အခန်း ၄၂၇
Vol. 22 Ch. 427
အခန်း(၄၂၇)
သို့သော်လည်း မုဟွိုက်သည် သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာရာ မည်သို့မျှ ခါထုတ်၍ မရနိုင်ချေ။
ချင်ယွမ်ဖုန်းကို ပို၍ စိတ်ပျက်ဒေါသထွက်စေသည်မှာ ထိုအချိန်၌ ကောင်းသည်လည်း အနီးသို့ ရောက်ရှိလာခြင်းပင် ဖြစ်တော့သည်။
“ဟေ့... မင်းကို ငါ အာဟာရပြုပြီး ကျွေးမွေးပါရစေ။ မင်းအနေနဲ့ ငါ့ကို မျက်နှာသာပေးရမယ်နော်” ကောင်းကင်ယံသို့ မော့ကြည့်လျက် ကောင်းက အေးတိအေးစက် ပြောဆိုလိုက်သည်။
မုဟွိုက်က ကောင်းကို တစ်ချက်ဝေ့ကြည့်ကာ “ဒီနေရာကို နင်က ဘာလို့ လာရှုပ်တာလဲ... ကျောက်ခဲခေါင်းရဲ့” ဟု ဆို၏။
ကောင်းက မုဟွိုက်ကို စိုက်ကြည့်ရင်း “ကျောက်ခဲခေါင်းဆိုတာ ဘာကို ဆိုလိုတာလဲ” ဟု ပြန်မေးသည်။
“မင်းခေါင်းက ဘာမှ မလှုပ်ရှားဘူးလေ၊ ကျောက်ခဲတစ်တုံးလိုပဲ။ အဲဒါ ကျောက်ခဲခေါင်းမဟုတ်ရင် ဘာဖြစ်ရဦးမလဲ” မုဟွိုက်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ထောက်ပြလေသည်။
ကောင်းသည် ခဏမျှ စကားအမ်းသွားပြီးမှ “လှုပ်ရှားလို့ မရတာ မဟုတ်ဘူး၊ ငါ့ခေါင်း လှုပ်ရှားလိုက်ရင် ငါ့ရဲ့ သရဖူ မြေခသွားလိမ့်မယ်။ မင်း ဘာသိလို့လဲ” ဟု တုံ့ပြန်လိုက်၏။
ထိုသူနှစ်ဦး အခြေအတင် စကားများနေကြသည်ကို ကြည့်ပြီး မုန့်ချီလော့သည် မအောင့်နိုင်ဘဲ ပျော်ရွှင်စွာ ရယ်မောမိတော့သည်။
“ကဲပါ... အားလုံးပဲ တူတူသွားစားကြတာပေါ့”
ကောင်းနှင့် မုဟွိုက်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်ပြကြသော်လည်း ချင်ယွမ်ဖုန်း တစ်ယောက်တည်းသာ မျက်နှာ ပုပ်သိုးနေချေသည်။
“ငါ့ရဲ့ နှစ်ယောက်တွဲ ချိန်းတွေ့မှုကို မင်းတို့နှစ်ယောက် ဖျက်ဆီးပစ်လိုက်ပြီ” ချင်ယွံဖုန်းသည် စိတ်ထဲမှ မကျေမနပ် ရေရွတ်နေမိသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူတို့လေးဦးသည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ် အပြင်ဘက်သို့ အတူတကွ လျှောက်လှမ်းခဲ့ကြပြီး အဆင့်မြင့်ပုံရသော စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
ချင်ယွမ်ဖုန်းသည် ကောင်းက ငွေရှင်းမည်ဟု တွေးတောကာ အားနာခြင်းမရှိဘဲ ဈေးအကြီးဆုံး ဟင်းလျာများကိုသာ စားပွဲအပြည့် မှာယူလိုက်တော့သည်။
မုန့်ချီလော့မှာမူ အနည်းငယ်မျှသာ သုံးဆောင်ပြီး မုဟွိုက်နှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးတည်းသာ ငတ်မွတ်နေသော ပြိတ္တာများပမာ အားရပါးရ စားသောက်နေကြချေသည်။
