← Chapters

အခန်း ၄၁၆

Vol. 22 Ch. 416

အခန်း ၄၁၆

Vol. 22 Ch. 416

အခန်း(၄၁၆)

ချင်ယွမ်ဖုန်းသည် ထောင့်စွန်းရှိ လမ်းမြှောင်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ထိုလမ်းမြှောင်အတွင်း ဘေးအန္တရာယ်ရှိနိုင်သည်ကို သိသော်ငြား ဆေးဖော်စပ်သူအမျိုးသမီးငယ်၏ မျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် သူ ရိပ်မိပြီးသား ဖြစ်ချေသည်။

သို့သော်လည်း ဆေးဖော်စပ်သူတံဆိပ်ကို ရရှိရန်အတွက်မူ ချင်ယွမ်ဖုန်းအနေဖြင့် ဂရုစိုက်မနေနိုင်တော့ပေ။

လမ်းမြှောင်အဝတွင် သံတံခါးတစ်ချပ် ရှိနေပြီး ဝင်ခွင့်မရှိကြောင်း ထင်ရှားစွာ ပြသသည့်အနေဖြင့် သံကြိုးတစ်ခွေဖြင့် ခတ်နှောင်ထား၏။ သို့ရာတွင် ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ သံကြိုးကို လက်နှစ်ဖက်ဖြင့် စုံကိုင်၍ အားကုန် ဆွဲဖြတ်လိုက်လေသည်။

"ချလွင်" ဟူသော အသံနှင့်အတူ သံကြိုးသည် ပြတ်တောက်သွားတော့၏။

ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်သူ အမျိုးသမီးငယ်ကို တစ်ချက် နောက်ပြန်လှည့်ကြည့်ကာ လမ်းမြှောင်ထဲသို့ ဝင်သွားခဲ့သည်။

ဆေးဖော်စပ်သူ အမျိုးသမီးငယ်သည် ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်နေမိပြီး သူမ၏ စိတ်ထဲတွင်မူ 'ရိုင်းစိုင်းလိုက်တာ' ဟူသော စကားလုံးကသာ ကြီးစိုးနေချေသည်။

"ချီယွင်... ဘာဖြစ်တာလဲ" ထိုစဉ် လူငယ်ဆေးဖော်စပ်သူတစ်ဦးက အပြေးအလွှား ရောက်ရှိလာပြီး မေးမြန်းလေသည်၊ သူသည် အစောပိုင်းက ချင်ယွမ်ဖုန်း၏ အော်ဟစ်သံများကို ကြားခဲ့ရခြင်း ဖြစ်ပေသည်။

ချီယွင်ဟု ခေါ်တွင်သော ဆေးဖော်စပ်သူ အမျိုးသမီးငယ်က ခေါင်းခါယမ်းလိုက်ရင်း "ဘာမှမဟုတ်ပါဘူး ဝေကျွင်း၊ လူတစ်ယောက်က ဆေးဖော်စပ်သူအဆင့်စစ်ဆေးမှုကို မရရအောင် ဖြေဆိုမယ်ဆိုပြီး ဇွတ်လုပ်နေလို့ ဒီလမ်းမြှောင်ထဲကို ပေးဝင်လိုက်တာ" ဟု ပြောဆိုလိုက်၏။

ဝေကျွန်းသည် လမ်းမြှောင်ဝရှိ သံကြိုးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

"မင်း သူ့ကို ဒီနေရာကို ဘယ်လိုဖြစ်လို့ ခေါ်လာရတာလဲ၊ ဒီလမ်းမြှောင်က လုံးဝမဝင်ရလို့ ပိတ်ပင်ထားတဲ့နေရာလေ" ဝေကျွန်းက ပြာပြာသလဲဖြင့် ပြောရှာသည်။

ချီယွင်က နှာခေါင်းတစ်ချက်ရှုံ့ကာ "ဟွန်း... ဘာကြောက်စရာရှိလို့လဲ၊ အဲဒီလူက ရန်လာစနေတာလေ၊ ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးက စတော့မှာကို သူက ဆေးဖော်စပ်သူအဆင့်စစ်ဆေးမှုကို အတင်းဖြေချင်နေတယ်တဲ့၊ ဒါ ပြဿနာရှာတာ မဟုတ်လို့ ဘာလဲ" ဟု ဆို၏။

ဝေကျွင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ထိုသို့သော အခြေအနေမျိုး ဖြစ်ရင်တောင် မင်း သူ့ကို ဒီကို မခေါ်လာသင့်ဘူး၊ ဒါ့အပြင် ဆေးဖော်စပ်သူအဆင့်စစ်ဆေးမှုကို ဒီနေ့လည်း ဖြေဆိုခွင့်ရှိတယ်လို့ အကြီးအကဲတွေက အစောပိုင်းတင် ပြောထားကြတာပဲ" ဟု ပြောလေသည်။

