← Chapters

အခန်း ၄၃၀

Vol. 22 Ch. 430

အခန်း ၄၃၀

Vol. 22 Ch. 430

အခန်း(၄၃၀)

“ခေါင်းမှာ သရဖူဆောင်းထားတဲ့သူလား… စီနီယာပြောတာ ကောင်းကို ဆိုလိုတာလား”

ချင်ယွမ်ဖုန်းသည် အနည်းငယ် ဝေခွဲမရဖြစ်ကာ မေးမြန်းလိုက်လေသည်။

“အဲဒီ ထူးဆန်းတဲ့ နာမည်ပဲ မဟုတ်လား”

အဘိုးအိုသူတောင်းစားက ခေါင်းညိတ်ရင်း “သူက လူသားတစ်ယောက် မဖြစ်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်” ဟု ဆိုသည်။

“လူသားမဟုတ်ဘူး ဟုတ်လား”

ချင်ယွမ်ဖုန်းနှင့် ရှောင်ဟန်ချိုး နှစ်ဦးစလုံး ဆွံ့အသွားကြရသည်။

အဘိုးအိုသူတောင်းစားက ခေါင်းညိတ်ပြကာ “ပြီးခဲ့တဲ့ ကျွန်းပေါ်မှာတုန်းက တစ်ယောက်ယောက်က မင်းနောက်ကို ကျွန်းအထိ လိုက်လံလုပ်ကြံနေတယ်လို့ ငါပြောခဲ့တာ မှတ်မိသေးရဲ့လား” ဟု မေးသည်။

“မှတ်မိတာပေါ့” ချင်ယွမ်ဖုန်းက ခေါင်းညိတ်၏။

“အဲဒါတွေက လူသားတွေ မဟုတ်ကြဘူး၊ ငါ မင်းကို ကူညီပြီး အချို့ကို ရှင်းလင်းပေးခဲ့ပေမဲ့ အားအနည်းဆုံး တစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့တယ်”

အဘိုးအိုသူတောင်းစားက အေးအေးလူလူပင် ပြောကြားလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ ထိတ်ခန့်သွားရသလို တစ်ပြိုင်နက်တည်းတွင်လည်း ကံကောင်းလှသည်ဟု တွေးမိသည်။

အဘိုးအိုသူတောင်းစားသာ အခြားမိစ္ဆာဂိုဏ်းဝင်များကို ကူညီတားဆီးပေးခြင်း မရှိဘဲ အားအနည်းဆုံးတစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်း မဟုတ်ပါက ပင်လယ်ပြင်ထက်၌ပင် ထိုမိစ္ဆာဂိုဏ်းဝင်များ၏ လက်ချက်ဖြင့် သူ အသက်ပျောက်ခဲ့ရပေမည်။

“သူတို့ကိုယ်သူတို့ မိစ္ဆာဂိုဏ်းလို့ ခေါ်ကြတယ်၊ သူတို့က အလွန်ထူးဆန်းတဲ့ မျိုးနွယ်စုပဲ၊ လူသားတွေ လုံးဝမဟုတ်တာကိုတော့ ငါ တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်တယ်”

အဘိုးအိုသူတောင်းစားက တည်ငြိမ်စွာ ဆက်ပြောသည်။ “အခုလေးတင် မင်း သတ်လိုက်တဲ့သူရော၊ ဟို သရဖူဆောင်းထားတဲ့ ကောင်လေးရော အားလုံးက ထိုအထဲကပဲ”

“အားလုံးက ဟုတ်လား” ချင်ယွမ်ဖုန်း အံ့ဩတုန်လှုပ်သွားရသည်။ “ကောင်းကလည်း မိစ္ဆာဂိုဏ်းဝင်တစ်ယောက် ဖြစ်နေတာလား”

“မိစ္ဆာဂိုဏ်း ဟုတ်လား”

ဤနေရာတွင် အဘိုးအိုသူတောင်းစား အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် အသက်အရွယ် ကြီးရင့်လှပြီ ဖြစ်သော်လည်း ရှေးဟောင်း လျှို့ဝှက်ချက်အချို့ကိုမူ မကြားသိခဲ့ဖူးချေ။

“ဟုတ်ပါတယ်၊ ဒါက အလွန်ယုတ်မာပြီး ရက်စက်တဲ့ မျိုးနွယ်စုပါ၊ သူတို့က တခြားကမ္ဘာကနေ လာကြပြီး တစ်ခါတုန်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ကျူးကျော်ခဲ့ဖူးတယ်…”

