အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀) - အတိတ် (၁)
လေထုမှာ လေးလံသွားလေ၏။ ထျန်းပုယီသည် သူ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး မျက်နှာအမူအရာမှာ မတည်မငြိမ်ဖြစ်နေကာ သူ မည်သို့ တွေးတောနေသည်ကို သိရန် မဖြစ်နိုင်ပေ။
ရှောင်ယီချိုက်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
"ဦးလေးထျန်း... ကျုပ် မပြောချင်ပေမယ့် ဦးလေးကို ဖုံးကွယ်ထားဖို့ကလည်း မကောင်းဘူး..."
ထျန်းပုယီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"တူေလေးရှောင်... မင်း ဘာဆိုလိုသလဲဆိုတာကို ကျုပ် သိပြီ။ ကျေးဇူးပါပဲ"
ရှောင်ယီချိုက်က ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် စကားဆက်လေသည်။
"ဦးလေးထျန်း... ညီလေးကျန်းက သရဲဘုရင်နဲ့ သူ့သမီးကို သိနေတယ်ဆိုပေမယ့် မိစ္ဆာလမ်းစဉ်ကိုတော့ မကျရောက်သွားသေးဘူးလို့ ကျုပ် ထင်တယ်”
“ဒါပေမယ့် နတ်ဆိုးဂိုဏ်းသားတွေက ကောက်ကျစ်ကြတယ်။ ညီလေးကျန်းကလည်း ငယ်ရွယ်သေးတော့ အန္တရာယ်ရှိနိုင်ခြေက အတော်လေး များနေပါတယ်"
ထျန်းပုယီက နှာမှုတ်လိုက်ရာ သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားလေသည်။
"ဒီတိရစ္ဆာန်ကောင်ကို ငါ ဘယ်လို အပြစ်ပေးမလဲဆိုတာ စောင့်သာ ကြည့်နေလိုက်"
ရှောင်ယိချိုင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဦးလေးထျန်း... ကျုပ်မှာ ပြောစရာ စကားတစ်ခွန်းရှိပေမယ့် ပြောသင့်မပြောသင့် စဥ်းစားမရဘူး ဖြစ်နေတယ်"
ထျန်းပုယီက တုံ့ပြန်လိုက်၏။
"ပြောကြည့်ပါဦး"
"ဟုတ်ကဲ့ပါ ဦးလေးထျန်း။ ကျုပ်အနေနဲ့ ညီလေးကျန်းအကြောင်းကို သီးသန့်ပြောရတဲ့ အကြောင်းရင်းက ပြဿနာမကြီးကျယ်ခင်မှာ ဦးလေးက ဒီကိစ္စကို ကောင်းကောင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိလို့ပါ”
“ဦးလေးချန်းစုန့်က ပြစ်ဒဏ်စီရင်ရေးဌာနကို တာဝန်ယူထားသလို သူ့ရဲ့ ဒေါသကလည်း အလျှော့ပေးတတ်တဲ့ပုံစံမျိုး မဟုတ်ဘူး”
“သူသာ သိသွားမယ်ဆိုရင် ညီလေးကျန်းအတွက်... သူက ဦးလေးရဲ့ တပည့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ သူ့အတွက် အားထုတ်မှုတွေ အများကြီးလုပ်ခဲ့ရမှာပဲလေ”
“ဒါသာ ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့ရင် ဦးလေးနဲ့ ချန်းစုန့်ဦးလေးတို့ နှစ်ယောက်လုံးက နောက်ဆုတ်ပေးကြမှာ မဟုတ်ဘူး။ ဒါကြောင့်..."
