အခန်း ၄၁၇
Vol. 22 Ch. 417
အခန်း(၄၁၇)
ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ဦး၏ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုမျိုးကသာ အနည်းငယ်မျှ ပိုမိုခံနိုင်ရည် ရှိချေသည်။
တတိယအဆင့် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု နှစ်ခုမှာမူ ခဏချင်းအတွင်း၌ပင် ချေဖျက်သန့်စင်ခြင်း ခံလိုက်ရလေတော့သည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် စွမ်းအင်စီးကြောင်း နှစ်ခုအဖြစ်ပင် ကွဲထွက်သွားပြီး ထိုတတိယအဆင့် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု နှစ်ခု လာရာ လမ်းကြောင်းအတိုင်း ပြန်လည်ပစ်ခတ် လိုက်ခြင်းဖြစ်ပေ၏။
လိုဏ်ဂူဝင်ပေါက်၌ ရပ်နေသော ချီယွင်နှင့် ဝေကျွင်းတို့မှာ မျက်စိများကို တင်းတင်းပိတ်ကာ ဆန်းကြယ်သော လက်ကွက်တစ်ခုကို ဖော်စပ်နေကြသည်။
သို့သော် နောက်တစ်ကျပ်၌မူ သူတို့နှစ်ဦးစလုံးသည် မျက်လုံးများကို ပြိုင်တူဖွင့်ဟလိုက်ကြပြီး လတ်ဆတ်သော သွေးတစ်လုပ်ကို ပြိုင်တူ အော့အန်လိုက်ကြရချေသည်။
"သူက... ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..." ချီယွင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး 'ဆေးဖော်စပ်သူများ၏ သင်္ချိုင်း' ဟု လူသိများသော လိုဏ်ဂူလမ်းကြောင်းကို မယုံကြည်နိုင်လောက်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။
ဝေကျွင်းသည်လည်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် "မင်းပဲ အဲဒီလူက ပြဿနာရှာဖို့ ရောက်လာတာဆို၊ ဘာလို့ သူ့မှာ ဒီလောက် အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေရတာလဲ" ဟု ဆိုလေသည်။
သူ့စကားလည်း ဆုံးရော၊ လိုဏ်ဂူလမ်းကြောင်းအတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းလုံးကြီးသည် လမ်းကြောင်းအတိုင်း တိုက်ရိုက် တိုးဝှေ့ထွက်လာပြီး ချီယွင်နှင့် ဝေကျွင်းတို့ကို ပြင်းထန်စွာ လွင့်စင်သွားစေကာ နံရံနှင့် ဆောင့်မိစေခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်ကိုယ်လုံးရှိ မြေပြင်တစ်ခုလုံး သိသိသာသာ တုန်ခါသွားရချေသည်။
ဆေးဖော်စပ်သူများအသင်းမှ လူအပေါင်းတို့သည်လည်း လန့်ဖျပ်သွားကြပြီး ဘာကိစ္စဖြစ်ပျက်နေသည်ကို မသိရှိနိုင်ကြပေ။
ဤအကြောင်းခြင်းရာသည် အခြားသူများ၏ နားထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားသကဲ့သို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ အဆင့်မြင့်အရာရှိကြီးများထံသို့လည်း ချက်ချင်း ရောက်ရှိသွားရာ၊ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ အချို့သည် ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။
သူတို့သည် သွေးအန်ကာ နံရံတွင် ကပ်လျက်လဲကျနေသော ဝေကျွင်းနှင့် ချီယွင်တို့ကို မြင်တွေ့လိုက်ရသောအခါ မျက်ဝန်းအစုံသည် ချက်ချင်းပင် ခက်ထန် တင်းမာသွားကြချေသည်။
"ဝေကျွင်း... ချီယွင်... ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ" အကြီးအကဲ တစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး ခက်ထန်စွာ မေးမြန်းလိုက်သည်။
ချီယွင်နှင့် ဝေကျွင်းတို့သည် အကြီးအကဲများအားလုံး ရောက်ရှိလာသည်ကို မြင်သောအခါ ရင်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့ခြင်းလှိုင်းလုံးကြီး တစ်ခု ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ကြကာ "အကြီးအကဲ ကျောဖေး..." ဟု တတွတ်တွတ် ဆိုရှာသည်။
အခြားအကြီးအကဲ တစ်ဦးကမူ လိုဏ်ဂူလမ်းကြောင်း၏ သံတံခါးပိတ်ကြီး ပွင့်ဟနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
"ဒီလမ်းကြောင်းက ဝင်ခွင့်ပိတ်ထားတဲ့ နေရာပဲ၊ ဘာလို့ သံတံခါးကြီး ပွင့်နေရတာလဲ"
ထိုအကြီးအကဲ၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးစလုံး တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ခေါင်းပင် မဖော်ရဲကြချေ။
"အကြီးအကဲ မောက်ယွီ... အမှန်ကတော့..."
