← Chapters

အခန်း ၄၁၄

Vol. 22 Ch. 414

အခန်း ၄၁၄

Vol. 22 Ch. 414

အခန်း(၄၁၄)သိုင်းပညာရှင်လောက၏ ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ် တည်ရှိရာ ပင်လယ်ကျွန်းဆီသို့ ဦးတည်ခရီးနှင်နေသော သင်္ဘောကြီးပေါ်တွင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် မိမိထံသို့ တရွေ့ရွေ့ နီးကပ်လာနေသော ရေဝဲဂယက်မုန်တိုင်းငယ်လေးများကို စိုက်ကြည့်နေမိသည်။

ယင်းနောက် လက်ထဲမှ နဂါးဟိန်းသံပညာရပ် အရှိန်အဝါတို့ ကိန်းအောင်းနေသည့် လက်နက်ကို တင်းတင်းဆုပ်ကိုင်ကာ စူးရှတောက်ပသော မီးလျှံများကို စုစည်းပြီး အရှိန်အဟုန်ဖြင့် လွှဲခုတ်လိုက်လေသည်။

တောက်လောင်နေသော ကိုယ်တွင်းစွမ်းအင် အလင်းတန်းကာကွယ်မှုသည် ပင်လယ်ရေပြင်ကြောင့် ဖြစ်ပေါ်လာသည့် ထိုမုန်တိုင်းငယ်လေးများကို ဖြတ်တောက်သွားသော်လည်း အကြေးခွံဧရာ ပင်လယ်ဖျံကြီးမှာမူ မီးလျှံများကို အတင်းတိုးဝှေ့ကျော်ဖြတ်ကာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိလာပြီးလျှင် အငမ်းမရ ဟက်ခနဲ ကိုက်ခဲလိုက်တော့သည်။

အကဲခတ်မြန်လှသော ချင်ယွမ်ဖုန်းသည်လည်း လျင်မြန်စွာပင် မိမိခေါင်းပေါ်သို့ လက်နက်ကို ပင့်မြှောက်ကာ အကြေးခွံဧရာ ပင်လယ်ဖျံကြီး၏ ဟက်ဟက်ပက်ပက် ပွင့်အာနေသော ပါးစပ်ကြီးကို ခုခံပိတ်ဆို့ထားလိုက်ရချေသည်။

ထိုအခါ အကြေးခွံဧရာ ပင်လယ်ဖျံကြီးသည် ၎င်း၏အမြီးကို အဆက်မပြတ် ရိုက်ခတ်ယိမ်းထိုးရင်း ပြင်းထန်လှသော အင်အားဖြင့် ချင်ယွမ်ဖုန်းကို ပင်လယ်ရေအောက်နက်ရာဆီသို့ တဖြည်းဖြည်း တွန်းပို့နေတော့သည်။

ရေအောက်သို့ ပိုမိုနက်ရှိုင်းစွာ ဆင်းသက်မိလေလေ၊ ရေဖိအားက ပိုမိုပြင်းထန်လာလေလေ ဖြစ်ပေရာ ကိုးဆင့်မြောက် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ချင်ယွမ်ဖုန်းအတွက်ပင်လျှင် ရေအောက်မီတာ တစ်သောင်းဝန်းကျင်သည် အသက်ရှူကျပ်လှသော အဆုံးစွန်အတားအဆီး ဖြစ်နေချေပြီ။

သို့သော်လည်း ပင်လယ်ဖျံကြီးမှာမူ ရပ်တန့်မည့် အရိပ်အယောင်မျှ မပြဘဲ ထိုပြင်းထန်လှသော ရေဖိအားကို အသုံးပြု၍ ချင်ယွမ်ဖုန်းကို အသေသတ်ရန် အမှန်တကယ် ရည်ရွယ်ထားသည့်အလား ရှိနေတော့သည်။

ချင်ယွမ်ဖုန်းသည် ရင်ထဲမှ အသည်းအသန် ဟစ်ကြွေးလိုက်ပြီးလျှင် ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်မိုးကြိုးဓာတ်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်စေလိုက်ရာ စူးရှလှသော ရွှေရောင်အလင်းတန်းကြီးသည် ပင်လယ်ရေထုအတွင်းသို့ ဖြာထွက်အလင်းဆောင်သွားချေသည်။

ထိုရွှေရောင်မိုးကြိုး အလင်းတန်းများ ပျံ့နှံ့သွားသည့် ခဏ၌ ထွက်ပေါ်လာသော အလင်းရောင်သည် တောက်ပလှသော နေမင်းအလား ရှိပေရာ မီတာရာပေါင်းများစွာ ကွာဝေးသည့် ပင်လယ်ကျွန်းပေါ်ရှိ လူများပင်လျှင် ထိုထူးဆန်းသော ရွှေရောင်အလင်းတန်းကြီးကို လှမ်းမြင်လိုက်ရသည်အထိ ဖြစ်တန်ရာသည်။

