အခန်း ၁၁၆၅
Vol. 98 Ch. 1165
အခန်း ၁၁၆၅ -
အရည်အချင်းနှင့် ပြိုင်ဘက် ... ။
ရှင်းယုက ခဏမျှစဉ်းစားပြီး အမည်အချို့ ရွတ်ဆိုလိုက်၏။ ဥပမာအားဖြင့် ရှန်းပြည်နယ် လျန်ဟွာဘုံကျောင်း၏ စည်းကမ်းထိန်းသိမ်းရေး ခန်းမ အကြီးအကဲကျိကျန်းနှင့် လော့ပြည်နယ် သူတော်စင်ဂိုဏ်းမှ အကြီးအကဲမိုကန်ချူ အစရှိသော အမည်များ ဆယ်ခုကျော်သည်။
ထိုအမည်များကို ကြားသောအခါ ချင်းဝေထံပါးမှ အံ့အားသင့်သည့်အမူအရာများ ပြသလာခဲ့၏။ သို့သော် စုရီမှာမူ ထိုအမည်များ အပေါ် ရင်းနှီးမှုမရှိသဖြင့် စိတ်ဝင်စားမှု မရှိချေ။
ဆိုလိုသည်မှာ ရှင်ယုအမြင် လူအိုများဟု ခေါ်ဆိုကြသူများမှာ ဝမ်ယဲ့နှင့် တစ်ခေတ်တည်း မဟုတ်ကြောင်း မြင်သာနေသည်။ ချင်းဝေမှ စိတ်ဝင်စားလာကာ၊
“ အဲဒီ ကမ္ဘာဦး ဖျက်ဆီးခြင်း ကျောက်တိုင်ကိုးချပ်မှာ ဒီလိုအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကိုဆွဲဆောင်နိုင်တဲ့ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေလို့လဲ။ ”
- ဟု မေးမြန်းလိုက်သည်။
“ ဒါက စကားလုံးအနည်းငယ်နဲ့ ရှင်းပြဖို့ခက်တယ် တစ်ချိန်မှာ မင်းကိုယ်တိုင် သွားကြည့်သင့်တယ်။ ”
စုရီက ရှင်းယုအစား ဖြေပေးလိုက်သည်။ ချင်းဝေမျက်ဝန်းများ ချက်ချင်းတောက်ပလျက် တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်၏။
“ ငါ သွားကြည့်လို့ရမလား။ ”
ဖန်ဟန်က မေးလိုက်သည်။ စုရီမှ ခေါင်းရမ်းကာ၊
“ မင်းကတော့ အရမ်းအားနည်းနေသေးတယ် သွားလို့မရဘူး။ ”
-ဟု ပြန်ဖြေ၏။
မကြာခင်မှာပင် ရှင်းယုသည် နဂါးပုန်းတောင်ထိပ်သို့ ရောက်ရှိလာလေသည်။ မြင်ကွင်းသည် အလွန်ကျယ်ပြန့်ပြီး နဂါးနက် ဈေးမြို့ကို ရှင်းလင်းစွာမြင်နိုင်၏။
ကောင်းကင်တွင်မူ သွေးနီရောင် နေမင်းကြီးနှင့်ဆင်တူသော နဂါးပုလဲကို နီးကပ်စွာ မြင်နေရသည်။
တောင်ထိပ်တစ်နေရာတွင် အထီးကျန်နေသော ရှေးဟောင်းနန်းတော်တစ်ခု တည်ရှိနေပြီး အဆောက်အဦးတစ်ခုလုံး ရွှေဖြင့် သွန်းလောင်းထားသလို တောက်ပနေ၏။
နန်းတော်ရှေ့တွင် အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ယောက် စောင့်ကြိုနေခဲ့သည်။ ရှင်းယုက သူမကို ရိုသေစွာ ဦးညွှတ်လိုက်၏။
