← Chapters

အခန်း ၄၃၃

Vol. 22 Ch. 433

အခန်း ၄၃၃

Vol. 22 Ch. 433

အခန်း (၄၃၃) - ပဉ္စမအဆင့်

"ဘယ်လိုဖြစ်လို့လဲ... ဖွင့်ပြောဖို့ ခက်ခဲနေလို့လား"

ချင်ယွမ်ဖုန်းသည် စိတ်မောလူမောဖြစ်နေသော မုန့်ချီလော့ကို ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်လေသည်။

မုန့်ချီလော့သည် သက်ပြင်းတစ်ချက်ကို ဖွဖွချကာ—

"ပြောပြဖို့ ခက်ခဲနေတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

"ငါက မြူနှင်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေလို့ပါပဲ"

မုန့်ချီလော့သည် ထိုစကားကို ပကတိတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်ချေသည်။

ထိုစကားကြောင့် ချင်ယွမ်ဖုန်းမှာ သုံးစက္ကန့်မျှ ဆွံ့အသွားပြီးမှ ပေါ့ပါးစွာ ပြုံးလိုက်ရင်း—

"ငါက ဘာကြီးလဲလို့ တွေးနေတာ... မြူနှင်းဂိုဏ်းရဲ့ တပည့်ဖြစ်နေတော့ ဘာဖြစ်လဲ... ချင်ဝူယန်းနဲ့ ငါ့ကြားက ကိစ္စက တခြားဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး"

မုန့်ချီလော့သည် ညည်းတွားသံပါပါဖြင့် ထပ်မံသက်ပြင်းချမိပြန်သည်။ ချင်ယွမ်ဖုန်းက ထိုသို့ပြောသော်ငြားလည်း သူမသည် မြူနှင်းဂိုဏ်းဝင်တစ်ဦး ဖြစ်နေဆဲပင်။ ချင်ဝူယန်း၏ ရန်သူဖြစ်သော ချင်ယွမ်ဖုန်းအား ဂိုဏ်းတော်ကြီးတစ်ခုလုံးက ကောင်းမွန်သောအကြည့်ဖြင့် ကြည့်မည်မဟုတ်ပေ။

သူမနှင့် ချင်ယွမ်ဖုန်းတို့၏ ပတ်သက်မှုကို ဂိုဏ်းတော်က မည်သို့မျှ သဘောတူလိမ့်မည်မဟုတ်သော်လည်း သူမ၏ ဆရာသခင်ကမူ ချင်ယွမ်ဖုန်းအပေါ် အလွန်ကောင်းမွန်သော အထင်အမြင် ရှိခဲ့ဖူးသည်။

ထို့အပြင် ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေအတွင်း စွမ်းဆောင်ရည် ထူးချွန်ပြောင်မြောက်ခဲ့သဖြင့် မုန့်ချီလော့၏ ဆရာသခင်သည် သူ့အား အလွန်အမင်း ချီးကျူးအမွမ်းတင်ခဲ့ရာ ယင်းက မုန့်ချီလော့အတွက် စိတ်ဓာတ်ခွန်အားကို ပိုမိုခိုင်မာစေခဲ့သည်။

"မင်းအတွက် ခက်ခဲစေမိပြီလား"

ချင်ယွမ်ဖုန်းက စိုးရိမ်ပူပန်သော လေသံဖြင့် မေးလိုက်၏။

မုန့်ချီလော့သည် ဦးခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလျက်—

"မဟုတ်ပါဘူး... ငါစဉ်းစားနေတာက... နင်နဲ့ ချင်ဝူယန်းတို့ရဲ့ တိုက်ပွဲရလဒ် ဘယ်လိုပဲထွက်ထွက် နင့်အနေနဲ့ မြူနှင်းဂိုဏ်းနဲ့ ပြန်လည်သင့်မြတ်ဖို့ လမ်းစ လုံးဝမရှိတော့ဘူးဆိုတာကိုပါပဲ"

"ငါ မင်းကို မပတ်သက်စေရပါဘူး... ငါ ပြောခဲ့ပြီးပြီပဲ... ဒါက ချင်ဝူယန်းနဲ့ ငါ့ကြားက ပုဂ္ဂိုလ်ရေး ကိစ္စသက်သက်ပါ... တကယ်လို့ သူမက အစွမ်းအစမရှိလို့ ဂိုဏ်းတော်ကြီးကို ကျောထောက်နောက်ခံအဖြစ် အားကိုးရှာမယ်ဆိုရင်တောင် ငါကတော့ အမှုထား ကြောက်ရွံ့နေမှာ မဟုတ်ဘူး"