ချင်ယွမ်ဖုန်းက အဘိုးအိုသူတောင်းစားနှင့် ရှောင်ဟန်ချိုးတို့အား မိစ္ဆာဂိုဏ်းအကြောင်းကို အကျဉ်းချုပ်၍ ရှင်းပြလိုက်လေသည်။

“ဒီလို အကြောင်းအရာမျိုး တကယ်ရှိနေတာပဲလား” အဘိုးအိုသူတောင်းစားက အံ့ဩတသ ရေရွတ်သည်။ “ငါတို့နဲ့ လူမျိုးမတူရင် စိတ်သဘောထားချင်းလည်း တူနိုင်မှာ မဟုတ်ဘူး၊ သူတို့တွေ ငါတို့ လူသားတွေကြားထဲမှာ ပုန်းအောင်းနေကြတာဟာ မုချ တစ်စုံတစ်ခုကို ကြံစည်နေတာပဲ ဖြစ်ရမယ်”

“မှန်ပါတယ်၊ ကျွန်တော်လည်း တခြားသူတွေ သတိပြုမိပြီး နိုးနိုးကြားကြား ရှိစေဖို့အတွက် ဒီအကြောင်းကို လူသိရှင်ကြား ချပြဖို့ စီစဉ်ထားပါတယ်” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

အဘိုးအိုသူတောင်းစားက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးရင်း “မင်းမှာ ဒီလို စိတ်ရည်ရွယ်ချက် ရှိတာကိုက အလွန်ကောင်းလှပါပြီ၊ ငါ မင်းကို တကယ် လူမမှားခဲ့ဘူးပဲ” ဟု ချီးကျူးစကား ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ကောင်းကင်ထက်မှ လမင်းကြီးကို မော့ကြည့်လိုက်ပြီးမှ သက်ပြင်းတစ်ချက်ချကာ ခေါင်းငုံ့လိုက်မိသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ကောင်းကင်သို့ တစ်ဖန်ပြန်၍ မော့ကြည့်မိရာ မယုံကြည်နိုင်လောက်အောင် လမင်းကြီးကို စိုက်ကြည့်နေမိတော့သည်။

“မိုး… မိုးချုပ်သွားပြီလား” ချင်ယွမ်ဖုန်း အလန့်တကြား အော်ဟစ်လိုက်မိသည်။

“ဟုတ်တယ်လေ၊ မိုးချုပ်သွားတာ တော်တော်တောင် ကြာပြီဥစ္စာ” ဟု ရှောင်ဟန်ချိုးက ဆို၏။

ချင်ယွမ်ဖုန်းသည် ဆတ်ခနဲ ထရပ်လိုက်ပြီး “စီနီယာ၊ ဟန်ချိုး… ကျွန်တော် အရင်သွားနှင့်တော့မယ်၊ ဆေးဖော်စပ်သူများအသင်းရဲ့ ဆေးဖော်စပ်မှု မဟာပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့ လိုသေးတယ်” ဟု အလောတကြီး ပြောလိုက်သည်။

“အဲဒီ ဆေးဖော်စပ်မှု မဟာပြိုင်ပွဲကြီးက အဲဒီလောက်တောင် အရေးကြီးလို့လား၊ နင့်မှာ ဒဏ်ရာတွေနဲ့လေ” ရှောင်ဟန်ချိုးက လှမ်း၍ အော်ပြောသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြရင်း အမြန်ပင် ပြေးထွက်သွားကာ “ဒါက ကျွန်တော့်အသက်နဲ့ သက်ဆိုင်နေလို့ပါ၊ ကျွန်တော် ခွင့်ပြုပါဦး” ဟု ဆိုကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်း ထွက်ခွာသွားရာ အရိပ်ဆီသို့ ငေးမောကြည့်ရှုရင်း မျက်ဝန်းအစုံတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေရှာသည်။

“ဟူး… ငါ့တပည့်ရယ်၊ ဒီလောကကြီးမှာ ယောကျာ်းကောင်းတွေ အများကြီး ရှိပါသေးတယ်၊ ဘာလို့ တစ်ယောက်တည်းအပေါ်မှာပဲ ဒီလောက်တောင် စွဲလမ်းနေရတာလဲ”