“ မင်္ဂလာပါ သခင်နီ ... ။ ”
“ မင်းထွက်သွားလို့ရပြီ။ ”
“ နားလည်ပါပြီ ... ။ ”
ရှင်းယုက ခေါင်းညိတ်ပြီး လှည့်ထွက်သွားလေသည်။ စုရီက ချင်းဝေကို လှည့်ကြည့်ကာ၊
“ မင်း ... ဒီကောင်လေးကို ခေါ်ပြီး လမ်းလျှောက်ထွက်လို့ရတယ်။ ”
-ဟု အမိန့်ပေးလိုက်၏။
ချင်းဝေက ဧကရာဇ်သခင်သည် နဂါးနီသခင်နှင့် ပြောစရာအကြောင်းအရာ အချို့ ရှိနေကြောင်းနားလည်သွား၏။
ရှင်းယုက ပါးနပ်စွာဖြင့် ချင်းဝေတို့ကို စောင့်ကာ လမ်းပြခေါ်ဆောင်သွားတော့သည်။ လူရိပ်များ ပျောက်ကွယ်သွားချိန်၌ နဂါနီသခင်မှ ဦးညွှတ်လျက်၊
“ ကျေးဇူးပြုပြီး ... ။ ”
-ဟု စုရီကို ဖိတ်ခေါ်လိုက်လေသည်။
နန်းတော်အတွင်း အေးစက်ပြီး ဗလာဖြစ်နေကာ ထိုင်ခုံအချို့၊ ကျောက်စိမ်း လက်ကောက်နှင့် ကြေးဝါမီးခွက်များသာ ရှိနေချေသည်။
“ ကျေးဇူးပြုပြီး ထိုင်ပါ။ ”
စုရီကို ခန်းမ၏အလယ်ဗဟိုရှိ ထိုင်ခုံတွင် နေရာချပေးလိုက်သည်။ စုရီမှ နီးစပ်ရာခုံတွင် ဝင်ထိုင်လိုက်ကာ၊
“ မလိုပါဘူး အဆင်ပြေပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
မိန်းကလေးက ရှေ့တိုးလာပြီး ဝိုင်တစ်ခွက် လောင်းငှဲ့ပေးသည်။ စုရီတစ်ယောက် အလိုက် သင့်ယူလိုက်၏။
“ ဒါက ငါ့ရဲ့မွေးစားဖခင် ချန်ထားခဲ့တဲ့ အနောက်ဘက်လေပြင်းဝိုင်ပါ ... ဝိုင်အရသာကို သခင်လေး အကြိုက်တွေ့နိုင်မလားလို့ တွေးမိပါတယ်။ ”
ရိုးရှင်းသော အဝတ်အစားဖြင့် ဆံပင်ရှည်များသည် ဖရိုဖရဲဖြစ်နေကာ ရောင်ဝါ ရုတ်သိမ်းထားသောကြောင့် နဂါးနက်စျေးသခင် အဖြစ် သံသယဖြစ်စရာ ကောင်းနေ၏။
စုရီက လက်ထဲမှ ဝိုင်ကို နမ်းရှိုက်ကြည့်လိုက်ရာ ရနံ့သည် ဓားတစ်လက် အလား သူ့ခေါင်းထဲ တည့်တည့်ဝင်လာ၏။ သွေးများ ပွက်ပွက်ဆူလာတော့သည်။
“ ဝိုင်က သူရဲကောင်းတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲကိုစီးဝင်လာတဲ့အခါ ... ကြယ်တွေကို ခူးဆွတ်ပြီး ... လကိုဖမ်းဆုပ်နိုင်မယ် ...
... ဒီကမ္ဘာကြီးကို သိမ်းပိုက်ဖို့အတွက် ဘယ်သူက ငါ့ကိုတားဆီးနိုင်မလဲ ... အခုတော့ အထီးကျန်မှုတွေပဲ ရှိတယ် ...