အကြေးခွံဧရာ ပင်လယ်ဖျံကြီးမှာမူ ရွှေရောင်မိုးကြိုးဓာတ်စွမ်းအင်များ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် ခဏ၌ပင် အသိစိတ်များ လွတ်မြောက်သွားရရှာသည်။

၎င်း၏ ကိုယ်ထည်ကြီးမှာ မီးသွေးခဲကဲ့သို့ မည်းမှောင်သွားသော်လည်း အသက်ရှူသံတော့ ရှိနေသေးချေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို အသာခါယမ်းရင်း အကြေးခွံဧရာ ပင်လယ်ဖျံကြီးကို ဘေးသို့ တွန်းဖယ်လိုက်ကာ ပတ်ဝန်းကျင်ကို မြင်တွေ့နိုင်ရန် လက်ဖဝါးပေါ်တွင် မီးလျှံတစ်စုကို တောက်လောင်စေလိုက်သည်။

ယခုအခါ ၎င်းတို့ ရောက်ရှိနေသည့်နေရာသည် ပင်လယ်ရေမျက်နှာပြင်အောက် မီတာတစ်ထောင်ခန့် နက်ရှိုင်းသော အရပ်ဖြစ်ပေရာ နေရောင်ခြည်ပင်လျှင် မဖြတ်သန်းနိုင်တော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မည်သည့်အသံမျှမရှိ၊ ဆိတ်ငြိမ်ခြောက်ကပ်လို့ နေချေသည်။

ထိုသို့သော အချိန်၌ ချင်ယွမ်ဖုန်းသည် မလှမ်းမကမ်းတွင် လျှပ်ခနဲ လင်းလက်သွားသော အလင်းရောင်စွန်းတစ်ခုကို အမှတ်မထင် တွေ့ရှိလိုက်ရသဖြင့် စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် ထိုနေရာဆီသို့ တဖြည်းဖြည်း ကူးခတ်သွားမိသည်။

မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းသည် ရေပြင်ကျယ်ကြီးထဲ၌ မိမိမြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ထိတ်လန့်ကာ ရပ်တန့်သွားရတော့သည်။

၎င်း၏ ရှေ့မှောက်တွင် ခမ်းနားထည်ဝါလှသော တံခါးကြီးတစ်ချပ် ရှိနေသည်မဟုတ်လော။

ယင်းက ကြီးမားထည်ဝါလှသော နန်းတော်ကြီးတစ်ခု ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ထိုကြေးညိုရောင် တံခါးမကြီး၏ အောက်ခြေတွင် မတ်တတ်ရပ်နေမိရာ ၎င်း၏ ကိုယ်ခန္ဓာမှာ ကျောက်ခဲငယ်လေးတစ်လုံးကဲ့သို့ သေးငယ်လွန်းလှပြီး တံခါးမကြီး၏ နောက်ကွယ်တွင်မူ ပင်လယ်ရေထုကြီးသာ စီးဆင်းနေသည်။

ထိုကြေးညိုရောင် တံခါးမကြီးနှစ်ချပ်သည် မြင့်မားလှသော တောင်တန်းကြီးတစ်ခုကဲ့သို့သော အရာပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

အောက်ခြေတွင်မူ အဆုံးအစမရှိ နက်ရှိုင်းလှသော တောင်ထိပ်တစ်ခု ရှိနေပုံရပြီး ပိုမိုနက်ရှိုင်းသော နေရာများတွင်မူ မှောင်အတိကျနေသဖြင့် မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်တော့ချေ။

ထိုတံခါးမကြီးမှာ တောင်တန်းကြီး၏ အမြင့်ဆုံး ထိပ်ဖျား၌ တည်ရှိနေခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းကို အံ့အားသင့်စေသည်မှာ တံခါးမကြီး၏ ခန့်ညားထည်ဝါမှု ဖြစ်ပြီး ၎င်းပေါ်တွင် ထုဆစ်ထားသော ပုံရိပ်များသည် ရှေးဟောင်းအရှိန်အဝါများကို ထုတ်လွှတ်နေသကဲ့သို့ ခံစားရစေသည်။

သို့သော်လည်း စဉ်းစားစရာ ဖြစ်နေသည်မှာ ယင်းက ကွက်လပ်ဖြစ်နေပြီး နောက်ကွယ်တွင် မည်သည့်အရာမျှ မရှိသော တံခါးအိုကြီး နှစ်ချပ်မျှသာ ဖြစ်နေခြင်းပင်။

