← Chapters

အခန်း ၄၂၅

Vol. 22 Ch. 425

အခန်း ၄၂၅

Vol. 22 Ch. 425

အခန်း (၄၂၅) - တတိယအဆင့်

ထိုသူတို့၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းသော သံသယများ တိုးဝင်လာသဖြင့် ခုနက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်ပြီးနောက် နှစ်ဦးသားလုံး တိတ်ဆိတ်သွားကြလေသည်။

ဤအဖြစ်အပျက်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။

"မင်း မကြာသေးခင်က တစ်ယောက်ယောက်ကို စိတ်အာဃာတဖြစ်အောင် လုပ်မိထားတာ ရှိလား" ချင်ယွမ်ဖုန်းက မေးလိုက်သည်။

မုန့်ချီလော့က ခေါင်းခါယမ်းကာ "ငါက ဂိုဏ်းထဲမှာပဲ အမြဲတမ်း ကျင့်ကြံနေတာ၊ တောင်အောက်ဆင်းဖို့ အခွင့်အရေး ခဲယဉ်းပါတယ်။ ဒါတင်မကဘူး၊ ဒီတစ်ခေါက် ရှန့်ရန်ကျွန်းကိုလည်း ငါတစ်ယောက်တည်း လာခဲ့တာ" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိ၏။ သူမသာ မည်သူ့ကိုမျှ ရန်မစခဲ့လျှင် လူသတ်သမားများ စေလွှတ်ပြီး လုပ်ကြံခိုင်းရသည့် အကြောင်းရင်းက ဘာဖြစ်နိုင်မည်နည်း။

"ဒါနဲ့ နင်ကော။ နင်ကို စောင့်ကြည့်နေတုန်း ငါဖမ်းမိတဲ့ လူသတ်သမားက သူတောင်းစားတစ်ယောက်နဲ့ တူတယ်" မုန့်ချီလော့က တည်ငြိမ်စွာ ပြောကြားခဲ့သည်။

"သူတောင်းစား ဟုတ်လား" ချင်ယွမ်ဖုန်း အနည်းငယ် အံ့အားသင့်သွားပြီး "ငါ ရန်စမိထားတဲ့လူတွေက အများကြီးပဲဆိုတော့ ငါ့ကိုသတ်ဖို့ ဘယ်သူမဆို လူသတ်သမား စေလွှတ်နိုင်တာပဲ" ဟု ဆိုလိုက်သည်။

နှစ်ဦးသား ခေါင်းချင်းရိုက်၍ စဉ်းစားသော်လည်း အဖြေရှာမရခဲ့ပေ။ သို့သော်လည်း ထိုလူသတ်သမား နှစ်စုမှာ မတူညီသော လူသတ်သမားအဖွဲ့အစည်း နှစ်ခုမှ ဖြစ်နိုင်ကြောင်း ထင်ရှားနေသည်။

"ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ လူသတ်သမားအဖွဲ့အစည်းတွေ အများကြီး ရှိပေမယ့် အတော်အတန် နာမည်ကြီးတာဆိုလို့ တစ်ခုပဲ ရှိတယ်၊ အဲဒါ ယန်လူအဖွဲ့အစည်းပဲ" မုန့်ချီလော့က အေးဆေးစွာ ပြောပြသည်။

"ယန်လူ ဟုတ်လား" ချင်ယွမ်ဖုန်းသည် ထိုကဲ့သို့သော လူသတ်သမားအဖွဲ့အစည်းမျိုးကို တစ်ခါမျှ မကြားဖူးချေ။

"ဟုတ်တယ်၊ ယန်လူက ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ အကြီးမားဆုံး လူသတ်သမားအဖွဲ့အစည်းပဲ။ သူတို့အောက်မှာ ထူးချွန်တဲ့ ဆရာသခင်တွေအများကြီးရှိပြီး စည်းကမ်းလည်း အရမ်းတင်းကျပ်တယ်။ သတ်မှတ်ထားတဲ့ ပစ်မှတ်ကလွဲရင် တခြားလူတွေကို ဘယ်တော့မှ စည်းမဲ့ကမ်းမဲ့ မသတ်ဖြတ်ဘူး။ အဆင့်နိမ့်တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ဒီလောက် နာမည်မကြီးကြဘူး" ဟု မုန့်ချီလော့က ဆိုသည်။

