← Chapters

အခန်း ၄၁၉

Vol. 22 Ch. 419

အခန်း ၄၁၉

Vol. 22 Ch. 419

အခန်း( ၄၁၉) - ပထမအဆင့်

"တကယ်ကြီးလား..."

ဤစကားကို ကြားလိုက်ရသောအခါ မုန့်ချီလော့သည် ပို၍ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရချေသည်။

"သူတို့တွေ ဘယ်လိုနေကြလဲ... ကျွန်မ ပြန်မရောက်တာတောင် နှစ်တွေ အတော်ကြာသွားပြီပဲ..."

ချင်ယွမ်ဖုန်းက ပြုံးလျက် "အားလုံး အဆင်ပြေကြပါတယ်။ အခုဆို သူတို့တွေ ရန်လည်း မဖြစ်ကြတော့ဘူး... မင်းပြန်လာမယ့်နေ့ကိုပဲ လက်ချိုးရက်တွက်ပြီး စောင့်နေကြတာ..." ဟု ဆိုသည်။

"သိပ်ကောင်းတာပဲ... ဒီဆေးဖော်စပ်သူ ပြိုင်ပွဲကြီး ပြီးတာနဲ့ သူတို့ဆီ မဖြစ်ဖြစ်အောင် ပြန်သွားပြီး တွေ့ရမယ်..."

ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌မူ မုန့်ချီလော့သည် ယခင်က ရှိခဲ့ဖူးသော အေးစက်စက် အရှိန်အဝါများ အရည်ပျော်ကျပျောက်ကွယ်လျက် ရွှင်မြူးတက်ကြွနေသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။

ထိုသို့သော အမူအရာပြောင်းလဲမှုက ဘေးပတ်ဝန်းကျင်ရှိ လူအများကို အံ့အားသင့်သွားစေသည့်အပြင် ချင်ယွမ်ဖုန်းအပေါ် မနာလိုဝန်တိုစိတ်များကိုလည်း ပိုမိုတောက်လောင်စေခဲ့ရာ ယင်းကပင် ချင်ယွမ်ဖုန်းအတွက် ယုံကြည်မှုတန်ဖိုးများကို တစ်ပွေ့တစ်ပိုက်ကြီး ထပ်မံတိုးပွားလာစေသည်။

စကားစမြည်ပြောဆိုနေစဉ်အတွင်း ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ ရင်းနှီးသော မျက်နှာအချို့ကို မြင်တွေ့လိုက်ရ၏။

ယင်းတို့အထဲတွင် သူနှင့်အတူ သင်္ဘောကြီးပေါ်၌ အတူပါလာပြီး "ခေါင်းမငုံ့လိုက်နဲ့... သရဖူပြုတ်ကျလိမ့်မယ်" ဟု ပြောခဲ့ဖူးသော ကောင်း၊ နန်ဝူးမြို့ ဆေးဖော်စပ်သူများအသင်းခွဲမှ ဝမ်ကျင်တို့အပြင် မိစ္ဆာဂိုဏ်းမှော်ဆရာမ ဖြစ်သူ မုဟွိုက်ကိုပင် တွေ့လိုက်ရသေးသည်။

ထိုအမျိုးသမီးသည် ယခုအချိန်တွင် အလွန်တရာ ဆွဲဆောင်မှုရှိသော ဝတ်စုံကို ဆင်ယင်ထားပြီး မုန့်ချီလော့ထက်ပင် လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ကာ ချင်ယွမ်ဖုန်းကိုပင် မျက်စိတစ်ဖက် မှိတ်ပြလိုက်သေး၏။

"သူ့ကို သိလို့လား..."

မုန့်ချီလော့က ရုတ်တရက် မေးမြန်းလာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြရင်း "သိတယ်လို့ပဲ ပြောရမလား... သူက မိစ္ဆာဂိုဏ်းမှော်ဆရာမလေ... ဒါပေမဲ့ အခုတော့ သူလည်း တစ်ကောင်ကြွက် ဖြစ်နေရှာပါပြီ..." ဟု ဆိုလိုက်သည်။