ယခုအခါ ချင်ယွမ်ဖုန်းနှင့် အခြားသုံးဦးတို့သည် ရှန့်ရန်ကျွန်းပေါ်တွင် ထင်ရှားကျော်ကြားသူများ ဖြစ်နေကြပြီ ဖြစ်ရာ လူအများအပြားက သူတို့အား မှတ်မိကြပြီး မကြာမီပင် တည်းခိုခန်းအတွင်း၌ လူအုပ်ကြီး စုဝေးလာကြတော့သည်။
ထိုလူအုပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စသည်ဖြင့် စုံလင်လှ၏။ အမျိုးသမီးငယ်များသည် များသောအားဖြင့် ချင်ယွမ်ဖုန်းကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်ပြီး အမျိုးသားများသည် မုန့်ချီလော့ကို လာရောက် ငေးမောကြခြင်း ဖြစ်ပေသည်။
၎င်းတို့နှစ်ဦးသည် လူအုပ်ကြားထဲတွင် လင်းလက်တောက်ပနေသော ကြယ်ပွင့်များကဲ့သို့ ဖြစ်နေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ခန့်ညားသော ကောင်းနှင့် ဆွဲဆောင်မှုရှိသော မုဟွိုက်တို့မှာမူ အနည်းငယ် အရောင်မှိန်သွားသကဲ့သို့ ရှိတော့သည်။
ထိုစားသောက်မှုသည် အားလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော်လည်း ကောင်းမှာမူ ငွေရှင်းရသည့်အခါ နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရရာ ချင်ယွမ်ဖုန်းကမူ စိတ်ထဲမှ တိတ်တဆိတ် သဘောကျနေမိသည်။
လေပြင်းတိုက်ခတ်ပြီး လမိုက်သောညသည် လူသတ်ရန်နှင့် မီးရှို့ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု ဆိုရိုးရှိသော်လည်း ၎င်းတို့လေးဦး စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် စောင့်ကြည့်ခြင်း ခံနေရသည်ဟု ခံစားလိုက်ရသည်။
“ကဲ... ငါ့မှာ လုပ်စရာကိစ္စ ရှိသေးလို့ အရင်သွားနှင့်တော့မယ်” မုဟွိုက်သည် ရုတ်တရက် လှည့်၍ နှုတ်ဆက်ကာ လူအုပ်ထဲမှ ထွက်ခွာသွားခဲ့သည်။
ချင်ယွမ်ဖုန်းသည် မုန့်ချီလော့ကို တိတ်တဆိတ် တစ်ချက်ကြည့်ကာ ပြုံးပြလျက် “ချီလော့... ငါ့မှာလည်း လုပ်စရာလေး ရှိလို့ သွားဦးမယ်။ နောက်မှ တွေ့ကြတာပေါ့” ဟု ဆို၏။
မုန့်ချီလော့က ခေါင်းညိတ်ပြပြီး ချင်ယွမ်ဖုန်းကို နှုတ်ဆက်ပြီးနောက် ကောင်းကို လှည့်ကြည့်လိုက်သည်။
“နင့်မှာလည်း လုပ်စရာ ရှိတယ်လို့တော့ မပြောနဲ့နော်” ကောင်းက မုန့်ချီလော့ကို အံ့ဩသော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်သည်။
မုန့်ချီလော့သည် မည်သည့်ခံစားချက်မျှ မပြဘဲ ခေါင်းညိတ်ကာ “မှန်ပါတယ်၊ ကျွန်မမှာ ကိစ္စရှိလို့ပါ။ သခင်လေး... စိတ်ကြိုက်သာ အပန်းဖြေပါဦး” ဟု ဆိုလေသည်။
ထိုသို့ပြောပြီးနောက် မုန့်ချီလော့သည်လည်း ထွက်ခွာသွားခဲ့ရာ ခဏချင်းအတွင်း၌ ကောင်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
ထွက်ခွာသွားသော လူရိပ်သုံးခုကို ကြည့်ရင်း ကောင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ချင်ယွမ်ဖုန်းနှင့် အခြားနှစ်ဦးတို့သည် မတူညီသော လမ်းကြောင်းအသီးသီးသို့ ထွက်ခွာသွားကြရာ ၎င်းတို့အားလုံးတွင် တိကျသော ရည်ရွယ်ချက်တစ်ခုစီ ရှိနေကြသည့်အလား ဖြစ်ပေသည်။