ရှောင်ယီချိုက်က စကားပြောလိုက်ပြီးနောက် သူ၏ အသံကို နှိမ့်ချလိုက်လေသည်။
"ညီလေးကျန်းက ပြင်းထန်တဲ့ အမှားမျိုး တစ်စုံတစ်ရာ မကျူးလွန်ထားဘူးဆိုရင် တိတ်တဆိတ်ပဲ သူ့ကို ဆူပူကြိမ်းမောင်းလိုက်ပါ"
ထျန်းပုယီက ခေါင်းမော့ကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။
"တူလေးရှောင်... မင်းမှာ တကယ်ကို ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းရည်တွေ ရှိတာပဲ။ ဂိုဏ်းချုပ်အစ်ကိုကြီးက မင်းကို ဘာကြောင့် ဒီလောက်တန်ဖိုးထားသလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး”
“ဂိုဏ်းချုပ်နေရာက မင်းကလွဲပြီး တခြားသူ မဖြစ်နိုင်တော့ဘူးထင်တယ်။"
ရှောင်ယီချိုက်က ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။
"ဦးလေးထျန်းက ကျုပ်ကို အမွှမ်းတင်လွန်းနေပါပြီ"
ထိုအခိုက်တွင် ထျန်းပုယီ၏ မျက်နှာမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အနည်းငယ် ပြုံးလိုက်လေသည်။
"ကောင်းပြီ။ မင်းလည်း စောစော အနားယူသင့်ပြီ။ ငါတို့ တာ့ကျူးတောင်ထိပ်က မင်းရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်"
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ "တာ့ကျူးတောင်ထိပ်" ဟူသော စကားလုံးကို ပြောလိုက်ချိန်တွင် သူ၏ လေသံမှာ ပိုမိုလေးနက်သွားခဲ့သည်။
ရှောင်ယီချိုက်မှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း ပြုံးပြလိုက်၏။
"ဦးလေးက ယဉ်ကျေးလွန်းနေပါပြီ။"
ထျန်းပုယီက ခေါင်းညိတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ထွက်ခွာသွားလေတော့သည်။
ထျန်းပုယီသည် သစ်တောအတွင်းရှိ တိတ်ဆိတ်သော နေရာတစ်ခုတွင် လက်နောက်ပစ်လျက် တစ်ကိုယ်တည်း ရပ်နေခဲ့သည်။
ညအချိန်မှာ နက်ရှိုင်းနေခဲ့ပြီး ကြယ်များက တောက်ပနေကာ လမင်းကြီးမှာ ကောင်းကင်ယံတွင် ချိတ်ဆွဲထားလေသည်။
တောက်ပသော လရောင်သည် ထူထပ်သော သစ်ရွက်များကြားမှ ဖြတ်သန်းတောက်ပလာပြီး သူ၏ အပေါ်သို့ ကျရောက်နေ၏။ အမှောင်ထုထဲတွင် သူ၏ မျက်ခုံးများမှာ တင်းကြပ်စွာ တွန့်ချိုးနေခဲ့ပြီး တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိပေသည်။
ထိုအခိုက်တွင် သူ၏ အနောက်ဘက်မှ ခြေသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထျန်းပုယီက လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့၏။
"မင်းလား..."
သူမမှာ သူ၏ဇနီး စုရုပင်ဖြစ်သည်။ ဤခြောက်ကပ်နေသော ညနှင့် တိတ်ဆိတ်နေသော သစ်တောအတွင်းတွင် သူမက တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့ရာ အာရုံစိုက်မှုအားလုံးက သူမထံသို့ ရောက်ရှိသွားသကဲ့သို့ပင်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်တိုင် အချိန်ကာလသည် သူမ၏ အလှတရားကို ဖျက်ဆီးမပစ်နိုင်ခဲ့သကဲ့ပင်။
စုရုက ထျန်းပုယီ၏ ဘေးသို့ သွားလိုက်ပြီး ပြုံးလိုက်၏။
