← Chapters

အခန်း ၁၁၆၉

Vol. 98 Ch. 1169

အခန်း ၁၁၆၉

Vol. 98 Ch. 1169

အခန်း ၁၁၆၉ -

နဝမမြောက် စမ်းသပ်မှုကို ကျော်ဖြတ်ခြင်း ... ။

ပုဟုန်တစ်ယောက် စုရီစကားကြောင့် ချက်ချင်းထရပ်လိုက်သည်။

“ မင်း ... ဘာလို့ မဟုတ်မမှန် စွပ်စွဲနေရတာလဲ။ ”

သူ့မျက်လုံးများသည် အေးစက်နေကာ ဒေါသမှာ ထင်ရှားနေ၏။ သူသည် မတရားခံရ သဖြင့် စိတ်ထိခိုက်နေပုံပေပင်။ စုရီမှ ထိုအမူအရာထံ ရယ်ချင်စိတ်ကို ထိန်းလျက်၊

“ အစကတော့ ... ငါဒီလို အဓိပ္ပာယ် မရှိတဲ့ကိစ္စတွေမှာ ပါဝင်အတွက် ဆန္ဒမရှိဘူး ဒါပေမယ့် မင်းက အရမ်းကောက်ကျစ်တယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် စုရီတစ်ယောက် ရုတ်တရက်ပျောက်ကွယ်သွား၏။ ခဏအတွင်း သူသည် ပုဟုန်ရှေ့တွင် ပေါ်လာသည်။

“ မင်း သေချင်နေတာပဲ။ ”

ပုဟုန်တစ်ယောက် မျက်ဝန်းများ မှေးစင်းလျက်ဖြင့် ကျင့်ကြံမှုကိုရုတ်ချည်းပင် အသက်သွင်းလိုက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်တော့၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

သို့သော် စုရီမှ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး ဝမ်းဗိုက်ထံကန်သွင်းလာသည်။ ခန္ဓာကိုယ် ကွေးညွတ်လျက်ဖြင့် နာကျင်စွာ ရှုံမဲ့သွားတော့၏။

တစ်ဆက်တည်းမှာပင် လက်ကောက်ဝတ်အရိုး အက်ကွဲသံနှင့်အတူ လက်ပြတ်သွားပြီး သူ့လက်ချောင်းများကြားမှ အနက်ရောင်ပုတီးစေ့တစ်စေ့ ကျလာချေပြီ။

“ ဝှစ် ... ။ ”

စုရီမှ ဖမ်းယူလိုက်၏။ တစ်ဖက်တွင် ဆယ်ပေအကွာသို့ လွင့်စင်ပြုတ်ကျသွားခဲ့သည့် ပုဟုန်သည် မယုံကြည်နိုင်စွာဖြင့် ထိတ်လန့် တုန်လှုပ်သွားပြီးနောက်၊

“ မင်း ဘယ်သူလဲ ... မင်းလို သေမျိုးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ ”

-ဟု မေးမြန်းလိုက်တော့၏။

သို့သော် စုရီသည် သူ့မေးခွန်းကို လျစ်လျူရှုကာ အနက်ရောင် ပုတီးထံ စစ်ဆေးလျက်ဖြင့်၊

“ တကယ်ပဲ ကြက်သွေးရောင် သွေးရေခဲမြက်ကနေ သန့်စင်ထားတဲ့ ဝိညာဉ် ပုတီးစေ့ပဲ ရောင်စဉ်ငါးပါးနတ်ဆိုးပန်းဝတ်မှုန် အပေါ် ပိတ်ဆို့နိုင်တယ်။ ”

-ဟု ရေရွတ်လိုက်သည်။ သည့်နောက် ပုဟုန်ထံ ပြန်စိုက်ကြည့်ကာ၊

“ မင်းသာ ... ငါ့ကို ဒုက္ခပေးဖို့အတွက် ဒီပုတီးစေ့ကို လက်ဖဝါးထဲမှာ ဝှက်မထားခဲ့ရင် ငါ မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး။”