မုန့်ချီလော့သည် ဘာမျှ ပြန်မပြောတော့ဘဲ မုဟွိုက်ဘက်သို့ လှည့်ကြည့်လိုက်ရာ အမျိုးသမီးနှစ်ဦးကြားတွင် ပြင်းထန်သော ယှဉ်ပြိုင်လိုစိတ် အရှိန်အဝါများက လေထုထဲ၌ ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။

ဤသည်ကို မြင်ရသော ပွဲကြည့်စင်နှင့် ကွင်းပြင်ကျယ်အတွင်းရှိ အမျိုးသားထုကြီးတစ်ရပ်လုံးမှာ ရင်ကွဲမတတ် ခံစားလိုက်ရချေသည်။

လောကတွင် အတောက်ပဆုံးသော မိန်းမလှလေးနှစ်ဦးက ချင်ယွမ်ဖုန်းကို လုနေကြသည်ဟူသော အချက်ကို သူတို့ မည်သို့မျှ လက်မခံနိုင်ကြပေ။

ထို့ကြောင့် ယခင်က ချင်ယွမ်ဖုန်းကို ယုံကြည်မှုတန်ဖိုး မပေးခဲ့ကြသော အမျိုးသားများသည် အာဃာတတန်ဖိုးများကို တရဟော ပေးကြတော့သည်။

ထိုအမျိုးသားအများစုကမူ ချင်ယွမ်ဖုန်းတစ်ယောက် ပြိုင်ပွဲမှ တိုက်ရိုက် မောင်းထုတ်ခံရပါစေဟု ဆုတောင်းနေကြချေသည်။

ထိုသို့ဖြင့် ချင်ယွမ်ဖုန်းသည် အာဃာတတန်ဖိုး ငါးသိန်းခန့်ကို အလွယ်တကူ ရရှိသွားသဖြင့် စိတ်ထဲ၌ ကျေနပ်ဝမ်းမြောက်နေမိသည်။

ယင်းအကြောင်းအရာ အားလုံးသည် ခဏတာအတွင်း၌ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ရာ ထိုအချိန်တွင် အကြီးအကဲ မောက်ယွီနှင့် အကြီးအကဲ ကျောဖေးတို့သည် ချင်ယွမ်ဖုန်း၏ အခြေအနေကို အခမ်းအနားမှူးနှင့် အခြား အကြီးအကဲများထံ ရှင်းလင်းပြောကြားပြီးစီးရုံမျှသာ ရှိသေးသည်။

".. ကဲ... အားလုံးပဲ တိတ်တိတ်နေကြပါ။ ဆေးဖော်စပ်သူ ပြိုင်ပွဲကြီးကို အခုကစပြီး တရားဝင် စတင်ပါပြီ။ ဒီနေ့ပြိုင်ပွဲကတော့ ပထမဆုံးအဆင့် ဖြစ်ပြီး လူတိုင်းရဲ့ ဆေးဖော်စပ်ခြင်းဆိုင်ရာ အခြေခံအရည်အချင်းတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်..."

အခမ်းအနားမှူးက တည်ငြိမ်အေးစက်သော လေသံဖြင့် ကြေညာလိုက်သည်။ သူသည် ချင်ယွမ်ဖုန်း ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ကို သဘောတူလက်ခံလိုက်ပြီ ဖြစ်ပေရာ ထိုသို့ ဆုံးဖြတ်ခြင်း ဖြစ်တန်ရာသည်။

လင်းထျန်းသည် နောက်ကျပြီးမှ ရောက်လာသော ချင်ယွမ်ဖုန်းကို လှမ်းကြည့်ကာ မျက်နှာတစ်ခုလုံး ဝင်းပသွားလျက် "ဟားဟားဟား... ငါသိသားပဲ... ဒီကောင်လေး လာမှာပါ..." ဟု ရေရွတ်မိသည်။

အခြားအကြီးအကဲများသည် လင်းထျန်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ ချင်ယွမ်ဖုန်းအပေါ် အလွန် စိတ်ဝင်စားသွားကြပြီး "အကြီးအကဲ လင်းထျန်း... မင်းအဲဒီလူငယ်လေးကို သိလို့လား..." ဟု မေးမြန်းကြ၏။

"သိတာပေါ့ဗ... သူက ကျွန်တော်တို့ အသင်းခွဲကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ပါရမီရှင်လေ..."

