အခန်း ၁၁၇၂
Vol. 98 Ch. 1172
အခန်း ၁၁၇၂ -
မူလတာအိုတံခါးပေါက် ... ။
ထို့နောက်တွင် စုရီသည် ဒုတိယမြောက်တာအို ကျောက်တိုင်ဆီသို့ သွားရောက်ပြီး ချို့ယွင်းချက်များကို ပြင်ယူလိုက်လေသည်။
အတိတ်တွင် သူနှင့် မိတ်ဆွေအချို့သည် ဤကျောက်တိုင်ကိုးခုရှေ့တွင် အပြင်းအထန် ငြင်းခုံပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက် လုနီးပါးပေပင်။
နောက်ဆုံးတွင် ဤကျောက်တိုင်ကိုးခု၏ လျှို့ဝှက်ချက်များကို ပထမဆုံး ဖော်ထုတ်နိုင် သူမှာ ဝမ်ယဲ့သာလျှင်ဖြစ်ခဲ့သည်။
အတိတ်မှမြင်ကွင်းများကို ပြန်ပြောင်း သတိရလာသောအခါတွင် စုရီတစ်ယောက် စိတ်ခံစားမှုများ မြင့်တက်လာတော့၏။
ဝမ်ယဲ့ကို အင်မော်တယ် နယ်မြေတွင် သွေးဆာနေသော အုပ်စိုးရှင်တစ်ပါးအဖြစ် သတ်မှတ်ကြသော်လည်း သေခြင်းနှင့် ရှင်ခြင်း အပေါ် မျှဝေနိုင်သော မိတ်ဆွေများ ရှိသေး၏။
ထို့နောက်တွင် စုရီသည် အခြားကျောက်တိုင်များရှိ အမှားများစွာကို ဆက်၍ပြင်ဆင်ပေးခဲ့သည်။
လူအုပ်ကြီးသည် အစောပိုင်းတွင် သူလုပ်သမျှကို လိုက်လံကြည့်ရှုနေခဲ့သော်လည်း မကြာမီ ရှုပ်ထွေးကုန်တော့၏။
မိုကန်ချူကဲ့သို့ လူသည်ပင် အတွေးထဲနစ်မြုပ်ကာ နားမလည်နိုင်တော့သလို ရပ်နေခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
ကျောက်တိုင်းများရှိ အမှားများကို ပြင်ဆင်ပြီးနောက် ခဏရပ်နားကာ ဝိုင်အိုး တစ်လုံးကိုထုတ်ယူလျက် တစ်ကျိုက် မော့သောက်လိုက်သည်။
ထို့နောက် မှင်သပ်နေသောလူအုပ်ထံ လှည့်ကြည့်လျက် ခေါင်းရမ်းလိုက်၏။ ကျွဲပါး စောင်းတီးနေရသလိုပေပင်။
ဤလူအိုကြီးများမှာ အတိတ်ကာလက လူအိုကြီးများထက် များစွာ နိမ့်ကျနေလေသည်။ ခဏကြာအတွင် လူအိုကြီးများမှာ ထိတ်လန့်မှုမှ နိုးထလာပြီး အကြည့်ချင်းဖလှယ်ကာ လေးစား အားကျကုန်တော့၏။
မိုကန်ချူမှ ရိုသေလေးစားစွာ ဦးညွှတ်လျက်၊
“ ဒီလူအိုကြီးက သခင်လေးကို ရှေးဦးဖျက်ဆီးခြင်း ကျောက်တိုင်ကိုးခုရဲ့ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
စုရီမှ ခေါင်းညိတ်ပြီး ကျန်ရှိနေသော ကျောက်တိုင်များကို ဆက်လက်ဖြေရှင်းရန် ပြင်ဆင်တော့သည်။
ယနေ့ သူလာရသည့် ရည်ရွယ်ချက်သည်လည်း ဤကျောက်တိုင်များ အပေါ် ဖြေရှင်းရန်ဖြစ်၏။
“ ဝမ် ... ။ ”
တာအိုအလင်းရောင်များ ယှက်သိုင်း စီးဆင်းလာပြီး စုရီ၏လက်ချောင်းထိပ်များမှ လျှို့ဝှက်ဆန်းကြယ်သော အမိန့်တစ်ခု ပေါ်လာလေသည်။
