← Chapters

အခန်း ၄၂၂

Vol. 22 Ch. 422

အခန်း ၄၂၂

Vol. 22 Ch. 422

အခန်း (၄၂၂) ချိန်းတွေ့ခြင်း

“ကဲပါလေ... အပိုစကားတွေ ပြောမနေကြနဲ့။ မင်းတကယ်ကော ယုံကြည်ချက်ရှိရဲ့လား။ ဒီတစ်ကြိမ်မှာ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူတွေတောင် ပါဝင်ဆင်နွှဲကြမယ်လို့ ငါကြားသိထားတယ်၊ နောက်ဆုံးမှာတော့ အဆင့်အတန်းကသာ အဆုံးအဖြတ်ပေးမယ့် အချက်ပဲဖြစ်လိမ့်မယ်” ဟု လင်းထျန်းက အနည်းငယ် စိုးရိမ်ပူပန်သော လေသံဖြင့် ဆိုလေသည်။

“စိတ်မပူပါနဲ့ စီနီယာ၊ ကျွန်တော့်မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်” ဟု ချင်ယွမ်ဖုန်းက လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် ပြန်လည်ပြောကြားခဲ့သည်။

“ဟူး... မင်း ဘာဖြစ်လို့ ဒီလောက်တောင် အကောင်းမြင်စိတ် လွန်ကဲနေနိုင်ရတာလဲ ငါ တကယ်ကို မသိတော့ဘူး။ အကယ်၍ မင်းသာ ပထမဆုကို မဆွတ်ခူးနိုင်ခဲ့ရင် မင်းအတွက် ငါက ဘယ်လိုမျက်နှာမျိုးနဲ့ စကားပြောပေးရပါ့မလဲ” ဟု လင်းထျန်းက ညည်းတွားမြည်တမ်းလိုက်၏။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး “စီနီယာ... စီနီယာက အဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ဦးကို ရှာဖွေတွေ့ရှိထားပြီလား” ဟု မေးမြန်းလိုက်သည်။

“ဒါပေါ့... ဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှာတောင် အဋ္ဌမအဆင့် ဆေးဖော်စပ်သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ အများစုကတော့ တံခါးပိတ်ကျင့်ကြံနေကြတာပေါ့၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါ ကံကောင်းထောက်မစွာနဲ့ ကျင့်ကြံခြင်းမပြုဘဲ ရှိနေတဲ့သူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ အကယ်၍ မင်းသာ ပထမဆု ရရှိခဲ့မယ်ဆိုရင် မင်းအတွက် သန့်စင်ခြင်းဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ ငါ သူ့ကို အကူအညီတောင်းပေးလို့ရတယ်” ဟု လင်းထျန်းက ပြောဆိုလေ၏။

“ဒါဆိုရင် အတိုင်းထက်အလွန် ပါပဲလား” ချင်ယွမ်ဖုန်းက ပြုံးရွှင်သွားပြီး “ကျေးဇူးတင်ပါတယ် စီနီယာ... စိတ်ချပါ၊ ကျွန်တော် စီနီယာ့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

“ ငါ မျှော်လင့်ပါတယ်... ကံကောင်းပါစေ” ဟု လင်းထျန်းက အေးတိအေးစက်ပင် ဆိုလိုက်၏။

အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် လင်းထျန်းသည် ဝမ်ကျင့်ကို ခေါ်ဆောင်ကာ ရင်ပြင်မှ ထွက်ခွာသွားပြီး ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ နေထိုင်ရာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ နောက်ဖေးဥယျာဉ်ဆီသို့ ဝင်ရောက်သွားလေသည်။

ချင်ယွမ်ဖုန်းသည်လည်း ထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွားခဲ့ရာ ထိုအချိန်တွင် မုန့်ချီလော့မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထွက်ပေါက်၌ ချိုးချန်ချီနှင့် ရှောင်ဟန်ချိုးတို့သည် ချင်ယွမ်ဖုန်းကို စောင့်ဆိုင်းနေကြ၏။