-ဟု ပြောကြားလိုက်၏။

ရောင်စဉ်ငါးပါး နတ်ဆိုးပန်းသည် အလွန်ရှားပါးသော အဆိပ်တစ်မျိုးဖြစ်သည်။ ဤပန်းဝတ်မှုန်ကို ဂရုတစိုက်သန့်စင်သောအခါ စိတ်ဝိညာဉ်ထံ တိုက်ခိုက်နိုင်၏။

ယင်းသည် နတ်ဆိုးတစ်ကောင် ဝင်ရောက်သိမ်းယူခြင်း ခံလိုက်ရသလိုပေပင်။ သေမျိုးများမဆိုနှင့် အင်မော်တယ်များပင် သတိ ထားမိမည် မဟုတ်ချေ။

“ မင်း နားလည်မှုလွဲနေတာပဲ ... ငါ့ကိုယ်ငါ ကာကွယ်ဖို့ ဆောင်ထားတာ။ ”

ပုဟုန်မှ ငြင်းဆန်သည်။ စုရီမှ ပြုံးလိုက်သည်။ ထိုသို့သောလှည့်စားမှုများနှင့် ငြင်းခုံရန် ပျင်းရိလွန်းချေ၏။ ထို့ကြောင့် ရှေ့သို့ ချက်ချင်းလှမ်းတက်လိုက်ကာ လက်ဖဝါးနှင့် ရိုက်သတ်ပစ်လိုက်သည်။

“ ဝှစ် ... ။ ”

“ မင်း ... ။ ”

“ အား ... ။ ”

ပုဟုန်ခမျာ ရှောင်တိမ်းရန် ကြိုးစား လိုက်သော်လည်း အသားပုံအဖြစ် ပြောင်းလဲ အဆုံးသတ်သွားတော့၏။

***

ခန်းမကြီးတစ်ခုအတွင်း အင်အားစု အသီးသီးထံမှ အကြီးအကဲများသည် ပျင်းရိစွာ စောင့်ဆိုင်းလျက် စကားပြောဆိုနေသည်။

“ ငါ မမှားရင် သခင်စုဆိုတဲ့ ... လူငယ်လေးက ကောင်းကင်စမ်းသပ်ဂူထဲကို ဝင်သွားတာ လေးနာရီနီးပါးရှိပြီ သူ့ကို အခုထိ မဖယ်ရှားရသေးဘူး မယဒ့နိုင်စရာပါပဲ။ ”

မီးခိုးရောင်ဝတ် အဖိုးကြီးတစ်ဦးမှ လှောင်ပြုံးဖြင့် အကြောင်းအရာတစ်ခုအဖြစ် စတင်ပြောကြားလိုက်၏။

ကောင်းကင်စမ်းသပ်ဂူကို စိန်ခေါ်သော သေမျိုးတစ်ယောက်အပေါ် ကောင်းမွန်သည့် အမြင်မျိုး မရှိသည်မှာ သဘာဝပေပင်။

“ တာအိုအစ်ကို မင်းယဉ်ကျေးသင့်တယ်။ ”

တစ်စုံတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။

“ အဲဒီသခင်လေးက နဂါးနက်‌စျေးမြို့ရဲ့ ထိပ်တန်းဧည့်သည်တစ်ယောက်ပဲ ကြယ်တာရာ သူတော်စင်အင်မော်တယ်တောင်မှ ကိုယ်တိုင် လိုက်ပို့ပေးရမယ် ...

... ဟာသတွေက အဆင်ပြေပေမယ့် မင်းရဲ့ကန့်သတ်ချက်ကိုတော့ မင်းကိုယ်တိုင် သိထားသင့်တယ်။ ”

ထိုစကားကြောင့် မီးခိုးရောင်ဝတ် အဘိုးကြီးခမျာနှလုံးသား တစ်ခုလုံး တင်းကျပ် သွားလေသည်။ သည့်စဉ် ရုတ်တရက် တာအို ခေါင်းလောင်းသံ (၉)ချက် ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံး တုန်ခါသွား၏။

“ တာအိုနတ်ခေါင်းလောင်း မြည်နေပြီ တစ်ယောက်ယောက် ကောင်းကင်စမ်းသပ်ဂူရဲ့ အဆင့်ကိုးဆင့်ကို အောင်မြင်ပြီ။ ”