“ ဝရူး ... ။ ”
များမကြာမီ တာအိုကျောက်တိုင် ကိုးတိုင်ထံမှ တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး အမိန့်များ အသက်ဝင်လာတော့၏။
ဓားတစ်သောင်း မြည်ဟိန်းနေသလိုပေပင်။ နဂါးပုန်းတောင်ထိပ်ပေါ်၌ တရားထိုင်နေသော နဂါးနီသခင်သည်ပင် မျက်ခုံးပင့်လျက် တစ်ချက်မော့ကြည့်လာ၏။
သို့သော် အံ့အားသင့်ခြင်း အလျင်းကင်းနေသည်။ ဤသည်မှာ သာမန် ဖြစ်ချေ၏။ ဧကရာဇ်သခင်သာလျှင် ဤသို့ မလုပ်ဆောင်နိုင်မှသာလျှင် ထူးဆန်းပေမည်။
သို့သော် နဂါးပုန်းတောင်တွင် တပ်စွဲထားသော နဂါးနက်အစောင့်များမှာမူ တုန်လှုပ်သွားပြီး အံ့အားသင့်မှုများ မြင့်တက်လာခဲ့သည်။
အင်မော်တယ်တစ်ပါးပင် မဖြစ်သေးသော ထိုလူငယ်သည် ဤမျှတိုတောင်းသော အချိန် ကာလအတွင်း မူလကျောက်တိုင်ကိုးခုကို အမှန်တကယ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်နေ၏။
သူတို့သခင်မှ ဤလူကို အလွန်လေးစားနေသည်မှာ အံ့သြစရာများ မရှိတော့ချေ။ အမှန်တကယ်ပင် လျှို့ဝှက် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။
“ ဝူး ... ။ ”
တစ်ချိန်တည်းမှာပင် တိမ်ပင်လယ်ကြီးအတွင်းရှိ တာအိုကျောက်တိုင် တောအုပ်အတွင်း မြင့်မားသော မူလတာအို ကျောက်တိုင်ကိုးခုသည် ဟိန်းဟောက်နေ၏။
များမကြာမီ အလင်းရောင်ခြည်များ ပစ်လွှတ်ကာ လေဟာနယ်အတွင်း အာကာသ တံခါးပေါက်တစ်ခုကို တည်ဆောက်ပေး၏။
ဘီလူးအိုကြီးများသည် နတ်ဘုရား၏ အံ့ဖွယ်အမှုတစ်ခုကို မြင်တွေ့နေရသကဲ့သို့ အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ ဤသည်မှာ ဒဏ္ဍာရီလာ မူလတာအိုတံခါး ဖြစ်၏။
မူလတာအိုကျောက်တိုင်ကိုးခု၏ လျှို့ဝှက်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြင့် ဖော်ထုတ်နိုင်မည်။
ဒဏ္ဍာရီအရ ဤတံခါးသည် တာအိုများ၏ရင်းမြစ်များ ပြည့်နှက်နေသော လျှို့ဝှက်ဒေသကြီးထံ ဦးတည်သွားသည်။
“ အခုကစပြီး ... ငါ အဲဒီမှာ ကျင့်ကြံတော့မယ် ဒီအချိန်အတောအတွင်း မင်းနဲ့ဖန်ဟန် နဂါးပုန်းတောင်မှာ စောင့်နေပါ။ ”
“ နားလည်ပါပြီ။ ”
စုရီက ချင်းဝေကို လှည့်ကြည့်ပြီး ညွှန်ကြားလိုက်သည်။ ချင်းဝေမှ အမိန့်ကို လက်ခံလိုက်၏။
ထို့နောက် စုရီ၏ပုံရိပ်သည် မူလတာအိုတံခါးအတွင်းသို့ ဝင်ရောက်သွားကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
တစ်ဆက်တည်းမှာပင် မူလတာအိုတံခါးသည်လည်း ပျောက်ကွယ် တိတ်ဆိတ်သွားခဲ့၏။