ကောင်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆေးဖော်စပ်သူများအသင်း ဌာနချုပ် ဘက်သို့ လျှောက်လှမ်းခဲ့သော်လည်း ခြေလှမ်းနှစ်လှမ်းခန့်အကြာတွင် အဘိုးအိုသူတောင်းစားတစ်ဦးနှင့် တိုးမိတော့သည်။
ထိုအဘိုးအိုသူတောင်းစားသည် ကုန်းနေသော ကျောပြင်ဖြင့် ကောင်းကို ပြုံး၍ ကြည့်ကာ “သခင်လေး... စွန့်ကြဲပါဦး ” ဟု တောင်းခံလေသည်။
ကောင်းသည် ရွံရှာဖွယ် မျက်နှာပေး ဖြစ်သွားသော်လည်း ပတ်ဝန်းကျင်တွင် လူများရှိနေသဖြင့် စိတ်အလိုအတိုင်း မပြုမူရဲဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို အဘိုးအိုသူတောင်းစားထံသို့ တိုက်ရိုက် ပစ်ပေးလိုက်တော့သည်။
အဘိုးအိုသူတောင်းစားသည် ထိုကျောက်တုံးကို ပြုံးရွှင်စွာ ကောက်ယူလိုက်ပြီး “သခင်လေး... မင်းက ဘာဖြစ်လို့ ငါ့ကို ငုံ့မကြည့်ရဲတာလဲ” ဟု မေးမြန်းလိုက်၏။
ကောင်းသည် သူ၏မျက်လုံးများကို မှေးစိုက်လိုက်ကာ “ငါ ငုံ့ကြည့်လို့ မရဘူး၊ ငါ့ရဲ့ သရဖူ မြေခလိမ့်မယ်” ဟု ဆိုသည်။
“ဩော်... ဒီလိုကိုး” အဘိုးအိုသူတောင်းစားက တခိခိ ရယ်မောရင်း “ဒါဆိုရင်လည်း သခင်လေး... မင်းရဲ့ သရဖူကို ကောင်းကောင်း စောင့်ရှောက်ပါဦး” ဟု ပြောလိုက်လေသည်။
“လျှောက်ပြောမနေနဲ့” ကောင်းသည် အလွန်အမင်း ဒေါသထွက်သွားပုံရပြီး ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
အဘိုးအိုသူတောင်းစားသည် ကောင်း၏ နောက်ကျောကို ကြည့်ကာ ပြုံးလျက် ကျန်ရစ်ခဲ့၏။
အခြားသူများနှင့် လမ်းခွဲခဲ့ပြီးနောက် ချင်ယွမ်ဖုန်းသည် လူအုပ်ကြားမှ အမြန်ဆုံး ရုန်းထွက်ခဲ့ပြီး ရှန့်ရန်ကျွန်း၏ ကမ်းခြေအနီးရှိ တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
သူ၏နောက်ကွယ်တွင် လူတစ်ဦးသည် ချင်ယွမ်ဖုန်း နောက်သို့ တစိုက်မတ်မတ် လိုက်ပါလာခဲ့ချေသည်။
“ကဲ... ဒီနေရာမှာ ဘယ်သူမှ မရှိတော့ဘူး။ မင်း ဘာလုပ်ချင်လဲဆိုတာ အမြန်လုပ်တော့။ ငါ ပြန်ဖို့ စောင့်နေတာ”
ချင်ယွမ်ဖုန်းသည် အထင်သေးသော မျက်နှာပေးဖြင့် လှည့်ကြည့်ကာ မိမိနောက်သို့ လိုက်ပါလာသော သူအား ပြောဆိုလိုက်သည်။
ထိုသူသည် ခေါင်းမြီးခြုံ ဝတ်ရုံနက်ကို ဝတ်ဆင်ထားရာ ချင်ယွံဖုန်းအတွက် အလွန် ရင်းနှီးနေသော ခံစားချက်ကို ပေးစွမ်းနေသည်။
“မင်းက ဘယ်သူလဲ။ မင်းကလည်း လူသတ်သမားပဲလား။ ဒါပေမဲ့ မင်းက အသက်မွေးဝမ်းကျောင်း မကျလွန်းဘူး၊ ဒီလို ဝတ်ဆင်ထားရင် မင်းက လူဆိုးဆိုတာ ဘယ်သူက မသိဘဲ နေမလဲ” ချင်ယွမ်ဖုန်းက မထောက်မညှာ ပြောဆိုလိုက်၏။
