အခန်း ၁၁၇၆
Vol. 98 Ch. 1176
အခန်း ၁၁၇၆ -
ဒီနေ့ သူ့ကို ငါကာကွယ်ရမယ်။
ညရောက်လာပြီဖြစ်ရာ သင်္ဘောကြီး၌ မီးအိမ်များထွန်းညှိထားချေပြီ။ အခန်းအတွင်းရှိ မီးအိမ်ထံမှလည်း အလင်းရောင်မှိန်မှိန်လေးများ လင်းလက်လာနေ၏။
စုရီတစ်ယောက် တရားထိုင်ရာကနေ နိုးထလာပြီး မျက်ခုံးများအနည်းငယ်တွန့်ကွေး သွားလေသည်။ ဖန်ဟန် ယခုအချိန်ထိ ပြန်မလာသေးချေ။
“ ဒေါက် ... ဒေါက် ... ဒေါက် ... ။ ”
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ စုရီမှထပြီး ဖွင့်လိုက်ရာ မီးခိုးရောင်ဝတ်စုံနှင့် လူတစ်ယောက် အပြင်၌ ရပ်နေသည်ကို မြင်လိုက်ရ၏။
မီးခိုးရောင်ဝတ်စုံနှင့် လူက နှုတ်ဆက်သောအသွင်ဖြင့် လက်နှစ်ဖက်ကို အနည်းငယ်ဆုပ်ကိုင်ကာ၊
“ ငါ မိုးတိမ်သင်္ဘောပေါ်က သင်္ဘောအစောင့်ပါ၊ ဧည့်သည်တော် မင်းကို မေးစရာတစ်ခုရှိလို့ပါ။ ”
-ဟု ပြောကြားလာ၏။
“ မေးပါ ... ။ ”
“ ကိစ္စက ရိုးရှင်းပါတယ် လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးကျင့်ကြံသူအချို့ သင်္ဘောပေါ် ခိုးဝင်လာတယ်လို့ သတင်းရထားတယ် ...
... ဒါကြောင့် တစ်ယောက်ချင်းစီ စုံစမ်းစစ်ဆေးရမယ် ဒါက ကောင်းကင်ဝိညာဉ် တံဆိပ်ပြားပါ ဧည့်သည်တော် မင်းရဲ့လက်ကို ဒီပေါ်တင်လိုက်ရုံပါပဲ။”
စုရီက စကားမဆိုဘဲ လက်ဖဝါးကို တံဆိပ်ပြားပေါ်တင်လိုက်သည်။ တံဆိပ်ပြားမှာ တုန်ရီလျက် ထူးဆန်းသော အလင်းလှိုင်းများက တိမ်ပေါ်ပျံသန်းခြင်း အဆင့်ဟူသည့် စကားလုံးများဖြစ်ပေါ်လာ၏။
“ ဒါဆို ဧည့်သည်တော်က တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ”
မီးခိုးရောင်ဝတ်ဆင်ထားသော အစောင့်အမျိုးသားက တံဆိပ်ပြားကိုသိမ်းကာ ထွက်သွားရန် လှည့်လိုက်သည်။
စုရီက ထိုအမျိုးသား ပုံရိပ်ပျောက်ကွယ်သွားသည်ကို ကြည့်လျက် အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။
တိမ်သင်္ဘောပေါ်ရှိ အခန်းတိုင်းထံ တားမြစ်အစီရင်များနှင့် ကာကွယ်ပေးထားခဲ့ သော်လည်း ဆူညံသံများကိုမူ မတားဆီးနိုင်ချေ။
စုရီမှ ဝိုင်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် တစ်ငုံသောက်ကာ အခန်းထောင်သို့ လျှောက်လှမ်းသွားလျက် အရိပ်ထဲလှမ်းဆွဲလိုက်သည်။
ထိုအရိပ်က စုရီလက်လှမ်းလာသည်နှင့် ရုတ်တရက် တွန့်လိမ်ရုန်းကန်ကာ ထွက်ပြေးရန် ကြိုးစားတော့၏။ သို့သော် အချည်းနှီးပေပင်။