... ဒီမှာ ငါ့ဝတ်ရုံကို လှုပ်ခါယမ်းပြီး အင်္ကျီလက်တွေကိုဝှေ့ယမ်းလိုက်မယ် ငါ့ဓားက အနောက်ဘက်ကောင်းကင်မှာ လေနှင့်အတူ ကျယ်လောင်စွာ ဟိန်းဟောက်လို့ ... ဒါ ... အနောက်ဘက်လေပြင်းပဲ ... ။ ”
စုရီက မိန်းမောစရာကောင်းသော ကဗျာတစ်ပိုဒ်ကို ရွတ်ဆိုလိုက်၏။ ဤသည်မှာ ဝမ်ယဲ့၏ အမှတ်တရများဖြစ်ချေပြီ။
ရှေးယခင်က ဝမ်ယဲ့သည် နဂါးနက်စျေးမြို့သို့ဝင်ရောက်ပြီး ဤခန်းမ၌ပင် အရက်သောက်ခဲ့သည်။
နဂါးနက်မှ ဝိုင်ကောင်းကောင်းဖြင့် ဂုဏ်ပြုဧည့်ခံပေးခဲ့သည်။ ထိုစဉ်က သူ့ဝိုင်ကို အမည်မပေးရသေးကြောင်း ပြောကြား၏။
ယင်းကြောင့် ‘အနောက်ဘက်လေပြင်း’ ဟု အမည်ပေးရန် အကြံပြုခဲ့ဖူးသည်။ ယခုမူ ထိုစဉ် အချိန်က ဧည့်သည်များ ပျောက်ကွယ်ကုန်ပြီး ခန်းမသည် အေးစက်နေတော့၏။
ကမ္ဘာကြီးတစ်ခုလုံး သူတစ်ယောက်တည်း ထိုင်နေရသလိုခံစားလာရသည်။ အတိတ်ကာလ ဘုန်းအသရေများသည်ပင် တိမ်တိုက်များသာ ဖြစ်ပျက်ကုန်၏။
မိန်းကလေးသည် ဘေးတွင် ရပ်နေပြီး စုရီတစ်ယောက် အတွေးထဲနစ်မျောနေသည်ကို ရွှေရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူမ၏ မွေးစားဖခင်သည် သူ့ဘဝ၏ ဂုဏ်ယူစရာ အကောင်းဆုံးအချိန်အကြောင်း တစ်ကြိမ်ထက်ပို၍ ပြောပြခဲ့ဖူး၏။
ယင်းသည် ထာဝရအမှောင်ဧကရာဇ်ကို ဤနန်းတော်အတွင်း ဂုဏ်ပြုဧည့်ခံခြင်းပေပင်။ ထို့အတွက် သူကိုယ်တိုင် ချက်လုပ်ထားသော ဝိုင်အမည်ကို ပြန်လည်ရရှိလိုက်၏။
“ မင်းလည်း ထိုင်လို့ရတယ်။ ”
စုရီက လှည့်ကြည့်ကာ ပြောလိုက်သည်။ နဂါးနီမှ အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း ဝင်ထိုင်လိုက်၏။ သူမသည် အိမ်ရှင်ဖြစ်ချေ၏။ သို့သော် စုရီရှေ့တွင် ဧည့်သည်တစ်ယောက်လို တည်ငြိမ်နေချေပြီ။
“ မင်း ဘာဖြစ်ချင်လဲဆိုတာ ... ငါ အကြမ်းဖျင်းမှန်းဆနိုင်တယ် ဒါကိုမဆွေးနွေးခင် ငါမင်းကိုမေးစရာ တစ်ခုရှိတယ်။ ”
“ ဒီဂျူနီယာက တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေကြားပါ့မယ်။ ”
“ မင်းရဲ့ မွေးစားဖခင် ဘယ်လို သေဆုံးသွားတာလဲ။ ”
“ စီနီယာ သိနေတာလား။ ”
စုရီက မိန်းကလေး၏ ခြေကျင်းဝတ်ကို လက်ညှိုးထိုးပြပြီး၊
“ နဂါးသွေးကွင်းဆက်က မင်းရဲ့ မွေးစားအဖေပိုင်တဲ့ ရှန်ရှင်းအဆင့်ရတနာပဲ သူ့ဘဝက ဒါနဲ့ ဆက်စပ်နေတယ် ...