"အမှန်က ဘာဖြစ်လဲ" ကျောဖေးက ဟိန်းဟောက်လိုက်သည်။ "မြန်မြန်ပြောစမ်း၊ မင်းတို့နှစ်ယောက် ဘာတွေ လုပ်ထားကြလဲ၊ လမ်းကြောင်းအကြောင်းနဲ့ အခုနက ပေါက်ကွဲမှုအကြောင်း အကုန်လုံးကို အမှန်အတိုင်း လျှောက်တင်စမ်း"
ချီယွင်မှာမူ ဤအချိန်တွင် ကြောက်လန့်တုန်လှုပ်ပြီး ရူးသွပ်မတတ် ဖြစ်နေကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် မလှုပ်မယှက် ရှိနေချေသည်။
ဝေကျွင်းက ချီယွင်ကို တစ်ချက်ကြည့်လိုက်ပြီး မိမိ၏ အနာဂတ်အတွက် ချီယွင်ကို စွန့်ပစ်ရန် ဝန်မလေးတော့ဟု တွေးတောလိုက်လေသည်။
"အကြီးအကဲနှစ်ယောက်ခင်ဗျ... ကိစ္စက ဒီလိုပါ၊ သခင်လေးတစ်ယောက်က ဆေးဖော်စပ်သူ ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့အတွက် ဆေးဖော်စပ်သူတံဆိပ် စစ်ဆေးမှုကို ခံယူချင်တယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ ချီယွင်က ဒီနေ့လည်း အကဲဖြတ်စစ်ဆေးမှုကို လုပ်လို့ရတယ်ဆိုတာကို မေ့သွားပြီး အဲဒီသခင်လေးကို ဒီနေရာကို ခေါ်လာခဲ့မိတာပါ..."
"မေ့သွားတယ် ဟုတ်လား၊ ဟင်း... မင်းတို့က တာဝန်ကျေပြွန်လှချေတကား၊ ဒီလိုအရာမျိုးကို မေ့ရတယ်လို့၊ ငါတို့ ဆေးဖော်စပ်သူများအသင်းဆိုတာ ဆေးဖော်စပ်သူ အားလုံးအတွက် ဖွင့်လှစ်ပေးထားတဲ့ နေရာကွ၊ မင်းတို့ ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်တော့ ငါတို့ ဆေးဖော်စပ်သူများအသင်းရဲ့ ဂုဏ်သိက္ခာကို ဘယ်နား သွားထားရမလဲ" ကျောဖေးက အလွန်အမင်း ဒေါသထွက်ကာ ခက်ထန်စွာ အော်ဟစ်လိုက်တော့သည်။
ချီယွင်မှာ ပိုမို၍ ကြောက်လန့်သွားရပြီး နောင်တတရားများဖြင့်သာ ပြည့်နှက်နေတော့သည်။ သို့သော် ချင်ယွမ်ဖုန်းက ဤမျှအထိ ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူမျှ ကြိုတင် မထင်မှတ်ထားခဲ့ကြပေ။
"ဒါဆို ပေါက်ကွဲမှုကကော" မောက်ယွီက ဤအချိန်တွင် မေးမြန်းလိုက်သည်။
ဝေကျွင်းက လိုဏ်ဂူလမ်းကြောင်းဆီသို့ အလျင်အမြန် လက်ညှိုးထိုးပြလျက် "အဲဒီသခင်လေးက လမ်းကြောင်းထဲကို ဝင်သွားပါတယ်၊ ချီယွင်က... ဒီသခင်လေးသာ ပြန်မထွက်လာရင် ဒီကိစ္စကို ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ပြောတာနဲ့ ကျွန်တော်တို့ တိုက်ခိုက်လိုက်မိတာပါ..."
ကိစ္စအဝဝကမူ ထင်ရှားရှင်းလင်းသွားချေပြီ။ ကျောဖေးသည် ရုတ်ချည်းပင် လက်ဝါးကို မြှောက်လိုက်ပြီး သူတို့နှစ်ဦးကို ရိုက်သတ်ရန် ပြင်လိုက်သော်လည်း မောက်ယွီက တားဆီးလိုက်သည်။
"တော်ပါတော့... အခု အရေးအကြီးဆုံးက လမ်းကြောင်းထဲ ဝင်သွားတဲ့သူ ဘေးကင်းရဲ့လားဆိုတာ ကြည့်ဖို့ပဲ" မောက်ယွီက ဖြျောင်းဖျလိုက်လေသည်။
ကျောဖေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "မင်းတို့နှစ်ယောက်... ဆေးဖော်စပ်သူများအသင်း ဌာနချုပ်က ပေးမယ့် ပြစ်ဒဏ်
ကိုသာ စောင့်နေကြပေတော့"
"အသက်ချမ်းသာပေးပါ" ဝေကျွင်းသည် ချက်ချင်းပင် ကျော်ဖေး၏ ခြေထောက်ကို ဖက်တွယ်လိုက်ပြီး "အကြီးအကဲခင်ဗျာ... ဒါတွေအကုန်လုံးက ချီယွင် လုပ်တာပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."
