← Chapters

အခန်း ၁၁၆၆

Vol. 98 Ch. 1166

အခန်း ၁၁၆၆

Vol. 98 Ch. 1166

  အခန်း ၁၁၆၆ -

အတိတ်မှ ရန်သူ။

“ စီနီယာ၊ မွေးစားအဖေကို သတ်ခဲ့တဲ့အမုန်းတရားကို ဒီမိန်းကလေးက ဒီလိုထားလိုက်ရမှာလား။ ”

မိန်းကလေးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှေမျက်လုံးဖြင့် စုရီကို မော့ကြည့်ကာ မေးမြန်းလိုက်သည်။

“ ငါ ခံနိုင်ရည်ရှိတယ်၊ စောင့်နိုင်တယ်၊ ဒါပေမယ့် ဒီအမုန်းတရားကိုတော့ လက်စား မချေဘဲ မနေနိုင်ပါဘူး။ ”

စုရီက တိတ်ဆိတ်စွာ တွေးတောနေရာမှ၊

“ မင်းကို ငါကူညီနိုင်တယ်လို့ ပြောခဲ့တာ အဘိုးကြီးထျန်းစွမ်ကျိလား။ ”

မိန်းကလေးမှ ခေါင်းညိတ်လျက်၊

“ စီနီယာထျန်းစွမ်ကျိက တစ်ချိန်က ဒီမိန်းကလေးအတွက် ဗေဒင်ဟောခဲ့ဖူးပါတယ် ဒါကြောင့် သူ့အသက်ကို ထိခိုက်စေခဲ့တယ် အခု စီနီယာရဲ့ဒဏ်ရာက ပိုဆိုးလာနေပါပြီ … ။”

-ဟု ဖြေကြားလိုက်သည်။

“ သူရဲကောင်းတွေက အသက်မရှည်ဘူး လူယုတ်မာတွေက ထောင်စုနှစ်ပေါင်းများစွာ အသက်ရှည်ကြတယ် သမိုင်းတစ်လျှောက်မှာ အသက်အရှည်ဆုံး နေထိုင်နိုင်သူအဖြစ် ...

... အဲဒီအဘိုးကြီးက ပထမနေရာ ရထားတယ် မင်းသူ့အတွက် ဒီလောက်လည်း စိတ်ပူနေစရာမလိုဘူး။ ”

စုရီစကားကြောင့် မိန်းကလေးက အံ့အားသင့်သွားပြီး ထူးဆန်းသောအကြည့်နှင့် ထိုစကားအပေါ် စဉ်းစားနေခဲ့သည်။

“ သူ မင်းအတွက် ဘာတွေဟောခဲ့လဲ။ ”

“ နဂါးက ပျံသန်းလာပြီ၊ မြင့်မြတ်သူကို မြင်ခွင့်ရတာ အကျိုးရှိတယ်။ ”

စုရီက ချက်ချင်းနားလည်သွားသည်။ ထိုအဘိုးကြီးသည် သူ့ကို အခွင့်အရေးအဖြစ် အသုံးပြုပြီး သူမအတွက် လက်စားချေရာတွင် အကူအညီတောင်းရန်ဖြစ်၏။

တစ်နည်းအားဖြင့် ဤနှစ်များတလျှောက် ထိုအဘိုးကြီးသည် သူ မသေကြောင်းသိနေခဲ့၏။ သည့်ပြင် ကျန်တိုင်းအာကို လက်စားချေခြင်း၌ သူသည်သာ ဤမိန်းကလေးအပေါ် ကူညီနိုင်ကြောင်းလည်း တွက်ဆထားသည်။

“ အမှန်အတိုင်းပြောရရင် မင်းရဲ့ ခန္ဓာကိုယ်ပေါ်က တံဆိပ်ကို ငါဖယ်ရှားပေးပြီး စစ်မှန်တဲ့နဂါးအဖြစ် ပြောင်းလဲဖို့ ...