လောကဓံ တရားများကို များစွာ ကြုံတွေ့ဖူးသော အဘိုးအိုသူတောင်းစားသည် ချင်ယွမ်ဖုန်းအပေါ် ထားရှိသည့် ရှောင်ဟန်ချိုး၏ သံယောဇဉ်ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။

သို့သော် ရှောင်ဟန်ချိုးက အဘိုးအိုသူတောင်းစားကို ပြန်လည်ကြည့်ရှုလျက် “ဆရာကော တစ်စုံတစ်ယောက်ကို မြတ်နိုးဖူးလို့လား” ဟု မေးမြန်းလိုက်သည်။

အဘိုးအိုသူတောင်းစားက ခေတ္တမျှ တွေးတောပြီးနောက် “မရှိခဲ့ဖူးပါဘူး၊ ငါက အမျိုးသမီးတွေအပေါ် စိတ်ဝင်စားမှု မရှိဘူးလေ” ဟု ဆို၏။

“ဒါကြောင့်မို့လို့ ဆရာ နားမလည်တာပေါ့” ရှောင်ဟန်ချိုးက အေးစက်စက်ပင် ပြန်ပြောလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ဆီသို့ အပြေးအလွှား ပြန်လာခဲ့ရာ ထိုနေရာတွင် ဆေးဖော်စပ်မှု မဟာပြိုင်ပွဲ၏ စတုတ္ထအဆင့် ယှဉ်ပြိုင်မှုမှာ စတင်နေပြီ ဖြစ်သည်။

“ကျွန်တော်… ကျွန်တော် ပြန်ရောက်ပါပြီ…” ချင်ယွမ်ဖုန်းသည် ရင်ပြင်ကျယ်ထဲသို့ မောဟိုက်စွာ ပြေးဝင်လာခဲ့သည်။

ရင်ပြင်ကျယ်ကြီး၏ ပတ်ပတ်လည်တွင် အလင်းပေးစနစ်များ တပ်ဆင်ထားသဖြင့် တစ်နေ့တာ၏ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေပေသည်။

ပွဲကြည့်စင်ပေါ်မှ ပရိသတ်များနှင့် စင်မြင့်ထက်မှ လူအားလုံးတို့သည် ချင်ယွမ်ဖုန်းကို အံ့အားသင့်စွာ ကြည့်ရှုလိုက်ကြသည်။

အကြောင်းမူကား ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ စွန်းပေနေပြီး ပုခုံးပေါ်မှ ဒဏ်ရာမှာလည်း သွေးများ စီးကျနေဆဲ ဖြစ်ရာ ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ဖြစ်နေသောကြောင့်တည်း။

“ချင်ယွမ်ဖုန်း… မင်း နောက်ကျနေပြီ” အခမ်းအနားမှူး၏ အသံ ထွက်ပေါ်လာသည်။ သူသည် ချင်ယွမ်ဖုန်းကို လေးစားမိသော်လည်း နောက်ကျခြင်းမှာ ဆေးဖော်စပ်သူများအသင်းအပေါ် မရိုသေရာ ရောက်ပေသည်။

ချင်ယွမ်ဖုန်းက အလျင်အမြန် ခေါင်းခါယမ်းလျက် “ကျွန်တော့် ရှင်းပြချက်ကို နားထောင်ပေးပါဦး၊ ကျွန်တော် လူသတ်သမားတွေရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရလို့ အသက်လုပြီး ပြေးခဲ့ရတာပါ၊ မနည်းကို လွတ်အောင် ရုန်းထွက်လာခဲ့ရတာမို့လို့ ကျေးဇူးပြုပြီး ညှာတာပေးကြပါဦး” ဟု တောင်းပန်တိုးလျှိုးလိုက်သည်။

ဤအချိန်၌ သူသည် အားအင်ကုန်ခမ်းနေပြီး ကောင်းမွန်စွာပင် မတ်တတ်မရပ်နိုင်တော့ချေ။ သွေးများ အဆက်မပြတ် စီးဆင်းနေမှုကြောင့် ဦးခေါင်းတစ်ခုလုံး မူးဝေလာခဲ့သည်။

သူ့ဒဏ်ရာကို ရှောင်ဟန်ချိုးက စည်းနှောင်ပေးခဲ့သော်လည်း ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ အပြေးအလွှား ပြန်လာချိန်တွင် ဒဏ်ရာမှာ ပြန်လည်ပွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

