← Chapters

အခန်း ၁၅၉

Vol. 15 Ch. 159

အခန်း ၁၅၉

Vol. 15 Ch. 159

အခန်း ၁၅၉ လူတိုင်း ရာထူးလိုချင်ကြတာပဲ

ပင်ပန်းနွမ်းနယ်နေသော ငှက်များ အသိုက်သို့ ပြန်ချိန်ဖြစ်သည့် ညနေစောင်းအချိန်တွင် ဝေရှင်းဝူသည် အရက်ပုလင်းတစ်လုံးကို ကိုင်ဆောင်ကာ ဝူကျိရှန်း၏နေအိမ်သို့ ရောက်ရှိလာလေသည်။

"ပြိုင်ဘက်ကင်းတဲ့ အရက်ကောင်းတစ်လုံးကို ရှာတွေ့ထားလို့ တစ်ယောက်တည်း သောက်ရမှာကို နှမြောတာနဲ့ ဝူကျိရှန်းနဲ့အတူ သောက်ဖို့ အထူးတလည် လာခဲ့တာပါ"

ဝေရှင်းဝူက ရယ်မောရင်း ပြောသည်။

"ဒီ လေးဆယ်နှစ်သက်တမ်းရှိတဲ့ကြာပန်းဖြူအရက်က ရဖို့ တကယ်ခက်တာ၊ ဟန်ကျန်းအဘိုးကြီးရဲ့ ဝါးတောင်ပန်းချီကား နဲ့ လဲလိုက်ရတာ"

ဝူကျိရှန်းမှာ ဟန်ကျန်းအဘိုးကြီးဆိုသည်ကို မသိသော်လည်း ဒေသခံ ပန်းချီဆရာတစ်ဦး ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။

"အရာရှိဝေ၊ ကျွန်မတို့အိမ်လေးကို လာလည်တာ ကျေးဇူးတင်ပါတယ်။ အရက်နဲ့မြည်းဖို့ ဟင်းနည်းနည်းလောက် သွားပြင်ပေးလိုက်ပါဦးမယ်"

သခင်မလေးရွန့်က ပြောပြီး မီးဖိုချောင်ဘက်သို့ ထွက်သွားလေသည်။

"ကျွန်တော့်ရဲ့ ညီမလေးက ဂုဏ်သရေရှိ မိသားစုကနေ ဆင်းသက်လာတဲ့ ပညာတတ် အမျိုးသမီးတစ်ယောက်ဆိုတာ ကြားဖူးပါတယ်။ အလျင်စလို လာခဲ့မိတော့ နှုတ်ဆက်လက်ဆောင် ကောင်းကောင်း မပြင်ဆင်လာနိုင်ခဲ့ဘူး"

ဝေရှင်းဝူက သူ၏ရင်ဘတ်ထဲမှ ပုလဲကုံးတစ်ကုံးကို ထုတ်ယူကာ သခင်မလေးရွန့်ကို ပြုံးလျက် ပေးလိုက်သည်။

"သေးသေးလေးပါ၊ ညီမလေး လက်ခံပေးပါဦး"

သခင်မလေးရွန့်မှာ အရာရှိမိသားစုမှ ဆင်းသက်လာသူဖြစ်၍ ထိုလောကကို အနည်းငယ် သိရှိပြီးသူ ဖြစ်သည်။ ဤပုလဲကုံးမှာ အလွန်အဖိုးတန်သည်မဟုတ်သော်လည်း ပုလဲတစ်လုံးစီတိုင်းမှာ ကြည်လင်နေပြီး လုံးဝန်းကာ အရွယ်အစားတူညီနေသဖြင့် တန်ဖိုးရှိကြောင်း သိသာလှ၏။

ဝေရှင်းဝူက ပထမဆုံးအကြိမ် လာလည်ရာတွင် ဤမျှ အဖိုးတန်သော လက်ဆောင်ကို ပေးသဖြင့် သခင်မလေးရွန့်မှာ လက်ခံသင့် မသင့် ဝေခွဲမရ ဖြစ်နေသည်။

