အခန်း ၁၁၆၇
Vol. 98 Ch. 1167
အခန်း ၁၁၆၇ -
ကောင်းကင် စမ်းသပ်ဂူ ... ။
ကောင်းကင်စမ်းသပ်ဂူတံခါးဝတွင် အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံး စိတ်ရှည်ရှည်စောင့်ဆိုင်းနေသည်။
ယခုအချိန်တွင် အမည်ခံအင်မော်တယ် အဆင့် ပြိုင်ဘက်ကင်းသော ပါရမီရှင်(၆)ဦးသာ ဂူထဲတွင် ကျန်ရှိတော့၏။
ရှင်းယုနှင့်အတူ စုရီရောက်ရှိလာသောအခါ လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ သဟဇာတခြောက်ပါးကျောင်းမှ အကြီးအကဲ လီစုန်ဖူမှ အပြုံးဖြင့်နှုတ်ဆက်လိုက်၏။
“ ညီလေးရှင်းယု၊ မင်းဘာကြောင့် ဒီကိုရောက်လာတာလဲ။ ”
သူသည် လိမ္မော်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသောလေထုမျိုး ထုတ်ဖော်ပြသထားလေသည်။
“ ငါ ဒီသခင်လေးကို လိုက်ပို့ပေးတာပါ။ ”
ရှင်းယုက ပြုံးရွှင်စွာရှင်းပြ၏။ ချက်ချင်း လူအများ၏မျက်လုံးများမှာ စူးစမ်းလိုစိတ်ဖြင့် စုရီထံကျရောက်လာလေသည်။
နဂါးနက်အစောင့်တပ်မှူး၏ အစောင့်အရှောက်ကို ရရှိရန်ထိုက်တန်သော ဤလူငယ်သည်ကား မည်သူနည်း။
ကံမကောင်းစွာဖြင့် သူတို့အားလုံး စုရီကိုမရင်းနှီးသောကြောင့် လုံးဝမသိကြချေ။ မိန်းကလေး ယွမ်နင်မှပြုံးလျက်၊
“ တာအိုရှင်းယုကိုယ်တိုင် ... ဖိတ်ခေါ်လာတာဆိုတော့ ဒီသခင်လေးက အမည်ခံအင်မော်တယ်အဆင့်မှာ ထူးခြားတဲ့ လူတစ်ယောက် ဖြစ်ရမယ်။ ”
-ဟု နှုတ်ဆက်လိုက်သည်။
“ အမည်ခံ အင်မော်တယ်လား ... ။ ”
ရှင်းယုတစ်ယောက် မျက်နှာအမူအရာ ပြောင်းလဲလျက် မည်သည့်စကားများမဆိုရမှန်း နားမလည်နိုင်တော့ချေ။ ထိုစဉ် စုရီမှ၊
“ မဟုတ်ဘူး ငါ တိမ်ပေါ်ပျံသန်းခြင်း အဆင့်မှာပဲ ရှိပါသေးတယ်။ ”
-ဟု ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်၏။ လူတိုင်း အံ့အားသင့်သွားကြသည်။ လေထုမှာ ရုတ်ချည်း လေးပင်သွား၏။
သေမျိုးတစ်ယောက်သည် ကောင်းကင်စမ်းသပ်ဂူသို့ ဝင်ဝံ့သည်လော။ ယင်းသည် အမည်ခံအင်မော်တယ်များအတွက် သီးသန့်ပြင်ဆင်ထားသော ကျင့်ကြံရာ နယ်မြေပေပင်။
ထိုပြင် မည်သူမဆို ဝင်ရောက်ခွင့်ရှိသော အရပ်မဟုတ်ချေ။ အင်မော်တယ် အင်အားစုများ အတွက်ပင် ဝင်ခွင့်တစ်နေရာအတွက် များစွာ ပေးဆပ်ခဲ့ရချေသည်။
