အခန်း ၁၆၀
Vol. 15 Ch. 160
အခန်း ၁၆၀ ဖျားနာဟန်ဆောင်ခြင်း
ပုလဲလုံးမုန့်မှာ ကျင်းကျိုးဒေသ၏အစားအစာတစ်ခု ဖြစ်သည်။ အရည်အသွေးမြင့် ကောက်ညှင်းဆန်၊ ဘဲဥ၊ ငါးနှင့် ဝက်သားတို့ကို အသုံးပြုကာ အလုံးလေးများဖြစ်အောင် လုံးပြီးမှ ပြုတ်၍ ထပ်မံပေါင်းထားခြင်း ဖြစ်သည်။ အလွန်အရသာရှိလှသဖြင့် သခင်ကြီး ချင်ကျုံးယုံကို အမြဲပင်တမ်းတစေလေသည်။
ပုလဲလုံးမုန့် နှစ်ပန်းကန် စားပြီးနောက်တွင် သူသည် အရသာရှိသော လုံကျုံးလက်ဖက်ရည်ကို ဖျော်သောက်လိုက်သည်။
လုံကျုံးလက်ဖက်ရည်မှာ ကျင်းကျိုး၏ နာမည်ကျော် လက်ဖက်ရည် ဖြစ်သည်။ ကျူးခယ်လျန်သည် ထိုလက်ဖက်ရည်ဖြင့်ပင် ဧကရာဇ်၏ဦးလေးဖြစ်သူ လျိုပေ့ကို သူ၏တဲအိမ်တွင် သုံးကြိမ်တိုင်တိုင် ဧည့်ခံခဲ့သည်ဟု ဆိုစမှတ်ပြုကြ၏။
ဇာတိမြေမှ ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း သခင်ကြီး ချင်းကျန့်ယုံသည် သူ့ဇာတိမြေ၏ အရသာကိုသာ အနှစ်သက်ဆုံး ဖြစ်နေဆဲပင်။
မွှေးပျံ့သော လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း သက်ကြီးရွယ်အိုတို့၏ ထုံးစံအတိုင်း သခင်ကြီး ချင်းကျန့်ယုံသည် သူ၏ဘဝတစ်လျှောက်ကို ပြန်လည် ဆန်းစစ်ကြည့်မိပြန်သည်။
သူသည် အသက် ၂၁ နှစ်တွင် နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ၂၇ နှစ်တွင် အရာရှိဘဝသို့ စတင်ဝင်ရောက်ခဲ့သည်။ အားကောင်းလှသော ယွမ်မင်းဆက် ပြိုလဲသွားပုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ချန်ယိုလျန်ထံတွင် တစ်ကြိမ်၊ ကျန်းရှီချန်ထံတွင် တစ်ကြိမ် အမှုထမ်းခဲ့ကာ ကျူးယွမ်ကျန်းက မင်အင်ပါယာကို တည်ထောင်ပြီးနောက်တွင်မှ မင်မင်းဆက်၏ အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ အရာရှိဘဝတွင် အတက်အကျ အများအပြားကို ကြုံတွေ့ခဲ့ရပေသည်။
ငယ်ရွယ်စဉ်အခါက ချင်းကျန့်ယုံမှာ ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သည်။ လောကကို ကိုယ့်တာဝန်ဟု ခံယူကာကြီးကျယ်သော အောင်မြင်မှုများ ရရှိရန် ရည်မှန်းချက်ကြီးခဲ့သူ ဖြစ်သည်။
သို့သော်လည်း နောက်ခံအထောက်အပံ့ မရှိသည့်အပြင်တည်ထောင်သူများ၏ ဆွေမျိုးတော်စပ်သူလည်း မဟုတ်သည့် သူ့ကဲ့သို့သော အရာရှိမျိုးကို အရေးပါသော ရာထူးများ မပေးခဲ့ပေ။