လင်းထျန်းက အနည်းငယ် ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။

ထိုအခါမှ လူတိုင်းက ခေါင်းညိတ်ကြတော့သည်။ သူတို့သည် လင်းထျန်း၏ စရိုက်ကို သိကြပေရာ လင်းထျန်းကဲ့သို့သော လူတစ်ယောက်က အသိအမှတ်ပြုရလောက်သည့် လူဆိုလျှင် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သည့် အရည်အချင်း ရှိရမည်ဟု တွေးတောမိကြသည်။

"မင်းတို့ ရှေ့က ကျောက်စားပွဲတွေပေါ်မှာ ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးဖက်ဝင် ပစ္စည်းမျိုးစုံကို ပြင်ဆင်ပေးထားပါတယ်။ မင်းတို့အနေနဲ့ တစ်နာရီအတွင်းမှာ ကိုယ်ဖော်စပ်နိုင်သမျှ အဆင့်အမြင့်ဆုံးနဲ့ အရည်အသွေးအကောင်းဆုံး ဆေးလုံးကို ဖော်စပ်ရမှာ ဖြစ်ပြီး မအောင်မြင်တဲ့သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ထွက်ရမှာ ဖြစ်ပါတယ်..."

အခမ်းအနားမှူး၏ အသံက ကွင်းပြင်တစ်ခုလုံးသို့ ထပ်မံ ပဲ့တင်ထပ်သွားသည်။

ဆေးဖော်စပ်သူများသည် မိမိတို့ရှေ့ရှိ ကျောက်စားပွဲများကို ငုံ့ကြည့်လိုက်ကြရာ လူတိုင်း၏ စားပွဲပေါ်တွင် ပြင်ဆင်ထားသော ဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်ပစ္စည်းများသည် အတူတူပင် ဖြစ်နေကြသည်။

ထို့ပြင် ယခု ပထမအဆင့် စမ်းသပ်ချက်သည် ဆေးလုံး၏ အတန်းအစားအပေါ်တွင် မူတည်ခြင်းမရှိဘဲ ဆေးလုံး၏ သန့်စင်မှု အရည်အသွေးအပေါ်တွင်သာ အကဲဖြတ်မည် ဖြစ်ရာ ဤအချက်က တတိယအဆင့် ဆေးဖော်စပ်သူများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာစေသည်။

အကြောင်းမူကား ပြိုင်ပွဲတွင် ပါဝင်ကြသော ဆေးဖော်စပ်သူ တစ်ထောင်ခန့်အနက် သုံးပုံတစ်ပုံမှာ တတိယအဆင့် ဆေးဖော်စပ်သူများ ဖြစ်ကြပေရာ ပထမအဆင့်မှာတင် သူတို့အားလုံးကို ပြိုင်ပွဲမှ ဖယ်ထုတ်လိုက်ပါက သဘာဝမကျသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ကျန်ရှိသော သုံးပုံနှစ်ပုံမှာမူ စတုတ္ထအဆင့်၊ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် ရှိသော ဆေးဖော်စပ်သူများ ဖြစ်ကြသည်။

အသက်၃၀ မပြည့်ခင်မှာပင် ဆဋ္ဌမအဆင့်ထက် ကျော်လွန်နိုင်သော ဆေးဖော်စပ်သူဟူ၍ အလွန် ရှားပါးလှပြီး အကယ်၍ ရှိခဲ့လျှင်ပင် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်က အကြီးအကဲများအဖြစ် တိုက်ရိုက် ခေါ်ယူခန့်အပ်ပြီး ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် မိမိရှေ့ရှိ ဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်ပစ္စည်းများကို စတင်စစ်ဆေးလိုက်သော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်သွားရသည်။

ထိုနေရာတွင် ဝိညာဉ်ဆေးပင်နှင့် ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားများစွာ ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ယင်းတို့ဖြင့် ပြီးပြည့်စုံသော ဆေးဖော်စပ်နည်းဟူ၍ တစ်ခုမျှ ပေါ်ထွက်မလာနိုင်ချေ။

ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး၏ ဆေးဖော်စပ်နည်း အစုံအလင် အကျဉ်းချုပ်ကျမ်း ရှိနေသော်လည်း ဤဆေးပင်များဖြင့် ဖော်စပ်နိုင်မည့် ဆေးဖော်စပ်နည်းမျိုးကိုမူ ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် ဤပထမအဆင့်သည် ဆေးဖော်စပ်သူများ၏ အခြေခံကို စစ်ဆေးရုံသာမကဘဲ သူတို့၏ အခြေအနေအပေါ် လိုက်လျောညီထွေ တုံ့ပြန်နိုင်စွမ်းနှင့် အခြား ဆေးဖက်ဝင်ပစ္စည်းများဖြင့် အစားထိုးကာ အသုံးတည့်မည့် ဆေးဖော်စပ်နည်းအသစ်ကို ရှာဖွေဖန်တီးနိုင်စွမ်း ရှိ၊ မရှိကိုပါ စမ်းသပ်ခြင်း ဖြစ်ပေသည်။

အချို့သော လူများသည် အခြေအနေကို ခဏမျှ စောင့်ကြည့်ပြီးနောက် စတင်လှုပ်ရှားလာကြသည်။ သူတို့သည် မိမိတို့၏ ဆေးမီးဖိုများကို ထုတ်ယူကာ မီးမွှေး၍ ဆေးဖော်စပ်ခြင်းကို စတင်ကြတော့သည်။

အဆင့်တိုင်းကို စေ့စေ့စပ်စပ်နှင့် ဂရုတစိုက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်းမူကား ထိုအချိန်အထိ အေးအေးလူလူပင် အခြားပြိုင်ပွဲဝင်များကို လေ့လာနေဆဲ ဖြစ်ရာ ဆေးဖော်စပ်သူ အနည်းငယ်မျှသာ သားရဲမီးလျှံကို ပိုင်ဆိုင်ကြပြီး အများစုမှာမူ အထူးပြုလုပ်ထားသော မီးမွှေးစာများကိုသာ အသုံးပြုကြသည်ကို တွေ့ရသည်။

မုန့်ချီလော့သည်လည်း ယခုအချိန်တွင် စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ သူမ၏ ဆေးမီးဖိုသည် သေးငယ်ပြီး သန့်စင်ကျနသော အမျိုးအစား ဖြစ်ကာ အရှိန်အဝါများ ထွက်ပေါ်နေသည့်အပြင် သူမထံ၌ ဖျော့တော့သော နီကျင်ကျင် သားရဲမီးလျှံလည်း ရှိနေသည်။

မလှမ်းမကမ်းတွင်မူ မုဟွိုက်သည်လည်း ဆေးလုံးများကို စတင်ဖော်စပ်နေပြီ ဖြစ်သည်။ မုဟွိုက်သည် ဆေးဖော်စပ်သူတစ်ဦး ဖြစ်မှန်း ချင်ယွုန်းဖုန်း ယခင်က မသိခဲ့ဖူးချေ။

သူမ အသုံးပြုနေသော မီးလျှံမှာမူ အလင်းမဲ့နက်မှောင်သော အရောင် ဖြစ်သည်။

ထိုမီးလျှံ တောက်လောင်လာသောအခါ ဟင်းလင်းပြင်တွင် နတ်ဆိုးတွင်းနက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ ထူးဆန်းဆိုးဝါးလှသဖြင့် ကြောက်မက်ဖွယ်ရာ အသွင်ဆောင်နေချေသည်။

ချင်ယွမ်ဖုန်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် အခြားတစ်ဦးမှာမူ သူနှင့်အတူ သင်္ဘောကြီးပေါ်၌ လိုက်ပါလာခဲ့ဖူးသော ကောင်း ဖြစ်သည်။

ကောင်းသည် သူ၏ တန်ဖိုးကြီး လည်ပင်းထိန်းကွင်းကြီးကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ သီးခြားစီ ဖြစ်နေသကဲ့သို့ ခန္ဓာကိုယ် မည်မျှပင် လှုပ်ရှားစေကာမူ ဦးခေါင်းမှာမူ လုံးဝ ငြိမ်သက်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ကျောချမ်းဖွယ်ရာ ကောင်းလှသည်။

သို့သော် ကောင်းထံ၌ သားရဲမီးလျှံ မရှိပေရာ အထူးပြုလုပ်ထားသော မီးစာကိုသာ အသုံးပြုနေရရှာသည်။

"ဒီကောင်လေး ဘာတွေကို လျှောက်ကြည့်နေတာလဲ... အချိန်ကန့်သတ်ချက် ရှိတယ်လေ..."