ယွမ်နင်တစ်ယောက် ရှက်ရွံ့သွား၏။ သေမျိုးတစ်ယောက်ကို အင်မော်တယ်အဖြစ် သူမ ထင်မှားခဲ့သည်မှာ ရယ်စရာပေပင်။
ထိုအချိန်တွင် ရှင်းယုနှင့် စုရီသည် အဝေးသို့ရောက်ရှိသွားပြီဖြစ်၏။ ချက်ချင်းပင် နံရံပေါ်၌ လေဟာနယ်ဝဲဂယက်ကြီးတစ်ခု ပေါ်လာလေသည်။
ရှင်းယုမှ သူ့ဘေးနားက ကျောက်ပြားတစ်ချပ်ထံ လက်ညှိုးထိုးညွှန်ပြပြီး၊
“ သခင်လေး၊ ကျောက်ပြားပေါ်မှာ တံဆိပ်တစ်ခုရယူဖို့ မင်းရဲ့လက်ဖဝါးကိုတင်ပါ ကောင်းကင်စမ်းသပ်ဂူကနေ ထွက်လိုတဲ့အခါ ဒီတံဆိပ်ကို ချေဖျက်လိုက်ပါ။ ”
-ဟု ပြောကြားလိုက်သည်။ စုရီက ခေါင်းညိတ်ပြီး ရှင်းယုပြောကြားသည့်အတိုင်း လုပ်ဆောင်လိုက်၏။
ကျောက်ပြားသည် ရုတ်တရက် တောက်ပလာပြီး ခမ်းနားသောဥပဒေမိုးရေများ ထုတ်လွှတ်လာလေသည်။ အဆုံးတွင် ထိုဥပဒေ မိုးရေများသည် လက်ဖဝါးအရွယ် ခရမ်းရောင် တံဆိပ်အဖြစ် စုစည်းသွားတော့၏။
“ သခင်လေး ကောင်းကင်စမ်းသပ်ဂူရဲ့ စည်းမျဉ်းတွေကို ရှင်းပြပေးလို့ရမလား။ ”
ရှင်းယုက ပြုံးပြီး မေးလိုက်သည်။
“ မလိုပါဘူး ... ။ ”
စုရီက ခရမ်းရောင်တံဆိပ်ကိုကိုင်ကာ ခေါင်းခါလျက် လေဟာနယ်ဝဲဂယက်အတွင်းသို့ ခြေချပျောက်ကွယ်သွားလေသည်။
“ တာအိုရှင်းယု ... အဲဒီ လူငယ်လေးက ဘယ်သူလဲ။ ”
လီစုန့်ဖူမှ မမေးဘဲမနေနိုင်တော့ချေ။ အခြားသူများလည်း စိတ်ဝင်စားလာကြသည်။ သေမျိုးတစ်ဦးကို နဂါးနက်အစောင့်တပ်မှူးမှ လိုက်ပါပို့ဆောင်နေသည်မှာ မယုံနိုင်စရာ ကောင်းနေချေ၏။
“ အဲဒီသခင်လေးက ... ငါတို့ နဂါးနက်စျေးရဲ့ပထမတန်းစား ဂုဏ်ထူးဆောင် ဧည့်သည်ပဲ ကျေးဇူးပြု၍ ယဉ်ကျေးကြပါ။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ တာအိုရှင်းယု ဒီထက်ပြောပြနိုင်ဦးမလား။ ”
ရှင်းယုမှ ခေါင်းခါလိုက်ပြီး၊
“ ဒီကိစ္စကို နောက်ထပ်မမေးတာ အကောင်းဆုံးပဲ။ ”
-ဟု ငြင်းဆန်၏။ ထို့နောက် ချက်ချင်း လှည့်ထွက်သွားတော့သည်။ ယင်းက လီစုန့်ဖူကို မျက်မှောင်ကြုတ်မိစေ၏။
“ ကြည့်ရတာ ဒီသခင်လေးက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ သားတပည့် တစ်ယောက်ဖြစ်နိုင်မလား။ ”