အမျိုးသမီးတစ်ယောက်မှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ အခြားသူများသည်လည်း မှင်သပ်ကုန်၏။

“ ငါမမှားရင် အဲဒီလူငယ်က ပြိုင်ဘက်ကင်းပါရမီရှင် ဝမ်ကျူဖြစ်ရမယ်။ ”

“ ဟမ့် ... ငါ့ဂိုဏ်းရဲ့ ပါရမီရှင်ပုဟုန်လဲ ဖြစ်နိုင်ပါတယ်။ ”

လူအများက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်များပေးလာကြသည်။ ဓမ္မအဆုံးခေတ် ကုန်ဆုံးပြီးကတည်းက အမည်ခံအင်မော်တယ် များစွာတို့သည် ဤစျေးမြို့သို့ရောက်ရှိခဲ့၏။

သို့သော် မည်သူမျှ နဝမအဆင့်အထိ အောင်မြင်ခြင်းမရှိချေ။ ယခုမူ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်လာခဲ့ချေပြီ။ ဒဏ္ဍာရီတစ်ပုဒ်ကို သူတို့ သက်သေပြခွင့် ရရှိလာပြီဖြစ်၏။

“ ဂုဏ်ယူပါတယ် ... တာအိုမိတ်ဆွေ ဝမ်ကျူရဲ့အောင်မြင်မှုနဲ့ အမည်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို သိသိသာသာ ပြောင်းလဲစေတော့မှာ သေချာပါတယ်။ ”

အကြီးအကဲ အများအပြားသည် အမျိုးသမီးယွမ်နင်ကို ဂုဏ်ပြုစကားဆိုလိုက် ကြလေသည်။ ယွမ်နင်မှ ခေါင်းခါပြပြီး၊

“ ဒါက ဘယ်သူလဲဆိုတာ မသေချာသေးပါဘူး ငါ့ကိုစိတ်ပျက်အောင် မလုပ်ပါနဲ့။ ”

-ဟု တုန့်ပြန်လိုက်၏။

ထိုသို့ ငြင်းဆန်လိုက်သော်လည်း သူမမျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များ တောက်ပလာသည်။

တစ်ဖက်တွင် သဟဇာတခြောက်ပါး အကယ်ဒမီကျောင်း၏ အကြီးအကဲလီစုန်ဖူးမှ ပြုံးရယ်လျက်၊

“ ဟားဟားဟား ... တာအိုယွမ်နင်ပြောတာ မှန်တယ်၊ ရလဒ်ကို ရှင်းရှင်းလင်းလင်းမသိရဘူး အခုချိန် ဒီလိုပျော်ရွှင်နေတာ မမျှော်လင့်ထားတဲ့ တစ်စုံတစ်ရာဖြစ်ခဲ့ရင် လူတိုင်းအတွက် ရယ်စရာ ဖြစ်သွားလိမ့်မယ်။ ”

-ဟု အဓိပ္ပါယ်ပါပါ ဝင်ပြောလိုက်သည်။

သူ့စကားများအရ သူ့ဂိုဏ်းမှ ပုဟုန်အပေါ်တွင် မျှော်လင့်ချက်ထားကြောင်း မြင်သာချေပြီ။ ယွမ်နင်မှ လှမ်းကြည့်လိုက်၏။ သို့သော် မည်သည့် စကားကိုမျှ မဆိုခဲ့ချေ။

“ ဝမ် ... ။ ”

အချိန်များ ကုန်လွန်သွားလေသည်။ များမကြာခင်မှာပင် ခန်းမနံရံပေါ်၌ ရေဝဲကြီး ပေါ်လာကာ လူငယ်တစ်ယောက် လှမ်းထွက်လာ၏။

“ ဒါ ... ။ ”

ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရချိန်တွင်မူ လူတိုင်းအံ့အားသင့်သွား တော့သည်။ အမျိုးသမီးယွမ်နင်သည်ပင် တောင့်တင်းအေးခဲသွား၏။

ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်ကုန်သည်။ အဘယ့်ကြောင့်ဆိုသော ဤသည်မှာ စုရီဖြစ်နေသောကြောင့်ဖြစ်၏။