"ဝူကျိရှန်းနဲ့ ကျွန်တော်က ညီအစ်ကိုတွေပါ၊ ညီမလေး။ ကျွန်တော့်ကို အပြင်လူလို မသဘောထားပါနဲ့၊ အားမနာပါနဲ့"

ဝေရှင်းဝူက ပုလဲကုံးကို သခင်မလေးရွန့်လက်ထဲသို့ အတင်းထည့်ပေးလိုက်၏။

သခင်မလေးရွန့်က ဝူကျိရှန်းကို တစ်ချက် ကြည့်လိုက်သည်။

"အရာရှိဝေရဲ့ စေတနာဆိုတော့လည်း လက်ခံလိုက်ပါ"

ဝူကျိရှန်း ပြောလိုက်မှသာ သခင်မလေးရွန့်လည်း ပုလဲကုံးကို လက်ခံလိုက်တော့သည်။

မကြာမီပင် အရက်မြည်းစရာ အိမ်လုပ်ဟင်းပွဲ အချို့ကို စားပွဲပေါ် တင်ပေးလိုက်သည်။

ထိုခေတ်အခါက ဓလေ့ထုံးစံအရ အမျိုးသားများ ကိစ္စဆွေးနွေးလျှင် အမျိုးသမီးများမှာ ထွက်သွားရမည် ဖြစ်သဖြင့် အခန်းထဲတွင် ဝူကျိရှန်းနှင့် ဝေရှင်းဝူသာ ကျန်ရစ်ခဲ့သည်။

ဝေရှင်းဝူ လာသည့်အကြောင်းရင်းကို ဝူကျိရှန်း သိသော်လည်း မဖော်ပြခဲ့ပေ။ သူက အရင်မပြောသရွေ့ ငါလည်း သိလျက်နှင့် မသိယောင်ဆောင်နေရုံသာ။

ဝေရှင်းဝူနှင့် အရက်သောက်ရင်း စကားပြောရာတွင် ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ ကိစ္စများကိုသာ အဓိကထား ပြောဆိုကြသည်။

ဝေရှင်းဝူမှာ လူငယ်သဘာဝ‌ပေါ့ပေါ့ပါးပါးရှိသော်လည်း ရိုးသားပွင့်လင်းသူ ဖြစ်သည်။ အထူးသဖြင့် ဝူကျိရှန်းရှေ့တွင် သူ၏အထက်လူကြီးအပေါ် မကျေနပ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။

"ငါတို့ရဲ့ ဌာနမှူးချင်းဖျားနေတယ်ဆိုတာ အလကားပါ၊ အလုပ်များလို့တဲ့... သူ့အလုပ်က ဘာများ များလို့လဲ..."

အလုပ်များသည်ဟုဆိုခြင်းမှာ သခင်ကြီး ချင်းကျန့်ယုံ ကမိမိကိုယ်ကို ဂုဏ်တင်ရန်‌ ပြောခြင်းသာဖြစ်သည်။ ဆေးဝါးစီမံခန့်ခွဲရေးဌာနရှိ လူတိုင်းက သူသည် အလုပ်မလုပ်ဘဲ အချိန်ကုန်နေသည့် အလကားလူတစ်ယောက် ဖြစ်ကြောင်း သိကြသည်။ အလုပ်များစရာ အကြောင်းမရှိပေ။

ဌာနမှူးချင်းကျန့်ယုံမှာ အဂတိလိုက်စားသူ မဟုတ်သော်လည်း အရည်အချင်း မရှိသူတစ်ဦး ဖြစ်သည်ကိုလူတိုင်း သိ၏။

ချင်ကျုံးယုံကို ခဏလောက် ဆဲပြီးနောက် ဝေရှင်းဝူသည် သူ၏ပြိုင်ဘက်ရှုစီဝင်ဆီသို့ စကားလှည့်လိုက်သည်။

"အဲဒီ ရှုစီဝင်ဆိုတဲ့ကောင်က ဘယ်လိုလူလဲ"

"သူက ဒုဝန်ကြီးရဲ့ မုဆိုးမညီမကို လက်ထပ်ပြီး နောက်အသာစံရပြီလို့ ထင်နေတာ။ အဲဒီလိုလူမျိုးကို ငါ အမုန်းဆုံးပဲ"