ထိုသုံးသပ်ချက်အပေါ် ယွမ်နင်မှလည်း၊
“ အင်မော်တယ်နယ်မြေကြီးမှာ စုဆိုတဲ့ မျိုးရိုးနာမည်နဲ့ အင်မော်တယ်ဘုရင်ကို ငါ လုံးဝ မကြားဖူးဘူး။ ”
-ဟု တုန့်ပြန်၏။
“ မှန်တယ် ... ဘာပဲဖြစ်ဖြစ် အဲဒီသခင်လေးစုရဲ့ နောက်ခံက ငါတို့တွေ ထင်ထားတာထက် ပိုသန်မာနိုင်မယ်။ ”
“ ဒါပေမယ့် သူ့ကျင့်ကြံမှုက သေမျိုးတစ်ယောက်ပဲ မဟုတ်လား ကောင်းကင် စမ်းသပ်ဂူထဲမှာ ဘယ်အဆင့်ရောက်နိုင်မလဲ ဆိုတာ ငါသိချင်တယ်။ ”
ကောင်းကင် စမ်းသပ်ဂူတွင် အဆင့်ကိုးဆင့်ရှိပြီး ထိုအဆင့်တိုင်းသည် အန္တရာယ်များချေ၏။
ဓမ္မအဆုံးခေတ်ပြီးနောက် မည်သူမျှ အဆင့်ကိုးဆင့်လုံးကို မအောင်မြင်နိုင်ခဲ့ချေ။ ထို့ကြောင့် စုရီအဆင့်အတန်း မည်မျှထူးခြား နေပါစေ အကောင်းမမြင်ခြင်း ဖြစ်သည်။
“ သူ ဒီမှာ ပျော်စရာအတွက်ပဲ ရောက်လာတာနေမယ် စမ်းသပ်ဖို့အတွက်တော့ မဟုတ်လောက်ဘူး။ ”
များမကြာခင်မှာပင် အားလုံးက ထိုအကြောင်းပြောနေခြင်းကို ရပ်လိုက်ကြ တော့၏။
သေမျိုးတစ်ယောက်သည် သူ၏ ဝိသေသလက္ခဏာကြောင့်သာ စိတ်ဝင်စားဖွယ် ကောင်းခြင်းဖြစ်၏။ ကောင်းကင်စမ်းသပ်ဂူ၌မူ နောက်ခံနှင့်ရာထူးသည် အသုံးမဝင်နိုင်ချေ။
ကောင်းကင်စမ်းသပ်ဂူ၊ ပထမအဆင့်။
စုရီတစ်ယောက် ကျယ်ပြောလှသော ခန်းမကြီးထဲပေါ်လာ၏။ အတွင်း၌ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားများ ဖုံးလွှမ်းနေသည့် အနက်ရောင် ကျောက်တုံးကြီးတစ်တုံးရှိသည်။
ဤသည်မှာ စမ်းသပ်ကျောက်တုံးပေပင်။ ထိုကျောက်တုံးပေါ်နင်းလိုက်သော် စိန်ခေါ်သူ၏ စစ်မှန်သောအစွမ်းသတ္တိကို တိုင်းတာနိုင်၏။
နောက်ဆက်တွဲ ရလာဒ်အနေဖြင့် စိန်ခေါ်သူ၏ပြိုင်ဘက်ကို ထိုအချင်းအရာများထံ အခြေခံပြီး တွက်ချက်ဖန်တီးသည်။
စုရီက စမ်းသပ်ကျောက်တုံးပေါ် နင်းချလိုက်သောအခါ ကျယ်လောင်လွန်းသည့် အသံများ ပဲ့တင်ထပ်ပြီး အလင်းရောင်များ ကျဆင်းလာချေပြီ။
တစ်ဆက်တည်းမှာ ဖိအားသည်လည်း အဆက်မပြတ် တိုးလာသည်ကို ခံစားလိုက်ရ တော့၏။ အဆုံးတွင် နေရာတိုင်းတွင် ရှိနေသော ထိုဖိနှိပ်ချုပ်ချယ်မှုကို ခုခံရန် သူ့ကျင့်ကြံမှုကို အပြည့်အဝ လည်ပတ်လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် ကျင့်ကြံမှုသည် အဆုံးစွန်ထိ ရောက်ရှိလာကာ ဖိအားများ ပျောက်ကွယ်သွားခဲ့သည်။ တစ်ဆက်တည်းမှာပင် လူသူကင်းမဲ့သည့် ကမ္ဘာတစ်ခုထဲ ပြန်ပေါ်လာ၏။