“လူသတ်သမားတွေ ဟုတ်လား”အခမ်းအနားမှူးက မျက်မှောင်ကြုတ်ကာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားပြီး ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများအားလုံးကလည်း အချင်းချင်း တီးတိုး ဆွေးနွေးလာကြသည်။

ချင်ယွမ်ဖုန်း၏ အခြေအနေကို မြင်တွေ့ရသောအခါ မုန့်ချီလော့သည် အလျင်အမြန် ရှေ့သို့ တိုးလာပြီး သူ့ကို တွဲကူပေးလိုက်သည်။ သူမ၏ လက်ဖဝါးဆီမှ နွေးထွေးသော ကိုယ်တွင်းစွမ်းအင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ့ကို အနည်းငယ် သက်သာရာ ရစေခဲ့သည်။

“ယွမ်ဖုန်း… နင်ဘယ်လိုနေသေးလဲ၊ နင့်ကို ဘယ်သူ ဒဏ်ရာရအောင် လုပ်တာလဲ” မုန့်ချီလော့၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေပြီး မျက်ရည်များပင် ဝဲလာခဲ့သည်။

သို့သော် ချင်ယွမ်ဖုန်းက ပြုံးပြရင်း ခေါင်းခါလိုက်ကာ “ဘာမှမဖြစ်ပါဘူး၊ ငါ ခံနိုင်ရည်ရှိပါတယ်၊ ဆေးဖော်စပ်မှု မဟာပြိုင်ပွဲကြီးမှာ ဆက်ပြီး ယှဉ်ပြိုင်ခွင့် ရနေသရွေ့တော့ အဆင်ပြေပါတယ်” ဟု ဆိုသည်။

မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်မိသည်။ ဤအချိန်တွင် သူမအနေဖြင့် ချင်ယွမ်ဖုန်းအား ဆေးကုသမှု ခံယူရန် ခေါ်ဆောင်သွားချင်သော်လည်း ချင်ယွမ်ဖုန်း၏ ပြတ်သားသော မျက်ဝန်းများကမူ ဤဆေးဖော်စပ်မှု မဟာပြိုင်ပွဲကြီးကို မဖြစ်မနေ ယှဉ်ပြိုင်ရမည်ဟု ပြောနေသကဲ့သို့ ရှိပေသည်။

“ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတို့ ဆရာတို့ရှင့်၊ ချင်ယွမ်ဖုန်းကို ပြိုင်ပွဲမှာ ဆက်ပြီး ယှဉ်ပြိုင်ခွင့် ပေးဖို့ ကျွန်မ ထောက်ခံပါတယ်၊ လူသတ်သမားတွေရဲ့ လုပ်ကြံတာကို ခံရတဲ့ ကိစ္စက ချင်ယွမ်ဖုန်း ဆုံးဖြတ်လို့ရတဲ့ အရာမှ မဟုတ်တာပဲ” ဟု မုန့်ချီလော့က ပြောကြားလိုက်သည်။

ထိုနတ်မိမယ်လေးက စကားဆိုလာသောအခါ ပွဲကြည့်စင်ပေါ်မှ လူအများအပြားမှာ မကျေမနပ် ဖြစ်နေကြသော်လည်း ချင်ယွမ်ဖုန်းအား ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခွင့် ပေးရန် ဝိုင်းဝန်းအော်ဟစ် ထောက်ခံပေးကြလေသည်။

“ဘယ်သူကများ ငါ့ရဲ့ ဆရာတူ တူလေးကို နာကျင်အောင် လုပ်ရဲတာလဲ” ချိုးချန်ချီသည် ပွဲကြည့်စင်ပေါ်မှ ချက်ချင်း ထရပ်လိုက်ပြီး ဒေါသတကြီးဖြင့် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ အပြင်ဘက်သို့ လှမ်းလျှောက်သွားတော့သည်။

လင်းထျန်း၏ မျက်နှာတွင်လည်း စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။ ဤအချိန်တွင် သူ စိုးရိမ်နေသည်မှာ ချင်ယွမ်ဖုန်း ပြိုင်ပွဲ ဝင်နိုင်မနိုင် ဆိုသည့် အချက်ထက် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ် အခြေအနေကိုသာ ဖြစ်သည်။