... အခွင့်အရေး ပေးရင်တောင် ကျန်တိုင်းအာကိုသတ်ဖို့ မျှော်လင့်ချက်က မင်းမှာ ကင်းမဲ့လုနီးပါးပါပဲ။ ”

“ အသွင်ပြောင်းခြင်း တတိယအဆင့်ကို ရောက်ရင်တောင်မှလား။”

“ အသွင်ပြောင်းခြင်း တတိယအဆင့်ကို ရောက်ဖို့ အရမ်းခက်ခဲလို့ ဒဏ္ဍာရီနယ်မြေလို့ ခေါ်တယ်ဆိုတာ မင်းသိသင့်တယ်။ ”

... မင်းရဲ့ မွေးစားအဖေက တတိယအသွင်ပြောင်းခြင်း နယ်ပယ်အောက်မှာ ပြိုင်ဘက်ကင်းပဲ ဒါပေမယ့် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့တာတောင် နောက်ဆုံးအဆင့်ကို မတက်နိုင်ခဲ့ဘူး။ ”

အမှန်တရားသည် ရက်စက် ကြမ်းကြုတ်လှ၏။ အင်မော်တယ်မြေသမိုင်း၌ ကျင့်ကြံသူပေါင်း မြောက်များစွာ ပေါ်ထွက်လာဖူးသည်။

အဆုံးတွင် အင်မော်တယ်လမ်းကို ခြေချနိုင်သူသည် တစ်သောင်း၌တစ်ယောက် မျှသာ ရှိသည်။

သူတော်စင်အင်မော်တယ်အတွက်မူ ဖြစ်နိုင်ချေမှာ သာ၍နည်းပါး၏။ ထို့ကြောင့်ပင် သူတော်စင် အင်မော်တယ်သည် ပထမတန်းစား တည်ရှိမှုဖြစ်လာခဲ့သည်။

အံ့ဖွယ်တာအိုကို ပိုင်ဆိုင်ကာ အင်‌မော်တယ်ဘုရင် ဖြစ်လာရန်အတွက်ဆိုက ပို၍ပင် ခက်ခဲနေသေး၏။

သူတော်စင်အင်မော်တယ် အယောက်တစ်ထောင်လျှင် တစ်ယောက်သာ အခွင့်အရေးရှိသည်။

တတိယအသွင်ပြောင်းနယ်ပယ်သည် ဒဏ္ဍာရီနယ်ပယ်ဖြစ်ပြီး အတိတ်ကာလသမိုင်း တလျှောက် မည်သူမျှ ခြေမချနိုင်သေးချေ။

ထို့ကြောင့် တစ်စုံတစ်ဦးသည်သာ တတိယအသွင်ပြောင်းနယ်ပယ်သို့ တက်ရောက် နိုင်သော် အထွတ်အထိပ်တွင် ရပ်နေသော ပြိုင်ဘက်ကင်း စွမ်းအားရှင်ဖြစ်လာပေမည်။

စိတ်ဓါတ်ကျသွားသော မိန်းကလေးကို ပြန်ကြည့်လျက် စုရီက၊

“ ဒါပေမယ့် ... လူသားတွေရဲ့ ကြိုးစားအားထုတ်မှုက အရာအားလုံးကို ဖြစ်စေနိုင်ပါတယ် ... ဒီကနေ့ အင်မော်တယ်မြေက ...

... အရင်ကလို မဟုတ်တော့ဘူး အပြောင်းအလဲကြီးတစ်ခု ကြုံတွေ့နေရတယ် မရေမတွက်နိုင်တဲ့ နှစ်တွေအပြီးမှာ ရွှေခေတ်လို့ ခေါ်နိုင်တော့မယ် ...

... ဒီလို အချိန်အခါမျိုးမှာ တာအိုကို အထွတ်အထိပ်နယ်ပယ်အထိ သက်သေပြနိုင်ဖို့ အခွင့်အလမ်းတွေက အရင်ကထက် ပိုများလာမှာ သေချာပါတယ် ...

... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်ပေမယ့် ... မင်းငါ့ရဲ့အစီအစဉ်ကိုတော့ လိုက်နာရမယ် မင်းသဘောတူရင် ... မင်းရဲ့ တံဆိပ်ကို ငါ ဖယ်ရှားပေးမယ်။ ”

“ ဒီဂျူနီယာက ဆန္ဒရှိပါတယ်။ ”

“ မင်းအတွက် ငါ ဘာစီစဉ်ထားလဲဆိုတာ မင်း မမေးဘူးလား။ ”

“ မွေးစားအဖေအတွက် ... ဒီဘဝ လက်စားချေနိုင်သရွေ့ ဘာမဆိုလုပ်နိုင်ပါတယ်။ ”

ထိုစကားကြောင့် စုရီက သနားစိတ်နှင့် ညင်သာစွာ သက်ပြင်းချလိုက်ပြီး၊

“ တကယ်တော့ ဘာမှလုပ်စရာမလိုပါဘူး အနာဂတ်မှာ ကျန်တိုင်းအာကို ငါသတ်ပစ်မှာ။ ”

-ဟု ပြောကြားလိုက်၏။

ကျန်တိုင်းအာသည် အခြားသော ပြိုင်ဘက်ကင်းပညာရှင်များနှင့်အတူ ဝမ်ယဲ့ကို ချုံခိုတိုက်ခိုက်ခဲ့ဖူး၏။ ဤရန်ငြိုးကို သူသည်လည်း လက်စားချေရပေမည်။

“ ဒီဂျူနီယာက သူ့ကို ကိုယ်တိုင်သတ်ချင်နေတာ။ ”

စုရီက ခေါင်းညိတ်လျက် စကားမဆိုတော့ချေ။ ကျန်တိုင်းအာကို ဝမ်ယဲ့၏ ရန်သူအဖြစ် ယူဆထားတာကြောင့် ထိုသူ၏ အစွမ်းသတ္တိကို လျှော့တွက်၍ မရချေ။

သို့သော် ပြိုင်ဘက်ကင်း မဟုတ်သည်မှာ သဘာဝပေပင်။ နဂါးသွေးသံကြိုးနှင့် ယခုကဲ့သို့ နှစ်ပေါင်းများစွာ ပိတ်နှောင်ခံရပြီးနောက် ဤမိန်းကလေးသည် နဂါးမဖြစ်သေးသော်မှ အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိထား၏။

စစ်မှန်သောနဂါးအဖြစ် ပြောင်းလဲသော် တတိယအသွင်ပြောင်းခြင်းကို ရရှိသွားနိုင်မည်။ ထို့ကြောင့် အနာဂတ်တွင် ကျန်တိုင်းအာကို သတ်ရန်အခွင့်အရေးလည်း ရှိနိုင်ချေ၏။

ယင်းသည် ခက်ခဲပြီး မျှော်လင့်ချက်လည်း နည်းပါးသည်။ သို့သော် ထိုအခွင့်အ‌ရေးပေးရန် သူ့၌ဆန္ဒရှိနေချေ၏။

“ နောက်တစ်ခု ... ငါဒီမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံမယ် အဲဒီအချိန်အတွင်းမှာ ငါ မင်းကို တာအိုပညာရပ် တစ်ခု သင်ပေးမယ် ...

... ဒီတာအိုပညာရပ်ကို မင်းနားလည်သွားပြီးရင် ဘာဆက်လုပ်ရမလဲ ဆိုတာ ငါပြောပြမယ်။ ”

သူ စကားပြောနေစဉ် ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်။ မိန်းကလေးက ချက်ချင်း ရှေ့တိုးလာပြီး ကျေးဇူးတင်သောအသွင်နှင့် လက်ခံယူတော့၏။

“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”

“ငါက မင်းရဲ့မွေးစားဖခင်နဲ့ အရမ်းရင်းနှီးတယ် အဲဒီအဘိုးကြီးတျန်းစွမ်ကျိရဲ့ အကြံဉာဏ်မပါဘဲနဲ့တောင် ဒီကိစ္စမှာ မင်းကို ငါကူညီပေးမှာပါ။ ”

“ ဒီဂျူနီယာက စီနီယာကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ”

.....