ကောင်းကင်နှင့် မြေကြီးဟူသည့် ဖြစ်တည်မှုများမရှိသကဲ့သို့ ဝိညာဉ်စွမ်းအင်များ အတက်အကျသည်လည်း မရှိချေ။ စွန့်ပစ်မြေ တစ်ခုလိုပေပင်။
ဆိုလိုသည်မှာ စမ်းသပ်မှုတွင် စိန်ခေါ်မှု ပြုလုပ်သူများသည် ကောင်းကင်နှင့် မြေကြီး၏ အထောက်အပံ့ကို အားကိုး၍မရဘဲ စစ်မှန်သော ကိုယ်ပိုင်ကျင့်ကြံမှုပေါ်သာ အားကိုးရပေမည်။
ထို့ပြင် ပြင်ပအရာဝတ္ထုများကို အသုံးပြုခြင်းသည်လည်း စမ်းသပ်ကွင်းထံမှ ထုတ်ပယ်ခံရနိုင်မည်။
“ တကယ်ပဲ ... ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းသတ္တိက ဘယ်လောက် အားကောင်းနိုင်မလဲဆိုတာ အကောင်းဆုံး စမ်းသပ်ကြည့်နိုင်တာပဲ။ ”
ရုတ်တရက် ဥပဒေစည်းမျဉ်းများ လှိုင်းထလာကာ ကျောက်စိမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ ဤသည်မှာ စုရီဖြစ်၏။ ပထမ တံခါးစောင့်ပင်။
“ ကလန် ... ။ ”
တံခါးစောင့်က တာအိုဓားတစ်လက် ထုတ်ယူလိုက်ကာ စုရီထံသို့ ပြေးဝင်ပြီး ခုတ်ပိုင်း လိုက်လေသည်။
စုရီတစ်ယောက် ရွှင်မြူးသွားသည်။ အထမအဆင့် တံခါးစောင့်သည်ပင် သူနှင့် ယှဉ်နိုင်နေပြီဖြစ်၏။
တွန့်ဆုတ်ခြင်းမရှိဘဲ လက်လှမ်းကာ သူ့ဓားကို ထုတ်ယူပြီး ပြန်လည်တိုက်ခိုက်မှုများ စတင်လိုက်သည်။
“ ဝုန်း ... ။ ”
ချက်ချင်းပင် တိုက်ပွဲမှာ ပြင်းထန်ပြီး ရက်စက်လာသည်။ တံခါးစောင့်သည် ဝိညာဉ် မရှိသဖြင့် ကြောက်ရွံ့ခြင်းကင်းနေသည်။ စုရီမှ စုရီနှင့် ရန်ဖြစ်နေသကဲ့သို့ ခံစားလာရစေ၏။
“ ဒါက နည်းနည်းတော့ စိုးတယ်။ ”
ဤသည်မှာ ကောင်းကင်စမ်းသပ်ဂူ၏ ထူးခြားချက်ပေပင်။ စမ်းသပ်မှုများအတွင်း၌ ကြုံတွေ့ရသော တံခါးစောင့်များသည် ကိုယ်တိုင်ဖြစ်နေပေမည်။
ထိုသို့သော ရှုထောင်များမှတဆင့် အကြင်သူသည် မိမိ၏ချို့ယွင်းချက်များနှင့် အားသာချက်များကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပေမည်။
“ စိတ်ဝင်စားစရာပဲ ... အဲဒီတုန်းကနဂါးနက်အိုကြီး ကြွားဝါခဲ့တာ တကယ် မလွန်ဘူးဘဲ။ ”