"ဒီလိုကိုး" ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် လူသတ်သမားတွေက ငါတို့နှစ်ယောက်စလုံးကို ပစ်မှတ်ထားနေတာဆိုတော့ မင်း သတိထားမှဖြစ်မယ်" ဟု သတိပေးလိုက်သည်။

"နင်လည်း သတိထားဦး" မုန့်ချီလော့က ချင်ယွမ်ဖုန်းအား စိုးရိမ်စိတ်အပြည့်ဖြင့် ကြည့်ကာ "အဲဒီသူတောင်းစားက အရမ်းသန်မာတယ်။ ငါတို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ဆီကနေ အကူအညီသွားတောင်းရင် မကောင်းဘူးလား" ဟု အကြံပြုလေသည်။

"ကောင်းပြီ၊ ဒါပေမဲ့ ဒီညတော့ ငါတို့ အတူတူနေရလိမ့်မယ် ထင်တယ်။ မဟုတ်ရင် မင်းတစ်ယောက်တည်းမို့ ငါ စိတ်မချနိုင်ဘူး" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

မုန့်ချီလော့သည် ချင်ယွမ်ဖုန်းအား အားမလိုအားမရ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် မျက်နှာလေး နီမြန်းကာ ခေါင်းညိတ်ရှာသည် "ဒါပေမဲ့ အတူတူနေမယ်ဆိုတာ ဟုတ်ပြီ၊ နင်ဘာမှ လျှောက်မလုပ်ရဘူး၊ သိလား"

"ငါက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ စိတ်ချပါ၊ မင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ သက်သက်ပါပဲ" ချင်ယွမ်ဖုန်းက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို တောင်ဘက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူမ ငှားရမ်းထားသည့် တည်းခိုခန်းမှာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ တောင်ဘက် မနီးမဝေးတွင် ရှိသဖြင့် ခဏချင်းပင် ရောက်ရှိသွားကြသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချင်ယွမ်ဖုန်းသည် စိတ်ရွှင်လန်းသွားစေသည့် သင်းပျံ့သော ရနံ့လေးတစ်ခုကို ရရှိလိုက်၏။

"စိတ်မပူပါနဲ့၊ မင်း ကုတင်ပေါ်မှာ အိပ်ပါ၊ ငါ ကြမ်းပြင်ပေါ်မှာပဲ ထိုင်နေပါ့မယ်။ ဘာပဲဖြစ်ဖြစ် ငါက အိပ်စရာ မလိုတဲ့အတွက် ဘယ်နေရာမှာပဲနေနေ အတူတူပါပဲ" ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုသည်။

မုန့်ချီလော့သည် မျက်နှာလေး နီမြန်းလျက် ခေါင်းညိတ်ကာ ကုတင်ဆီသို့ လျှောက်လှမ်းသွားပြီး ခြင်ထောင်ကိုပင် ချလိုက်လေသည်။

ထို့ကြောင့် တစ်ဦးက ကုတင်ပေါ်တွင်၊ တစ်ဦးက ကြမ်းပြင်ပေါ်တွင်ဖြင့် ထိုညကို ကုန်လွန်စေခဲ့သည်။ ထိုညတွင် ဘာမျှ ထူးခြားမှုမရှိခဲ့ဘဲ လူသတ်သမားများမှာ ယာယီဆုတ်ခွာသွားပုံရသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ တည်းခိုခန်းမှ အတူတူ ထွက်လာကြသည်ကို လူအများအပြား မြင်တွေ့သွားကြရာ ထိုနေရာတစ်ခုလုံး ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။