ထိုနေ့တွင် နဂါးနီသခင်၏ အမိန့်ဖြင့် နဂါးနက်အစောင့်တပ်မှူး ရှင်းယုကိုယ်တိုင်ပင် ဦးဆောင်ကာ စုရီ၊ ချင်းဝေနှင့် ဖန်ဟန်တို့ကို နဂါးပုန်းတောင်၌ နေစရာစီစဉ်ပေးခဲ့၏။

ခြံဝင်းသည် အိုမင်းနေသော ရှေးဟောင်းသစ်ပင်များနှင့် စိမ်းလန်းစိုပြေသော အပင်ငယ်များပြည့်နှက်နေ၏။ ပထမတန်းစား ကျင့်ကြံမှု နယ်မြေပေပင်။

“ သခင်လေး ... ငါ့သခင်က လိုအပ်တဲ့အကူအညီမှန်သမျှ ဖြည့်ဆည်းပေးဖို့ မှာကြားထားပါတယ်။ ”

စုရီမှ ခေါင်းညိတ်ပြသည်။

“ မင်းအတွက် ဒုက္ခဖြစ်စေပြီ။ ”

ရှင်းယုမှ လက်ဝှေ့ယမ်းကာ၊

“ ဒီအတွက် ဂုဏ်ယူစရာပါ။ ”

-ဟု ပြောကာ နှုတ်ဆက် ထွက်ခွာသွားတော့သည်။ ထိုနောက် စုရီသည် ချင်းဝေကို သူ့အစီအစဉ်များရှင်းပြ၏။

“ ချင်းဝေ ... နောင်မှာ ဒီကောင်လေးရဲ့ ကျင့်ကြံမှုကိုလမ်းညွှန်ပေးပြီး သူ့အုတ်မြစ်ပေါ် တည်ငြိမ်အောင် ကူညီပေးပါ။”

ထို့နောက် ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပြားတစ်ချပ်ကို ကမ်းပေးလိုက်၏။

“ ဒါက သူတို့ရဲ့ နဂါးခြင်္သေ့မျိုးနွယ်ရဲ့ လျှို့ဝှက်အမွေဖြစ်တဲ့ အသွင်ပြောင်းခြင်းရှစ်ပါးပဲ မင်းသူ့ကို သင်ပေးရမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းဝေက ကျောက်စိမ်းပြားကို ယူလိုက်သည်။ ဘေးမှ နားထောင်နေသော ဖန်ဟန်ခမျာ မျက်ခုံးပင့်လျက်၊

“ ဓမ္မအဆုံးခေတ်မှာ ငါ့ဘိုးဘေးတွေရဲ့ အသွင်ပြောင်းခြင်းရှစ်ပါးနည်းစနစ် ပျောက်ဆုံး သွားခဲ့တာပဲ၊ မင်းမှာ ... ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ အချိန်တန်ရင် မင်း နားလည်လာလိမ့်မယ်။ ”

စုရီမှ ရှင်းပြရန် ပျင်းရိနေခဲ့၏။ သည့်နောက် ချင်းဝေထံ လှည့်ကြည့်ကာ၊

“ ငါ့အမြင်အရ ... မင်းရဲ့ဆရာသခင် လျိုယွမ်ဟာ နတ်ဘုရားကပ်ဘေးဒုက္ခကြီးကို ရင်ဆိုင်နေရပေမယ့် သူအဆင်ပြေနေမှာပါ မစိုးရိမ်ပါနဲ့ ဒီနဂါးနက်စျေးကနေ ...