ချီယွင်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ "ငါ... ငါ မေ့သွားလို့ပါ" ဟု ခပ်တိုးတိုး ဆိုရှာ၏။

"အကယ်၍ အဲဒီလူသာ လမ်းမြှောင်ထဲမှာ တစ်ခုခုဖြစ်သွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ" ဝေကျွင်းက စိုးရိမ်တကြီး မေးမြန်းပြန်သည်။

ချီယွင်သည် ဝေကျွန်းကို ကြည့်လိုက်ရာ သူမကိုယ်တိုင်လည်း သိသိသာသာ ထိတ်လန့်လာဟန်ဖြင့် "မကြောက်ပါနဲ့၊ နင်လည်း နှုတ်ပိတ်နေ၊ ငါလည်း နှုတ်ပိတ်နေရင် ဒီလူ လမ်းမြှောင်ထဲ ဝင်သွားတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု ပြော၏။

"ဒါပေမဲ့ အကယ်၍များ..."

"အကယ်၍များဆိုတာ မရှိဘူး" ချီယွင်က ပြတ်ပြတ်သားသားပင် ဖြတ်ပြောလိုက်ပြီး "ဝေကျွင်း.. နင်သာ ငါ့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်ဆိုရင် နင်ခိုင်းတာ အကုန်လုံးကို ငါ လုပ်ပေးပါ့မယ်" ဟု ကမ်းလှမ်းလေသည်။

ဝေကျွင်းသည် ချီယွင်ကို တစ်ချက် ကြည့်လိုက်မိ၏။ သူသည် သူမကို တကယ်ပင် ပိုးပန်းနေခဲ့ခြင်း ဖြစ်သော်လည်း ဤကိစ္စတွင် အမှားအယွင်းတစ်ခုခု ဖြစ်ပွားခဲ့ပါက လွန်စွာ ကြီးလေးလှပေရာ ဖြစ်တန်ရာသည်။

သူတို့သည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ ဝင်ရောက်နိုင်ရန်အတွက် ရေကုန်ရေခမ်း ကြိုးပမ်းအားထုတ်မှုများနှင့် ချွေးပေါင်းများစွာ သွန်ဆင်းခဲ့ရခြင်း ဖြစ်သဖြင့် အကယ်၍ အမှားအယွင်းရှိခဲ့ပါက ဤဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှပင် နှင်ထုတ်ခံရနိုင်ချေရှိသည်။

"မစိုးရိမ်ပါနဲ့ ဝေကျွင်း၊ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီး စတင်ဖို့ နာရီဝက်လောက် လိုသေးတာပဲ၊ ဒီလမ်းမြှောင်ထဲကို ဝင်သွားတဲ့သူတွေထဲက တစ်ရက်အတွင်း ပြန်ထွက်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ သူ ပြန်ထွက်လာတဲ့အချိန်ကျရင် ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးက စတင်နေပြီ ဖြစ်လိမ့်မယ်" ဟု ချီယွင်က ဆိုသည်။

ဝေကျွင်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ၊ ဒီတစ်ကြိမ်တော့ ငါ မင်းကို ကူညီပါ့မယ်၊ ဒါပေမဲ့ အဲဒီလူက ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးကို မပါဝင်နိုင်ခဲ့ရင်တောင် သူ ပြန်ထွက်လာတဲ့အခါ ပြဿနာက ရှိနေဦးမှာပဲ" ဟု ပြော၏။

"ဒါဆိုရင်လည်း သူ့ကို လုံးဝ ပြန်မထွက်လာစေနဲ့ပေါ့" ချီယွင်၏ မျက်ဝန်းအစုံတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် လမ်းမြှောင်အတွင်းသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်ခဲ့ချေပြီ။ ကာလရှည်ကြာ လူသူဝင်ထွက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်တန်ရာ၊ လမ်းမြှောင်တစ်ခုလုံးတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။

"ဒီလမ်းမြှောင်က ဘာများ ကြောက်စရာကောင်းနေလို့လဲ" ချင်ယွန်းဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ လမ်းမြှောင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် သူသည် မည်သည့် ထူးခြားမှုကိုမျှ မခံစားရချေ။

ခြေလှမ်း တစ်ဆယ်မျှ လှမ်းပြီးသည်နှင့် ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်တွင် အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်လာခဲ့သည်။