"ရှင်က တာ့ရန်ကို ရှောင်ဖန်းဆီ သွားခေါ်ခိုင်းခဲ့ပေမယ့် ရှောင်ဖန်းက မရှိဘူးလေ။ ဖာရှန်းဆီကို သွားခေါ်ဖို့ သူ့ကို ကျွန်မ ပြောလိုက်တယ်။ သူ မကြာခင် ပြန်လာလိမ့်မယ်"
ထျန်းပုယီက ခေါင်းညိတ်လိုက်ပြီး သူမကို တစ်ချက်ကြည့်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားခဲ့သည်။
စုရုက ပေါ့ပါးစွာ ပြောလိုက်၏။
"ရှင်က ရှောင်ယိချိုင်ကို တွေ့ကတည်းက မျက်မှောင်ကြုတ်နေခဲ့တာပဲ။ ဘာတွေဖြစ်ခဲ့လို့လဲ"
ထျန်းပုယီက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရာ သူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။
"မင်းကို ငါ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ ငါ သိပါတယ်။"
ထို့နောက် ကျန်းရှောင်ဖန်းနှင့် ပတ်သက်၍ ရှောင်ယိချိုင် ပြောခဲ့သည်များကို သူမအား ပြောပြလိုက်လေတော့သည်။
စုရုက သူ ပြောသမျှ ပြီးဆုံးသည်အထိ တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"ရှောင်ဖန်းက သရဲဘုရင်နဲ့ သူ့သမီးကို သိမသိဆိုတာကို မပြောကြရအောင်။ သူတို့ အချင်းချင်း သိနေကြရင်တောင် ဒါကို အသုံးပြုပြီး ရှောင်ဖန်းက နတ်ဆိုးဂိုဏ်းဆီကို ကျရောက်သွားပြီ၊ ဒါမှမဟုတ် သူက နတ်ဆိုးဂိုဏ်းကနေ ချင်းယွင်ဆီကို စေလွှတ်လိုက်တဲ့ သူလျှိုဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး"
ထျန်းပုယီက နှာမှုတ်လိုက်သည်။
"ငါလည်း ဒါကို သိနေပြီးသားပါ။ ဟက်... အရင်က တပည့်ခြောက်ယောက် လက်ခံခဲ့တယ်။ အကြီးဆုံးကနေ ဆဋ္ဌမမြောက်အထိ ဘယ်သူကမှ ဒီလောက် ပြဿနာတွေ အများကြီး မဖန်တီးခဲ့ကြဘူး။ ငါ့ကို ဒီလောက် ခေါင်းကိုက်အောင် မလုပ်နိုင်ခဲ့ကြဘူး"
စုရုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်၏။
"ဒါပေမယ့် အကြီးဆုံးကနေ ဆဋ္ဌမအထိ ဘယ်သူကမှ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲမှာ ရှင့်အတွက် ဒီလောက် ဂုဏ်ယူစရာ မဖြစ်စေခဲ့ဘူးလေ"
ထျန်းပုယီမှာ ရပ်တန့်သွားခဲ့သော်လည်း အရှုံးမပေးသေးဘဲ မျက်လုံးလှန်ကြည့်လိုက်သည်။
"အဲဒါကို ဂုဏ်ယူစရာလို့ ခေါ်တာလား။ မီးလောင်နေတဲ့ ကျောက်တုံးလို မိုးကြိုးပစ်ခံရတာကိုလေ”
စုရုက ရယ်မောလိုက်၏။
"အို... ဂိုဏ်းတူအစ်ကိုထျန်း... လွန်ခဲ့တဲ့ နှစ်သုံးရာက တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲမှာ ရှင် ဝင်ပြိုင်ခဲ့တုန်းက ရှင်လည်း အကောင်းဆုံးလေးယောက်စာရင်းမှာပဲ ပါခဲ့တယ်လို့ ကြားဖူးပါတယ်"
ထျန်းပုယီမှာ သူ၏ ဇနီးဖြစ်သူက အတိတ်က အကြောင်းအရာဟောင်းများကို ပြန်ဖော်လိုက်သဖြင့် ရှက်ရွံ့သွားခဲ့သည်။
"အဲဒါက ပြိုင်ပွဲမတိုင်ခင် ညမှာလေ... ထုံထျန်းတောင်ထိပ်ရဲ့ သက်တန့်တံတားမှယ မင်းနဲ့အတူ ကြယ်တွေ၊ လတွေကို ကြည့်ဖို့ ခိုးထွက်ပြီး တစ်ညလုံး မအိပ်ခဲ့ရလို့ မဟုတ်ဘူးလား”
“ပြိုင်ပွဲမှာ ငါက ခွန်အားမှ မရှိတော့တာကို ဂိုဏ်းတူအစ်ကို ဝမ်ကျန့်ယီရဲ့ ပြိုင်ဘက်အဖြစ် ဘယ်လိုလုပ် ရပ်တည်နိုင်တော့မှာလဲ။"
"အို..."