သို့သော် လူအုပ်ကြီးကိုမူ ရှုပ်ထွေးစွာ ကျန်ရစ်သွားစေသည်။ ထို့ကြောင့် ဘီလူးအိုကြီး တစ်စုသည် ချင်းဝေကို ဝိုင်းရံကာ မေးခွန်းများဖြင့် စူးစမ်းနေခဲ့၏။
“ သူတော်စင်ချင်းဝေ့၊ သခင်လေးက ဘယ်သူလဲ ဒီလောက် ... ငယ်ငယ်ရွယ်ရွယ်နဲ့ မူလဖျက်ဆီးခြင်း ကျောက်တိုင်ကိုးတိုင်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် အဓိပ္ပာယ်ဖော်နိုင်ရတာလဲ။ ”
“ မှန်တယ် ... ဓမ္မအဆုံးခေတ် ကုန်ဆုံးပြီးချိန်မှာ မူလဖျက်ဆီခြင်းကျောက်တိုင် ကိုးတိုင်ရဲ့ လျှို့ဝှက်ချက်တွေကို အဓိပ္ပာယ် ဖော်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ ”
“ အံ့သြစရာပဲ ဒီသခင်လေးက ပြိုင်ဘက်ကင်းတဲ့ ဆရာတစ်ယောက်ရဲ့ အမွေခံ တပည့် ဖြစ်နိုင်မလား။ ”
“ ဒီနေ့တော့ ... ငါတို့ရဲ့ အမြင်ကို ကျယ်စေမိပြီ အဲဒီသခင်ငယ်နဲ့ယှဉ်ရင် ငါတို့ရဲ့ အရည်အချင်းတွေက ကလေးကစားစရာပဲ ကြည့်ဖို့တောင် မထိုက်တန်ဘူး။ ”
သို့သော် တစ်ဖက်တွင် ချင်းဝေသည် စုရီအမည်ကိုသာပြောပြီး ကျန်မေးခွန်းများထံ ပါးစပ်ပိတ်ထားတော့၏။
ဤအရာက ဘီလူးအိုတစ်စုကို စပ်စုချင်စိတ်ဖြင့် နှလုံးသားများယားယံစေ သော်လည်း အကူအညီမဲ့ကုန်ကြသည်။
ကြာပန်းဘုံကျောင်း၏ စည်းကမ်း ထိန်းသိမ်းရေးခန်းမ အကြီးအကဲကျိကျန်းမှ တစ်စုံတစ်ရာကို နားလည်သဘောပေါက် သွားသည့်အလား တိတ်ဆိတ်နေခဲ့၏။
“ တကယ်ပဲ ပြန်လည်ဝင်စားလာတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်လား ... ။ ”
ကျိကျန်း၏ အမြင်များ မှုန်ဝါးသွားတော့သည်။ သူသည် ပုံမှန်အားဖြင့်ဆိုသော် ကြည်လင်ပြီး သန့်စင်သောစိတ်ဝိညာဉ်ကို ပိုင်ဆိုင်၏။
ကြာပန်းဘုံကျောင်းသည် အင်မော်တယ်နယ်မြေ၌ အုပ်စိုးရှင် အင်အားစု တစ်ခု ဖြစ်သည်။
၎င်းသည် ထိုက်ချင်းဂိုဏ်းနှင့် ရှေးဟောင်းတန်မျိုးနွယ်စု ကဲ့သို့သော ဧရာမ အင်အားစုများနှင့် ယှဉ်ပြိုင်နိုင်၏။
အင်မော်တယ်မြေ၏ အကောင်းဆုံး ဗုဒ္ဓဘာသာဂိုဏ်းအဖြစ်လည်း ကျော်ကြားသည်။ ထိုသို့သောဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး ခန်းမ အကြီးအကဲတစ်ယောက်အနေဖြင့် လျှို့ဝှက်ချက်များစွာကို သဘာဝအတိုင်း ကြားသိထားခဲ့၏။
ဥပမာအားဖြင့် မကြာသေးမီက အဖြူရောင်သမင်တောင်တန်း၌ အင်မော်တယ် တံခါးပွင့်ကာ သေမျိုးကမ္ဘာမှ ပါရမီရှင်အချို့ တက်ရောက်လာသည့်သတင်းပေပင်။