မြေပြင်ပေါ်တွင် ထွင်းထုထားသော 'တစ်' ဟူသည့် စာလုံးကြီးသည် တောက်ပစွာ လင်းလက်နေ၏။

ချင်ယွမ်ဖုန်းသည် အနည်းငယ် စိတ်ဝင်စားသွားကာ ထိုနေရာပေါ်သို့ နင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုတစ်ခုသည် ရုတ်ချည်းပင် ကျရောက်လာတော့၏။

သို့ရာတွင် ထိုတိုက်ခိုက်မှုသည် အနည်းငယ် အားနည်းလွန်းလှသဖြင့် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်သို့ ကျရောက်လာသောအခါ သူ့ကို အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားစေရုံမျှသာ တတ်နိုင်ချေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို ခါယမ်းလိုက်ရင်း "ဒါက စမ်းသပ်ချက်ပေါ့လေ၊ ပထမအဆင့် ဆေးဖော်စပ်သူတစ်ဦးရဲ့ စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်တာလား" ဟု ရေရွတ်လိုက်၏။

ထိုသို့ တွေးတောမိပြီးနောက် ချင်ယွမ်ဖုန်းသည် ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ ဝိညာဉ်စွမ်းအားဖြင့် ယှဉ်ပြိုင်ရမည်ဆိုလျှင်မူ သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားသည်လည်း တိုးပွားလာနိုင်သော်လည်း မကြာခဏ အသုံးပြုလေ့ကျင့်ခြင်း မရှိပါက အားနည်းနေဦးမည်သာ ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်ခြင်းကြောင့် သူ၏ ဝိညာဉ်စွမ်းအားသည် မွေးရာပါပင် ကြံ့ခိုင်တောင့်တင်းလှပြီး လက်ရှိ ကျင့်စဉ်အဆင့်ထက်ပင် သာလွန်နေချေပြီ။

သူသည် ဘိုးဘေးနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် 'နှစ်' ဟူသော စာလုံးကြီးဖြင့် မှတ်သားထားသည့် နေရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း၍ နင်းလိုက်ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုက ကျရောက်လာပြန်၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတိုင်းအဆမဲ့လှသော စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုဝိညာဉ်တိုက်ခိုက်မှုကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်လေသည်။

"လာစမ်းပါ"

ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ရှေ့သို့ ဆက်လက်လှမ်းလျှောက်ရင်း တတိယအဆင့်၊ စတုတ္ထအဆင့် နေရာများကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် ပဉ္စမအဆင့် ဆေးဖော်စပ်သူ၏ နေရာတွင် ရပ်တန့်လိုက်၏။

ဝိညာဉ်တိုက်ခိုက်မှု သုံးခုသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်မှ လိုက်ပါလာပြီး ယခုအခါတွင်မူ တစ်ပြိုင်နက်တည်း ကျရောက်လာတော့သည်။

ဤစမ်းသပ်ချက်သည် စိန်ခေါ်မှု မရှိလွန်းသဖြင့် ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ အခက်အခဲအဆင့် တိုးမြှင့်လိုက်ခြင်းသာ ဖြစ်ပေသည်။

အစောပိုင်းကာလများက ဤလမ်းမြှောင်အတွင်းသို့ ဝင်ရောက်ပြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော ဆေးဖော်စပ်သူများသည် မိမိကိုယ်မိမိ အရည်အချင်း အလွန်အမင်း အထင်ကြီးကာ ပိုမိုအစွမ်းထက်သော နေရာများကို စိန်ခေါ်ရန် ကြိုးပမ်းခဲ့ကြသဖြင့် မိမိတို့၏ ကန့်သတ်ချက်ထက် သာလွန်သော ဝိညာဉ်တိုက်ခိုက်မှုများကို ခံစားခဲ့ရခြင်း ဖြစ်တန်ရာသည်။

ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု သုံးခုသည် လျှပ်စီးလက်သကဲ့သို့ ကျရောက်လာသော်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည်မူ မုန်တိုင်းဒဏ်ခံ တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် တည်ရှိနေချေသည်။

"ဒိုင်း"

ချင်ယွမ်ဖုန်း၏ စိတ်အာရုံအတွင်း ပေါက်ကွဲသံတစ်ခု လျှံထွက်သွားပြီး သူ၏ ဝိညာဉ်ကို ပြင်းထန်စွာ တုန်ခါသွားစေသော်လည်း အခြေခံကျသော ထိခိုက်ဒဏ်ရာရမှုကိုမူ မဖြစ်စေခဲ့ပေ၊ အနည်းငယ်မျှ အနားယူလိုက်ရုံဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ချေသည်။

"ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ဦးရဲ့ ဝိညာဉ်တိုက်ခိုက်မှုက ဘယ်လောက်အထိ အစွမ်းထက်မလဲ သိချင်မိသား" ဟူသော အတွေးသည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ရုတ်ချည်း ပေါ်ပေါက်လာခဲ့၏။

သူသည် ရှေ့သို့ လှမ်းရန် ခြေလှမ်းပြင်လိုက်သော်လည်း ပြန်လည်ရုပ်သိမ်းလိုက်ပြန်သည်။

"စမ်းကြည့်တာပေါ့၊ အပြင်က ဆေးဖော်စပ်သူ အမျိုးသမီးငယ်ကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

ချင်ယွမ်ဖုန်းသည် လမ်းမြှောင်ဝရှိ ထိုဆေးဖော်စပ်သူ အမျိုးသမီးငယ်ကို တွေးမိကာ စိတ်တိုဒေါသဖြစ်မိသည်။

သူမ၏ အထင်သေးသော မျက်လုံးအစုံကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် သူမကို မြေပြင်ပေါ်သို့ ဖိနှိပ်ကာ ရိုက်နှက်ပစ်ချင်စိတ် ပေါ်ပေါက်လာရခြင်း ဖြစ်၏။

ထိုသို့ တွေးတောရင်း ချင်ယွမ်ဖုန်းသည် ရှေ့သို့ တိုက်ရိုက် လှမ်းလျှောက်သွားကာ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ၏ နေရာသို့ ရောက်ရှိ၍ နင်းလိုက်လေသည်။

ချက်ချင်းပင် အတိုင်းအဆမဲ့သော ဝိညာဉ်စွမ်းအားတစ်ခုသည် လမ်းမြှောင်အတွင်းမှ လျှံထွက်လာပြီး ချင်ယွမ်ဖုန်းကို တိုက်ခိုက်တော့၏။

ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွားသည်။ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ၏ ဝိညာဉ်တိုက်ခိုက်မှုသည် သူ့ကို ဖိအားပေးနိုင်ရန် လုံလောက်နေချေပြီ။

သို့သော်လည်း ချင်ယွမ်ဖုန်းကို နောက်ဆုတ်သွားစေရန်အတွက်မူ ဤမျှအဆင့်ဖြင့် မလုံလောက်သေးချေ။

အတိုင်းအဆမဲ့သော ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး တိုက်ပွဲအတွက် အသင့်ပြင်လိုက်၏။

သို့ရာတွင် ထိုစဉ် လမ်းမြှောင်ပြင်ပမှ နောက်ထပ် ဝိညာဉ်စွမ်းအား လှိုင်းနှစ်ခုသည်လည်း ထပ်မံ စီးဝင်လာခဲ့သည်။

ထိုဝိညာဉ်စွမ်းအား လှိုင်းနှစ်ခုသည် တတိယအဆင့် ဆေးဖော်စပ်သူအဆင့်မျှသာ ရှိသော်လည်း ချင်ယွမ်ဖုန်းကို တုန်လှုပ်သွားစေခဲ့၏။

"ဒါ ဘာဖြစ်တာလဲ၊ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူနေရာမှာတောင် ဝိညာဉ်တိုက်ခိုက်မှု သုံးခု ရှိနေတာလား" ချင်ယွမ်ဖုန်းသည် လွန်စွာ အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် တုံ့ပြန်လိုက်လေသည်။

"ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်"

ချင်ယွမ်ဖုန်းက ဟောက်လိုက်ရာ သူ၏ အတိုင်းအဆမဲ့သော စိတ်ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ခုအဖြစ် ချက်ချင်း စုစည်းသွားပြီး တစ်ပြိုင်နက်တည်း ရောက်ရှိလာသော ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု သုံးခုစလုံးကို လွှမ်းခြုံကန့်သတ်ပစ်လိုက်တော့၏။

"ကောင်းကင်ဘုံကို သန့်စင်စေ"

ချင်ယွမ်ဖုန်းက လက်ကို ဆုပ်လိုက်ရာ ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ခုသည်လည်း ပိတ်သိမ်းသွားပြီး အတွင်းမှ ပြင်းထန်သော မီးလျှံများ ပေါက်ကွဲထွက်လာကာ ထိုဝိညာဉ်စွမ်းအား တိုက်ခိုက်မှု သုံးခုစလုံးကို စိမ်းဖန့်ဖန့် မီးခိုးငွေ့သုံးတန်းအဖြစ် ချက်ချင်း သန့်စင်ချေမှုန်းပစ်လိုက်လေတော့သည်။

All Chapters