ချင်ယွမ်ဖုန်းက ပြတ်သား လေးနက်စွာ ဆိုလိုက်၏။

သူနှင့် ချင်ဝူယန်းကြားရှိ ရန်ငြိုးရန်စမှာ စေ့စပ်ညှိနှိုင်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေပြီ။

ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရခြင်းနှင့် မတရားစွပ်စွဲခံရသော အမည်းစက်များမှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်အတွင်း၌ပင် ထိုအာဃာတတရားကို ထာဝရ စွဲထင်စေခဲ့ပြီ ဖြစ်သည်။

"ငါလည်း နင့်ကို လက်လျှော့ဖို့ တားဆီးဖျောင်းဖျဖို့ စိတ်ကူးမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ငါနင့် ဘက်ကပဲ အမြဲရပ်တည်သွားမှာပါ"

မုန့်ချီလော့သည် သူမကိုယ်တိုင်အတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့်အလား ပြတ်ပြတ်သားသား ပြောဆိုလိုက်လေသည်။

ထိုစကားကြောင့် ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ အတိုင်းထက်အလွန် လှုပ်ရှားသွားရ၏။

သူ့ဘက်က ရပ်တည်ပေးခြင်းသည် မြူနှင်းဂိုဏ်း၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းပင် ဖြစ်ရာ မြူနှင်းဂိုဏ်းတပည့်တစ်ဦးအဖို့ ယင်းမှာ အလွန်ပင် ခက်ခဲလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

"ကောင်းပါပြီ... အများကြီး တွေးမနေပါနဲ့တော့... သွားပြီး အနားယူလိုက်ပါဦး"

ချင်ယွမ်ဖုန်းက ပြုံးလျက် ချော့မော့ပြောဆိုလိုက်သည်။

မုန့်ချီလော့သည် ဦးခေါင်းညိတ်ပြသော်လည်း နောက်ဆုံးမေးခွန်းတစ်ခုကိုမူ ချင်ယွမ်ဖုန်းအား မေးမြန်းခဲ့သေးသည်—

"ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲမှာ နင်မဖြစ်မနေ အနိုင်ရမှ ဖြစ်မှာလား"

"မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ်"

ချင်ယွမ်ဖုန်းက အလေးအနက် ဆိုလိုက်ရင်း—

"ဘာလို့လဲဆိုတော့ အဲဒီအထဲမှာ ပတ်သက်နေတဲ့ အရာတွေက အလွန်များပြားလွန်းလို့ပဲ"

"ကောင်းပါပြီ...ငါ နားလည်ပါပြီ"

မုန့်ချီလော့က တိုးညင်းစွာ ရေရွတ်လိုက်၏။

ချင်ယွမ်ဖုန်းက ဦးခေါင်းကို ခါယမ်းလျက်—

"ငါ့ကို တမင်အရှုံးပေးဖို့တော့ မစဉ်းစားနဲ့ဦး... ငါကတော့ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ချန်ပီယံဆုကို ဆွတ်ခူးပြမှာ"

"ငါကတော့ လျှော့ပေးမှာ မဟုတ်ဘူး... စိတ်ချပါ"

မုန့်ချီလော့သည် ပြုံး၍ ဆိုလေသည်။

မကြာမီအချိန်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ရာ ယင်းသည် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ၏ တတိယမြောက်နေ့ဖြစ်သလို နောက်ဆုံးနေ့လည်း ဖြစ်ပေသည်။

ယနေ့တွင် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲ၏ အနိုင်ရဗိုလ်စွဲသူကို ရွေးချယ်မည်ဖြစ်ပြီး ထိုသူသည် ပြိုင်ပွဲ၏ ချန်ပီယံဆုကို ရရှိမည့်အပြင် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးအဆင့်အတန်းကိုပါ အပ်နှင်းခြင်း ခံရမည်ဖြစ်သည်။

ထို့အပြင် ဆေးဖော်စပ်သူများအသင်းထံသို့ တောင်းဆိုချက်တစ်ခုကိုလည်း တောင်းဆိုခွင့် ရရှိဦးမည် ဖြစ်သည်။

