← Chapters

အခန်း ၁၅၇

Vol. 15 Ch. 157

အခန်း ၁၅၇

Vol. 15 Ch. 157

အခန်း ၁၅၇ ခွင့်ပြုချက်တောင်းခံခြင်း

အသက် လေးဆယ့်ရှစ်နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို လက်ထပ်သည်မှာ အသက်အရွယ်ကြီးလွန်းသည်ဟု ထင်ရသော်လည်း အချစ်ဆိုသည်မှာ အသက်အရွယ်နှင့် မဆိုင်ပေ။ အကြောင်းမှာ ရှုစီဝင်ကိုယ်တိုင်ကလည်း အသက်လေးဆယ်ကျော်နေပြီ ဖြစ်သောကြောင့်ပင်။

"သူတို့ ချစ်ကြိုက်နေတာပဲ၊ နည်းနည်း အသက်ကြီးရင် ဘာဖြစ်လဲ"

"ချစ်ကြိုက်တယ်ဆိုတာ စကားအလကားပြောတာ"

ဝေရှင်းဝူကမဲ့ရွဲ့ကာဆက်ပြောပြလေသည်။

"အဲဒီအမျိုးသမီးက မုဆိုးမ ဖြစ်နေတာ ကြာပြီ။ ရှုစီဝင်က ဒီမိန်းမကိုအိမ်တော်ဝန်ရဲ့ ညီမအရင်း ဖြစ်မှန်း သိသွားတဲ့အချိန်ကစပြီး ကပ်တွယ်နေတာ။ အကြောင်းမဲ့ သူ့အိမ်ကို အမြဲတမ်း ပြေးသွားနေတာလေ.."

ရှုစီဝင်၏ ဇနီးမှာ မုဆိုးမတစ်ယောက်ဖြစ်ပေသည်။

အိမ်တော်ဝန်၏ ညီမအရင်းမှာ မူလက ချမ်းသာသော ကုန်သည်တစ်ဦးနှင့် လက်ထပ်ခဲ့သော်လည်း နှစ်အနည်းငယ်အကြာတွင် ထိုကုန်သည်မှာ ရုတ်တရက် ဖျားနာပြီး သေဆုံးသွားကာ မိသားစုပိုင်ဆိုင်မှုအများအပြားကို ချန်ရစ်ခဲ့သည်။ ထိုအမျိုးသမီးမှာ မုဆိုးမဘဝဖြင့် နေထိုင်လာခဲ့ရာမှ ရှုစီဝင်နှင့် တွေ့ဆုံမိခြင်း ဖြစ်လေသည်။

"ရှုစီဝင်က အဲဒီမုဆိုးမ အိမ်တော်ဝန်ရဲ့ ဆွေမျိုးဖြစ်ပြီး စည်းစိမ်ဥစ္စာတွေ အများကြီး ပိုင်ဆိုင်ထားမှန်း သိသွားတော့ သူ့စိတ်တွေ လှုပ်ရှားလာတာပေါ့။ သူက နေ့တိုင်း ဂရုစိုက်ကြောင်း ပြသ နေတာ... တကယ်ကို ရွံစရာကောင်းတယ်"

ဝူကျိရှန်းမှာ အခြေအနေကို အကြမ်းဖျင်း နားလည်သွားလေသည်။ ရှုစီဝင်က အသက်လေးဆယ့်ရှစ်နှစ်အရွယ် မုဆိုးမတစ်ယောက်ကို အသည်းအသန် လိုက်လံပိုးပန်းနေခြင်းမှာအချစ်ကြောင့်မဟုတ်ဘဲ ထိုအမျိုးသမီး၏ နောက်ကွယ်မှ အဆက်အသွယ်များနှင့် စည်းစိမ်ဥစ္စာများကိုသာ မျက်စိကျနေခြင်း ဖြစ်၏။

"သူ အဲဒီမုဆိုးမကို လက်ထပ်လိုက်ကတည်းက ချမ်းသာသွားတယ်။ လှည်းတွေစီး၊ ဇိမ်ခံအိမ်ကြီးတွေမှာ နေ၊ ပိုးထည်တွေဝတ်၊ မြေပြင်ကရော ရေထဲကပါ အရသာရှိတဲ့ အစားအသောက်တွေကို စားပြီး သူက ချမ်းသာလာပြီဆိုတာ ကမ္ဘာကို သိစေချင်နေတာ"

ဝေရှင်းဝူသည် ဟက်ခနဲ ရယ်မောလိုက်သည်။

"တကယ်ကို ရွံစရာကောင်းတဲ့ လူ"

"နောက်ပြီး မင်း မြက်ခင်းပြင်မှာ သေသွားပြီလို့ ကြားတဲ့အခါ သူက အနောက်ဘက် အဆောင်တစ်ခုလုံးကို သိမ်းယူပြီး အလှဆင်လိုက်တော့တာပဲ"