အရာရှိဖြစ်ဖို့အတွက် မုဆိုးမအိုကြီးကို လက်ထပ်သည်ဆိုခြင်းမှာ... တကယ်ကို အရှက်မဲ့လှသည်။

"ဒီတစ်ခါ သခင်ကြီးချင်း‌နေမကောင်းတော့ နုတ်ထွက်မယ်လို့ပြောနေတယ်။ သူက ဒီအခွင့်အရေးကို အသုံးချပြီး ဌာနမှူးနေရာ ရဖို့ အသည်းအသန် ကြိုးစားနေတာ။ ငါတော့ သူ့ကို ဒီနေရာ ရခွင့်ပေးမှာ မဟုတ်ဘူး"

ဝေရှင်းဝူသည် တရားမျှတသည့်အသွင် ဖန်တီးကာ အရက်မူးနေသည့် အရှိန်ဖြင့် ပြောလိုက်သည်။

"အုလုမျိုးနွယ်စုကိစ္စမှာ အရာရှိဝူရဲ့ အောင်မြင်မှုတွေက ကြီးမားတယ်။ ငါ့အမြင်အရဆိုရင် ဌာနမှူးချင်းသာအနားယူလိုက်ရင် အဲဒီနေရာကအရာရှိ ဝူနဲ့ပဲ ထိုက်တန်ပါတယ်... မင်းသာ စိတ်ကူးရှိရင် ငါ ထောက်ခံပေးမယ်"

ဝူကျိရှန်းမှာ ဌာနမှူးရာထူးကို စိတ်မဝင်စားပေ။ ဆေးဝါးဌာနမှာ အိမ်တော်ဝန်ဌာန၏ လက်အောက်ခံ ရုံးတစ်ခုသာ ဖြစ်ပြီး အနာဂတ်လည်း မရှိသဖြင့် သူ တကယ်ပင် စိတ်မဝင်စားပါ။

ထို့အပြင် ဝေရှင်းဝူ လာသည့်အကြောင်းရင်းကိုလည်း သူ သိသည်။ သခင်ကြီးချင်းနေရာတွင် သူဝင်ထိုင်ရန်အတွက် ဝူကျိရှန်း၏ ထောက်ခံချက်ကို လိုချင်နေခြင်း ဖြစ်၏။

မင်းကိုငါ ထောက်ခံပေးမယ်ဆိုသည်မှာ မျက်နှာချိုသွေးခြင်းသာ ဖြစ်ပြီး သူကိုယ်တိုင်ပင် ထိုရာထူးကို လိုချင်နေခြင်း ဖြစ်သည်။

ဝေရှင်းဝူ၏ အကွက်ကို မမြင်နိုင်လောက်အောင် ဝူကျိရှန်း မညံ့ဖျင်းပါ။

"အရာရှိဝူ၊ မင်း တကယ်ပဲ ဌာနမှူးရာထူးကို စိတ်မဝင်စားတာလား"

"စိတ်ဝင်စားရင်ရော အရာရှိရှုနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလား။ သူ့ယောက်ဖက အိမ်တော်ဝန်ဌာနက ဒုဝန်ကြီးလေ၊ စကားတစ်ခွန်းဆို ရာထူးတိုးနိုင်တာပဲ..."

"အရာရှိကဝူ သူနဲ့ မပြိုင်ချင်ရင် ငါပဲ ပြိုင်ရမှာပေါ့"

"အဲဒီလို အရှက်မဲ့တဲ့ကောင် ငါ့အပေါ်မှာ ရှိနေရင် ငါ တကယ်ပဲ သည်းမခံနိုင်ဘူး"

"အိမ်တော်ဝန်ဌာန ဒုဝန်ကြီးက သူ့ယောက်ဖ ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူက တတိယအဆင့်ပဲ ရှိသေးတာ၊ ငါ သူ့ကို မကြောက်ဘူး"