သူသည် အသက် ၅၉ နှစ်၊ ခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ဆဋ္ဌမအဆင့် အရာရှိလေးအဖြစ်သာ ကျန်ရစ်ခဲ့ပြီး နန်းတော်မှ ဝေးကွာသော ရှန်ရှီးပြည်နယ်၊ ထိုက်ယွမ်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ဤအရွယ်တွင် ရာထူးတိုးရန်မှာ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့်ချင်းကျန့်ယုံသည် ငယ်စဉ်က ကြီးမားသော ရည်မှန်းချက်များကို စွန့်လွှတ်ကာ ဘာပဲဖြစ်ဖြစ် ငါက ငွေလည်း မခိုးဘူး၊ ကိုယ်ကျိုးအတွက်လည်း အလုပ်မလုပ်ဘူး၊ တစ်ရက်တစ်ရက် အေးအေးဆေးဆေး နေပြီး အနားယူ ဖို့ပဲ စောင့်မယ်ဟူသော သဘောထားမျိုးဖြင့် နေထိုင်လာခဲ့သည်။
မကြာခင်ကဖြစ်ပွားခဲ့သောလေဖြတ်ရောဂါ ကြောင့်ချင်းကျန့်ယုံမှာ အတော်လေး ထိတ်လန့်သွားခဲ့သော်လည်းထိုရောဂါမှာ သူ ထင်သလောက် မဆိုးရွားကြောင်း မကြာမီပင် သိလိုက်ရသည်။
အခါအားလျော်စွာ ခေါင်းမူးခြင်း၊ အသက်ရှုမဝခြင်းနှင့် ရင်ဘတ်အောင့်ခြင်းများ ရှိသော်လည်း ထို့ထက်ပို၍ မဆိုးရွားပေ။ အနည်းငယ် နားလိုက်ရုံဖြင့် ရောဂါလက္ခဏာများမှာ အလိုလို ပျောက်ကင်းသွားလေသည်။
သခင်ကြီးချင်းမှာ ထိုရောဂါသည်ကုသရန် ခက်ခဲသော်လည်း အသက်အန္တရာယ် မရှိသည့် နာတာရှည်ရောဂါ ဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။
သူသည် ထိုအခွင့်အရေးကို အသုံးချကာ ဆေးဝါးစီမံခန့်ခွဲရေးဌာနသို့ မသွားတော့ဘဲ အချိန်ဖြုန်းနေတော့သည်။
ဌာနမှူး ဖြစ်သော်လည်း သူ၏ရာထူးမှာ အမည်ခံမျှသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူ အလုပ်မသွား သော်လည်း အစိုးရလုပ်ငန်းများ မထိခိုက်နိုင်ပေ။
သူသည် ရုံးသို့ အလုပ်မသွားတော့သော်လည်း အာဏာကိုမူ လက်လွှတ်မခံခဲ့ပေ။ ရုံးမှ တံဆိပ်တုံးများနှင့် သူ၏ကိုယ်ပိုင်တံဆိပ်တုံးများကို အိမ်သို့ ယူဆောင်လာခဲ့၏။
"ငါ့ရဲ့ တံဆိပ်တုံးနဲ့ လက်မှတ် မပါဘဲ ဘာမှ လုပ်လို့ မရဘူး"
"ငါ ရုံးမသွားပေမဲ့ ငါဟာ ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ အကြီးအကဲပဲ"
နုတ်ထွက်ရန် ပြောခြင်းမှာလည်း စကားအရသာဖြစ်သည်။ ချင်းကျန့်ယုံသည်ရာထူးမက်သော အရာရှိ တစ်ဦးဖြစ်၍ မိမိသဘောဖြင့် လုံးဝနုတ်ထွက်မည်မဟုတ်ပေ။
အကယ်၍ သူသာ နုတ်ထွက်လိုက်ပါက သူ၏အခွင့်အရေးများ ဆုံးရှုံးသွားလိမ့်မည်။အရာရှိလောက၏ ထုံးစံအတိုင်း ချင်းကျန့်ယုံမှာ အနားယူပြီးပါက ပဉ္စမအဆင့် အရာရှိ၏အဆင့်အတန်းရရှိနိုင်သည်။ သို့သော် နုတ်ထွက်ခြင်းကထိုအခွင့်အရေးများ ဆုံးရှုံးသွား စေလိမ့်မည်။