... ဒီလိုရတနာကို ... မင်းဆီမှာ တွေ့နေမှတော့ သူ မရှိတော့ဘူးလို့ ဆိုလိုတယ် မဟုတ်လား။ ”
-ဟု ပြောကြားလိုက်၏။
မိန်းကလေး၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ရစ်သိုင်းလာကာခေါင်းညိတ် ပြလေသည်။
“ ဟုတ်ပါတယ် ... ငါ့ရဲ့မွေးစားအဖေကို သတ်တာ ကျန်တိုင်းအာပါ။ ”
“ ကျန်တိုင်းအာ ... ။ ”
စုရီ အတွေးထဲ ပုံရိပ်တစ်ခု ပေါ်လာ၏။ လေနှင့်မီးတာအိုရေးထိုးထားသော ဝတ်လုံနှင့် လေးပေရှည်သည့် ရွှေကျောက်စိမ်းပေတံ တစ်လက်ကို ပိုးလွယ်ထားသည်။
ထိုက်ရီဂိုဏ်း၏ တည်ထောင်သူဖြစ်ပြီး ဓမ္မအဆုံးခေတ်မတိုင်မီ အင်မော်တယ်ဘုရင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သူပေပင်။
ကျန်တိုင်းအာသည် ဝမ်ယဲ့၏ ရန်သူလည်းဖြစ်၏။ ထာဝရညတိုက်ပွဲတွင် ရွှယ်ရှောင်ကျိနှင့်အတူ ပူးပေါင်းကာ သူ့ကို လုပ်ကြံခဲ့သည်။
“ ကျန်တိုင်းအာ အသက်ရှင်သေးလား။ ”
“ သဘာဝပါပဲ ... ဓမ္မအဆုံးခေတ် ကျရောက်လာတဲ့အခါ ပုန်းအောင်းနေခဲ့တယ်လို့ ကြားပါတယ် ဒါကြောင့် ဒဏ်ရာပြင်းထန် နေတာတောင် အသက်မသေခဲ့ပါဘူး ...
... ဓမ္မအဆုံးခေတ်ပြီးဆုံးတဲ့အခါ တခြားသူတွေလိုပဲ နတ်ဘုရားကပ်ဘေးဒုက္ခကို ရှောင်ရှားဖို့ အိပ်စက်ခြင်းထဲ ဝင်ခဲ့တယ်လို့ ဗေဒင်ဆရာက ပြောခဲ့ပါတယ်။ ”
“ ဒါဆို မင်းရဲ့မွေးစားအဖေက ဓမ္မအဆုံးခေတ်မတိုင်မီတည်းက သေဆုံး သွားတာလား။ ”
“ ဟုတ်ပါတယ် အဲဒီတုန်းက ငါ့ရဲ့မွေးစားအဖေက ဒဏ္ဍာရီလာတာအိုကို သက်သေပြဖို့ မြောက်ပင်လယ်ဆီသွားခဲ့ချိန်မှာ ကျန်တိုင်းအာရဲ့ တားဆီးခံခဲ့ရတာပါ။ ”
သူမ ပြောကြားနေစဉ် အဆုံးမဲ့ အမုန်းတရားများ ရွှေမျက်ဝန်းများထဲ တောက်ပ လာတော့သည်။
“ အဲဒီတုန်းက ကျန်တိုင်းအာက သူ့သမီးအတွက် ငါ့မွေးစားအဖေရဲ့အရေခွံနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်တစ်ရံ လိုအပ်တယ်လို့ ပြောခဲ့ပါတယ် ...