ထိုပါရမီရှင်များအတွင်း ပြန်လည်ဝင်စားသူအဖြစ် သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ပါရှိခဲ့၏။
ဥပမာအားဖြင့် ထိုက်ချင်းဂိုဏ်းနှင့် မိုးတိမ်ယန္တရား အင်မော်တယ် စံအိမ်တော်မှ လိုချင်နေသောလူသည် ထိုပုဂ္ဂိုလ်ဖြစ်ကြောင်း သတင်းမျိုးပေပင်။
တစ်ဖက်တွင် ဓမ္မအဆုံးခေတ်မတိုင်မီ ထာဝရညတိုက်ပွဲ၌ သေဆုံးသွားခဲ့ကြောင်းကို ကောလာဟလထွက်ပေါ်နေသည့် ဧကရာဇ် သခင်သည် လုံးဝသေဆုံးခြင်း မဟုတ်ကြောင်း ဘိုးဘေးတစ်ဦးမှ ပြောသံကြားဖူး၏။
ဧကရာဇ်သခင်သည် ပြန်၍ဝင်စားရန် ရွေးချယ်ခဲ့သည်ဟု အခိုင်အမာဆိုထားချေပြီ။ ကံမကောင်းစွာဖြင့် ဘိုးဘေးသည် လွန်ခဲ့သော နှစ်ပေါင်း(၃၉၀၀၀)က ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သေဆုံးသွား၏။
သူသေဆုံးခြင်းမပြုမီ ‘ယို့ယွင်းပျက်စီးမှု လက္ခဏာငါးပါးကို မခံနိုင်ပါက ထာဝရဟူသော ရှင်သန်ခြင်းအကြောင်း မပြောသင့်’ ဟူသည့် စကားကိုသာ ချန်ထားခဲ့သည်။
ထိုဘိုးဘေးချင်ချူသည်သာ အသက်ရှင်နေသေးပါက ဤစုရီအမည်ရှိသော လူငယ်သည် အမှန်တကယ် ထိုပုဂ္ဂိုလ်ဟုတ်-မဟုတ် အတည်ပြုနိုင်၏။
“ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ဖြစ်ရပ်တွေကို ဂိုဏ်းဆီအစီရင်ခံရမယ် တကယ်လို့သာ သူက ဝင်စားသူသာဆိုရင် လာမယ့်နှစ်တွေမှာ မျှော်လင့်မထားတဲ့ သွေးထွက်သံယိုမှုတွေနဲ့ မလွဲမသွေ ကြုံရလာလိမ့်မယ်။ ”
ဤသို့ဝင်စားသူပြန်လာသည့် သတင်းသည်သာ ပျံ့နှံ့သွားသော် နတ်ဘုရား ကပ်ဘေးကိုပုန်းအောင်းနေသည့် သက်ရှိ ရုပ်ကြွင်း အဖိုးကြီးများမှာ လုံးဝတုန်လှုပ် သွားကြပေမည်။
ထိုစဉ်က ထာဝရညတိုက်ပွဲကို အင်မော်တယ်သမိုင်းတလျှောက် အင်မော်တယ် သွေးစွန်းသောတိုက်ပွဲအဖြစ် သတ်မှတ်ကြ၏။
အဘယ့်ကြောင့်ဆိုသော် ၎င်းတိုက်ပွဲအပြီးတွင် ထာဝရအမှောင် ဧကရာဇ် သခင်မှ ပြိုင်ဘက်(၂၁)ယောက်ကို သတ်ပစ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
အဆိုပါ ပြိုင်ဘက်(၂၁)ယောက်လုံးသည် အင်မော်တယ်မြေ၌ အထွတ်အထိပ် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများဖြစ်၏။
တစ်ဖက်တွင် ထိုတိုက်ပွဲအတွင်းမှ လွတ်မြောက်ကုန်သော ပါဝင်ခဲ့သူများအတွက် သူ ပြန်လာခြင်းသည် သေချာပေါက် အိမ်မက်ဆိုး ဖြစ်လာပေလိမ့်မည်။
“ ထိုက်ချင်းဂိုဏ်းက ဒီလူနောက်ကို လိုက်နေတာ အံ့သြစရာမရှိတော့ပါဘူး သူတို့ရဲ့ တည်ထောင်သူဘိုးဘေး ရွှယ်ရှောင်ကျိဟာ ထာဝရအမှောင်ဧကရာဇ်ကို လုပ်ကြံဖို့အတွက် ဦးဆောင်ခဲ့သူပဲ ...