စုရုက အပြစ်တင်လိုက်သော်လည်း သူမ၏ မျက်နှာမှာ နီမြန်းသွားခဲ့ပြီး ထိုညက အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ အလွန်နူးညံ့သိမ်မွေ့နေခဲ့သည်။
"ဂိုဏ်းတူအစ်ကိုဝမ်ကျန့်ယီက ကောင်းကင်ရဲ့ ကောင်းချီးပေးတာကို ခံရတဲ့သူလေ။ အရမ်းကို ထက်မြက်တယ်။ ငါတို့ မျိုးဆက်က တပည့်တွေထဲမှာ ဂိုဏ်းချုပ်အစ်ကိုကြီး တာအိုရွှမ်ကလွဲရင် ဘယ်သူကမှ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို မယှဉ်နိုင်ဘူး”
“ရှင်က ဘာမို့လို့လဲ။ ရှင်က အကောင်းဆုံး လေးယောက်စာရင်းထဲ ဝင်ခဲ့တာတောင် ရှင့်ဆရာကို အရမ်းပျော်ရွှင်စေခဲ့ပြီပဲ။ ဂိုဏ်းတူအစ်ကို ဝမ်ကျန့်ယီကို အနိုင်ယူချင်သေးတာလား”
ထျန်းပုယီက ရယ်မောလိုက်ရာ သူ၏ စိတ်ခံစားချက်မှာ ပိုကောင်းလာခဲ့၏။
"သေချာတာပေါ့။ ဂိုဏ်းတူအစ်ကို ဝမ်ကျန့်ယီက ငါ့ထက် အများကြီး ပိုတော်ပါတယ်။ ဒါပေမယ့် မင်းက သူ့အစား ငါ့ကို ရွေးချယ်ခဲ့တယ်ဆိုတော့ ငါ့မှာ သူ့ထက် ပိုကောင်းတဲ့ အရာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။"
စုရုက သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
"ကျွန်မ အဲ့တုန်းက မျက်စိကန်းနေလို့ ရှင့်နောက်ကို လိုက်ခဲ့မိတာထင်တယ်"
ထျန်းပုယီမှာ ဒေါသမထွက်ဘဲ သူ၏ ဇနီးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရယ်မောချင်စိတ်များ ပြည့်နှက်နေခဲ့သည်။ ထို့နောက် သူက လက်လှမ်းကာ အရိုးမပါသကဲ့သို့ နူးညံ့နေသော စုရု၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။
စုရုက သူ့ကို စိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်။
"အခု အသက်ဘယ်လောက်ရှိနေပြီလဲ။ ဒီလို ရွံစရာကောင်းတဲ့ အလုပ်ကို လုပ်နေတုန်းလား။ ရှောင်ဖန်း လာလို့ သူသာ မြင်သွားရင် ဘယ်လိုလုပ်မလဲ"
ထျန်းပုယီက ရယ်မောလိုက်သော်လည်း စကားမပြောခဲ့ချေ။ စုရုက ခေါင်းကို ငုံ့ထားလိုက်သော်လည်း သူမ၏ လက်ကို ပြန်မရုပ်သိမ်းခဲ့ပေ။
ညဉ့်ဦးယံ၏ အရောင်အသွေးမှာ ရေကဲ့သို့ နူးညံ့နေပြီး အနီးတစ်ဝိုက်တွင် မည်သူမျှ မရှိချေ။ အေးစက်သော လေပြည်က ဖြတ်သန်းတိုက်ခတ်သွားရာ ညအမှောင်ထဲတွင် သစ်ကိုင်းများကို တုန်ခါသွားစေသည်။
သစ်တောအတွင်းတွင် အလွန်တိတ်ဆိတ်နေခဲ့၏။
အခိုက်အတန့်အကြာတွင် စုရုက ရုတ်တရက် ပြောလိုက်လေသည်။