ထိုကဲ့သို့သော တံခါးမျိုးကို မည်သူက အဘယ်ကြောင့် လာရောက် တည်ဆောက်ထားရသနည်း။

ချင်ယွမ်ဖုန်းသည် ရှေ့သို့တိုးကာ တံခါးမကြီးကို တွန်းကြည့်သော်လည်း လက်တစ်သစ်မျှပင် ရွေ့လျားသွားခြင်း မရှိချေ။

“နောက်မှ ဒီနေရာကို ပြန်လာပြီး သေချာစူးစမ်းရမယ်” ဟု ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ ရေရွတ်ရင်း ထိုနေရာကို မှတ်သားကာ ရေပေါ်သို့ အမြန်ဆုံး ပြန်လည်ကူးခတ်ခဲ့တော့သည်။

ထိုအချိန်တွင် သင်္ဘောကြီးပေါ်ရှိ လူအားလုံးသည် အလွန်အံ့အားသင့်နေကြချေပြီ။ အဘယ်ကြောင့်ဆိုသော် ရေအောက်ရှိ ပြင်းထန်လှသော တိုက်ပွဲသံများသည် ရုတ်ချည်း ငြိမ်သက်သွားပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်နေသည့် ရေဝဲဂယက်ကြီး ဆယ့်နှစ်ခုခန့်သည်လည်း တဖြည်းဖြည်းချင်း ငြိမ်သက်သွားသောကြောင့် ဖြစ်ပေသည်။

“ဒုက္ခပါပဲ၊ ငါ့ရဲ့ ဆရာတူ တူလေး တစ်ခုခု ဖြစ်သွားပြီလား မသိဘူး” ချိုးချန်ချီသည် ထိုခဏ၌ ရင်တထိတ်ထိတ် ဖြစ်သွားရရှာသည်။

ရှောင်ဟန်ချိုးသည် ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သင်္ဘောပေါ်မှ ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်ရာ ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်တက်လာသော ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ ဘုန်းခနဲ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

“ဘာလဲ၊ မင်းက ရေဆင်းကူးချင်လို့လား” ချင်ယွမ်ဖုန်းသည် မိမိရင်ခွင်ထဲသို့ ရောက်ရှိလာသော ရှောင်ဟန်ချိုးကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းကို မျက်စောင်းလေး ထိုးလိုက်ရင်း “နင် တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပေါ့၊ ဟို အကြေးခွံဧရာ ပင်လယ်ဖျံကြီးက နင့်ကို ဝါးမြိုသွားမှာ ကြောက်လို့ ဆင်းလာတာ” ဟု ပြောရှာသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ကာ “စိတ်မပူပါနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး၊ အကြေးခွံဧရာ ပင်လယ်ဖျံကြီးကို ရှင်းလင်းလိုက်ပြီ” ဟု ဆိုလေသည်။

၎င်းတို့နှစ်ဦး သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာသောအခါ လူအားလုံးက သောင်းသောင်းဖျဖျ လက်ခုပ်တီး ချီးကျူးကြတော့သည်။

တုန်ချွမ်ထံမှ မကျေနပ်မှုများ တိုးပွားလာသည့် စွမ်းအင်များ ရရှိလိုက်သည်။

ချိုးချန်ချီထံမှ အသိအမှတ်ပြု လေးစားမှုများ တိုးပွားလာသည့် စွမ်းအင်များ ရရှိလိုက်သည်။

ရန်လျူထံမှ ကြည်ညိုလေးစားမှုများ တိုးပွားလာသည့် စွမ်းအင်များ ရရှိလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ချင်ယွမ်ဖုန်းသည် သင်္ဘောပေါ်ရှိ လူများထံမှ ခြောက်ထောင်ကျော်သော ယုံကြည်မှုတန်ဖိုး စွမ်းအင်မှတ်များကို ရရှိလိုက်သဖြင့် စိတ်အခြေအနေမှာ များစွာ ကောင်းမွန်သွားရချေသည်။

သို့သော်လည်း ထိုစွမ်းအင်မှတ်များထဲတွင် ချင်ယွမ်ဖုန်းသည် အနည်းငယ် ထူးဆန်းသော အမည်တစ်ခုကို သတိပြုမိလိုက်သည်။

ကောင်း အမည်ရှိသူတစ်ဦးထံမှ မုန်းတီးမှုများ တိုးပွားလာသည့် စွမ်းအင်များ ရရှိလိုက်သည်။

