မကြာမီပင် သူမ၏ မျက်နှာမှာ ညှိုးနွမ်းသွားလေသည်။
သရဲဘုရင်သည် သူ၏သမီးကို ခေတ္တမျှ ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
ပိယောင်မှာ မျက်နှာနီသွားပြီး မာန်မဲလိုက်လေသည်။
“ဖေဖေ...”
သရဲဘုရင်က ပြုံးလျက် ခေါင်းခါယမ်းကာ ဆိုသည်။
“မင်း ဘာတွေကို စိုးရိမ်နေတာလဲ”
ပိယောင်က အံကြိတ်ကာ ပြောလိုက်သည်။
“ဖေဖေ ဒီနေ့ မြင်ခဲ့တာပဲ မဟုတ်လား။ ကျန်းရှောင်ဖန်း... အဲ့ဒီ လူယုတ်မာက သူ့ရဲ့ ဂိုဏ်းတူအစ်မအပေါ် ထားတဲ့ သဘောထားကိုလေ... သမီး စိုးရိမ်တာက...”
“ဘာကို စိုးရိမ်တာလဲ... သူက မင်းအပေါ် ဘာခံစားချက်မှ မရှိမှာကိုလား။”
ပိယောင်က ခေါင်းငုံ့ထားလိုက်လေသည်။
သရဲဘုရင်က အသာအယာ ပြောလိုက်၏။
“အဖေ့ အမြင်ကတော့ သမီးနဲ့ မတူဘူး”
ပိယောင်မှာ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဖေဖေ... ဘာကို ဆိုလိုတာလဲ။”
သရဲဘုရင်က ဆိုလေသည်။
“ဒီနေ့ မြင်ခဲ့သလောက်ဆိုရင် ကျန်းရှောင်ဖန်းက သူ့ရဲ့ ဂိုဏ်းတူအစ်မကို တကယ်ပဲ ဂရုစိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သမီးနဲ့ ရှောင်ယိချိုင် တိုက်ခိုက်နေတဲ့ အရေးကြီးတဲ့ အချိန်မှာ သူက ကိုယ့်လုံခြုံရေးကိုတောင် မငဲ့ကွက်ဘဲ ထွက်လာပြီး အော်ဟစ်ခဲ့တယ်”
“အဲ့ဒီအချက်ရယ်၊ ပြီးတော့ မင်းနဲ့အတူ သေဘေးကို ကျော်ဖြတ်ခဲ့တဲ့ ခရီးစဉ်တွေအရဆိုရင် သူကိုယ်တိုင်တောင် မသိဘဲ မင်းက သူ့နှလုံးသားထဲမှာ သူ့ဂိုဏ်းတူအစ်မထက် မနိမ့်တဲ့ နေရာတစ်ခု ရနေပါပြီ”
ပိယောင်၏ မျက်နှာမှာ ထပ်မံ၍ နီမြန်းသွားရပြန်၏။ ညအမှောင်ထုအောက်တွင် သူမ၏ အလှမှာ ပို၍ပင် ထင်ရှားနေလေသည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း ဖုံးကွယ်မရသော ပျော်ရွှင်မှုများ ရှိနေလေသည်။
သရဲဘုရင်က သူမ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ သူ၏ မျက်နှာပေါ်ရှိ ချစ်ခြင်းမေတ္တာမှာ အထင်အရှားပင်။ ထို့နောက် သူက ဆက်ပြောလေသည်။
“ဒါပေမဲ့ အပျော်မေစာနဲ့ဦး။ ပထမအချက်က ဂိုဏ်းတွေ ကွဲပြားနေတာက သူကျော်ဖြတ်လို့ မရနိုင်တဲ့ အဟန့်အတားတစ်ခုပဲ။ ပြီးတော့ ချင်းယွင်ဂိုဏ်းက အဖိုးကြီးတွေကလည်း မင်းအပေါ် ခံစားချက်ရှိတာကို ခွင့်ပြုမှာ မဟုတ်ဘူး”
“ဒါကြောင့် ဒီနေ့ အဖေမထွက်သွားခင် သမီးတို့နှစ်ယောက်ကြားက ပတ်သက်မှုကို နည်းနည်း ဝေဝါးအောင် လုပ်ခဲ့တာ”