“ ဟမ့် ... ။ ”
ဒေါသတကြီးနှင့် အရိပ်သည် အနက်ရောင်ဝတ်ရုံဝတ် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
“ တကယ်ပဲ တိမ်ပေါ်ပျံသန်းခြင်း အဆင့်မှာလား ... ။ ”
အနက်ဝတ်လူမှ အံ့အားသင့်သွား၏။
“ မင်းလို အလယ်အလတ် အမည်ခံအင်မော်တယ်တစ်ပါးက ဒီလိုစက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ လှည့်ကွက်ကိုသုံးပြီး ငါ့အခန်းထဲကို ခိုးဝင်လာတာလား ... မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ”
စုရီမှ တုန့်ပြန်မေးခွန်းထုတ်လိုက်သည်။
“ ငါ ဘာလို့ ဖြေရမှာလဲ ... ။ ”
“ ဗြုတ် ... ။ ”
“ အား ... ။ ”
စုရီက စကားမဆိုဘဲ အနက်ဝတ်လူ၏ လက်မောင်းတစ်ဖက်ကို ဆွဲဖြုတ်ပစ်လိုက်၏။ သွေးများရေတံခွန်ကဲ့သို့ ပက်ဖြန်းသွားသည်။
နာကျင်လွန်းသောကြောင့် အနက်ဝတ်လူခမျာ အသက်ရှူမဝတော့သလို ခံစားလိုက်ရ၏။
“ ငါ မင်းကို မေးခွန်းမေးနေတာ။ ”
အနက်ဝတ်လူခမျာ ရက်စက်ကြမ်းကြုတ်သော ရန်သူနှင့် ကြုံတွေ့ လိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ။
“ ငါက မင်းရဲ့နောက်ခံကို ရှာဖွေဖို့ အမိန့်နဲ့ ရောက်လာရတာပါ။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ ဘယ်သူ့အမိန့်နဲ့လဲ၊ ဘာလို့လဲ။ ”
အနက်ဝတ်လူမှာ တိတ်ဆိတ်သွား၏။
“ ဗြုတ် ... ။ ”
“ အား ... ။ ”
စုရီက ကျန်လက်တစ်ဖက်ကို ဆွဲဖြုတ်ပစ်လိုက်ပြန်သည်။ အနက်ဝတ်လူခမျာ မျက်နှာဖြူဖျော့သွားပြီး နဖူး၌ ချွေးများ ရွဲနစ်သွားတော့၏။
ဆွဲဖြုတ်ခံရသော လက်နှစ်ဖက်သည် ချက်ချင်းပြာအဖြစ်သို့ ကြမ်းပြင်ပေါ်ပျံ့ကျဲကာ ပျောက်ကွယ်သွားလေသည်။ အနက်ဝတ်လူမှ အံကြိတ်လိုက်ပြီးနောက်၊
“ ငါက ငရဲသွေးနတ်ဆိုးဂိုဏ်းရဲ့ ကာကွယ်သူတစ်ယောက်ပဲ မင်းငါ့ကိုသတ်ရင် ဒီတိမ်သင်္ဘောကနေ အသက်ရှင်လျက် ထွက်သွားခွင့်ရမယ် မထင်နဲ့။ ”
-ဟု ခြိမ်းခြောက် ဖြေကြားလိုက်၏။
“ ဒါဆို မင်းနောက်က ပုဂ္ဂိုလ်တွေလည်း ဒီတိမ်သင်္ဘောပေါ်မှာ ရှိနေတာပေါ့။ ”
“ ဟုတ်တယ် ... ။ ”
“ ဘာလို့ မင်းတို့က ငါ့နောက်ခံကို စုံစမ်းနေရတာလဲ။ ”
စုရီမျက်ဝန်းများက နက်ရှိုင်းပြီး တည်ငြိမ်လာ၏။ အနက်ဝတ်လူမှ အပြုံးနှင့်၊
“ မင်းငါ့ကို အရင်လွှတ်ပေးရမယ် ... မဟုတ်ရင် ... ။ ”
“ ဘန်း ... ။ ”
စုရီက စိတ်မရှည်တော့ဘဲ သူ့လက်ချောင်းများကို အားစိုက်လိုက်တော့၏။ အနက်ဝတ်လူခမျာ စကားမဆုံးခင် ခန္ဓာကိုယ် ပေါက်ကွဲလျက် ဝိညာဉ်သာ ကျန်ရစ်ခဲ့သည်။