သင်္ဘောပေါ်တွင် ချင်ယွမ်ဖုန်းအပေါ် မကောင်းသော စိတ်ထားရှိသူ အနည်းငယ်မျှသာ ရှိပေရာ တုန်ချွမ်နှင့် အခြားသူများ၏ ပြင်းထန်သော စိတ်ခံစားချက်မှာ မကျေနပ်မှုမျှသာ ဖြစ်ပြီး မုန်းတီးမှုအဆင့်အထိ ရောက်ရှိခြင်း မရှိချေ။

ထို့ကြောင့် ထိုမုန်းတီးမှုသည် အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

သို့သော်လည်း သင်္ဘောပေါ်တွင် လူပေါင်း ရာကျော် ရှိနေသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် လူတိုင်းကို တစ်ဦးချင်း လိုက်လံစစ်ဆေးနိုင်ခြင်း မရှိပေရာ ထိုအကြောင်းကို အလေးအနက် မတွေးတောတော့ဘဲ နေလိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် သူရဲကောင်းတစ်ဦးကဲ့သို့ လူအများ၏ ချီးကျူးသံများကို ခံယူနေစဉ် လူအုပ်ကြီး၏ နောက်ကွယ်မှ မျက်လုံးတစ်စုံသည် သူ့ကို စူးစိုက်ကြည့်နေခဲ့လေသည်။

ယခုအခါတွင်မူ သင်္ဘောကြီးသည် မည်သည့်အတားအဆီးမျှမရှိဘဲ ချောမွေ့စွာ ခရီးဆက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အချိန်အတန်ကြာ နှောင့်နှေးခဲ့ရသဖြင့် ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ် တည်ရှိရာကျွန်းသို့ ရောက်ရှိချိန်မှာ သတ်မှတ်ထားသည်ထက် အနည်းငယ် နောက်ကျသွားခဲ့ရရှာသည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့၊ ငါတို့ ရောက်တာ စောပါသေးတယ်၊ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့ရဲ့ ပြိုင်ပွဲကြီးက စတင်ဦးမှာ မဟုတ်သေးပါဘူး” တုန်ချွမ်သည် ထွက်ပေါက်တွင် ရပ်ကာ သင်္ဘောပေါ်ရှိ ဧည့်သည်တော်များကို စိတ်အေးစေရန် ပြောကြားနေချေသည်။

အကယ်၍ အချိန်နှောင့်နှေးမှုကြောင့် မိမိ၏ ဂုဏ်သတင်း ပျက်ပြားသွားပါက မထိုက်တန်ပေ။

ထို့အပြင် ဤခရီးစဉ်အတွက် မူလက သောင်းချီ၍ ကုန်ကျခဲ့ပြီး ကုန်ကျစရိတ်များကို နုတ်ပယ်ပါက တစ်ဝက်ခန့် အမြတ်ကျန်လျှင်ပင် ကောင်းလှပြီ ဖြစ်သော်လည်း ချိုးချန်ချီ၏ ခြိမ်းခြောက်ငွေညှစ်မှုကိုလည်း ခံခဲ့ရသေးသည်မဟုတ်လော။

သင်္ဘောပေါ်ရှိ ဧည့်သည်တော်များသည် သင်္ဘောပေါ်မှ အလျင်အမြန် ဆင်းသက်ကြပြီး ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ် တည်ရှိရာ ပင်လယ်ကျွန်းပေါ်သို့ ရောက်ရှိသွားကြရာ တုန်ချွမ်၏ စကားကို မည်သူမျှ ဂရုမစိုက်ကြတော့ချေ။

အဘယ်ကြောင့်ဆိုသော် ယနေ့သည် ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့၏ ပြိုင်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်သောကြောင့်ပင်။

၎င်းတို့သည် နံနက်ခင်းအချိန်၌သာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ချင်ယွမ်ဖုန်းမှာ စိုးရိမ်ပူပန်စိတ်များ ပြင်းပြနေတော့သည်။

“ကောင်လေး၊ မလောပါနဲ့၊ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့ရဲ့ ပြိုင်ပွဲကြီးက ဆယ်နှစ်မှ တစ်ကြိမ်ပဲ ကျင်းပတာ၊ မင်းက အခုမှ အသက်တစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးတာဆိုတော့ နောက်ထပ် ဆယ်နှစ်ကြာမှ ပြန်လာပြိုင်ရင်လည်း ဖြစ်တာပဲဥစ္စာ” ချိုးချန်ချီက ပြုံးရင်း တည်ငြိမ်စွာ ဆိုလေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ကာ “ဆရာတူဦးလေး၊ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာ ဦးလေးမသိလို့ပါ၊ ဒါက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ကိစ္စမို့ ဒီနေ့ကျင်းပမည့် ဆေးဖော်စပ်သူများ ပြိုင်ပွဲကြီးကို ကျွန်တော်မဖြစ်မနေ ပါဝင်ရမယ်” ဟု ပြောချေသည်။