“ရှောင်ယိချိုင်က ချင်းယွင်ဂိုဏ်းမှာ အဆင့်အတန်း မြင့်ပုံရတယ်။ သူ ဒီစကားတွေကို ပြန်ပြောပြရင် ချင်းယွင်ဂိုဏ်းက ကျန်းရှောင်ဖန်းကို သံသယဝင်ကြလိမ့်မယ်။ ဒါဆိုရင် သူ ငါတို့ဆီကို ခိုလှုံလာဖို့ အခွင့်အလမ်း ပိုများလာတာပေါ့”
ပြောပြီးသည်နှင့် သူသည် မိမိ၏ လုပ်ရပ်အပေါ် ဂုဏ်ယူပုံရကာ ရယ်မောလိုက်လေသည်။
ပိယောင်ကလည်း ပြုံးလိုက်သော်လည်း မကြာမီပင် ပြန်လည်တည်ငြိမ်သွားကာ တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်၏။
သရဲဘုရင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ပိယောင်က တွန့်ဆုတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်၏။
“သမီး... သမီးက ရှောင်ဖန်း ထပ်ပြီး ဒုက္ခရောက်မှာကို စိုးရိမ်လို့ပါ။”
သရဲဘုရင်က နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
“ဓားတစ်လက်က မသွေးရင် ထက်မှန်း ဘယ်သိပါ့မလဲ။ အကယ်၍ သူက ဒီလောက် ဒုက္ခလေးတောင် မခံနိုင်ဘူးဆိုရင် မင်းကို သူ့လက်ထဲ အပ်ဖို့ ငါ စိုးရိမ်ရရုံတင်မကဘူး၊ သူ ငါ့ဂိုဏ်းကို ဝင်လာရင်တောင် ငါ တန်ဖိုးထားမှာ မဟုတ်ဘူး”
ပိယောင်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကြောင့် စိုးရိမ်နေဆဲပင် ဖြစ်၏။ သူမသည် အရှေ့ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ကောင်းကင်အောက်ရှိ သစ်တောများကသာ သူမ၏ အမြင်ကို ပိတ်ဆို့ထားလေသည်။
ရှောင်ယိချိုင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ချင်းယွင်ဂိုဏ်းအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ချန်းစုန့်နှင့် ထျန်းပုယီတို့မှာ အံ့အားသင့်သလို ဝမ်းလည်းသာသွားကြသည်။
မိစ္ဆာဂိုဏ်းများမှာ “ခွေ့နျူ” ဟုခေါ်သော နတ်သားရဲတစ်ကောင်ကို ရှာဖွေနေကြောင်း ရှောင်ယိချိုင်ထံမှ သူတို့ သိရှိလိုက်ရပြီး၊ မိစ္ဆာဂိုဏ်းကြီး လေးခုထဲမှ တစ်ခုဖြစ်သော သရဲဂိုဏ်း၏ ဂိုဏ်းချုပ် သရဲဘုရင်ကိုယ်တိုင် ဤနေရာသို့ ရောက်နေသည်ကို သိလိုက်ရသဖြင့်လည်း အံ့အားသင့်သွားသည်။
ချန်းစုန့်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြီး ခန့်ညားစွာ ဆိုလိုက်သည်။
“ဒါဆိုရင် အဲ့ဒီလူက မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် သရဲဘုရင်ပေါ့... ကျင့်ကြံဆင့်က တကယ်ပဲ မြင့်မားတာပဲ”