ထိုစဉ်က တစ်ဖက်လူသည် ဤကောင်းကင်စမ်းသပ်ဂူနှင့် နှိုင်းယှဉ်နိုင်သော လေ့ကျင့်ရေးကွင်းမျိုး သည်ကမ္ဘာကြီးပေါ်တွင် မရှိနိုင်တော့ကြောင်း ဝင့်ကြွားခဲ့ဖူး၏။
တိုက်ပွဲအလယ်တွင် သွေးများ ပွက်ပွက်ဆူလာပြီး တိုက်ပွဲဝင်ဆန္ဒများဒီရေ အလား မြင့်တက်လာတော့၏။
ကျင့်ကြံမှုကို အပြည့်အဝထုတ်ဖော်ကာ ကောင်းကင်နှင့် မြေကြီးကို မွှေနှောက်ပစ်သည်။ သူ့ပြိုင်ဘက် စုရီသည်လည်း အလားတူပေပင်။ ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကို ရပ်တန့်အောင် ကြိုးစားလာ၏။
အင်မော်တယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင် ထိုက်တန်သော ပြိုင်ဘက်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ဖြစ်လေသည်။
“ ဝုန်း ... ။ ”
နာရီဝက်အကြာတွင် တံခါးစောင့်မှာ နှစ်ခြမ်းကွဲသွား၏။ ထိုစည်မျဉ်းအလင်းမှုန်များ အားလုံးသည် စုရီခန္ဓာကိုယ်ထဲသို့ စီးဝင် ပေါင်းစပ်လာတော့သည်။
ချက်ချင်းပင် တိုက်ပွဲတွင် ကုန်ဆုံးခဲ့သောစွမ်းအားများ လျင်မြန်စွာ ပြန်၍ ရရှိလာချေပြီ။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် ကျင့်ကြံမှုသည်လည်း သိမ်မွေ့ နက်ရှိုင်းသောသန့်စင်မှုမျိုး ကြုံတွေ့လာ၏။
ဤသည်မှာ စမ်းသပ်မှုကို အောင်မြင်ပြီးနောက် အကျိုးကျေးဇူးဖြစ်သည်။ ထိုစည်းမျဉ်းအလင်းမှုန်များသည် မဟာတာအို မူလရင်းမြစ်များဖြစ်ချေ၏။
ကျင့်ကြံသူများအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပေသည်။ များမကြာမီ စည်းမျဉ်းစွမ်းအားများ ထပ်မံ လှုပ်ခတ်လာပြီး စုရီကို နောက်တစ်ဆင့်သို့ ခေါ်ဆောင်သွားတော့၏။
ကောင်းကင်စမ်းသပ်ဂူ၊ ဒုတိယအဆင့်။ ဤနေရာတွင် ခမ်းနားသောခန်းမကြီးတစ်ခု ရှိနေ၏။ ခန်းမအတွင်းတွင် ရွှေရောင် တာအို ကျောက်တိုင်ကြီး တည်ရှိသည်။
စုရီရောက်လာသောအခါ ထိုရွှေရောင် တာအိုကျောက်တိုင်သည် အလင်းရောင်များစွာ ဖြာကျလာပြီး အဆင့် (၃၉,၈၅၅)ဟု ပြသ၏။
ထိုအဆင့် သတ်မှတ်ချက်ရလဒ်သည် စမ်းသပ်မှုကိုဖြတ်ကျော်ကြရာတွင် ကြာမြင့်ချိန် အပေါ် မူတည်ကာ တွက်ချက်ထားပုံပေပင်။
***