ဝိုင်အိုးကို လက်တစ်ဖက်ဖြင့် မော့သောက်လျက် လက်တစ်ဖက်ကို နောက်သို့ ပို့ထားချေပြီ။

သူက လူတိုင်း၏ အံ့အားသင့်နေသော အမူအရာကိုမြင်ချိန်၌ ပြုံးရယ်လျက် ခေါင်းရမ်း လိုက်တော့၏။ ဤမျှ လိုအပ်လွန်းသည်လော။ သေးငယ်သော အောင်မြင်မှုလေးပေပင်။

“ မင်း ... မင်းဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

တစ်စုံတစ်ယောက်မှ အံ့အားသင့်သွား၏။

“ ဘာလို့ ငါ မဖြစ်ရမှာလဲ။ ”

စုရီမှ မျက်ခုံးပင့်ကာ မေးလိုက်သည်။ လူတိုင်းက ပြန်မဖြေချေ။ လီစုန်ဖူတစ်ယောက် သတိဝင်လာပြီး၊

“ ဒါဆို သခင်လေးစုပေါ့။ ”

-ဟု ညည်းတွားလိုက်သည်။

“ ငါကလွဲရင် တခြားဘယ်သူ ရှိသေးလို့လဲ။ ”

“ ဒါ ... ။ ”

လူအများမှာ မယုံကြည်နိုင်သေးချေ။ စုရီတစ်ယောက် အတွင်းသို့ဝင်ရောက်သွားခဲ့ သည်မှာ လေးနာရီမျှသာ ရှိသေး၏။ မည်သူ ယုံနိုင်မည်နည်း။

စုရီက လူတိုင်းထံ လျစ်လျူရှုကာ အမျိုးသမီးယွမ်နင်ထံ လှည့်ကြည့်လျက် သတိ ရသွားပြီး၊

“ ဝမ်ကျူဆိုတဲ့လူသေသွားပြီ ပုဟုန်က သူ့ကိုအဆိပ်ခတ်ပြီး သတ်လိုက်တယ်။ ”

- ဟု အသိပေးလိုက်သည်။

စုရီအတွက် အခြားသူများအ‌ရေးကို ဝင်ရောက်စွက်ဖက်ခြင်းအပေါ် နှစ်သက်ခြင်း မရှိသော်လည်း ဤကိစ္စတွင် သူသည်လည်း ပတ်သက်နေခဲ့၏။

ယွမ်နင်တစ်ယောက် မယုံနိုင်ဟန် မျက်နှာပျက်ယွင်းလျက်ဖြင့် ရောင်ဝါများ လှုပ်ခါလာချေပြီ။ တစ်ဖက်တွင် လီစုန်ဖူခမျာ မျက်လုံးပြူးကျယ်သွားပြီး၊

“ အဓိပ္ပာယ်မရှိဘူး ... လုံးဝပဲ ငါ့တပည့်ပုဟုန်က ဝမ်ကျူကိုဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ ”

-ဟု ငြင်းဆန်တော့၏။ စုရီမှ ပြုံးလျက်၊

“ ငါက ဖြစ်စဉ်တစ်ခုကို ပြောပြနေတာ ဒီအတွက်နှုတ်ပိတ်ဖို့ ... မင်းရဲ့တပည့်ပုဟုန်က ငါ့ကိုသတ်ဖို့တောင် ကြိုးစားခဲ့သေးတယ် ဒါပေမယ့် ငါသူ့ကိုသတ်လိုက်ပါပြီ။ ”

-ဟု တုန့်ပြန်လိုက်သည်။

ထိုစကားသည် လူအုပ်ကြီးကို လုံးဝ အံ့အားသင့်သွားစေ၏။ လီစုန်ဖူတစ်ယောက် မျက်လုံးများပြူးကျယ်လျက် လုံးဝမှင်သပ်သွားချေပြီ။

“ ဘယ်လောက် ရဲရင့်လိုက်လဲ။ ”

လူတိုင်းရှေ့တွင် သူ့တပည့်ကို သတ်ခဲ့ကြောင်း လူသတ်သမားတစ်ယောက်မှ ပေါ့ပေါ့ပါးပါးဝန်ခံနေ၏။