ဟောင်းနွမ်းနေသော ရုံးခန်းကို အလွန်ခမ်းနားသွားအောင် ပြင်ဆင်ထားသည်မှာ ရှုစီဝင်ပင် ဖြစ်နေသည်ကိုး။

ထိုစဉ်မှာပင် ဒဏ်ရာကို ပတ်တီးစည်းပြီး ရှုစီဝင်ပြန်ရောက်လာသည်။ သူသည် ဝေရှင်းဝူကို မမြင်သကဲ့သို့ပင် ပြုမူကာ ဝူကျိရှန်းကို လက်နှစ်ဖက် ယှဉ်၍ ဂါရဝပြုလိုက်၏။

"လက်ထောက်အရာရှိ ဝူ၊ သခင်ကြီးချင်းက ကျွန်တော်တို့ကို ကိစ္စတစ်ခု ဆွေးနွေးချင်နေတယ်။ မနှောင့်နှေးပါနဲ့၊ အမြန်သွားရအောင်"

သုံးဦးစလုံးမှာ လက်ထောက်အရာရှိများ ဖြစ်ကြသော်လည်း ဌာနအသီးသီးကို တာဝန်ယူထားသူများ ဖြစ်ကြသည်။ ဆွေးနွေးပွဲအတွက်ဆိုလျှင် အတူတူ သွားရမည်မှာ သဘာဝပင်။

အသက်ကြီးပိုင်းဖြစ်သည့် သခင်ကြီး ချင်းကျန့်ယုံမှာ ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ ဖြစ်သော်လည်း လုပ်ငန်းကိစ္စများကို လုံးဝစိတ်မဝင်စားပေ။ ဆွေးနွေးပွဲဆိုသည်မှာလည်း အမည်ခံမျှသာ ဖြစ်လေသည်။

"လက်ထောက်အရာရှိ ဝူ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြန်ရောက်လာတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာပါတယ်"

ရိုးရှင်းသော အဖွင့်စကားပြောပြီးနောက် သခင်ကြီး ချင်းကျန့်ယုံသည် ဆေးဝါးဌာန၏ အဆင့်မြင့် အစည်းအဝေး ကို စတင်လေသည်။

"ငါတို့ရဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနဟာ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိပြီး တာဝန်တွေကလည်း အလွန်ကြီးမားတယ်။ အားလုံးပဲ တာဝန်ကျေပွန်စွာနဲ့ နန်းတော်အတွက် အလုပ်အကျွေးပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

ဌာနမှူးချင်း ပြောသောစကားများမှာ အဓိပ္ပာယ်မဲ့ပြီး အရာရှိတို့၏ ထုံးစံအတိုင်းသာ ဖြစ်လေသည်။ တာဝန်ကြီးမားခြင်း နှင့် နန်းတော်ကို အစေခံခြင်းဟူသော စကားလုံးများကိုသာ ထပ်ခါတလဲလဲ ပြောနေခြင်း ဖြစ်၏။

လက်ထောက်အရာရှိ သုံးဦးမှာ ထိုသို့ ထပ်ခါတလဲလဲ ပြောနေသည့် စကားများကို ကြားရလွန်း၍ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ဝေရှင်းဝူမှာ ကုလားထိုင်ပေါ်တွင် ထိုင်နေသော်လည်း ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေပြီး အတွေးလွန်နေလေသည်။

ရှုစီဝင်မှာလည်း လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ကာ အချိန်ဖြုန်းနေ၏။

ဝူကျိရှန်းပင်လျှင် အကြီးအကဲ၏ အဓိပ္ပာယ်မဲ့သော စကားများကို နားမထောင်ချင်တော့ပေ။ ယဉ်ကျေးမှုအရသာ မဟုတ်လျှင် သူသည် ထိုသို့သော အစည်းအဝေးမျိုးကို တက်ရောက်မည် မဟုတ်ပါ။

အရာရှိလောကဆိုသည်မှာ ထိုသို့ပင် ဖြစ်၏။ အဓိပ္ပာယ်မရှိမှန်း သိသော်လည်းနားထောင်ပေးရမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သခင်ကြီး ချင်းကျုံးယုံမှာ ယခင်ကကဲ့သို့ အဆုံးမရှိ ပြောမနေတော့ပေ။ လက်ထောက်အရာရှိ သုံးဦး၏ စိတ်မပါသော အကြည့်များကို သတိပြုမိသွားပြီး အမြန်ပင် နိဂုံးချုပ်လိုက်သည်။