“အသက်အန္တရာယ်နဲ့ ဆိုင်တယ် ဟုတ်လား၊ ဘယ်သူ့အသက်လဲ” ချိုးချန်ချီက အံ့အားသင့်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြရင်း “ကျွန်တော်အသက်ပေါ့” ဟု ဆိုလေသည်။

ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ် တည်ရှိရာ ထိုပင်လယ်ကျွန်းကို ရှန့်ရန်ကျွန်းဟု ခေါ်တွင်ချေသည်။

ထိုပင်လယ်ကျွန်းသည် အလွန်ပင် ကြီးမားလှပေရာ ချင်ယွမ်ဖုန်း၏ ခန့်မှန်းချက်အရ ကျွန်းတစ်ခုလုံးသည် တစ္ဆေလက်သည်းမြေ ကညွတ်ချိုင့်ဝှမ်းတစ်ခုလုံးစာမျှ ကြီးမားနိုင်ချေရှိသည်။

ပင်လယ်ပြင်ထဲတွင် ဤမျှကြီးမားသော ကုန်းမြေတစ်ခု ရှိနေလိမ့်မည်ဟု ချင်ယွမ်ဖုန်း မျှော်လင့်မထားခဲ့မိပေ။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ်နှင့် နီးကပ်သောနေရာတွင် ဆိပ်ကမ်းကပ်ခဲ့သဖြင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက ထိုနေရာသို့ သွားရောက်ရန်အတွက်ပင် အချိန်မီတော့မည် မဟုတ်ချေ။

ယခုအခါ အရုဏ်ဦးအချိန်မျှသာ ရှိသေးသဖြင့် အချိန်မီနိုင်သေးသည်ဟု ချင်ယွမ်ဖုန်း တွေးတောကာ ရှောင်ဟန်ချိုး၊ ချိုးချန်ချီတို့နှင့်အတူ ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ်ဆီသို့ အပြေးအလွှား ဦးတည်သွားကြတော့သည်။

ရှန့်ရန်ကျွန်းပေါ်တွင် လူများဖြင့် စည်ကားသိုက်မြိုက်နေပြီး လမ်းဘေးဝဲယာတွင်လည်း ဆိုင်ခန်းပေါင်းစုံ ခင်းကျင်းထားကြချေသည်။

ဆေးဖော်စပ်သူများ ပြိုင်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်သဖြင့် လူပေါင်းများစွာသည် ပင်လယ်ကျွန်းပေါ်သို့ လာရောက်ကြရာ ကျွန်းတစ်ခုလုံးမှာ အနည်းငယ် ကြပ်ညပ်နေသကဲ့သို့ ရှိနေတော့သည်။

ပြိုင်ပွဲကြီး မစတင်မီ အချိန်လေးတွင်ပင် ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်သူများအသင်း မဟာမိတ်အဖွဲ့ချုပ်သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့လေသည်။

နန်ဝူးမြို့ရှိ ဆေးဖော်စပ်သူများအသင်းခွဲနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် ပိုမိုခန့်ညားထည်ဝါပြီး အဆောက်အအုံများလည်း ပိုမိုကြီးမားလှချေသည်။ ပြိုင်ပွဲကြီး ကျင်းပမည့်နေ့ ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေပြီး အများစုမှာ လာရောက်ကြည့်ရှုကြသူများ ဖြစ်ကြသည်။

ထိုနေရာတွင် ဆယ်နှစ်မှတစ်ကြိမ်သာ ကျင်းပသည့် ဆေးဖော်စပ်သူများ ပြိုင်ပွဲကြီးကို ဝင်ရောက်ကြည့်ရှုရန်အတွက် လက်မှတ်များ ဝယ်ယူနိုင်သော လက်မှတ်ရောင်းချရာ နေရာတစ်ခုလည်း ရှိနေချေသည်။

“ကဲ၊ ယွမ်ဖုန်း၊ မင်းက သွားပြီး နာမည်စာရင်းသွင်းလိုက်တော့၊ ငါတို့ကတော့ လက်မှတ်သွားဝယ်မယ်၊ မင်းအနေနဲ့ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းအတွက် ဂုဏ်ဆောင်ပေးရမယ်နော်” ချိုးချန်ချီက ပြုံးရွှင်စွာဖြင့် မှာကြားလေတော့သတည်း။

All Chapters