"မိန်းမတစ်ယောက်ကြောင့်နဲ့ မျက်စိကန်းနေတာ၊ မင်းရဲ့ ဒီဘဝ သက်တမ်းတစ်လျှောက်လုံး အောင်မြင်မှုက ဒီလောက်ပဲ ရှိမှာပဲ" ကျောဖေးက ဒေါသတကြီးဖြင့် ဝေကျွင်းကို ကန်ထုတ်လိုက်ပြီး မျက်နှာတစ်ခုလုံး ရွံရှာမုန်းတီးမှုများဖြင့် ပြည့်နှက်နေချေသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်၌ ဆေးဖော်စပ်သူများအသင်းမှ ဆေးဖော်စပ်သူများနှင့် ဆေးဖော်စပ်သူ ပြိုင်ပွဲကြီးသို့ ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသော လူအပေါင်း အပါအဝင် လူအများအပြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့အားလုံးသည် ချီယွင်နှင့် ဝေကျွင်းတို့ကို ရွံရှာစက်ဆုပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လမ်းကြောင်းထဲသို့ ဝင်သွားသော လူအပေါ်၌လည်း အလွန်အမင်း သနားဂရုဏာ သက်မိကြသည်။ မိမိတို့ကိုယ်ကို ချင်ယွမ်ဖုန်း၏ နေရာတွင် အစားထိုး၍ တွေးတောကြည့်ကာ လမ်းကြောင်းထဲသို့ ဝင်ရောက်ရုံသာမက ဤလူနှစ်ဦး၏ ချုံခိုတိုက်ခိုက်ခြင်းကိုပါ ခံခဲ့ရသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ခံစားနေကြရသည်။
ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းသည် လူအများ၏ သနားစာနာမှုနှင့် ယုံကြည်မှုတန်ဖိုး အမြောက်အမြားကို အလကား သက်သက် ရရှိသွားခဲ့ချေသည်။
"ကဟွတ်... ကဟွတ်..."
အတန်ကြာလျှင် လိုဏ်ဂူလမ်းကြောင်း အတွင်းမှ မည်းမှောင်နေသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။
သူ့ခေါင်းတစ်ခုလုံးတွင် ဖုန်မှုန့်များ ပေကျံနေပြီး ခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုလုံးမှာလည်း မီးသွေးခဲတစ်ခုကဲ့သို့ လုံးဝ မည်းမှောင်နေချေသည်။
ကျောဖေးနှင့် မောက်ယွီတို့သည် သူ့ထံသို့ အလျင်အမြန် ဆီးကြိုသွားကြပြီး "မိတ်ဆွေငယ်... ဘာမှ မဖြစ်ဘူးမလား" ဟု မေးမြန်းလိုက်ကြသည်။
ထွက်လာသောသူမှာ အခြားသူမဟုတ်ဘဲ ချင်ယွမ်ဖုန်းပင် ဖြစ်ချေသည်။ သူက မော့ကြည့်လိုက်ပြီး "အကြီးအကဲတို့နှစ်ယောက်က ဘယ်သူများလဲ" ဟု မေးလိုက်သည်။
"ငါတို့က ဆေးဖော်စပ်သူများအသင်း ဌာနချုပ်က အကြီးအကဲတွေပါ၊ စိတ်မပူပါနဲ့၊ မင်းကို တိုက်ခိုက်ခဲ့တဲ့ အဲဒီဆေးဖော်စပ်သူ နှစ်ယောက်ကို ငါတို့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာဖြစ်ပြီး မင်းအတွက် ရှင်းလင်းချက်တစ်ခု ပေးသွားမှာပါ" မောက်ယွီက အလျင်အမြန် ဆိုလေသည်။
"တိုက်ခိုက်တယ် ဟုတ်လား" ချင်ယွမ်ဖုန်းသည် အံ့အားသင့်သွားပြီး အစောပိုင်းက ကြုံတွေ့ခဲ့ရသော တတိယအဆင့် ဆေးဖော်စပ်သူအဆင့် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု နှစ်ခုမှာ မည်သည့်နေရာမှ လာသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ပြင်ပက လူများက သူ့ကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။
"တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဒီလမ်းကြောင်းထဲကနေ ပြန်မထွက်လာစေချင်ပုံရတယ်" ချင်ယွမ်ဖုန်းက ထိုနေရာတွင် ဒူးထောက်နေသော ချီယွင်နှင့် ဝေကျွင်းတို့ကို အေးစက်စက် ကြည့်ရင်း ဆိုလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါတို့ မင်းအတွက် သေချာပေါက် တရားမျှတမှု ရှာပေးပါ့မယ်" ကျော်ဖေးကလည်း ဤအချိန်တွင် ရှေ့သို့ လှမ်းတက်လာရင်း ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုလည်း ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် အကြီးအကဲနှစ်ပါး" ဟု ဆိုလိုက်သည်။