ထိုတောင်းဆိုချက်သည် မည်သည့်အရာမဆို ဖြစ်နိုင်ပြီး ဆေးဖော်စပ်သူများအသင်းအား ကိစ္စတစ်ခုခုတွင် အစွမ်းကုန် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခြင်း သို့မဟုတ် ထင်ရှားသော ဆေးဖော်စပ်သူတစ်ဦးအား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခြင်း စသည်ဖြင့် အသင်းကြီး၏ လုပ်ပိုင်ခွင့်နှင့် တတ်စွမ်းနိုင်သော ဘောင်အတွင်း၌ ရှိနေသရွေ့ အားလုံး အကျုံးဝင်ပေသည်။

မှန်ပေသည်... ချန်ပီယံဆုကို မဆွတ်ခူးနိုင်ခဲ့သော ဆေးဖော်စပ်သူများအတွက်မူ ဤပြိုင်ပွဲကြီးတွင် မိမိတို့၏ အစွမ်းအစများကို ပြသခွင့်ရရှိပြီး ကောင်းမွန်သော အဆင့်တစ်ခုကို ရယူနိုင်ခြင်းကပင် မိမိတို့၏ နာမည်ကျော်ကြားမှုကို လျင်မြန်စွာ ပျံ့နှံ့စေမည့် လမ်းစတစ်ခု ဖြစ်ပေရာ ကျော်ကြားမှုနှင့်အတူ ကောင်းမွန်သော အကျိုးကျေးဇူးများစွာသည်လည်း သဘာဝအလျောက် ပါရှိလာမည်ဖြစ်သည်။

ယင်းအပြင် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သည် ချန်ပီယံဆု မရရှိသော်လည်း ထူးချွန်ပြောင်မြောက်သော ဆေးဖော်စပ်သူများကို ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးအဆင့်အတန်းများ ခံစားခွင့်ပြုမည်ဖြစ်ပြီး ယင်းတို့သည် တခြားသော ဒေသများသို့ သွားရောက်ကာ ဆေးဖော်စပ်သူများအသင်း၏ အသင်းခွဲများကို တိုးချဲ့တည်ထောင်ခွင့် ရရှိမည့်အပြင် ထိုအသင်းခွဲများ၏ အကြီးအကဲများလည်း ဖြစ်လာနိုင်ပေသည်။

လွန်ခဲ့သောညက ပြိုင်ပွဲအပြီးတွင် ဆေးဖော်စပ်သူ အယောက်ငါးဆယ်သာ ကျန်ရစ်တော့သည်။

ချင်ယွမ်ဖုန်း၏ ဒဏ်ရာများမှာ သိသိသာသာ ပြန်လည်သက်သာလာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားမှာလည်း လုံးဝ လန်းဆန်းသွားခဲ့ပြီ ဖြစ်သည်။

အထွတ်အထိပ် အခြေအနေသို့ မရောက်သေးသော်ငြား ဆေးဖော်စပ်ခြင်း ကိစ္စရပ်အတွက်မူ မည်သို့မျှ အခက်အခဲ မရှိနိုင်တော့ပေ။

သူနှင့် မုန့်ချီလော့တို့သည် ကွင်းပြင်ကျယ်ကြီးဆီသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသည်။ တခြားသော ဆေးဖော်စပ်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မိမိတို့နေရာ၌ အသီးသီး ဝင်ရောက်နေရာယူကြပြီး ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များလည်း ပြည့်နှက်လာခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သောညက ချင်ယွမ်ဖုန်းသည် သတိမေ့မြောခြင်းမရှိမီ နတ်ဘုရားအမှတ်အသားပါသော ဆေးလုံးတစ်လုံးကို သန့်စင်ဖော်စပ်ပြခဲ့သဖြင့် လူအများအပြားကို စိတ်လှုပ်ရှား တက်ကြွစေခဲ့သည်။

အချို့ဆိုလျှင် ချင်ယွမ်ဖုန်းကို ကိုးကွယ်အားကျသူများ ဖြစ်လာကြပြီး ယခုတစ်ကြိမ်တွင် မိန်းကလေးငယ် အုပ်စုကြီးတစ်ခုသည် ချင်ယွမ်ဖုန်း၏ အမည်ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ပွဲကြည့်စင်ထက်မှ အော်ဟစ်အားပေးနေကြလေသည်။

"နင်ကတော့ တကယ့်ကို ရေပန်းစားနေတာပဲနော်"

မုန့်ချီလော့က သာမန်ကာလျှံကာ လေသံဖြင့် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ခါးသက်သက် အပြုံးဖြင့်—