မုန့်ချီလော့နှင့် ချင်ယွမ်ဖုန်းတို့ အခန်းတစ်ခန်းတည်းမှ ထွက်လာကြခြင်းက အမျိုးသားအပေါင်း၏ နှလုံးသားကို ကြေကွဲစေခဲ့ပြီး ချင်ယွမ်ဖုန်းသည် သူတို့၏ နတ်မိမယ်လေးအား ဖျက်ဆီးလိုက်ပြီဟု ခံစားရစေသည်။

"ဟဲဟဲ၊ ယောကျာ်းထုတစ်ခုလုံးရဲ့ မုန်းတီးခြင်းကို ခံရတဲ့ ဒီခံစားချက်ကြီးကို ငါ သိပ်ပြီး အသားမကျသေးဘူး" ချင်ယွမ်ဖုန်းက ခေါင်းကို ကုတ်လျက် ဆိုသည်။

မုန့်ချီလော့သည်လည်း ပါးစပ်ကို ပိတ်ကာ တခိခိ ရယ်မောရင်း "နင်ကတော့လေ၊ ပါးစပ်က သွေးလျှံဖို့ပဲ သိတယ်" ဟု စနောက်လိုက်သည်။

နှစ်ဦးသား ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ ရောက်ရှိလာကြသည်။ ချင်ယွမ်ဖုန်းသည် လင်းထျန်းကို ရှာဖွေတွေ့ရှိပြီးနောက် အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်၏။

"လူသတ်သမားတွေက မင်းကို သတ်ဖို့ ကြိုးစားနေကြတယ် ဟုတ်လား" လင်းထျန်းလည်း ထိတ်လန့်သွားပြီး "ဘယ်လူသတ်သမားအဖွဲ့အစည်းက ငါတို့ ဆေးဖော်စပ်သူများအသင်းကို ရန်စရဲရတာလဲ" ဟု မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းကာ "ကျွန်တော်တို့လည်း မသိဘူး၊ ဒါပေမဲ့ လူသတ်သမားတွေအားလုံးက အရည်အချင်း အရမ်းမြင့်မားကြတယ်" ဟု ဆိုသည်။

လင်းထျန်းက သက်ပြင်းချလျက် "စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ။ ငါ မင်းတို့အတွက် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှာ ဧည့်သည်ဆောင် နှစ်ဆောင် စီစဉ်ပေးမယ်။ မင်းတို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်အတွင်းမှာပဲ နေထိုင်နိုင်ပါတယ်" ဟု အကြံပြုသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွမ်ဖုန်းက လက်နှစ်ဖက် ဆုပ်ကိုင်လျက် ဂါရဝပြုလိုက်၏။

"ဟားဟား၊ ဘာမှမဟုတ်ပါဘူး။ မင်း ဒီဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကြီးမှာ ကောင်းကောင်း စွမ်းဆောင်နိုင်သရွေ့ ငါ့အတွက် မျက်နှာပန်းလှတာပေါ့" လင်းထျန်းက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြုံးရွှင်စွာ ပြောကြားခဲ့သည်။

မုန့်ချီလော့သည်လည်း သဘာဝကျစွာပင် အလွန်ဝမ်းသာသွားသည်။ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်တွင် ဆရာသခင်များစွာ ရှိသဖြင့် ဤနေရာ၌ နေထိုင်ခြင်းက အလွန်လုံခြုံမှု ရှိပေလိမ့်မည်။

ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကြီးသည် ပုံမှန်အတိုင်းပင် ဆက်လက်ကျင်းပနေသည်။ မနေ့က အောင်နိုင်ခဲ့သူများသည် ရင်ပြင်သို့ ဆက်တိုက် ရောက်ရှိလာကြပြီး ပွဲကြည့်စင်ပေါ်မှ ပရိသတ်များလည်း ထိုနေရာသို့ လျင်မြန်စွာ စုဝေးလာကြသည်။