... ထွက်သွားပြီးရင် သူနဲ့ ပါတ်သတ်တဲ့ အချက်အလက်တွေကို မင်းရှာကြည့်သင့်တယ် လိုအပ်ရင် ငါ အကူအညီပေးနိုင်တယ်။ ”

-ဟု မှာကြားလိုက်၏။ ချင်းဝေတစ်ယောက် ကျေးဇူးတင်သောမျက်ဝန်းများဖြင့် ခေါင်းညိတ် ပြလာတော့သည်။

“ ဒီမှာ ချီလင်သွေးအဆီအနှစ်ပဲ ယူပြီးသန့်စင်လိုက်ပါ။ ”

စုရီက လောင်ကျွမ်းနေသော မီးလျှံတစ်စက်ကို ကမ်းပေးလိုက်ပြန်သည်။ ချင်းဝေခမျာ အံ့အားသင့်သွား၏။

“ ဒီကောင်လေးရဲ့အုတ်မြစ်ကို တည်ဆောက်ပြီးရင် သူ့အတွက်လည်း တဝက် ခွဲပေးလိုက်ပါ။ ”

ဤသည်မှာ ရှားပါးသော ချီလင်သွေး အဆီအနှစ်ဖြစ်၏။ ပထမတန်းစား ဂိုဏ်းကြီး၌ သန့်ရှင်းသောသားတော်ရာထူး ရရှိသူများမှသာ ထိုသို့သော ရတနာကို ထောက်ပံ့မှုရရှိပေမည်။

သူမသည် ပိုင်ဇီမျိုးနွယ်၏ သားစဉ်မြေးဆက်တစ်ယောက်ဖြစ်ပြီး ဦးချို ခြောက်ချောင်း ဆိတ်တစ်ကောင်ပေပင်။

ဖန်ဟန်အတွက်မူ သူမထက် ပို၍ဂုဏ်သိက္ခာရှိသော နဂါးခြင်္သေ့မျိုးနွယ်၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်ချေ၏။

သူတို့အတွက် ချီလင်သွေးကို သန့်စင်ခြင်းသည် အလားအလာနှင့်အနာဂါတ် အရည်အချင်းများကို မယုံနိုင်လောက်အောင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေမည်။

စုရီအတွက်မူ ချီလင်သွေးသည် အသုံးမဝင်ချေ။ အသုံးပြုသော် ဖြန်းတီးရာ ကျသွားပေလိမ့်မည်။ ထို့နောက် စုရီက ထပြီး ခြံဝင်းထဲကနေ ထွက်ခွာသွားတော့၏။

ယနေ့အတွက် ကောင်းကင်စမ်းသပ်ဂူကို ဝင်ရောက်ရန် စီစဉ်ထားချေပြီ။ စုရီ ပုံရိပ်လုံးဝ ပျောက်ကွယ်သွားချိန်တွင် ချင်းဝေသည် အိပ်မက်မှ နိုးထလာသကဲ့သို့၊

“ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ငါ့ဘဝတစ်ခုလုံးနဲ့ ပြန်လည်ပေးဆပ်ရင်‌တောင် လုံ‌လောက်တော့မှာ မဟုတ်ဘူး ... ။ ”

-ဟု ညည်းတွားလိုက်တော့၏။

“ စီနီယာ ... ငါတို့ အသွင်ပြောင်းခြင်း ရှစ်ပါးနည်းစနစ်ကို အရင် ကြည့်လို့ရမလား။ ”

ဖန်ဟန်မှ သည်းမခံနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ သို့မှသာ ချင်းဝေတစ်ယောက် သတိဝင်လာတော့၏။  

“ ရတာပေါ့ ... ။ ”

ထိုအချိန်တွင် စုရီသည် ရှင်းယုနှင့်အတူ ကောင်းကင်စမ်းသပ်လှိုဏ်ဂူထံသို့ ဦးတည်နေပြီ ဖြစ်လေသည်။

***

All Chapters