ထျန်းပုယီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ယိချိုင်... မင်း မိစ္ဆာဂိုဏ်းထဲကို ဘယ်လိုရောက်သွားတာလဲ”
ရှောင်ယိချိုင်က ပြုံးလျက် ပြန်ဖြေသည်။
“အဲ့ဒီနေ့က ကျုပ်ဟာ ဂိုဏ်းချုပ်ရဲ့ အမိန့်အရ မိစ္ဆာဂိုဏ်းတွေကို စုံစမ်းဖို့ ကုန်းစွန်းတောင်ကို ခိုးဝင်ခဲ့ပါတယ်။ အဲ့ဒီမှာ သွေးသန့်စင်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ လှုပ်ရှားနေတာကို တွေ့ခဲ့ရတယ်”
“ဒါပေမဲ့ စုံစမ်းကြည့်တော့ သွေးသန့်စင်ဂိုဏ်းက အဓိက ရန်သူမဟုတ်ဘူး”
“သူတို့က သူတို့ရဲ့ မြင့်မြတ်တဲ့ဂိုဏ်းအကြောင်း ပြောနေကြတာ။ မိစ္ဆာဂိုဏ်းတွေ အကြီးအကျယ် လှုပ်ရှားတော့မယ်ဆိုတာကို သိလိုက်ရတယ်”
“အဖြေရှာဖို့အတွက် ကျုပ်ကိုယ့်ကိုယ်ကိုယ် ရှောင်ကျိုးလို့ နာမည်ပေးခဲ့တယ်။ အဲ့ဒီအချိန်က သူတို့ လူသစ်စုဆောင်းနေတဲ့ အချိန်လည်း ဖြစ်နေတော့ ကျုပ်ရဲ့ ပါရမီကို တွေ့ပြီး လွယ်လွယ်ကူကူပဲ မိစ္ဆာဂိုဏ်းထဲကို ဝင်ခွင့်ရခဲ့တာပါ”
ထို့နောက် သူက ထျန်းပုယီကို အနည်းငယ် အားနာစွာဖြင့် ဆိုလိုက်၏။
“ဒါပေမဲ့ ဦးလေးထျန်း... အဲ့ဒီနေ့က ဂိုဏ်းတူညီလေးနဲ့ ရှောင်ကျူးတောင်ထိပ်က လုရွှယ်ချီတို့ ချောက်ကမ်းပါးထဲကို ကျသွားတဲ့အချိန်မှာ ကျုပ်က ထျန်းယင်ကျောင်းတော်က ဖာရှန်းတို့အုပ်စုကို တိုက်ခိုက်ဖို့ တာဝန်ပေးခံထားရလို့ မကူညီနိုင်ခဲ့ပါဘူး”
“တကယ်ပဲ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းတူညီလေးကျန်းက ကံကောင်းလို့ အသက်ဘေးက လွတ်ခဲ့ရတာကို တွေ့ရတော့ ကျုပ် စိတ်သက်သာရာ ရရပါတယ်”
ထျန်းပုယီက ပြုံးလိုက်၏။
“ကိစ္စမရှိပါဘူး... ဒါက မင်းအပြစ် မဟုတ်ဘူး။ စိုးရိမ်မနေပါနဲ့”
ချန်းစုန့်က နှာခေါင်းရှုံ့လိုက်လေသည်။
ထျန်းပုယီက သူ့ကို ဂရုမစိုက်ချေ။
ချန်းစုန့်က ရှောင်ယိချိုင်ကို ပြောလိုက်၏။
“ဒါပေမဲ့ ယိချိုင်... ဒီလိုလုပ်တာက အရမ်းအန္တရာယ်များတယ်။ မိစ္ဆာဂိုဏ်းက သူခိုးတွေက အားလုံး အန္တရာယ်များပြီး ကောက်ကျစ်ကြတာ မင်းသိသားပဲ။ အကယ်၍ မင်း တစ်ခုခုဖြစ်သွားရင် ငါတို့ ဂိုဏ်းချုပ်ဆီကို ဘယ်လို မျက်နှာပြရမလဲ”
ထျန်းပုယီကလည်း ခေါင်းညိတ်ကာ ဆိုသည်။
“ဟုတ်တယ်။ ငါတို့ မထွက်လာခင်ကတည်းက ဂိုဏ်းချုပ်က မင်းနဲ့ အဆက်အသွယ်ပြတ်နေတာ လပေါင်းများစွာ ကြာပြီဆိုတော့ မင်းအတွက် အတော်လေး စိုးရိမ်နေတာ။ မင်းရဲ့ သတင်းကိုလည်း အထူးဂရုစိုက်ဖို့ ငါတို့ကို သီးသန့် မှာထားခဲ့သေးတယ်”