“ကောင်လေး... မင်း စွမ်းဆောင်နိုင်ခဲ့တာ တော်တော်လေး ကောင်းမွန်ပါတယ်” ဟု ချိုးချန်ချီက ပြုံးလျက် ဆိုသည်။

ချင်ယွမ်ဖုန်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး “ဒါကတော့ သဘာဝအတိုင်းပါပဲ၊ ကျွန်တော်က ပြင်ဆင်ပြီးမှ လာခဲ့တာကိုး” ဟု ပြန်ပြောလိုက်၏။

သို့သော် ချိုးချန်ချီက ရှောင်ဟန်ချိုးဘက်သို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ တစ်စုံတစ်ဦးမှာ မပျော်မရွှင် ဖြစ်နေသည်ဟူသော အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။

ရှောင်ဟန်ချိုး အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည်ကို ချင်ယွမ်ဖုန်းက အကြမ်းဖျင်း သိရှိသဖြင့် တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်သော်လည်း ရှောင်ဟန်ချိုးက စကားစဖြတ်ကာ တိုက်ရိုက်ပင် ပြောချလိုက်၏။

“ဂုဏ်ယူပါတယ်...နင့်အနေနဲ့ ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ငါထင်ပါတယ်” ဟု ရှောင်ဟန်ချိုးက အေးစက်စက် ဆိုလေသည်။

“ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သော်လည်း စကားကို မည်သို့ ဆက်ရမှန်း မသိတော့ပေ။

“အဲဒီလူက...နင့်ရဲ့ မိတ်ဆွေလား” ဟု ရှောင်ဟန်ချိုးက မေးမြန်းလိုက်၏။

“သူမက ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ... ငါ့ဘဝမှာ အချိန်အတော်ကြာကတည်းက သတ်မှတ်ထားခဲ့တဲ့သူပေါ့” ဟု ချင်ယွမ်ဖုန်းက အမှန်အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“ငါ ရိပ်မိပါတယ်” ရှောင်ဟန်ချိုးက ပြုံးလျက် “နင် အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ အခုတော့ ငါဆရာတစ်ယောက် သွားရှာဖို့ လိုအပ်နေပြီ” ဟု ဆို၏။

“မင်း ဘယ်နေရာမှာ သွားရှာမှာလဲ... ငါ့အနေနဲ့ မင်းအတွက် စုံစမ်းမေးမြန်းပေးလို့ရပါတယ်၊ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှာ ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး ရှိနေမှာပါ” ဟု ချင်ယွမ်ဖုန်းက အလျင်အမြန် ပြောဆိုလိုက်သည်။

သို့သော် ရှောင်ဟန်ချိုးက ပြုံး၍ ခေါင်းခါပြကာ “မလိုပါဘူး... ဒါက ငါကိုယ်တိုင် ရှာဖွေရမယ့်အရာပဲ၊ အရာရာတိုင်းအတွက်နင့်ကိုပဲ အမှီပြုနေလို့ မဖြစ်ဘူးလေ” ဟု ငြင်းပယ်ခဲ့၏။

“ဪ... ဒါဆိုရင်လည်း ကောင်းပါပြီ၊ မင်းလည်း အောင်မြင်ပါစေကြောင်း ငါ ဆုတောင်းပေးပါတယ်” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။

ချိုးချန်ချီသည် ယင်းကဲ့သို့ အကျိုးမရှိသော စကားဝိုင်းကို ဆက်၍ မကြည့်လိုတော့သဖြင့် အလျင်အမြန် ရှေ့သို့ တိုးလာကာ အကြောင်းအရာကို လွှဲပြောင်းလိုက်၏။

“စကားတွေ ဖြတ်ကြစို့... ငါတို့ အနည်းဆုံးတော့ ပထမဆုံး တည်းခိုဖို့ နေရာတစ်ခု ရှာဖွေရဦးမယ်”

ရှောင်ဟန်ချိုးက ထပ်မံ၍ ခေါင်းခါပြပြန်ပြီး “စီနီယာ ချင်ယွမ်ဖုန်း၊ ငါတို့ ဒီနေရာတင်ပဲ လမ်းခွဲကြရအောင်” ဟု ဆိုလေသည်။