... မွေးစားအဖေက သူ့ကို မယှဉ်နိုင်ဘူးဆိုတာသိတာမို့ အရေခွံတစ်ပိုင်းကို ပေးဖို့ သဘောတူခဲ့တယ် ဒါပေမယ့် သူ့သမီးက နဂါးအရိုးဓားတစ်လက် လိုချင်နေသေးတယ်လို့ ထပ်ပြောလာပါတယ် ... ။ ”
ထိုစကားကို ကြားချိန်၌ စုရီမှာ မျက်မှောင်ကြုတ်သွားလေသည်။ ဤသည်မှာ ကျန်တိုင်းအာ၏ လူတစ်ယောက်ကို လုယက် တော့မည့် နည်းလမ်းပေပင်။
“ မွေးစားအဖေလည်း တစ်ဖက်လူက တမင်လုပ်နေတာ သဘောပေါက်ပြီး ချက်ချင်း ထွက်ပြေးပါတယ် ဒါပေမယ့် နောက်ဆုံးတော့ ...
... သူ ဒီကပ်ဘေးကြီးကို ရှောင်လွှဲလို့ မရခဲ့ပါဘူး သူ့ရဲ့ဝိညာဉ်အပိုင်းအစတစ်ခုသာ လွတ်မြောက်နိုင်ခဲ့ပါတယ်။ ”
... အဆုံးမှာတော့ ကျန်တိုင်းအာက မွေးစားဖခင်ရဲ့ နဂါးဦးချို၊ အကြေးခွံ၊ အရွတ်၊ အရိုးနဲ့ ခြေသည်းတွေကို ရတနာတွေအဖြစ် သန့်စင်ထားတယ်လို့ ကြားပါတယ် ...
... အသား၊ မျက်လုံးနဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုတော့ ဆေးရည်အဖြစ်နဲ့ သန့်စင်အသုံးပြုခဲ့ပါတယ် ... ။ ”
အဆုံးတွင် မိန်းကလေးသည် မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ်တုန်ခါလျက် ရောင်ဝါများ ပွင့်ထွက်လာတော့သည်။
စုရီက သူ့နဖူးကို ကုပ်ခြစ်လျက်၊
“ မင်းရဲ့မွေးစားအဖေကို အဲဒီကျန်တိုင်းအာက ဘာလို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရတာလဲ မင်း သိလား။ ”
ကျန်တိုင်းအာသည် တစ်စုံတစ်ဦးကို လုယက်တော့မည့်အချိန်တွင် အကြောင်းပြချက် အမြဲရှိ၏။ မိန်းကလေးက ခေါင်းကို ခါးသီးစွာ ခါယမ်းပြပြီး၊
“ မွေးစားအဖေက ငါလက်စားချေမှာကို စိုးရိမ်နေတာ ဒါကြောင့် သူ သေသွားတဲ့အထိ အကြောင်းရင်းကို မပြောပြခဲ့ဘူး ...
... ဒီကိစ္စကို မေ့ပစ်ပြီး ဒီဘဝမှာ သူ့အတွက်ဘယ်တော့မှ လက်စားမချေဖို့ မှာကြားခဲ့တယ် ... ။ ”
-ဟု ဖြေကြားလာ၏။ စုရီတစ်ယောက် သက်ပြင်းချလိုက်သည်။ ထိုအကြောင်းအရာ အပေါ် သူနားလည်နိုင်၏။
သူ့ရှေ့မှ မိန်းကလေးသည် ကျန်တိုင်းအာအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ချေ။ လက်စားချေရန် ကြိုးစားခြင်းဖြင့် ရတနာသိုက်ကို တံခါးဝပို့ဆောင်ခြင်းသာ ဖြစ်ပေမည်။
ခဏမျှစဉ်းစားပြီးနောက်၊
“ ဒါဆို မင်းရဲ့မွေးစားအဖေ မသေခင်မှာ သူ့ရဲ့ သွေးနဂါးသံကြိုးကို အသုံးပြုပြီး ... မင်းကို ဒီမှာချုပ်နှောင်ထားခဲ့တာလား။ ”
-ဟု မေးလိုက်သည်။ မိန်းကလေးက ခေါင်းညိတ်ပြ၏။
“ မှန်ပါတယ် မွေးစားအဖေက ငါ့ရဲ့ မျိုးဆက်သွေးစွမ်းအားကို တံဆိပ်ခတ်ဖို့အတွက် သွေးနဂါးသံကြိုးကို အသုံးပြုခဲ့တာပါ ...