"ငါ့ကို အပြစ်မတင်ပါနဲ့... ရံဖန်ရံခါမှာ အလွန်အမင်း ထူးချွန်လွန်းနေတာကလည်း ဒုက္ခတစ်ခုပါပဲ"

"အပြောမကြီးစမ်းပါနဲ့ဦး... အိုးမလုံပွက်ပွက်ဆူပြီး နောက်ဆုံး ပြုပြင်လို့မရတဲ့ အခြေအနေမျိုး ရောက်မသွားအောင် သတိထားဦး"

ချင်ယွမ်ဖုန်း၏ ညာဘက်အနီးမှ ကောင်းက အေးစက်စက် လေသံဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းသည် ကောင်း၏ ရွဲ့စောင်းပြောဆိုမှုကို စိတ်ထဲထားမနေခဲ့ပေ။

"ငါ ပြောပါရစေဦး... ကောင်း... မင်း အဲဒီ သရဖူကို အမြဲ ဆောင်းထားရတာ မနေရခက်ဘူးလား... ချွတ်ထားလိုက်ပါလား... ငါ မင်းအတွက် သိမ်းထားပေးမယ်လေ"

ချင်ယွမ်ဖုန်းက ပြောပြောဆိုဆိုဖြင့် ကောင်း၏ သရဖူကို လှမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော် ကောင်းသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ဒေါသမျက်နှာဖြင့်—

"မင်းကို ငါ သတိပေးလိုက်မယ်... ငါ့ သရဖူကို လာမထိနဲ့"

"မထိတော့ပါဘူး..."

ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ရေရွတ်လိုက်ရင်း

"ဒါပေမဲ့ မင်း အဲဒါကို သေသေချာချာ ဝှက်ထားရင် ပိုကောင်းလိမ့်မယ်"

ကောင်းသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားရ၏။ ချင်ယွမ်ဖုန်း၏ စကားများသည် အဘိုးအိုသူတောင်းစား ပြောခဲ့ဖူးသော စကားများနှင့် ထပ်တူထပ်မျှ တူညီနေသဖြင့် သူ၏ ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။

"ကောင်းပါပြီ... မနေ့က ပြိုင်ပွဲအပြီးမှာ ကျွန်ုပ်တို့ဆီမှာ ဆေးဖော်စပ်သူ အယောက်ငါးဆယ်ပဲ ကျန်ပါတော့တယ်... ဒီ ဆေးဖော်စပ်သူ အယောက်ငါးဆယ်ဟာ ဆေးဖော်စပ်ခြင်း အတတ်ပညာမှာ ထိပ်တန်း အစွမ်းအစရှိသူတွေ ဖြစ်ကြပြီး ဆေးဖော်စပ်ခြင်း လမ်းစဉ်မှာ တောက်ပတဲ့ အနာဂတ် ရှိကြသူတွေချည်းပါပဲ"

ထိုအချိန်တွင် အခမ်းအနားမှူး၏ အသံသည် ဟိန်းထွက်လာခဲ့လေသည်။

ကွင်းပြင်တစ်ခုလုံး၌ အောင်ပွဲခံ အော်ဟစ်သံများ ဆူညံသွားခဲ့သော်လည်း အကျယ်လောင်ဆုံး ထွက်ပေါ်လာသောအသံမှာမူ "ချင်ယွမ်ဖုန်း... ငါ ရှင့်ကို ချစ်တယ်" ဟူသော အော်ဟစ်သံများပင် ဖြစ်သည်။

"ဒါပေမဲ့လည်း..."

အခမ်းအနားမှူး၏ လေသံက ရုတ်ချည်း ပြောင်းလဲသွားကာ—

"ဒါက ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် အနိုင်နဲ့ အရှုံးကတော့ မုချ ရှိမှာပါပဲ... ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲမှာ အနိုင်ရသူ တစ်ယောက်တည်းပဲ ရှိရပါမယ်... ဒါကြောင့် ဒီပွဲစဉ်မှာ အများဆုံး လူငါးယောက်ပဲ ကျန်ရစ်ခွင့် ရှိပါလိမ့်မယ်"

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်ကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရ၏။

ယခုတစ်ကြိမ် လူကာထုတ်မည့် နှုန်းထားမှာ အလွန်ပင် မြင့်မားလွန်းလှပြီး အများဆုံး ဆယ်ပုံတစ်ပုံမျှသာ ကျန်ရစ်နိုင်မည့် သဘောပင် ဖြစ်သည်။