မနေ့က ပြိုင်ပွဲ နှစ်ကျော့အပြီးတွင် လူပေါင်း သုံးရာကျော်သာ ကျန်ရှိတော့ရာ သုံးပုံတစ်ပုံမျှသာ ဖြစ်သောကြောင့် ပြုတ်သွားသည့်နှုန်းမှာ အလွန်မြင့်မားနေဆဲပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ ဘေးရှိ ကျောက်စင်မြင့်ပေါ်တွင် ရပ်နေဆဲဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မုန့်ချီလော့၏ ညာဘက်တွင် မုဟွိုက် ရှိနေပြီး ချင်ယွမ်ဖုန်း၏ ဘယ်ဘက်တွင် ကောင်း ရှိနေသည်။

သူတို့လေးဦးကြားတွင် ပြင်းထန်သော တင်းမာမှု အရှိန်အဝါများ စီးဆင်းနေသည်။ ပွဲကြည့်စင်ပေါ်မှ ပရိသတ်များပင်လျှင် အောင်နိုင်သူကို ဤလေးဦးထဲမှ ဆုံးဖြတ်လိမ့်မည်ဟု ခံစားနေကြရသည်။

မနေ့က ပြိုင်ပွဲတွင် လူအများအပြားက မိမိတို့၏ အစွမ်းကို ဝှက်ဖဲအနေဖြင့် ချန်ထားခဲ့ကြသော်လည်း ပြိုင်ပွဲကွင်းအတွင်း မိမိအတွက် ခြိမ်းခြောက်မှု အရှိဆုံးလူမှာ မိမိဘေးရှိ ဤသုံးဦးသာဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိထားသည်။

မွန်းတည့်ခါနီးအချိန်တွင် အခမ်းအနားမှူးသည် စင်မြင့်ထက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။

"နောက်တစ်ခုကတော့ ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲရဲ့ တတိယအဆင့် ဖြစ်ပါတယ်။ ဒါကတော့ အမြန်နှုန်းကို စမ်းသပ်တာပါ"

အခမ်းအနားမှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည် "အဆင့်တစ်ခုချင်းစီရဲ့ ဆေးဖော်စပ်သူတွေက မိမိတို့နဲ့ သက်ဆိုင်တဲ့ အဆင့်ရှိတဲ့ ဆေးလုံးတွေကို ဖော်စပ်ရပါမယ်။ အမြန်ဆုံးလူက အနိုင်ရမှာဖြစ်ပြီး ထိပ်တန်း အယောက်တစ်ရာကို ရွေးချယ်သွားမှာပါ"

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဆေးဖော်စပ်ခြင်း အမြန်နှုန်းသည် ဆေးဖော်စပ်သူတစ်ဦး၏ ကျွမ်းကျင်မှုကိုလည်း ထင်ဟပ်စေနိုင်သည်။

သို့သော်လည်း အဆင့်နိမ့် ဆေးဖော်စပ်သူများအတွက်မူ ဤကဲ့သို့သော စမ်းသပ်မှုမှာ အနည်းငယ် ခက်ခဲလှပေသည်။

တတိယအဆင့် ဆေးဖော်စပ်သူတစ်ဦးသည် တတိယအဆင့် ဆေးလုံးကိုသာ ဖော်စပ်ရသော်လည်း သူတို့၏ အဆင့်မှာ နိမ့်ပါးနေသေးသဖြင့် အတွေ့အကြုံနှင့် အခြားသော ကဏ္ဍစုံတွင် အဆင့်မြင့် ဆေးဖော်စပ်သူများကို မယှဉ်နိုင်ကြပေ။

ဒါကတော့ အဆင့်နိမ့် ဆေးဖော်စပ်သူတွေကို တဖြည်းဖြည်း ချန်လှပ်ပစ်ခြင်း ဖြစ်သည်၊ အကြောင်းမှာ သူတို့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိသောကြောင့်ပင် ဖြစ်သည်။