မုဟွိုက်လည်း တုန်လှုပ်သွားရသည်။ ချင်ယွမ်ဖုန်း၏ ပုံစံကို မြင်တွေ့ရသောအခါ သူမ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားမိသည်။

“ကျွန်မလည်း ချင်ယွမ်ဖုန်းကို ပြိုင်ပွဲ ဆက်ယှဉ်ပြိုင်ခွင့် ပေးဖို့ သဘောတူပါတယ်” ဟု မုဟွိုက်က လက်မြှောက်၍ ပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် ကောင်းက ရယ်မောလိုက်ပြီး “ကျွန်တော်လည်း ချင်ယွမ်ဖုန်းကို ပြိုင်ပွဲ ဆက်ယှဉ်ပြိုင်ခွင့် ပေးဖို့ သဘောတူပါတယ်၊ ဒါပေမဲ့ သူ အခုလို အခြေအနေမျိုးနဲ့ ဆေးလုံး ဖော်စပ်နိုင်ပါဦးမလား၊ အကယ်၍ သူဖော်စပ်တဲ့ ဆေးလုံးက စံမမီဘူးဆိုရင်ရော ဒဏ်ရာရထားလို့ဆိုပြီး ချွင်းချက်အနေနဲ့ ခွင့်ပြုပေးရမှာလား” ဟု ဆို၏။

ကောင်း၏ စကားများမှာ နားဝင်မချိုသော်လည်း အမှန်တရားပင် ဖြစ်သည်။ အခြားသော ပြိုင်ပွဲဝင် အများအပြားကလည်း ထိုနည်းတူပင် စဉ်းစားနေကြသည်ဖြစ်ရာ အရည်အသွေးမပြည့်မီသော ဆေးလုံးကို ဒဏ်ရာကြောင့်ဟု ဆိုကာ ခွင့်လွှတ်ပေးသင့် မပေးသင့် တွေးတောနေကြသည်။

“ပြိုင်ပွဲဆိုတာ ပြိုင်ပွဲပဲ၊ နောက်ဆုံး ရလဒ်ကို သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်းပဲ အကဲဖြတ်ရမှာပါ၊ ကျွန်တော် ဒဏ်ရာကို ဆင်ခြေအနေနဲ့ အသုံးချမှာ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက လှောင်ပြုံး ပြုံးနေသော ကောင်းကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

‘အခု ကြိုက်သလောက် ရယ်ထားလိုက်ဦး၊ မင်း ပိုပြီး ရယ်နိုင်လေလေ၊ ငါ မင်းကို ပိုပြီး သနားစဖွယ် သေအောင် လုပ်ပေးလေလေပဲ’ ဟု ချင်ယွမ်ဖုန်းက စိတ်ထဲမှ အငြိုးအတေးဖြင့် တွေးတောလိုက်သည်။

ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများကလည်း ချင်ယွမ်ဖုန်းအား ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ခွင့် ပြုရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

“ချင်ယွမ်ဖုန်း… မင်းအတွက် ဒီတစ်ကြိမ်တော့ ချွင်းချက်အနေနဲ့ ငါတို့ ခွင့်ပြုပေးနိုင်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ အခြေအနေနဲ့ ဆေးလုံး ဖော်စပ်နိုင်ပါဦးမလား၊ မင်းရဲ့ ဒဏ်ရာက မသေးဘူးနော်” ဟု အစီအစဉ် တင်ဆက်သူက ပြောသည်။

ချင်ယွမ်ဖုန်းက လက်ဝှေ့ယမ်းပြကာ “ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် အဆင်ပြေပါတယ်၊ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်” ဟု ဆို၏။

အခမ်းအနားမှူးက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ မင်း ပြိုင်ပွဲကို ဆက်ယှဉ်ပြိုင်နိုင်တယ်၊ ဒါပေမဲ့ ပြိုင်ပွဲမှာ သူ့စည်းကမ်းနဲ့သူ ရှိတယ်၊ အခု အချိန်ရဲ့ ထက်ဝက်က ကုန်ဆုံးသွားခဲ့ပြီမို့ ဆေးဖော်စပ်ဖို့အတွက် အချိန် နာရီဝက်ပဲ ကျန်တော့တယ်၊ မင်း သတ်မှတ်ထားတဲ့ အချိန်ထက် ကျော်လွန်လို့ မရဘူး” ဟု အသိပေးလိုက်လေသည်။

All Chapters