“ဟဲဟဲ... ချင်ယွမ်ဖုန်း... မင်းက တကယ်ပဲ မောက်မာလှပါလား” ဝတ်ရုံနက်ဝတ်ဆင်ထားသူက အေးစက်စွာ ပြောဆိုလိုက်သည်။
“မင်းက ငါ့နောက်ကို လိုက်ရဲတယ်ဆိုတော့ မင်းလည်း တကယ်ပဲ မောက်မာတာပဲ မဟုတ်လား” ချင်ယွမ်ဖုန်း၏ မျက်နှာပေးသည် ချက်ချင်းပင် အေးစက်သွားတော့သည်။
ဝတ်ရုံနက်ဝတ်ထားသူ၏ ဦးထုပ်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံသာ မြင်တွေ့ရပြီး “ဒီနေ့... မင်း သေရမယ်” ဟု ဆို၏။
“.. စမ်းကြည့်လိုက်လေ” ချင်ယွမ်ဖုန်းသည် နေရာတွင်ပင် ရပ်တန့်လျက် ကိုယ်တွင်းစွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင်များ ဝဲလည်သွားတော့သည်။
ဝတ်ရုံနက်ဝတ်ထားသူသည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ကာ ရှေ့သို့ ချက်ချင်း တိုးဝင်လာခဲ့ပြီး သူ၏ ခြေလှမ်းများနောက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့ချေသည်။
သူ၏ အရှိန်အဟုန်သည် လေပြင်းတစ်ချက်ပမာ မြန်ဆန်လှပြီး ခဏချင်းအတွင်း၌ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
“ကောင်းကင်ဘုံမိစ္ဆာ လက်တံဆိပ်တော်”
ဝတ်ရုံနက်ဝတ်ထားသူသည် ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ကိုယ်တွင်းစွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် မည်းမှောင်သော လက်ဝါးကြီးတစ်ခု ဖြစ်တည်လာပြီး ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“ဒါက... စိတ်အာဃာတမိစ္ဆာ အရှိန်အဝါလား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ ဝတ်ရုံနက်ဝတ်ထားသူထံမှ ထွက်ပေါ်လာသော ကိုယ်တွင်းစွမ်းအင်များသည် မည်းနက်နေပြီး ယင်းသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ မဟုတ်လော။
ထို့အပြင် ချင်ယွမ်ဖုန်းသည် ထို စိတ်အာဃာတမိစ္ဆာ အရှိန်အဝါနှင့် အလွန်တရာ ရင်းနှီးနေပြီး ယင်းသည် နက်ရှိုင်းသော ချောက်နက်အတွင်းမှ မိစ္ဆာများ၏ သန့်စင်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါပင် ဖြစ်ပေသည်။
“မင်းက ကောင်းကင်ဘုံမိစ္ဆာလား” ချင်ယွမ်ဖုန်းက ရေရွတ်လိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် သူ၏ လက်ဝါးကို အထက်သို့ ပင့်မြှောက်၍ ရိုက်နှက်လိုက်တော့သည်။
ရွှေရောင်အလင်းတန်းများသည် ချင်ယွမ်ဖုန်း၏ လက်ဝါးထဲတွင် လျင်မြန်စွာ စုစည်းသွားပြီး ရွှေရောင်လက်ဝါးကြီးတစ်ခု အထက်သို့ ထိုးတက်ကာ မည်းမှောင်သော လက်တံဆိပ်တော်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိတော့သည်။