ရှောင်ယိချိုင်၏ မျက်နှာမှာ အနည်းငယ် ညှိးကျပြီး ခေါင်းခါယမ်းကာ ေတာင်းပန်လိုက်သည်။
“ကျုပ်ကြောင့် ဆရာ့ကို စိုးရိမ်အောင် လုပ်မိတာ ကျုပ်အမှားပါ”
ချန်းစုန့်က ပြုံးလျက် ဆိုသည်။
“သိပ်လည်း တွေးမနေပါနဲ့... ဒီတစ်ခါ မင်းက အောင်မြင်မှုကြီးတစ်ခု ရခဲ့တာပဲ။ ငါတို့ မိစ္ဆာဂိုဏ်းတွေကို ရှင်းလင်းပြီးလို့ ပြန်ရောက်တဲ့အခါ ဂိုဏ်းချုပ်က မင်းကို အပြစ်ပေးမှာ မဟုတ်တဲ့အပြင် ဆုတောင် ပေးဦးမှာပါ”
“ဦးလေးချန်... ကျုပ်ကို နောက်နေပြန်ပြီ။”
ထျန်းပုယီက အသာအယာ ပြောလိုက်၏။
“ဒါက နောက်တာမဟုတ်ဘူး။ မင်းက ငါတို့ကို အများကြီး ကူညီပေးခဲ့တာ။ ဒါပေမဲ့ ယိချိုင်... ဒီလို အန္တရာယ်များတဲ့ အလုပ်တွေကို နောက်ထပ် မလုပ်ပါနဲ့တော့။ ဂိုဏ်းချုပ်က မင်းကို အရမ်းတန်ဖိုးထားတာ”
“သူ သေပြီးတဲ့နောက် ဂိုဏ်းချုပ်ရာထူးကို မင်းကိုပဲ လွှဲပေးဖို့ များတယ်။ မင်းမှာ အရေးကြီးတဲ့ တာဝန်တွေ ရှိနေတာမို့ နောက်နောင် ဒီလို အဆင်အခြင်မဲ့တာမျိုး မလုပ်ပါနဲ့”
ရှောင်ယိချိုင်က တည်ကြည်စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့... ဦးလေးချန်နဲ့ ဦးလေးထျန်းတို့ရဲ့ ဆုံးမမှုကို ကျေးဇူးတင်ပါတယ်”
ချန်းစုန့်က ခေါင်းညိတ်လိုက်လေသည်။
“ဒါဆိုရင် ရပြီ။ မင်းလည်း ပင်ပန်းနေတာပဲ၊ စောစောနားတော့။ ကံကောင်းလို့ မင်းရဲ့ ဒဏ်ရာက သွေးကြောတွေကို မထိခိုက်သွားတာ၊ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”
ချန်းစုန့်နှင့် ထျန်းပုယီတို့ ထတော့မည်ကို မြင်သောအခါ ရှောင်ယိချိုင်ကလည်း လိုက်ထရန် ပြင်လိုက်၏။ ထျန်းပုယီက သူ့ကို တားကာ ခေါင်းခါယမ်းလိုက်လေသည်။
“မင်းက ဒဏ်ရာရထားတာဆိုတော့ အနားယူဦး၊ အရမ်းမယဥ်ကျေးနေနဲ့ ငါတို့က ချင်းယွင်တောင်ပေါ်မှာမှ မဟုတ်တာ”
ရှောင်ယိချိုင်မှာ သူတို့ကို ငြင်းဆန်ရန် မသင့်တော်သလို၊ သူ၏ ခန္ဓာကိုယ်မှာလည်း အမှန်တကယ်ပင် ပင်ပန်းနေသဖြင့် ကျောက်နံရံကို ပြန်မှီလိုက်ပြီး ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာတို့... ဒါဆိုရင် ကျုပ် မလိုက်ပို့တော့တာကို ခွင့်လွှတ်ပါ”
ချန်းစုန့်က လက်ဝှေ့ယမ်းပြကာ ထျန်းပုယီနှင့်အတူ အပြင်သို့ ထွက်သွားလေသည်။ ဂူပေါက်ဝသို့ ရောက်သောအခါ ရှောင်ယိချိုင်က ရုတ်တရက် ခေါ်လိုက်လေသည်။
“ဦးလေးထျန်း”
