← Chapters

အခန်း ၄၃၄

Vol. 22 Ch. 434

အခန်း ၄၃၄

Vol. 22 Ch. 434

အခန်း (၄၃၄)မေးခွန်းထုတ်ခြင်း

ဆေးညွှန်းပေါ်တွင် ပါရှိသမျှသော ဝိညာဉ်ဆေးပင်များနှင့် ဆေးဘက်ဝင်ပစ္စည်းများအားလုံးကို အသေအချာ နားလည်သဘောပေါက်မှသာလျှင် မည်သည့်အရာ လိုအပ်နေသည်ကို ဆင်ခြင်သုံးသပ်နိုင်မည် ဖြစ်ချေသည်။

ထို့ပြင် ဤဆေးညွှန်း၏ နောက်ဆုံးဆေးစွမ်းက မည်မျှအထိ ရှိမည်ကိုလည်း ခန့်မှန်းနိုင်ပေလိမ့်မည်။

ဆေးဖော်စပ်သူ ငါးဆယ်ဦးရှိရာတွင် အဖြေပေါင်း ငါးဆယ် ထွက်ပေါ်လာရန် အလားအလာ အလွန်များပြားလှသည်။ သို့သော်လည်း ထိုအဖြေ ငါးဆယ်အနက် အနည်းဆုံး ထက်ဝက်ခန့်မှာ ဆေးလုံးအဖြစ် ဖော်စပ်၍ရနိုင်မည် မဟုတ်ပေ။

ကျန်ရှိသော ထက်ဝက်မှာလည်း ဖော်စပ်ပြီးစီးသည့်တိုင်အောင် မည်သည့်အာနိသင်မျှ ရှိလိမ့်မည်မဟုတ်ချေ။

အဆုံးစွန်၌မူ နှစ်ခု သို့မဟုတ် သုံးခုမျှသော အဖြေများသာလျှင် မှန်ကန်၍ အာနိသင်ထက်မြက်ပေလိမ့်မည်။

ပြိုင်ပွဲတာဝန်ခံက အများဆုံး ငါးဦးသာ ကျန်ရှိနိုင်သည်ဟု ပြောဆိုခဲ့ခြင်းမှာ မဆန်းတော့ပေ။

ယင်းကပင် အကောင်းမြင်ဘက်မှ တွေးတောကာ ခန့်မှန်းထားခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် သူ၏နဖူးကို ဖွဖွပွတ်သပ်ရင်း ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးလည်း မျက်မှောင်ကုတ်ကာ စဉ်းစားနေကြသည်ကို မြင်တွေ့ရသဖြင့် မပြုံးဘဲမနေနိုင်တော့ချေ။

အကယ်၍ ဤအရာသည် ဆေးညွှန်းစုံလင်ခြင်းကျမ်းထဲတွင် မပါရှိသည့်တိုင်အောင် စိုက်ပျိုးရေးစနစ်ဆိုင်ရာ ကျမ်းစာများ ရှိနေသေးသည် မဟုတ်လော။

ချင်ယွမ်ဖုန်းသည် ဝိညာဉ်ဆေးပင်နှင့် ဆေးဘက်ဝင်ပစ္စည်း အမျိုးအစားတိုင်း၏ အသုံးဝင်ပုံ၊ ဂုဏ်သတ္တိနှင့် တွဲဖက်အသုံးပြုနိုင်သော ဝိညာဉ်ဆေးပင်များကို အသေအချာ သိရှိနားလည်ထားပြီး ဖြစ်ပေသည်။

ထို့ကြောင့် ဤပြိုင်ပွဲအဆင့်တွင် ချင်ယွမ်ဖုန်းအတွက် အတိုင်းထက်အလွန် အသာစီးရနေသည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ဤဆေးညွှန်းနှင့် သင့်လျော်မည့် ဝိညာဉ်ဆေးပင်များကို သူ၏စိတ်ထဲ၌ ချက်ချင်းပင် စတင်ရွေးချယ်တော့သည်။ ထို့ပြင် ရွေးချယ်လိုက်သော ဝိညာဉ်ဆေးပင်များကို ဆေးညွှန်းတွင် ရှိနှင့်ပြီးသား ဆေးပစ္စည်းများနှင့်လည်း ပေါင်းစပ်ရဦးမည် ဖြစ်ပေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ဆေးဖော်စပ်သူ ငါးဆယ်လုံးပင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ယှက်သန်းနေကြပြီး အချို့မှာမူ ပူပန်သောကရောက်လှသဖြင့် ချွေးစေးများပင် ပြန်နေကြချေပြီ။

တစ်နာရီခွဲခန့် ကြာမြင့်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်လေသည်။

ဝိညာဉ်ဆေးပင် အားလုံးကို အသေအချာ စိစစ်ပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် ဤဆေးညွှန်းအတွက် အသင့်တော်ဆုံး ဖြစ်မည့် ဝိညာဉ်ဆေးပင်များကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ဝိညာဉ်ဆေးပင် တစ်မျိုးချင်းစီ၏ အချိုးအစားနှင့် နောက်ဆုံးထွက်ပေါ်လာမည့် ဆေးစွမ်းတို့ကိုပါ ရှင်းလင်းပြတ်သားစွာ ရေးသားလိုက်ပေသည်။