“ မင်း မယုံရင် နဂါးနက်အစောင့်တွေကို နဝမခန်းမဆီ သွားစုံစမ်းခိုင်းလို့ရတယ် ... သူတို့ မင်းကို ရှင်းပြပေးလိမ့်မယ်။ ”

စကားဆုံးသည်နှင့် စုရီမှ ယွင်နင်ရှေ့မှ လှည့်ထွက်လာခဲ့သည်။ သို့သော် လီစုန်ဖူသည် ခွင့်မပြုချေ။ ဒေါသတကြီးဖြင့်၊

“ ရပ်စမ်း ဒီကိစ္စရှင်းသွားတဲ့အထိ ထွက်သွားခွင့်မရှိဘူး။ ”

-ဟု ဟန့်တားလာတော့၏။

သူတော်စင်အင်မော်တယ်တစ်ပါး၏ ခမ်းနားသောရောင်ဝါသည် ခန်းမကြီးအတွင်း လေးလံစွာ ထွက်ပေါ်လာချေပြီ။

သို့သော် စုရီသည် ဂရုမစိုက်ခဲ့ဘဲ ခန်းမထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွား၏။

“ မင်း သေချင်နေတာပဲ။ ”

လီစုန်ဖူမှ ချက်ချင်း တိုက်ခိုက်ရန် လှုပ်ရှားလိုက်သည်။ တည်နေရာရွေ့ပြောင်းပြီး စုရီပခုံးကို လက်ဖဝါးဖြင့် ဖိချလိုက်၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် သူ့လက် မရောက်ခင်မှာပင် တစ္ဆေတစ်ကောင်လို အခြားသောပုံရိပ်တစ်ခု ပေါ်လာပြီး လက်သီးနှင့် ထိုးချလာ၏။

လီစုန်ဖူခမျာ နောက်ပြန် လွင့်စဉ်လဲကျသွားပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူဖျော့သွားတော့၏။ ဤသည်မှာ ရှင်းယုပေပင်။ သူ့မျက်လုံးများသည် ရေခဲလိုအေးစက်နေပြီး၊

“ လီစုန့်ဖူ၊ မင်း သေမင်းကို ဖိတ်ခေါ်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

လူတိုင်းကျောရိုးတလျှောက် အေးစက်မှု ဝင်ရောက်လာသည်။ လီစုန်ဖူမှ ချက်ချင်းထကာ မျက်နှာပျက်ယွင်းစွာဖြင့်၊

“ တာအိုရှင်းယု အထင်မလွဲပါနဲ့ ဒီကောင်လေးက ငါ့ဂိုဏ်းရဲ့ဆက်ခံသူပုဟုန်ကို သတ်ခဲ့တယ် ... အမှန်တရားကို စုံစမ်းစစ်ဆေးဖို့ သူ့ကို ဒီမှာဆက်ရှိစေချင်ရုံပါ။ ”

-ဟု ရှင်းပြလေသည်။ ရှင်းယုမှ ဂရုမစိုက်ဘဲ၊

“ သခင်လေးစုက မင်းတပည့်ကို သတ်ခဲ့ရင်တောင် ဘာဖြစ်သေးလဲ ဒါမှမဟုတ် မင်းရော သေချင်နေတာလား။ ”

-ဟု တုန့်ပြန် မေးမြန်းလိုက်တော့၏။ လူတိုင်းမျက်ခုံးပင့်လျက် ပြောစရာစကားများ ကင်းမဲ့သွားချေပြီ။

“ ဒီကိစ္စကို မင်းနဲ့ ထားခဲ့မယ်။ ”

စုရီမှ စိတ်မရှည်တော့ဘဲ ခန်းမအပြင်သို့ လှမ်းထွက်သွားတော့သည်။ ရှင်းယုတစ်ယောက် ချက်ချင်း ဦးညွှတ်ကာ၊

“ စိတ်ချပါ သခင်လေး ... ဂရုစိုက်ပါ။ ”

-ဟု နှုတ်ဆက်လိုက်၏။

ထိုမြင်ကွင်းက လီစုန်ဖူကို လေးလံသော ခံစားချက်များ ဝင်ရောက်လာစေ၏။ ယွမ်နင်ပင် တိတ်ဆိတ်နေခဲ့ချေပြီ။

***

All Chapters