... ဒါကြောင့် ဒီဂျူနီယာက နဂါးအသွင်ပြောင်းရေကန်ထဲ မဝင်နိုင်အောင် တားဆီးခံထားရပါတယ်။ ”
စုရီမှ အံ့အားသင့်သွား၏။
“ ဒါဆို မင်းကနဂါးအဖြစ် အသွင်မပြောင်းနိုင်သေးဘူးပေါ့။ ”
“ ဟုတ်ပါတယ် မွေးစားအဖေက ငါနဂါးဖြစ်လာတာနဲ့ ကြီးမားတဲ့ကပ်ဘေးကြီး ယူဆောင်လာလိမ့်မယ်လို့ ပြောပါတယ် ...
... စီနီယာတျန်းစွမ်ကျိကလည်း ငါ့ရဲ့ စိတ်နေစိတ်ထားနဲ့ ကံကြမ္မာက အခွင့်အရေးကို စောင့်ဖို့လိုနေတယ်လို့ အကြံပြုပါတယ် ... ။ ”
“ သူတို့က မင်းအကြောင်း တကယ် တွေးပေးခဲ့ကြတာပဲ။ ”
နဂါးများသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးသတ္တဝါများပင်။ မျိုးဆက်သွေး၊ အရည်အချင်းနှင့် အုတ်မြစ်မည်သို့ပင်ဖြစ်စေ အခြားသော သတ္တဝါများထက် သာလွန်၏။
ထိုစဉ်က နဂါးနက်သခင်သည် နဂါးအသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ မရောင်ခင်မှာပင် ကျန်တိုင်းအာထံမှ ဝိညာဉ် အပိုင်းအစတစ်ခု ထွက်ပြေးနိုင်ခဲ့၏။
ထိုသည်မှာပင် အံ့ဩစရာပေပင်။ နဂါးနက်သည်သာ တတိယအသွင်ပြောင်းခြင်း ခံယူပြီးသော် အင်မော်တယ်မြေ၌ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာနိုင်၏။
ထို့ကြောင့်ပင် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် မြင့်မြတ်သူများ၏ အမြင်တွင် နဂါးဟူသည် ရှားပါးရတနာအမျိုးအစားအဖြစ် ရှုမြင်တတ်လာကြ၏။
နဂါးတစ်ကောင် ပေါ်လာသည်နှင့် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပေါ်လာတတ်ပြီး သွေးလွှမ်းတတ်ကြပေသည်။
မျိူးဆက်သွေးသန့်စင်လေ အန္တရာယ်ကျရောက်နိုင်ချေ ရာခိုင်နှုန်းပိုမို များပြားချေ၏။
မည်သူမဆို ထိုမျှ တန်ခိုးကြီးသော နဂါးတစ်ကောင်ကို စီးနင်းခြင်း၊ ရတနာအဖြစ် သန့်စင်ခြင်း၊ တောင်တံခါးတွင် စောင့်ကြပ်ခြင်း စသည်တို့ကို နှစ်သက်ကြချေပြီ။
ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် မြင့်မားသောအရည်အချင်းများ ပိုင်ဆိုင်နေသော် သူ့အတွက် ပြိုင်ဘက်များသည် အထွတ်အထိပ် တည်ရှိမှုများ ဖြစ်လာတတ်တော့၏။