လင်းထျန်းသည် အဓိကစင်မြင့်ပေါ်မှနေ၍ ချင်ယွမ်ဖုန်းကို ကြည့်ကာ ရင်တမမ ဖြစ်နေရရှာသည်။

ဘေးနားရှိ အကြီးအကဲများကမူ ပြုံးလျက် "အကြီးအကဲ လင်းထျန်း... မင်း သဘောကျနေတဲ့ လူငယ်လေးက မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေပုံရတယ်နော်..." ဟု ဆိုကြသည်။

ထိုစကားများထဲတွင် သရော်လိုသော သဘောများ ပါဝင်နေသဖြင့် လင်းထျန်းသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းမွေးများ တလှုပ်လှုပ် ဖြစ်သွားရချေသည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းတစ်ယောက် ဘာတွေ လုပ်နေသည်ကိုလည်း သူ တွေးတောမရ ဖြစ်နေမိသည်။

အမှန်စင်စစ်မူကား ချင်ယွမ်ဖုန်းသည် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။ အကြောင်းမှာ သူ၏ ဆေးဖော်စပ်မှု အရှိန်အဟုန်သည် သာမန် ဆေးဖော်စပ်သူများထက် များစွာ သာလွန်နေသဖြင့် လူအများ၏ အာရုံစိုက်မှုကို အလွန်အကျွံ မခံရစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေခြင်း ဖြစ်ပေသည်။

အတန်ကြာ စောင့်ကြည့်ပြီးနောက် လူအများစုမှာ ဆေးရည်သန့်စင်ခြင်း အဆင့်ကိုပင် ပြီးဆုံးလုနီးပါး ဖြစ်နေကြပြီ ဖြစ်ရာ ထိုအခါမှသာ ချင်ယွမ်ဖုန်းသည် အေးအေးလူလူပင် ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။

ပြာလဲ့လဲ့ မီးလျှံများသည် ဆေးမီးဖိုအတွင်း၌ ဖြည်းညှင်းစွာ တောက်လောင်လာသည်။ ချင်ယွမ်ဖုန်းသည် ဆေးဖက်ဝင်ပစ္စည်းများကို ဆေးမီးဖိုအတွင်းသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်ရာ မီးလျှံလျှာများသည် ထိုဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်ပစ္စည်းများကို ချက်ချင်းပင် ဝါးမြိုသွားပြီး အနှစ်သာရများအဖြစ်သို့ လျင်မြန်စွာ သန့်စင်ပေးလိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် တမင်တကာ အရှိန်လျှော့ကာ ဆေးဖက်ဝင်ပစ္စည်းများကို တစ်ခုချင်းစီ သန့်စင်နေသော်လည်း သူ၏ ဆေးဖော်စပ်မှုနှုန်းမှာ အလွန် လျင်မြန်နေဆဲ ဖြစ်ရာ ဤသည်မှာ သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားနှင့် ဆက်စပ်နေပေသည်။

ချင်ယွမ်ဖုန်းတွင် စိတ်ဝိညာဉ်စွမ်းအား မျှင်ပေါင်း ၃၃ မျှင် ရှိသော်လည်း ယင်းက လူအများ၏ အာရုံကို ဖမ်းစားလွန်းသဖြင့် ယခုအကြိမ်တွင်မူ ၄ မျှင်ကိုသာ အသုံးပြုကာ

လမ်းကြောင်းလေးခုမှနေ၍ ဆေးမီးဖိုအတွင်းသို့ ထည့်သွင်းထားလိုက်သည်။

သူသည် စတုတ္ထအဆင့် ဆေးလုံးကိုသာ ဖော်စပ်ရန် ရည်ရွယ်ထားသဖြင့် စိုးရိမ်ပူပန်မှု လုံးဝမရှိပေ။

ယခင်က ဆေးဖော်စပ်ခြင်းကို အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးသဖြင့် ဝိညာဉ်ဆေးပင်များနှင့် ဆေးဖက်ဝင်ပစ္စည်း အများစု၏ သဘောသဘာဝကို နားလည်ထားပြီး ဖြစ်ရာ သူ၏ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်သည် စနစ်တကျပင် ရှေ့သို့ ဆက်လက် ရွေ့လျားနေတော့သည်။

All Chapters