"ဒီ ပဉ္စမအဆင့်ရဲ့ ပုစ္ဆာကလည်း အလွန်ပဲ ရိုးရှင်းပါတယ်... ဆေးဖော်စပ်သူတွေအနေနဲ့ ဆေးလုံး သန့်စင်ဖို့ မလိုပါဘူး... အဲဒီအစား သင်တို့ကို ဆေးနည်းတစ်စောင် ပြသထားပါလိမ့်မယ်"

"ဒီဆေးနည်းဟာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကလွဲလို့ တခြား ဘယ်နေရာမှာမှ လုံးဝ မရှိနိုင်ပါဘူး... ဒါပေမဲ့ ဒီဆေးနည်းက မပြည့်စုံတဲ့ ဆေးနည်း ဖြစ်နေပါတယ်... သင်တို့ လုပ်ဆောင်ရမှာကတော့ အဲဒီ ဆေးနည်းကို ပြည့်စုံအောင် ဖြည့်စွက်ရမှာ ဖြစ်ပြီး ဆေးနည်းကို ပြည့်စုံအောင် ဖြည့်စွက်နိုင်သူတွေသာ ဆက်လက် ကျန်ရစ်ခွင့် ရှိမှာပါ"

အခမ်းအနားမှူး၏ စကား ဆုံးသည်နှင့်တစ်ပြိုင်နက် စာမေးပွဲစောင့် စည်းကမ်းထိန်းသိမ်းရေး အရာရှိ တစ်ဒါဇင်ကျော်တို့သည် ဆေးဖော်စပ်သူတိုင်း၏ ရှေ့မှောက်သို့ ဆေးနည်းတစ်စောင်စီကို အသီးသီး လာရောက်ချထားပေးကြလေသည်။

ထိုဆေးနည်းပေါ်တွင် ဝိညာဉ်ဆေးမြက်နှင့် ဆေးဖက်ဝင် ပစ္စည်းအချို့သာ ရေးသားထားပြီး တခြား မည်သည့်အရာမျှ မရှိချေ။ ယင်းကို မပြည့်စုံသော ဆေးနည်းဟု ခေါ်ဆိုရုံမျှမကဘဲ တစ်ဝက်တစ်ပျက်သာ ရှိသေးသော ကုန်ကြမ်းအဆင့်မျှသာ ဟု ဆိုရပေမည်။

ထို့အပြင် ဤဆေးနည်း၏ အာနိသင်နှင့် ရည်ရွယ်ချက်ကိုလည်း ဖော်ပြထားခြင်း မရှိရာ ဆေးနည်းကို ပြည့်စုံအောင် ဖြည့်စွက်ရမည့် အခက်အခဲကို အဆမတန် မြင့်မားသွားစေသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"အချိန်ကန့်သတ်ချက် နှစ်နာရီ... အချိန် စတင်ရေတွက်ပါပြီ"

အချိန်ကန့်သတ်ချက် ရှိနေသဖြင့် ချင်ယွမ်ဖုန်းပင်လျှင် ဤအဆင့်၏ ခက်ခဲနက်နဲမှုကို ခံစားလိုက်ရသည်။

သူသည် မိမိ၏ အသိဉာဏ်အာရုံအတွင်း၌ လျင်မြန်စွာ ရှာဖွေကြည့်သော်လည်း ဤဆေးနည်းနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ချေ။

ထို့ကြောင့် ဤဆေးနည်းသည် မကြာသေးမီကမှ အသစ်ဖန်တီးထားပြီး စာမေးပွဲပုစ္ဆာအဖြစ် အသုံးပြုခြင်း ဖြစ်ရမည်ဟု သတ်မှတ်နိုင်ပေသည်။

ထို့ကြောင့်ပင် သူတို့က ဤဆေးနည်းကို တခြား မည်သည့်နေရာတွင်မှ လုံးဝ မရှိနိုင်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုရဲခြင်း ဖြစ်ပေလိမ့်မည်။

ဤဆေးနည်းကို ပြည့်စုံအောင် ဖြည့်စွက်နိုင်ရန်အတွက် ဆေးနည်းပေါ်ရှိ ဝိညာဉ်ဆေးမြက်များနှင့် ဆေးဖက်ဝင်ပစ္စည်းများ အားလုံးတို့၏ ဆေးအာနိသင်၊ ဂုဏ်သတ္တိ စသည်တို့ကို အလုံးစုံ နှံ့နှံ့စပ်စပ် နားလည်သဘောပေါက်ထားရန် မုချ လိုအပ်ပေသည်။

All Chapters