အကြီးအကဲ နှစ်ပါးသည် ချင်ယွမ်ဖုန်းဘက်မှ ပြဿနာကို ရှုပ်ထွေးအောင် မလုပ်ချင်သည့် အမူအရာကို မြင်လိုက်ရသဖြင့် ဤကိစ္စသာ အပြင်သို့ မပြန့်နှံ့သွားပါက ဆေးဖော်စပ်သူများအသင်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ကြောင်း သိလိုက်ကြသည်။
"ကောင်းပါပြီ၊ ဒါနဲ့ မိတ်ဆွေငယ်က ဘယ်နှစ်ဆင့်မြောက်အထိ ရောက်ခဲ့လဲဆိုတာ သိပါရစေ" ကျောဖေးက ဤအချိန်တွင် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် ထိုအခါမှ မိမိခေါင်းကို ရိုက်လိုက်မိပြီး "သြော်... ဟုတ်သားပဲ၊ တောင်းပန်ပါတယ်၊ ဆဋ္ဌမအဆင့်မှာ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုက ပြင်းထန်လွန်းတာကြောင့် ကျွန်တော်က ပြန်လည် တိုက်ခိုက်မိလိုက်တာ၊ လမ်းကြောင်းကြီး ပြိုကျသွားလိမ့်မယ်လို့ မထင်ထားမိဘူး"
"လမ်းကြောင်းကြီး... ပြိုကျသွားတယ် ဟုတ်လား" မောက်ယွီမှာ လန့်ဖျပ်သွားရသည်။
"ဟုတ်ပါတယ်" ချင်ယွမ်ဖုန်းက အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးလိုက်ပြီး "ကျွန်တော် အဲဒါအတွက် လျော်ကြေးပေးဖို့ မလိုပါဘူးနော်"
အမှန်စင်စစ် ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း ဘာဖြစ်သွားသည်ကို သေချာမသိချေ။ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို အသုံးပြုပြီးနောက် ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုသော ယန္တရားကို ပျက်စီးစေခဲ့ပုံရပြီး ထိုမှတစ်ဆင့် ဤပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုပေါက်ကွဲမှုက ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လမ်းကြောင်း၏ အနောက်ဘက်ပိုင်းတစ်ခုလုံးကို လုံးဝ ပြိုကျပျက်စီးသွားစေခဲ့သဖြင့် ချင်ယွမ်ဖုန်းသည်လည်း ဖုန်တထောင်းထောင်းဖြင့် အပြေးအလွှား ထွက်လာခဲ့ရခြင်း ဖြစ်ပေသည်။
ကျောဖေးက ချင်ယွမ်ဖုန်းကို ကြည့်ကာ မတတ်သာသည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်ပြီး "လျော်ကြေးပေးဖို့ မလိုပါဘူး၊ ဒီလမ်းကြောင်းက တကယ်တော့ ဖျက်သိမ်းသင့်တာ ကြာပါပြီ၊ အခု ပြိုကျသွားတော့လည်း တိုက်ရိုက် ဖြိုဖျက်ပစ်ဖို့ အဆင်ပြေသွားတာပေါ့"
"ဒါဆိုရင်တော့ အကြီးအကဲနှစ်ယောက်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်" ချင်ယွမ်ဖုန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိတော့သည်။
မောက်ယွီက ခေါင်းညိတ်လိုက်ပြီး "ဒါဆို... မင်းက ဆဋ္ဌမအဆင့်ကို အောင်မြင်ပြီးသွားပြီပေါ့ ဟုတ်လား"
"ဒီလိုပဲ ဖြစ်ရမှာပေါ့" ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ဆန်းကြယ် ထူးဆန်းသော မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိကြတော့သည်။
ဆဋ္ဌမအဆင့်ကို အောင်မြင်ပြီးမြောက်ခဲ့ခြင်း ဆိုသည်မှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ တစ်ဦး၏ အစွမ်းနှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်ချေတော့သတည်း။