တစ်ဖက်လူသည် ညှိနှိုင်းရန်ပင် အခွင့်အရေးမပေးတော့သဖြင့် အနက်ဝတ်လူ၏ ထိုဝိညာဉ်သည် အံ့အားသင့်ထိတ်လန့်လာ၏။
“ ကြည့်ရတာ ဖန်ဟန်ဆိုတဲ့ ကောင်လေး တစ်ခုခုဖြစ်သွားပုံရတယ် ... ။ ”
စုရီက ညည်းတွားလျက် ဝိညာဉ်ရှာဖွေမှု ပြုလုပ်ကာ အမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်၏။ ထို့နောက် နှောင့်နှေးမှုမရှိဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။
တိမ်မျှော်စင် အပေါ်ဆုံးထပ်။ ဟွာရှင်းချန်တစ်ယောက် ဖန်ဟန်ထံကြည့်ကာ ပြုံးလျက်ဖြင့်၊
“ အကြီးအကဲယွဲ့ကို ခေါ်လာခိုင်းလိုက်ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
တံခါးစောင့်မှ အမိန့်ကို ခံယူကာ တံခါးဖွင့်ပေးလိုက်တော့သည်။ များမကြာခင် ရွှေရောင်ဝတ် အမျိုးသားတစ်ယောက်က ခန်းမထဲသို့ အပြုံးဖြင့် ဝင်ရောက်လာချေပြီ။
သူ့နောက်တွင် အသက်(၁၅)နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ခံစားချက်များ ကင်းမဲ့နေသော မျက်ဝန်းများဖြင့် လိုက်ပါလာ၏။
“ မင်္ဂလာပါ၊ သခင်လေး။ ”
ရွှေရောင်ဝတ်အမျိုးသားမှ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ဟွာရှင်းချန်က ခေါင်းညိတ်ပြပြီး၊
“ ဒီကောင်လေးက မင်းပြောခဲ့တဲ့ နဂါးခြင်္သေ့ဝိညာဉ်မျိုးနွယ်ရဲ့ မျိုးဆက်လား။ ”
-ဟု မေးမြန်းလိုက်၏။ လူတိုင်း၏ အကြည့်များသည်လည်း ဖန်ဟန်ထံ ကျရောက် သွားကြတော့သည်။
“ ဒီကလေး ... ။ ”
ယွဲ့ဟောင်ဖန်းက ဖန်ဟန်ကို မှတ်မိသွားလေသည်။ စုရီနှင့် တွေ့ဆုံစဉ်က ဘေးတွင်ရပ်နေသည့် ကောင်လေးဖြစ်၏။
“ ဟုတ်ကဲ့ ... ။ ”
ရွှေရောင်ဝတ် အမျိုးသားမှ ပြုံးပြီး စားပွဲခုံပေါ်ရှိ ကျောက်စိမ်းပန်းကန်ကိုယူကာ ဖန်ဟန်ဆီ လျှောက်လှမ်းသွားသည်။
ထို့နောက် သူ့လက်ချောင်းထိပ်ဖြင့် ဓားတစ်လက်ကဲ့သို့ ဖန်ဟန်လည်ပင်းအပေါ် ပြတ်ရှဒဏ်ရာတစ်ခု ပေးလိုက်သည်။
သွေးအနည်းငယ် စီးကျလာသဖြင့် ကျောက်စိမ်းပန်းကန်နှင့် ခံယူထားလိုက်သည်။ ကျောက်စိမ်းပန်းကန် တစ်ဝက်ကျော်ကို ခံယူပြီးနောက်၊
“ သခင်လေးကြည့်ပါ ... ဒါက နဂါးခြင်္သေ့ဝိညာဉ်မျိုးနွယ်ရဲ့ သန့်စင်တဲ့သွေးပါပဲ သူ့ရဲ့အရောင်က တောက်လောင်နေတဲ့ မီးလျှံလို ရဲရဲနီနေပြီး သဘာဝတာအိုအမိန့်စွမ်းအားတွေ ပါရှိတယ် ရနံ့က မညှီဘဲ မွှေးပျံ့နေတယ်။ ”
-ဟု ရှင်းပြလိုက်သည်။
လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဆွေးနွေးကုန်တော့သည်။ ထို့နောက် ရွှေရောင် ဝတ်စုံနှင့် အမျိုးသားက ရှေ့သို့တိုးသွားကာ ကျောက်စိမ်းပန်းကန်လုံးကို ကမ်းပေး၏။
“ သခင်လေး၊ ကြည့်ပါ ... ။ ”
ဟွာရှင်းချန်က ဝမ်းသာအားရဖြင့်၊
“ ကောင်းတယ် ... ကောင်းတယ် ... အရမ်းကောင်းတယ် နဂါးခြင်္သေ့မျိုးနွယ်စုကို မျိုးသုဉ်းသွားပြီလို့ ငါထင်ခဲ့တာ မမျှော်လင့်ဘဲ ဒီကနေ့ကြုံတွေ့ခဲ့ရပြီ ဒါ ကောင်းကင်ဘုံရဲ့ အကူအညီပါပဲ။ ”
-ဟု ချီးကျူးပြောကြားလိုက်သည်။
“ ဒီကောင်လေးရဲ့ မျိုးဆက်သွေးကို ဆေးပြားအဖြစ်သန့်စင်ပြီးတော့ အနာဂတ်မှာ ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးပညာရပ်ကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ”
“ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးလား။ ”
လူအုပ်ကြီးမှာ အံ့အားသင့်သံများ ထွက်ပေါ်လာပြီး မနာလိုဖြစ်ကုန်ကြတော့၏။ ကောင်းကင်ဝါးမြိုခြင်း နတ်ဆိုးပညာရပ်သည် ငရဲသွေးနတ်ဆိုးဂိုဏ်း၏ အမြင့်မြတ်ဆုံး တာအိုကျမ်းသုံးခုထဲမှ တစ်ခုဖြစ်သည်။
ထိုပညာရပ်ကို ကျွမ်းကျင်နိုင်ပါက သူတော်စင်အင်မော်တယ်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်၏။ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန်ပင် လွယ်ကူနိုင်ပေမည်။
“ သူ့ကို ခေါ်သွားပါ ... ။ ”
ဟွာရှင်းချန်က အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားမှ ဖန်ဟန်ထံသို့ လျှောက်လှမ်းလာပြီး သူ့ကိုခေါ်ဆောင်ရန် ပြင်လိုက်၏။
“ ခဏနေပါဦး။ ”
ရုတ်တရက် ယွဲ့ဟောင်ဖန်းမှ တားဆီးလိုက်သည်။ ဟွာရှင်းချန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများက ယွဲ့ဟောင်ဖန်းထံ စိုက်ကြည့်တော့၏။
“ မင်း သူ့ကို ကယ်တင်ချင်တာလား။ ”
“ သဘာဝပါပဲ ... ။ ”
“ မင်း ပြန်ထိုင်ပြီး ဒီကိစ္စကို လျစ်လျူရှုထားလိုက်ပါ ငါ မင်းကို သူငယ်ချင်း တစ်ယောက်လို့ သတ်မှတ်ပေးမယ် မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့ ... ။ ”
အခန်းအတွင်း လေထုသည် ချက်ချင်း လေးလံလာတော့၏။ သို့သော် ယွဲ့ဟောင်ဖန်းမှ နောက်မဆုတ်ချေ။ ယင်းအစား သူက ဦးညွှတ်လိုက်ကာ၊
“ အစ်ကိုဟွာ၊ ငါက အဲဒီကောင်လေးကို ကယ်တင်ရုံတင်မကဘူး၊ မင်းအတွက် ကပ်ဘေး မကျရောက်အောင် ကာကွယ်ပေးနေတာပါ ...