“လမ်းခွဲမယ် ဟုတ်လား... ဘာဖြစ်လို့လဲ” ချင်ယွမ်ဖုန်း မျက်မှောင်ကုတ်သွား၏။ ရှောင်ဟန်ချိုးသည် သူ့နောက်သို့ တစ်လမ်းလုံး လိုက်ပါလာခဲ့ပြီးနောက် ယခု ပထမဆုံးနေ့မှာပင် ထွက်ခွာသွားတော့မည်လား။

“ဟုတ်ပါတယ်... ငါ ဆရာတစ်ယောက်ကို ရှာဖွေဖို့ လိုအပ်သလို နင်လည်း ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်လေ” ဟု ရှောင်ဟန်ချိုးက ပြုံးလျက် ဆိုသည်။

“ဒါက... တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတာမှ မဟုတ်တာ” ချင်ယွမ်ဖုန်းက နေရခက်စွာ ပြုံးလိုက်မိသော်လည်း ရှောင်ဟန်ချိုး ထွက်ခွာလိုသည့် အကြောင်းရင်းကိုမူ သူ နားလည်နေခဲ့ပါသည်။

သို့သော်လည်း ယင်းသံယောဇဉ်နှင့် ပတ်သက်၍ ချင်ယွမ်ဖုန်းအနေဖြင့် လျစ်လျူရှုရန်သာ ရွေးချယ်နိုင်ပေသည်။

“ကဲပါ... ငါဆက်ရှိနေရင် နင့်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ” ရှောင်ဟန်ချိုးက ပြုံး၍ “ဒါပေမဲ့ စိတ်မပူပါနဲ့၊ နောင်တစ်ချိန်မှာ နင့်ရဲ့ ကျေးဇူးတွေကို ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်” ဟု ဆို၏။

“မလိုပါဘူး... ငါက...”

“ငါ သေချာပေါက် ပြန်ဆပ်မှာပါ”

ရှောင်ဟန်ချိုးက ချင်ယွမ်ဖုန်း၏ စကားကို ဖြတ်ပြောကာ ပြတ်ပြတ်သားသား ဆိုလိုက်လေသည်။

ထိုသို့ ဆိုပြီးနောက် ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့တော့သည်။

ရှန့်ရန်ကျွန်းသည် အလွန်တရာ ကျယ်ဝန်းလှပြီး ဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှာ နေရာအနည်းငယ်မျှကိုသာ ယူထားခြင်း ဖြစ်သည်။

ထွက်ခွာသွားသော ရှောင်ဟန်ချိုး၏ ကျောပြင်ကို ကြည့်ရင်း ချိုးချန်ချီက “ဟူး... မင်းကတော့ကွာ၊ ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာရတာလဲ။ အနည်းဆုံးတော့ သူမကို ဒီမှာ အရင် ဆွဲထားသင့်တာပေါ့၊ ယောက်ျားတစ်ယောက်မှာ မယားပြိုင် သုံးယောက်၊ လေးယောက် ရှိတာ ဘာမှ အပြစ်မှ မဟုတ်တာ” ဟု သက်ပြင်းချကာ ဆိုလေသည်။

“ဆရာတူဦးလေး... ကျွန်တော် အဲဒီလို မလုပ်နိုင်ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

သူသည် ကမ္ဘာမြေမှ လာသူဖြစ်သဖြင့် စိတ်ဝိညာဉ်၏ နက်ရှိုင်းရာတွင် လင်တစ်ခု မယားတစ်ခု စနစ်ကိုသာ စွဲကိုင်ထားဆဲ ဖြစ်ရာ ထို့ကြောင့် သူ၏ နှလုံးသားတစ်ခုလုံးတွင် မုန့်ချီလော့သာ ရှိနေပေသည်။

“လူအပါပဲ” ချိုးချန်ချီက ချင်ယွမ်ဖုန်းကို လှမ်းအော်လိုက်ပြီး အခြားတစ်ဖက်သို့ လျှောက်လှမ်းသွားခဲ့သည်။