"တကယ်တော့ ရှောင်ဖန်းက အဲဒီတုန်းက ရှင်နဲ့ အတော်လေး တူတယ်လို့ ကျွန်မထင်တယ်"
ထို့နောက် သူမက ခေါင်းမော့ကာ ထျန်းပုယီအား မေးလိုက်သည်။
"ရှင်ကော ခံစားမိသလား"
ထျန်းပုယီမှာ အံ့အားသင့်သွားခဲ့၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စုရုက ပြုံးလိုက်သည်။
"ဒါက ဘာမျက်နှာပေးလဲ။ အဲဒီတုန်းက ရှင်က တုံးအတဲ့ ပုံစံမျိုးပဲ။ လူတိုင်းက ရှင့်ကို ရည်မှန်းချက်ကြီးတဲ့ ရှင့်ရဲ့ ဂိုဏ်းတူအစ်ကိုတွေနဲ့ မယှဉ်နိုင်ဘူးလို့ ထင်ခဲ့ကြတာလေ”
“ဒါပေမယ့် နောက်ဆုံးကျတော့ တာ့ကျူးတောင်ထိပ်မှာ အောင်မြင်မှု အမြင့်မားဆုံး ကျင့်ကြံဆင့်ရှိတဲ့သူက ရှင် ဖြစ်လာခဲ့တာလေ”
“ပြီးတော့ ရှင့်ဆရာက တာ့ကျူးတောင်ထိပ်သခင်နေရာကို ရှင့်ကို လွှဲပြောင်းပေးခဲ့တယ်လေ"
ထျန်းပုယီက နှာမှုတ်လိုက်၏။
"ဒါကို ဖုံးကွယ်ထားတဲ့ ပါရမီလို့ ခေါ်တယ်။ တုံးအတာ မဟုတ်ဘူး။"
စုရုက ရယ်မောရင်း ခေါင်းခါလိုက်သည်။
"ရှင်ကလေ.... အသက်ကြီးလာလေ မျက်နှာပြောင်တိုက်တာ ပိုဆိုးလာလေပဲ။ ရှင့်ကို တကယ်ပဲ မနိုင်တော့ဘူး"
သူမက ခေတ္တရပ်သွားပြီးနောက် ဆက်ပြောလေ၏။
"ဒါပေမယ့် ရှောင်ဖန်းနဲ့ ပတ်သက်ပြီးတော့ ရှင် မမြင်နိုင်ဘူးဆိုတာကို ကျွန်မ မယုံဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းက သူ့ရဲ့ စွမ်းဆောင်ရည်က ပိရှုတို့၊ လင်းအာတို့လောက် မထက်မြက်ဘူးဆိုပေမယ့် သူက မတုံးအပါဘူး”
“သူ့ရဲ့ အရည်အချင်းက ပျမ်းမျှထက်တော့ ပိုတယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမယ့် ရှင်က သူ့ကို အေးအေးစက်စက် ဆက်ဆံခဲ့လို့ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးသွားပြီး ကြောက်တတ်တဲ့ပုံစံမျိုး ဖြစ်လာတာပဲ”
ထို့နောက် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မ နားမလည်နိုင်တာက အခြေခံအကျဆုံး အဆင့်တစ် ထိုက်ချိရွှမ်ချင်တာအို ကျင့်စဉ်ကို သူက သာမန်လူတစ်ယောက်ထက် သုံးဆလောက် အချိန်ပိုယူခဲ့ရတာ ဘာကြောင့်လဲဆိုတာပဲ"
ထျန်းပုယီက ခေါင်းခါလိုက်ပြီး လေကို မှုတ်ထုတ်လိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"အများကြီး တွေးစရာမလိုပါဘူး။ သတ္တမတပည့် ရောက်လာတဲ့အခါ သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ငါ သူ့ကို မေးလိုက်မယ်။ ငါတို့ မသိအောင် သူ ဘာတွေ လုပ်ခဲ့တာလဲဆိုတာကိုပေါ့"
စုရုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"သူ ဒီကို ရောက်လာရင် ရှင်က ဒေါသထွက်နေတဲ့ မျက်နှာထားမျိုး မလုပ်ပါနဲ့။ မဟုတ်ရင် သူ စကားမပြောနိုင်ခင်မှာပဲ ရှင့်ရဲ့ အကြည့်ကြောင့် သူ ကြောက်လန့်သွားလိမ့်မယ်"
ထျန်းပုယီက နှာမှုတ်လိုက်၏။
"ဘာလို့မှန်း မသိဘူး။ သူ့ကို မြင်လိုက်တာနဲ့ ငါ့ရင်ထဲကနေ ဒေါသတွေ ထွက်လာတော့တာပဲ"
စုရုက ပြုံးလိုက်သည်။
"ရှင်က တကယ်တော့ ရှင့်တပည့်ကို ပိုကောင်းစေချင်နေတာပါ။ ကျင့်စဉ်ရေးရာမှာသာမက နေ့စဉ်ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာပါ ချီဟောင်တို့၊ ရှောင်ယိချိုင်တို့လို နည်းလမ်းနှစ်သွယ်စလုံးမှာ အောင်မြင်တဲ့သူမျိုး ဖြစ်စေချင်နေတာပဲ။ အနာဂတ်မှာလေ..."
ထို့နောက် သူမက သက်ပြင်းချလိုက်ပြီး စကားကို ရပ်တန့်လိုက်သည်။
ထျန်းပုယီက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏။
"ဘာဖြစ်လို့လဲ.."
စုရုက သူ့ကို ကြည့်ကာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ပြောလိုက်လေသည်။
"ပုယီ... ရှင့်ရဲ့ ဒေါသက နှစ်ပေါင်းများစွာ ကြာလာတဲ့အထိ ဂိုဏ်းတူအစ်ကို ဝမ်ကျန့်ယီလို ဖြစ်မလာခဲ့ဘူးလေ။ ဒါကြောင့်..."
ထျန်းပုယီက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"မင်း ဘာဆိုလိုသလဲဆိုတာကို ငါ နားလည်ပါတယ်။ ဆက်ပြောဖို့ မလိုတော့ပါဘူး"
စုရုက သူ့ကို အတန်ကြာ ကြည့်နေပြီးနောက် ရယ်မောလိုက်၏။
"သူ့ကို အမြဲတမ်း နှိမ်ချဆက်ဆံတတ်တဲ့ သူ့ဆရာက သူ့အပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမားထားတယ်ဆိုတာကို ရှောင်ဖန်းသာ သိခဲ့ရင် ဘယ်လောက်တောင် ပျော်သွားမလဲဆိုတာ ကျွန်မ တွေးကြည့်နေတာ"
ထျန်းပုယီက နှာမှုတ်လိုက်ရာ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေခဲ့ပြီး တစ်ဖက်သို့ လှည့်ကာ ပြောလိုက်သည်။
"သူ့ရဲ့ တုံးအအ ပုံစံနဲ့များ ငါက သူ့အပေါ်မှာ မျှော်လင့်ချက်ကြီးကြီး ထားနိုင်ပါ့မလား။ အိပ်မက်မက်မနေစမ်းနဲ့"
စုရုသည် သူ၏ အနောက်တွင် ရပ်နေခဲ့ပြီး ပြုံးလိုက်၏။ သူမ၏ လက်ကို ဆုပ်ကိုင်ထားသော လက်ဝါးမှာ နွေးထွေးပြီး ကြီးမားကာ လွန်ခဲ့သော နှစ်သုံးရာအတွင်း လုံးဝပြောင်းလဲမသွားသေးသကဲ့သို့ သူမ ခံစားနေရဆဲပင်။
သူမကလည်း သူ၏ လက်ကို တိတ်ဆိတ်စွာ တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်လေတော့သည်။