ဝေရှင်းဝူမှာ အရက်မူးနေပြီး သူ၏ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ငါ့မိသားစုဝင်တွေကို နန်းတော်မှာ ပြောခိုင်းလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီခွေးကောင် ရှုစီဝင်ကို ဒီနေရာ ရအောင် မလုပ်ပေးနိုင်ဘူး"

"တကယ်တော့ ဆဋ္ဌမအဆင့် ဌာနမှူးနေရာကို ငါလည်း စိတ်မဝင်စားပါဘူး။ ငါ့အရည်အချင်းကို မင်းသိပါတယ်၊ ဆေးပညာဆိုတာ ငါ ဘာမှ နားမလည်ဘူး"

"ငါ ဒီရုံးငယ်လေးမှာ နေဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ငါ့ရဲ့ ရာထူးမှတ်တမ်းကို လှပအောင် လုပ်ဖို့ ခဏ လာတာပါ၊ အခွင့်အရေး ရတာနဲ့ နန်းတော်ထဲ ပြန်ပြောင်းရွှေ့ဖို့ ကြိုးစားမှာ"

ထိုစကားမှာ သူ၏ စိတ်ရင်းအမှန် ဖြစ်သည်။ ဝေရှင်းဝူမှာ ဆဋ္ဌမအဆင့် ဌာနမှူးအဖြစ်သာ ဘဝကို အဆုံးသတ်လိုသူ မဟုတ်ပါ။

သူ၏ နောက်ခံနှင့် မိသားစု ဆက်သွယ်မှုများအရဆေးဝါးဌာန ဌာနမှူး ဆိုသည့် အတွေ့အကြုံ ရသွားသည်နှင့် သူ၏မိသားစုက နန်းတော်အတွင်းသို့ လွယ်ကူစွာ ပြန်ခေါ်သွားနိုင်မည် ဖြစ်သည်။

နန်းတော်အတွင်းမှ အရာရှိတစ်ဦး ဖြစ်လာလျှင် ဆဋ္ဌမအဆင့် ဌာနမှူးထက် အဆပေါင်းများစွာ သာလွန်ပေမည်။

ဆေးဝါးဌာနတွင် ဆဋ္ဌမအဆင့်မှာ အမြင့်ဆုံးပင် ဖြစ်သည်။ ထို့ထက် ပိုတက်၍ မရနိုင်ပါ။

နန်းတော်အတွင်းသို့ ရောက်မှသာ ဆက်လက် ရာထူးတိုးနိုင်မည် ဖြစ်သည်။

"သခင်ကြီးချင်းက တစ်နှစ်ကျော် လုပ်ခဲ့ပြီ။ ငါ သူ့နေရာမှာ တစ်နှစ်လောက် ဆက်လုပ်မယ်၊ သက်တမ်းကုန်တာနဲ့ နန်းတော်ကို ပြောင်းသွားမှာ..."

ဝေရှင်းဝူက ရင်ဘတ်ကို ပုတ်ကာ ကတိသစ္စာပြုသည်။

"အဲဒီအချိန်ကျရင် ဝူကျိရှန်းကို ဌာနမှူးနေရာအတွက် ငါ အကြံပြုပေးမယ်"

အရာရှိလောက၏ ထုံးစံအရ အနားယူမည့်သူက မိမိနေရာကို ဆက်ခံမည့်သူကို အကြံပြုလေ့ရှိပြီး နန်းတော်ကလည်း မငြင်းပယ်လေ့ရှိပေ။

"အရာရှိဝူ၊ မင်း ငါ့ကို ထောက်ခံပေးမှာပေါ့နော်"

"ထောက်ခံတာပေါ့။မင်းပဲဖြစ်ဖြစ်၊ ရှုစီဝင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဒီနေရာကို လိုချင်ပါစေ၊ ငါ အပြည့်အဝ ထောက်ခံပေးမှာပါ"

ဝူကျိရှန်း၏ သဘောထားကြောင့် ဝေရှင်းဝူမှာ အလွန်ကျေနပ်သွားပြီး အရက်မူးနေသော အရှိန်ဖြင့် ကျေနပ်စွာ ပြန်သွားလေတော့သည်။

*********

All Chapters