"ဆေးလုံးဖော်စပ်ဖို့အတွက် ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို အခုပဲ ဝေငှပေးနေပါပြီ။ တတိယအဆင့် ဆေးဖော်စပ်သူတွေက တတိယအဆင့် ဆေးလုံး၊ စတုတ္ထအဆင့် ဆေးဖော်စပ်သူတွေက စတုတ္ထအဆင့် ဆေးလုံး စသဖြင့် ဖော်စပ်ရမှာ ဖြစ်ပါတယ်"

ထို့နောက် စာစစ်မှူးများသည် ဆေးဖော်စပ်သူတစ်ဦးချင်းစီ၏ ကျောက်စင်မြင့်ထက်သို့ သက်ဆိုင်ရာ ဝိညာဉ်ဆေးပင်များကို ပို့ဆောင်ပေးခဲ့ကြပြီး ပြိုင်ပွဲကြီး တရားဝင် စတင်ခဲ့လေတော့သည်။

ယခုတစ်ကြိမ်သည် အမြန်နှုန်းပြိုင်ပွဲ ဖြစ်သဖြင့် လူတိုင်းက မိမိတို့၏ လှုပ်ရှားမှုများကို မြန်ဆန်အောင် ပြုလုပ်ကြပြီး အထူးသဖြင့် ချင်ယွမ်ဖုန်း၏ ဘေးပတ်ပတ်လည်ရှိ သုံးဦး၏ လှုပ်ရှားမှုများမှာ ပျံသန်းနေသကဲ့သို့ လျင်မြန်လှသည်ဟု တင်စားနိုင်ပေသည်။

လင်းထျန်းသည် ချင်ယွမ်ဖုန်းက မလောမလျောဖြင့် အခြားသူများကိုပင် လေ့လာကြည့်ရှုနေသည်ကို မြင်သောအခါ စိတ်ပူပန်မှုကို မအောင့်နိုင်ဘဲ "ဒီကောင်လေး၊ ဘာလို့ မလောနေရတာလဲ" ဟု ညည်းတွားလိုက်မိသည်။

ပွဲကြည့်စင်ပေါ်မှ ပရိသတ်များသည်လည်း ဤအချိန်တွင် ချင်ယွမ်ဖုန်း၏ ပုံစံကို မြင်တွေ့ကြရသဖြင့် မရယ်ဘဲ မနေနိုင်ကြတော့ပေ။

"ဒီကောင်လေး လက်လျှော့လိုက်ပြီ ထင်တယ်"

"သူ မနေ့ညက ပင်ပန်းသွားလို့ ဒီနေ့ ဆေးဖော်စပ်ဖို့ စိတ်ဝိညာဉ်စွမ်းအား မရှိတော့တာ နေမှာပေါ့"

ခေတ္တမျှအတွင်း သံသယပွားခြင်းနှင့် လှောင်ပြောင် သရော်သံများ စုံလင်စွာ ထွက်ပေါ်လာသော်လည်း ဤအရာများက ချင်ယွမ်ဖုန်းအပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။

အခြားလူအနည်းငယ်၏ အမြန်နှုန်းကို စောင့်ကြည့်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူတို့၏ အစွမ်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး ထိုအခါမှသာ ဆေးဖော်စပ်ခြင်းကို စတင်ခဲ့တော့သည်။

နဂါးဖမ်းဆေးမီးဖိုသည် ကျောက်စင်မြင့်ထက်တွင် ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားများ တိုးထွက်လာကာ လမ်းကြောင်း ၃၃ ခုအဖြစ် ပြောင်းလဲလျက် ဆေးမီးဖိုအတွင်းသို့ တိုက်ရိုက် စီးဝင်သွားလေသည်။

ထိုကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားများ ပေါ်ထွက်လာသည့်အခါ သူ၏ဘေးရှိ လူများ၏ ဆေးမီးဖိုများအတွင်းမှ မီးတောက်များမှာ ငြိမ်းလုမတတ် ယိမ်းထိုးလှုပ်ရှားသွားကြပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိသွားကြလေတော့သည်။

All Chapters