... အဲဒီကောင်လေးရဲ့ အကြီးအကဲတွေ လာရင် ဒီနေ့ကိစ္စက မလွဲမသွေ ကောင်းကောင်း မပြီးဆုံးနိုင်ပါဘူး။ ”
-ဟု သတိပေးလိုက်၏။
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤသည်မှာဟွာရှင်းချန်အပေါ် ခြိမ်းခြောက်ခြင်း ပေပင်။ ဟွာရှင်းချန်ပင် မျက်နှာတစ်ပြင်လုံး အေးစက်သွား၏။
“ ဘန်း ... ။ ”
ရုတ်တရက် ဟွာချင်းချန်ဘေးမှ လူရွယ်တစ်ဦးသည် စားပွဲပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်ပြီး၊
“ ယွဲ့ဟောင်ဖန်း ... ၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ မင်းရဲ့အင်မော်တယ် မျိုးနွယ်စုနောက်ခံကြောင့်သာ ဒီနေ့ဒီပွဲကို တက်ရောက်ခွင့်ပေးထားတာ မင်းနေရာ မင်း မသိရင် ငါမင်းကို ပထမဆုံး ဆွဲထုတ်သူ ဖြစ်သွားလိမ့်မယ်။ ”
သူ့နာမည်မှာ ချိုင်းပိုင်တုံဖြစ်ပြီး အမည်ခံအင်မော်တယ်အဆင့် သတ်မှတ်ချက်၌ အဆင့်(၄၅)ဖြစ်လေသည်။
ရာထူးနှင့်နောက်ခံအပြင် အရည်အချင်းအရလည်း ယွဲ့ဟောင်ဖန်းထက် သာလွန်၏။ သူ့ဘေးရှိ အမျိုးသမီးသည်လည်း ခေါင်းညိတ်လျက်၊
“ အစ်ကိုဟွာက ခွင့်လွှတ်တိုင်း မင်း မရိုင်းပြဖို့သတိပေးချင်တယ်။ ”
-ဟု ဝင်ရောက် ပြောကြားလာ၏။
သူမ အမည်မှာ လုရှန်းရွယ်ဖြစ်သည်။ အမည်ခံအင်မော်တယ်အဆင့် သတ်မှတ်ချက်၌ အဆင့် (၆၄) ဖြစ်၏။ သူမသည် ဟွာရှင်းချန်၏ ဂျူနီယာညီမပေပင်။
“ ဘာပဲဖြစ်ဖြစ် ဒီနေ့ ... အဲဒီကောင်လေးကို ကာကွယ်ဖို့ ငါ့ဆုံးဖြတ်ထားတယ်။ ”
ယွဲ့ဟောင်ဖန်းမှ လူတိုင်း၏ ဖိအားကို ခံယူလျက် အံကြိတ်ကာ ကြေငြာလိုက်တော့၏။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားချေပြီ။
ဤယွဲ့ဟောင်ဖန်းတစ်ယောက် ရူးသွားပုံရ၏။ ပိုးဖလံများသည် မီးလျှံအတွင်း တိုးဝင်သကဲ့သို့ တစ်စုံတစ်ယောက်သည် သေတွင်းထဲ ဆင်းခြင်နေသည်။
လက်ရှိအခြေအနေရ သူ့ကို သတိပေးနေသော လူငယ်သုံးယောက်လုံးသည် ခွန်အားအရာတွင် သာလွန်၏။ ထိုအခြေအနေ၌ နဂါးခြင်္သေ့မျိုးနွယ်မှ ကလေးကို ကာကွယ်ရန် မည်သို့ဖြစ်နိုင်မည်နည်း။ ရယ်စရာပေပင်။
“ မင်း ... ကိုယ့်ကိုယ်ကို အရှက်ခွဲဖို့ အတင်းအကျပ် တောင်းဆိုနေတာဆိုတော့ ငါ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ”
ဟွာရှင်းချန်က သည်းမခံနိုင်တော့ဘဲ၊
“ ညီလေးချိုင်း၊ သူ့ခြေထောက်တွေကို ရိုက်ချိုးပြီးတော့ ဒီမျှော်စင်ကနေ ပစ်ချလိုက်။ ”
-ဟု ပြောကြားလိုက်၏။ ချိုင်းပိုင်တုံမှ အလွယ်တကူသဘောတူပြီး မတ်တပ်ရပ်လိုက် တော့သည်။
***