"ဒီနေ့အတွက် ဆွေးနွေးတာကို ဒီမှာပဲ ရပ်လိုက်ရအောင်။ အားလုံးပဲ နန်းတော်အတွက် တာဝန်ကျေပွန်ကြဖို့ မျှော်လင့်ပါတယ်။ ဒါပါပဲ၊ ပြန်ကြပါတော့"

သခင်ကြီး ချင်းကျုံးယုံမှာ အရင်ဆုံး ထလိုက်သည်။ လှည့်ထွက်သွားမည့်ဆဲဆဲတွင် အကြောင်းရင်းကို မသိရသော်လည်း သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ယိုင်သွားကာ ခြေလှမ်းများ မတည်မငြိမ်ဖြစ်ပြီး တဖြည်းဖြည်း လဲကျသွား၏။

အနားတွင်ရှိနေသော ဝူကျိရှန်းမှာ အသိဉာဏ် လျင်မြန်သဖြင့် ချက်ချင်း ထူပေးလိုက်သည်။

"သခင်ကြီးချင်း၊ ဘာဖြစ်တာလဲ"

သခင်ကြီး ချင်းကျန့်ယုံ၏ မျက်နှာမှာ နီရဲနေပြီး နှုတ်ခမ်းများ တုန်ရီနေကာ မအီမသာ ဖြစ်နေပုံရသည်။

ကုလားထိုင်ပေါ် ပြန်ထိုင်စေပြီးနောက် ဝူကျိရှန်းက အလျင်အမြန် မေးလိုက်၏။

"သခင်ကြီး၊ ဘယ်လို ခံစားရလဲ"

"ခေါင်းမူးပြီး မျက်လုံးတွေ ဝါးနေတယ်"

ဝူကျိရှန်းသည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ နှလုံးခုန်နှုန်းမှာ အလွန်မြန်နေပြီး တစ်မိနစ်လျှင် အကြိမ်ပေါင်း တစ်ရာ့သုံးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

"သခင်ကြီး၊ ရင်တုန်ပြီး ရင်ဘတ်အောင့်တာမျိုး ခံစားရသလား"

"အတိအကျပဲ"

"အသက်ရှုရ ခက်တာမျိုးရော၊ လက်တွေ ခြေထောက်တွေ နည်းနည်း ထုံကျဉ်နေသလား၊ နောက်ပြီး စိတ်တိုလွယ်ပြီး ခါးနာ၊ ဒူးနာ ဖြစ်နေသလား"

"အတိအကျပဲ"

ချင်းကျန့်ယုံ၏ လက်များမှာ အနည်းငယ် တုန်ရီနေ၏။

"လက်ထောက်အရာရှိ ဝူ၊ ကျွန်ုပ်ဘာရောဂါ ဖြစ်နေတာလဲ"

"ကျွန်ုပ်အခြေအနေ ဆိုးလား"

သက်ကြီးရွယ်အိုတို့မှာ ရောဂါ ဟူသော စကားလုံးကို အကြောက်ဆုံး ဖြစ်သည်။ ချင်းကျန့်ယုံမှာ ဝူကျိရှန်း၏ ဆေးပညာမှာ အလွန်တော်ကြောင်း သိရှိထားသဖြင့် အမြန်မေးမြန်းလေသည်။

"ကုသနိုင်တဲ့ နည်းလမ်း ရှိသေးသလား"

ဝူကျိရှန်းမှာချက်ချင်း မဖြေဘဲ ခဏမျှ စူးစိုက်ကြည့်နေလိုက်သည်။

ပလက်ဖက်ရည်တစ်ခွက်‌ သောက်အချိန်လောက် ကြာပြီးနောက် သခင်ကြီး ချင်းကျန့်ယုံ၏ မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး နှလုံးခုန်နှုန်းမှာလည်း လျင်မြန်ခြင်း မရှိတော့ဘဲ အသက်ရှုသံများမှာလည်း တည်ငြိမ်သွားလေသည်။

ဝူကျိရှန်းက မေးလိုက်၏။

"သခင်ကြီး၊ နည်းနည်း သက်သာလာပြီလား"

"အများကြီး သက်သာသွားပြီ၊ အများကြီး သက်သာသွားပြီ။ ကျွန်ုပ် ဘာရောဂါ ဖြစ်တာလဲ"

"သခင်ကြီးက လေဖြတ်တာပါ"

ဝူကျိရှန်း ပြောသော လေဖြတ်သည် မှာ အမှန်တကယ်တွင် သွေးတိုးရောဂါပင် ဖြစ်သည်။

လေဖြတ်သည့်ပုံစံမှာ အလွန်များပြီးအအေးမိရောဂါမျိုးနှင့် မတူပေ။ ၎င်းမှာ သွေးကြောနှင့် နှလုံးရောဂါများမှ ပေါ်ပေါက်လာသော နောက်ဆက်တွဲ ပြဿနာများနှင့် သွေးဖိအား မမှန်ခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများနှင့် ပို၍ နီးစပ်သည်။