ဌာနမှူး၏ ရာထူးမှာဟန်ပြမျှသာ ဖြစ်သော်လည်း ချင်ကျုံးယုံကဲ့သို့ အရာရှိလောက၌ ဆယ်စုနှစ်များစွာ နေလာခဲ့သူအတွက်မူ ဌာန၏ အတွင်းရေးကို ကောင်းစွာ သိရှိသူဖြစ်သည်။
လက်ထောက်အရာရှိသုံးဦးအနက် ရှုစီဝင်မှာ ရာထူးတိုးရန်အတွက် အရှက်မဲ့စွာ ကြိုးစားနေသည်။ ဝေရှင်းဝူမှာလည်း နန်းတော်မှ အင်အားကြီး မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရာ အခွင့်အရေးရလျှင် ဌာနမှူးနေရာကို အစားထိုးကာ နန်းတော်သို့ ပြောင်းရွှေ့ရန် ကြိုးစားနေသည်။
ဝူကျိရှန်းကမူ သူ၏ဆေးပညာမှာ ကောင်းမွန်သော်လည်း နောက်ခံ မရှိသဖြင့် သူ့ကိုခြိမ်းခြောက်မှု မရှိပေ။
ဌာနမှူး အနားယူတော့မည်ဟု ပြောလိုက်သည့်အချိန်မှစ၍ ဌာန၏ ငြိမ်းချမ်းမှုမှာပျက်စီးသွားသည်။
ရှုစီဝင်နှင့် ဝေရှင်းဝူတို့မှာ သူ၏နေရာကို ရရန် ပြိုင်ဆိုင်နေကြသည်။ သူတို့ နှစ်ဦးစလုံးမှာ ဌာနမှူးနေရာကို လိုချင်နေကြသည်။
သူသည် ဌာနမှူးအဖြစ် လက်ထောက်အရာရှိများကို အချင်းချင်း ပြိုင်ဆိုင်ခိုင်းခြင်းဖြင့် မိမိအကျိုးကို အများဆုံး ရရှိအောင် လုပ်ဆောင်နေလေသည်။ ရှုစီဝင်နှင့် ဝေရှင်းဝူတို့ တိုက်ခိုက်နေကြသည်ကို သူ အနှစ်သက်ဆုံး ဖြစ်သည်။
အရာရှိလောက၏ ထုံးစံအရ သူ ထွက်ခွာသည့်အချိန်တွင် ဆက်ခံမည့်သူကို အကြံပြုရမည် ဖြစ်ရာ သူ၏အကြံပြုချက်မှာ အလွန် အရေးပါလေသည်။
သူ့ကို လာဘ်ထိုးရန် ရှုစီဝင်က လက်ဆောင်များစွာ ပေး၏။ ဝေရှင်းဝူကလည်း လူမမာလာကြည့်သည်ဟူသော ခေါင်းစဉ်ဖြင့် လက်ဆောင်များစွာ ယူလာသည်။
ချင်းကျန့်ယုံမှာ နုတ်ထွက်ရန် စိတ်ကူးမရှိသော်လည်း ထိုစကားတစ်ခွန်းကြောင့် လက်ဆောင်များစွာ ရရှိနေတော့သည်။
ဝူကျိရှန်းတစ်ယောက်တည်းသာ လူမမာလာကြည့်မလာသေးပေ။
မည်သို့ပင်ဖြစ်စေ သူသည်ဝူကျိရှန်း၏ အထက်လူကြီးမှ ဖြစ်သည်။ သူသာ ဌာနမှူးရာထူးကို လိုချင်လျှင် သူ၏အကြံပြုချက်ကို ရအောင် ယူရမည်။
ထိုအချိန်တွင် သူ၏အစေခံက
"လက်ထောက်အရာရှိ ဝူ လာတွေ့ပါတယ်" ဟု တင်ပြလာသည်။
လာပြီ၊ နောက်ဆုံးတော့ လာပြီပေါ့။
ချင်ကျုံးယုံသည် ဆေးရည်များကို ခုတင်နံဘေးတွင် ထားကာဖျားနေလို့ ဆေးသောက်နေတယ်ဟူသော ပုံစံမျိုး ဖန်တီးလိုက်သည်။
ထို့နောက် ခုတင်ပေါ်တွင် လဲလျောင်းကာ နဖူးပေါ်တွင်သဘက်ကို တင်၍ ရောဂါ အလွန်ဆိုးရွားနေသလို ဟန်ဆောင်ပြီး အားနည်းသောအသံဖြင့်
ပြောလိုက်လေသည်။
"လက်ထောက်အရာရှိ ဝူကို ဝင်ခိုင်းလိုက်ပါ... အဟွတ်... အဟွတ်..."
*********