ပင်လယ်ကျွန်းပေါ်တွင် တည်းခိုခန်းများစွာ ရှိသော်လည်း ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးကြောင့် တည်းခိုခန်းအားလုံး ပြည့်နှက်နေ၏။

ချင်ယွမ်ဖုန်းနှင့် သူ၏ အဖော်များသည် နောက်ဆုံးတွင် အလွန်ခက်ခဲစွာဖြင့် လွတ်နေသော အခန်းတစ်ခန်းကို ရရှိခဲ့ကြသည်။

ချိန်းဆိုထားသော အချိန်နီးကပ်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် ချိုးချန်ချီကို ချက်ချင်း နှုတ်ဆက်ကာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပြီး လမ်းခရီးတွင် ဆံထိုးတစ်ချောင်းကိုပါ ဝယ်ယူခဲ့လေသည်။

ထိုဆံထိုးမှာ အဖိုးတန်လှသည်မဟုတ်ဘဲ သန္တာကျောက်တစ်မျိုးဖြင့် ထုဆစ်ထားရုံမျှသာ ဖြစ်သော်လည်း အလွန်တရာ လှပဆန်းပြားလှပေသည်။

မုန့်ချီလော့သည်လည်း ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့၏။ သူမသည် ရိုးရှင်းသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသဖြင့် တည်ငြိမ်အေးချမ်းပြီး ချစ်စဖွယ် ကောင်းလှသည်။

ချင်ယွမ်ဖုန်းမှာမူ သူနှစ်သက်သော မိန်းကလေးကို မြင်တွေ့ရချိန်တွင် ရင်ထဲ၌ ပြင်းပြသော သံယောဇဉ်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည့် ပထမဆုံး အချစ်ဦးနှင့် တွေ့ဆုံနေရသော လူငယ်လေးတစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။

“ဒါက မင်းအတွက်ပါ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုကာ ဆံထိုးကို မုန့်ချီလော့ထံ ကမ်းပေးလိုက်၏။

မုန့်ချီလော့သည် အလွန်ဝမ်းမြောက်သွားသော်လည်း သူမကိုယ်တိုင် မယူဘဲ ချင်ယွမ်ဖုန်းအား သူမ၏ ဆံပင်အုပ်တွင် ထိုးစိုက်ပေးရန် ခွင့်ပြုခဲ့သည်။

“မင်း ဒီနေရာကို တစ်ယောက်တည်း လာခဲ့တာလား” လမ်းမအတိုင်း လျှောက်လှမ်းလာစဉ် ချင်ယွမ်ဖုန်းက မုန့်ချီလော့အား မေးမြန်းလိုက်၏။

မုန့်ချီလော့က ခေါင်းညိတ်ပြကာ “ဟုတ်တယ်... ဆရာက အလုပ်ရှုပ်နေလို့ အတူတူ လိုက်မလာဖြစ်ဘူး” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြီး မုန့်ချီလော့နှင့်အတူ လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုသွားကြလေသည်။

ရှန့်ရန်ကျွန်းသို့ လူအများအပြား ရောက်ရှိနေကြသဖြင့် ညဉ့်နက်ပိုင်းအချိန်တွင်ပင် လွန်စွာ စည်ကားသိုက်မြိုက်နေဆဲ ဖြစ်သည်။

သူတို့နှစ်ဦးသည် သင့်တင့်လျောက်ပတ်သော ဆိုင်ငယ်လေးတစ်ဆိုင်ကို ရှာဖွေတွေ့ရှိကာ အစားအစာအချို့ကို မှာယူခဲ့ကြ၏။

ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် မုန့်ချီလော့သည် သူမ၏ သတိထားမှု အားလုံးကို လုံးဝ လျှော့ချထားပြီး မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူနေတော့သည်။

ယင်းမှာ ချင်ယွမ်ဖုန်းက မုန့်ချီလော့ကို ယခင်က ကူညီပေးခဲ့ဖူးခြင်းကြောင့်သာမက ချင်ယွမ်ဖုန်းသည် ကျန့်ဂီအင်ပါယာသို့ သွားရောက်၍ မုန့်ချီလော့၏ အစ်မကြီးနှစ်ဦး၏ အာဃာတများကို ဖြေဖျောက်ပေးခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