ထိုရွှေရောင် လက်ဝါးကြီးပေါ်တွင် ဗုဒ္ဓတရားတော်များ ရွတ်ဖတ်သံများ ထွက်ပေါ်နေသည့်အလား ရှိချေသည်။ ယင်းသည် ချင်ယွမ်ဖုန်းက ဆရာကြီးကုဝု ထံမှ သင်ယူခဲ့သော ဗုဒ္ဓဂါထာတော် လက်ဝါးကြီးပင် ဖြစ်တော့သည်။
“ဘုန်း”
လုံးဝ ကွဲပြားခြားနားပြီး ဆန့်ကျင်ဘက်ဖြစ်ကာ ပဋိပက္ခဖြစ်နေသော စွမ်းအားနှစ်ရပ်သည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံမိပြီး ခဏချင်းအတွင်း၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ မှိုပွင့်သဏ္ဍာန် တိမ်တိုက်ငယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်လှိုင်းများသည် စက်ဝိုင်းပုံစံ ပြန့်နှံ့သွားပြီး အနီးနားရှိ သစ်ပင်များသည် ချက်ချင်းပင် ထက်ပိုင်းကျိုးပြတ်ကာ ဝုန်းကနဲ ပြိုလဲသွားတော့သည်။
ဝတ်ရုံနက်ဝတ်ထားသူသည် ဆယ်မီတာကျော်ခန့် နောက်သို့ ဆုတ်ခွာသွားပြီး ချင်ယွမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏နောက်ကွယ်တွင် မည်းမှောင်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ တရိပ်ရိပ် တက်လာပြီး သောင်းကျန်းနေသော မိစ္ဆာသားရဲတစ်ကောင်ပမာ ရှိနေတော့သည်။
“မင်းက နက်ရှိုင်းတဲ့ ချောက်နက်ထဲက မိစ္ဆာတစ်ကောင်လား” ချင်ယွမ်ဖုန်းသည် သူ၏လက်နက်ကို ဖြည်းညှင်းစွာ ထုတ်ယူလျက် အေးစက်စွာ မေးမြန်းလိုက်သည်။
ဝတ်ရုံနက်ဝတ်ထားသူသည် နှစ်ချက်မျှ လှောင်ပြုံးပြုံးလိုက်ပြီးနောက် ရုတ်တရက် သူ၏ဦးထုပ်ကို ဖယ်ရှားလိုက်ရာ သူ၏ခေါင်းပေါ်တွင် အမာရွတ်ကဲ့သို့သော အမှတ်အသားနှစ်ခု ပေါ်လာခဲ့ပြီး ယင်းသည် နက်ရှိုင်းသော ချောက်နက်ထဲမှ မိစ္ဆာတစ်ကောင်၏ ထင်ရှားသော ဦးချိုများပင် ဖြစ်ချေသည်။
“တကယ်ပဲ မင်းဖြစ်နေတာကိုး။ ငါ တကယ် သိချင်မိတယ်၊ မင်းက ဘာဖြစ်လို့ ငါ့ကို လာရှာရတာလဲ” ချင်ယွမ်ဖုန်းသည် သူ၏မျက်လုံးများကို မှေးစိုက်ကာ အေးစက်စွာ မေးလိုက်သည်။
“မင်းအနေနဲ့ မသိဘဲ နေတာက ပိုကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ မင်းက ငါတို့ရဲ့ တည်ရှိမှုကို သိသွားပြီဆိုတော့ မင်း သေရမှာ ကြာလှပြီ”
ထို မိစ္ဆာသည် ချင်ယွမ်ဖုန်းအား ဆက်လက် စုံစမ်းရန် အချိန်မပေးတော့ချေ။ သူ၏နောက်ကွယ်တွင် ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာပုံရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး စူးစူးဝါးဝါး အော်ဟစ်လျက် ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးဝင်ခဲ့သည်။ ထို မိစ္ဆာ၏ ကျင့်စဉ်အဆင့်သည် နဝမအဆင့် မဟာဆရာနယ်ပယ် မျှသာ ရှိသေးရာ တူညီသော နယ်ပယ်အတွင်း၌ ချင်ယွမ်ဖုန်းသည် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။