... ဒါကြောင့် ထာဝရအမှောင်ဧကရာဇ် ပြန်ဝင်စားနိုင်တာက သူ့အတွက် ဦးခေါင်းမှာ မိုးနေတဲ့ဓားတစ်လက်ပဲ မဟုတ်လား။ ”
ကျိကျန်းမှ သက်ပြင်းချလိုက်၏။ ထိုမြင်ကွင်းထံ သတိထားမိသော ချင်းဝေသည် မျက်ခုံးပင့်လျက်၊
“ တာအိုကျိကျန်း၊ မင်း တစ်ခုခု တွေးမိခဲ့လား။ ”
-ဟု မေးမြန်းလိုက်၏။
ချင်းဝေ၏ မေးခွန်းကြောင့် ကျိကျန်းတစ်ယောက် သတိဝင်လာပြီးနှလုံးသား ခုန်ပေါက်သွားလေသည်။
“ အံ့သြစရာ ကောင်းလောက်အောင် တုန်လှုပ်စရာ ကောင်းလွန်းပါတယ် ဒီနိမ့်ကျတဲ့ ဘုန်းကြီးအိုကြီးရဲ့ စိတ်ဝိညာဉ်မှာ မငြိမ်မသက် ဖြစ်နေရပါတယ် တောင်းပန်ပါတယ်။ ”
ကျိကျန်းမှ မဖြေဝံ့တော့ဘဲ ချက်ချင်း တောင်းပန်သည်။ ချင်းဝေမှ လျစ်လျူရှုလျက်၊
“ ငါသိသလောက် ဗုဒ္ဓဘာသာ ဂိုဏ်းဝင်တွေဟာ နှလုံးသားကိုမရှုပ်ထွေးစေဖို့ ကျင့်ကြံကြရတယ်မဟုတ်လား ...
... ဒီအတွက် အာရုံခြောက်ပါးရဲ့ ကပ်ညိမှုကနေ ကင်းလွတ်နိုင်မှသာ နှလုံးသား တစ်ခုလုံး မြူမှုန်ကင်းစင်နိုင်မယ် ... ဒါကြောင့် အာရုံခြောက်ပါးမှာ မြူမှုန်ကင်းချင်တယ်ဆိုရင် ဒီနေ့ဖြစ်ရပ်အပေါ် မေ့ပစ်ထားသင့်တယ်။ ”
-ဟု ပြောကြားလိုက်၏။
ထိုစကားများသည် ကောင်းမွန်သော အကြံဉာဏ်ဟု ထင်ရသော်လည်း ကျိကျန်းမှာမူ သူ့ကို ရှင်းရှင်းလင်းလင်း သတိပေးနေခြင်း အဖြစ် ခံစားလာရ၏။ သူက ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ခေါင်းညိတ်ကာ၊
“ တာအိုချင်းဝေ ပြောတာလုံးဝမှန်တယ်။ ”
-ဟု ခေါင်းညိတ် ကတိပေးလိုက်သည်။
ချင်းဝေမှ ပြုံးပြီး ထပ်မပြောတော့ချေ။ တစ်ချိန်တည်းမှာပင် စုရီပုံရိပ်သည် ရှုပ်ထွေးပြီး ဗလာကျင်းနေသော လျှို့ဝှက်နယ်မြေတစ်ခုတွင် ပြန်ပေါ်လာ၏။
မရေမတွက်နိုင်သော ရှေးဟောင်း စွမ်းအင်များသည် ဖရိုဖရဲအာကာသအတွင်း၌ မြူခိုးများအဖြစ် ဖြစ်ပေါ်နေသည်။
ဤဒေသသည် ကောင်းကင်နှင့်မြေကြီး မမွေးဖွားမီ ဖရိုဖရဲကာလဆီသို့ ပြန်ရောက်သွား သလို ခံစားလာရစေတော့၏။
***