ထိုအချက်က မုန့်ချီလော့၏ ရင်ထဲ၌ ချင်ယွမ်ဖုန်းအပေါ် သံယောဇဉ်အပြင် လေးစားအားကျစိတ်ကိုပါ တိုးပွားစေခဲ့သည်။

ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာပြီး လမ်းသွားလမ်းလာများ တဖြည်းဖြည်း ကျဲပါးသွားသောအခါ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် ဆေးဖော်စပ်သူများအသင်း၏ ဝင်ပေါက်သို့ ပြန်လည်ရောက်ရှိကာ နှုတ်ဆက် လမ်းခွဲခဲ့ကြ၏။

နှစ်ဦးစလုံးမှာ အချစ်မျှားနှောင်ခြင်း ခံထားရသော ချစ်သူမောင်နှံများကဲ့သို့ပင် အနည်းငယ် ခွဲခွာရခက်နေကြသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ရေရှည်အတွက် စီမံကိန်းရှိထားသဖြင့် အလျင်စလို မဖြစ်ခဲ့ပေ။ သူသည် မုန့်ချီလော့နှင့် ထိုက်တန်သူတစ်ဦး ဖြစ်လာစေရန် မိမိကိုယ်ကိုယ် မြှင့်တင်ရန်အတွက် အပြင်းအထန် ကြိုးစားအားထုတ်လိုသည်။

“ငါ မင်းကို သေချာပေါက် လက်ထပ်ယူရမယ်” ချင်ယွမ်ဖုန်းက သူ၏ နှလုံးသားထဲတွင် ပြတ်သားစွာ ကြွေးကြော်လိုက်မိ၏။

လမ်းခွဲပြီးနောက်တွင်မူ သူတို့နှစ်ဦး၏ အကြည့်များမှာ ထက်မြက်စူးရှသွားကြသည်။

တစ်စုံတစ်ယောက်က မုန့်ချီလော့နောက်သို့ လိုက်ပါချောင်းမြောင်းနေသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်ရာ ထိုသို့သော မကောင်းသော ရည်ရွယ်ချက်ဖြင့် ခြေရာခံခြင်းက ချင်ယွမ်ဖုန်းကို အလွန်တရာ မသက်မသာ ဖြစ်စေခဲ့သည်။

ထို့ကြောင့် မုန့်ချီလော့နှင့် လမ်းခွဲပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် ထိုသံသယဖြစ်ဖွယ် လူနှစ်ဦးနောက်သို့ လိုက်ပါသွားခဲ့တော့၏။

တစ်ချိန်တည်းမှာပင် မုန့်ချီလော့သည်လည်း ချင်ယွမ်ဖုန်းနှင့် လမ်းခွဲပြီးနောက် တစ်စုံတစ်ဦး၏ နောက်သို့ လိုက်ပါသွားခဲ့သည်။

တစ်စုံတစ်ယောက်က ချင်ယွမ်ဖုန်းကို စောင့်ကြည့်နေသည်ကို သူမလည်း သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးစလုံးမှာ မိမိကိုယ်ကိုယ် စောင့်ကြည့်ခြင်း ခံနေရသည်ကို မသိရှိခဲ့ကြသော်လည်း အခြားတစ်ယောက်ကို စောင့်ကြည့်နေသော လူများကိုမူ အသီးသီး ရှာဖွေတွေ့ရှိခဲ့ကြရာ ယင်းမှာ ပြောစရာမလိုအောင်ပင် နားလည်မှုချင်း စည်းချက်ကျနေခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

ထိုအချိန်တွင် လမ်းမပေါ်၌ လူသူ လုံးဝ နည်းပါးသွားခဲ့ပြီ ဖြစ်ရာ မုန့်ချီလော့ကို စောင့်ကြည့်နေသည့် လူနှစ်ဦးမှာ မုန့်ချီလော့ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို ချက်ချင်းပင် ရိပ်မိသွားကြလေတော့သည်။

All Chapters