"လက်ထောက်အရာရှိ ဝူရဲ့ ဆေးပညာက တကယ်ပဲ အံ့ဩစရာကောင်းတယ်၊ ဘယ်လို ကုသရမလဲဆိုတာ သိမှာပါ"

"ကျွန်တော် ဆေးစာ ရေးပေးပါ့မယ် သခင်ကြီး"

ဝူကျိရှန်းသည် စုတ်တံကို ကိုင်ကာ ဆေးစာရေးလိုက်သည်။ ကူကီးနှစ်လျန်၊ ကပ်စေးမြက်စေ့ နှစ်လျန်၊ သွေးအားတိုးမြစ်တစ်လျန်တို့ကို မီးပြင်းပြင်းဖြင့် ကျိုချက်ပြီး သောက်ရမည် ဖြစ်သည်။

"ကျွန်တော် ပေးတဲ့ ဆေးစာက ရေတိုမှာတော့ သိသိသာသာ ပြောင်းလဲမှု မရှိနိုင်ပါဘူး၊ ကြာရှည်စွာ သောက်မှသာ အာနိသင်ရှိမှာပါ"

"သခင်ကြီး၊ အခု ဖြစ်နေတဲ့ ရောဂါက ကုသတာထက် အနားယူဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော်လည်း နလန်ထူဖို့အတွက် နည်းလမ်းလေးတွေကို သင်ပေးပါ့မယ်..."

ဝူကျိရှန်း၏ မူလခေတ်တွင် သွေးတိုးရောဂါမှာ အလွန်အဖြစ်များသော ရောဂါတစ်ခု ဖြစ်သည်။ အသက်ကြီးသူ ဆယ်ဦးတွင် ခြောက်ဦးမှာ သွေးဖိအား မမှန်ကြဘဲ သက်ကြီးရွယ်အိုများစွာမှာ တစ်နှစ်ပတ်လုံး သွေးတိုးကျဆေးများကို သောက်နေကြရသည်။

သွေးတိုးကျဆေးများသည် ရောဂါလက္ခဏာကိုသာ ကုသနိုင်ပြီး အမြစ်ကို မဖြတ်နိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ ဆေးကုသခြင်းထက် ကျန်းမာသော နေထိုင်မှုပုံစံနှင့် အသင့်အတင့် လှုပ်ရှားမှုသာ ဖြစ်၏။

သွေးတိုးရောဂါတွင် အကြောင်းရင်းများစွာ ရှိသဖြင့် ဤခေတ်တွင် အရင်းအမြစ်ကို ရှာဖွေရန် ခက်ခဲသည်။

သွေးတိုးရောဂါအတွက် ဆေးသောက်ခြင်းထက် ပြုစုစောင့်ရှောက်ခြင်းက ပို၍ အရေးကြီးသည်။

ထို့ကြောင့် ဝူကျိရှန်းသည် သခင်ကြီးချင်အား အနားယူပြုစုရန် နည်းလမ်းများကို သင်ပေးလိုက်သည်။ ဟင်းသီးဟင်းရွက် များများစားပြီး အသား လျှော့စားရန်၊ ဆား လျှော့စားပြီး ရှာလကာရည် များများသုံးရန်၊ အသင့်အတင့်သာ လှုပ်ရှားရန်၊ ပင်ပန်းသောအလုပ်များကို ရှောင်ကြဉ်ရန် စသည်တို့ကို မှာကြား၏။

"ကိုယ်ကိုယ်ကို ဂရုစိုက်မယ်ဆိုရင် ပြဿနာကြီးကြီးမားမား မရှိနိုင်ပါဘူး။ သခင်ကြီး၊ အရမ်း စိတ်ပူစရာ မလိုပါဘူး"

"အို... ကျွန်ုပ်က နန်းတော်ကိစ္စတွေအတွက် စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတာ၊ အလုပ်များလွန်းလို့ ဖျားနာသွားတာပါပဲ။ အခုတော့ အနားယူသင့်ပါပြီ။ ရုံးကိစ္စတွေကိုတော့ မင်းတို့ သုံးယောက်ပဲ တာဝန်ယူပေးကြပါဦး..."

သခင်ကြီး ချင်းကျန့်ယုံသည် သက်ပြင်းချလိုက်ရင်း

"ဒီရောဂါကို ကုလို့ မရတော့ဘူး ထင်တယ်။ နန်းတော်ကို အနားယူခွင့် တောင်းဆိုတဲ့ စာတင်ပြီး အးကျန်တဲ့သက်တမ်းကို အိမ်မှာအေးအေးဆေးဆေး ဖြတ်သန်းရတော့မယ် ထင်တယ်..."

*********

`

All Chapters