ထျန်းပုယီမှာ လန့်သွားပြီးမှ လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှောင်ယိချိုင်က နံရံကို မှီထားလျက် ပြုံးပြလိုက်၏။
“ကျုပ်ရဲ့ မေ့တတ်ပုံကို ကြည့်ပါဦး။ ပြီးခဲ့တဲ့နှစ်က ကျုပ် တာ့ကျူးတောင်ထိပ်ကို လာလည်တုန်းက ဒေါ်လေးစုက အရှေ့တောင်ဘက် ပင်လယ်ကမ်းခြေက ‘ပင်လယ်ကမာပုလဲကြီး’ တစ်လုံး လိုချင်တယ်လို့ ပြောဖူးတယ်။ အခု အရှေ့ပင်လယ်ကို လာရင်းနဲ့ ကျုပ် တစ်လုံး တွေ့ခဲ့တယ်။ အဲ့ဒါ စီနီယာ ကြည့်ချင်သေးလား။”
ထျန်းပုယီက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ရှောင်ယိချိုင်ကို ကြည့်ကာ ပြုံးလိုက်သည်။
“မင်း သတိမပေးရင် ငါတောင် မေ့နေတော့တာ။ မင်း မှတ်မိနေတာ ကံကောင်းတာပဲ၊ မဟုတ်ရင် တာ့ကျူးတောင်ထိပ် ပြန်ရောက်ရင် မင်းရဲ့ စီနီယာစုရဲ့ ငြိုငြင်တာကို ငါ ခံရတော့မှာ”
ထို့နောက် သူက ရှောင်ယိချိုင်ရှိရာသို့ ပြန်သွားလေသည်။ ချန်းစုန့်က ခေတ္တရပ်လိုက်သော်လည်း သူက ပုလဲအကြောင်း မေးမြန်းမည့်သူ မဟုတ်သဖြင့် ဆက်လက်ထွက်ခွာသွားလေသည်။
ဂူအတွင်း၌ ထျန်းပုယီနှင့် ရှောင်ယိချိုင်တို့သာ ကျန်ရစ်တော့သည်။
ထျန်းပုယီမှာ ပြုံးနေသော်လည်း ရှောင်ယိချိုင်၏ ရှေ့တွင် ထိုင်လိုက်သောအခါ အပြုံးများ ပျောက်ကွယ်သွား၏။ သူက နောက်ဘက်ကို တစ်ချက်ကြည့်ကာ အသာအယာ ဆိုလိုက်သည်။
“မင်းရဲ့ ဒေါ်လေးစုရဲ့ စိတ်နေစိတ်ထားက အပြင်မှာ အေးဆေးနေပေမဲ့ အတွင်းစိတ်ကတော့ အမြဲတမ်း စိတ်မရှည်တတ်တာ မင်းသိသားပဲ။ အဲ့ဒီ ပင်လယ်ကမာပုလဲကိုသာ သူတကယ် လိုချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကတည်းက အရှေ့ပင်လယ်ကို လာရှာပြီးသား ဖြစ်မှာပေါ့။ အခု ဒီမှာ ဘယ်သူမှ မရှိတော့ဘူး... မင်း ဘာပြောချင်လို့လဲ”
ရှောင်ယိချိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဦးလေးထျန်း တကယ်ပဲ အကဲခတ် တော်တာပဲ။ ကျုပ် ဦးလေးထျန်းတားခဲ့တာက ဦးလေးထျန်းရဲ့တပည့် ကျန်းရှောင်ဖန်းအကြောင်း ပြောချင်လို့ပါ”
ထျန်းပုယီက အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သူက ဘာဖြစ်လို့လဲ”
ရှောင်ယိချိုင်က ချောင်းဟန့်လိုက်ပြီး အသံကို နှိမ့်လိုက်၏။ ထျန်းပုယီက ရှေ့သို့ တိုးကာ နားစွင့်လိုက်လေသည်။
ဂူအတွင်းမှာ တိတ်ဆိတ်သွားပြီး တိုးတိုးလေး ပြောဆိုနေသည့် အသံများသာ ထွက်ပေါ်နေတော့သည်။