သို့သော်လည်း ဤအရာက ချင်ယွမ်ဖုန်းကို အလွန်ပင် မောပန်းနွမ်းနယ်စေခဲ့သည်။ ဤအချိန်အတွင်း သူ၏ဦးနှောက်သည် စက္ကန့်မလပ် အရှိန်အဟုန်ပြင်းစွာ အလုပ်လုပ်နေခဲ့ရသဖြင့် အချို့သောအချိန်များ၌ တွေးတောကြံဆရခြင်းသည် လက်တွေ့လှုပ်ရှားရခြင်းထက် ပိုမို၍ လူကိုပင်ပန်းစေသည်မှာ အမှန်ပင် ဖြစ်ချေသည်။

စာမေးပွဲစောင့်ကြပ်သူသည် ရှေ့သို့လှမ်းလာပြီး ချင်ယွမ်ဖုန်း ဖြည့်စွက်ရေးသားထားသော ဆေးညွှန်းကို သိမ်းဆည်းကာ စင်မြင့်ထက်သို့ ပို့ဆောင်လိုက်လေသည်။

စင်မြင့်ထက်ရှိ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများက ယင်းကို အကဲဖြတ်ကြမည်ဖြစ်ပြီး ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်၍လည်း စမ်းသပ်ကြပေလိမ့်မည်။

ထို့နောက်တွင်မူ မုန့်ချီလော့၊ မုဟွိုက်နှင့် ကောင်းတို့သည်လည်း ၎င်းတို့၏ ဆေးညွှန်းများကို အသီးသီး ရေးသားပြီးစီးသွားကြသဖြင့် စာမေးပွဲစောင့်ကြပ်သူများက လာရောက်သိမ်းဆည်းသွားကြတော့သည်။

ကျန်ရှိနေသော ဆေးဖော်စပ်သူများမှာမူ ပိုမို၍ စိုးရိမ်စိတ် လောကြီးလာကြချေပြီ။ ဤကဲ့သို့သော စမ်းသပ်မှုမျိုးသည် ၎င်းတို့၏ အရည်အချင်းထက် များစွာကျော်လွန်နေသောကြောင့် ဖြစ်ပေသည်။

ဤနေရာအထိ တက်လှမ်းလာနိုင်ခဲ့ကြသော တတိယအဆင့် ဆေးဖော်စပ်သူများပင်လျှင် ဝိညာဉ်ဆေးပင် တစ်မျိုးတစ်မည်ကိုမျှ ချရေးနိုင်ခြင်း မရှိကြသေးပေ။

အချိန်ပြည့်လုနီးပြီ ဖြစ်သည်ကို မြင်သောအခါ ကျန်ရှိနေသော ဆေးဖော်စပ်သူများသည် မှန်နိုးမှန်ရာ ကြံဖန်၍ ဝိညာဉ်ဆေးပင် အနည်းငယ်ကို အလျင်အမြန်ပင် ကောက်ကာငင်ကာ ရေးချလိုက်ကြတော့သည်။

ဆေးဖော်စပ်သူ ငါးဆယ်လုံး စမ်းသပ်မှု ပြီးဆုံးသွားကြပြီးနောက်တွင် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ၏ အကဲဖြတ်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ချေပြီ။

ရမ်းသန်း၍ ရေးသားထားသော ဆေးညွှန်းအချို့မှာမူ သိသာထင်ရှားစွာပင် မှားယွင်းနေကြပြီး ဆေးညွှန်းပေါ်တွင် ရှိနှင့်ပြီးသား ဆေးဘက်ဝင်ပစ္စည်း အနည်းငယ်နှင့်ပင် သွေးသားပေါင်းစပ်ခြင်းကို မပြုလုပ်နိုင်ကြပေ။

အချို့သော ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများမှာမူ ဤဆေးညွှန်းသည် ဆေးလုံးအဖြစ် အမှန်တကယ် ထွက်ပေါ်လာနိုင်ခြင်း ရှိမရှိကို အတည်ပြုရန်အတွက် ဆေးလုံးကို ချက်ချင်းပင် စတင်ဖော်စပ်ကြည့်ကြလေသည်။

မကြာမီအချိန်အတွင်းမှာပင် ဆေးညွှန်းပေါင်း ငါးဆယ်အနက် ချင်ယွမ်ဖုန်း၊ မုန့်ချီလော့၊ မုဟွိုက်နှင့် ကောင်းတို့ လေးဦး၏ ဆေးညွှန်းများသာ ကျန်ရှိပါတော့သည်။

ယင်းက အဆုံးစွန်သော အောင်နိုင်သူကို ဤလေးဦးထဲမှသာ ရွေးချယ်ဆုံးဖြတ်ရတော့မည်ဟူသော သဘောပင် ဖြစ်ချေသည်။

ဤအခြေအနေကို ကြည့်ရှုနေကြသော ပရိသတ်အားလုံးလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

"ကျွန်တော် ကန့်ကွက်ပါတယ်"

ကွက်တိ ထိုအချိန်တွင် ကောင်းက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းနှင့် ကျန်ရှိနေသောသူများသည် အံ့အားသင့်စွာဖြင့် ကောင်းကို လှည့်ကြည့်လိုက်ကြပြီး ပြိုင်ပွဲအဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ပြဿနာရှာနေရသနည်းဟု တွေးတောမိကြသည်။

"ချင်ယွမ်ဖုန်းဟာ မနေ့ကတင် လူသတ်သမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီလောက်ခက်ခဲတဲ့ ပဟေဠိကို အခုလို လျင်လျင်မြန်မြန် ဖြေရှင်းနိုင်ခဲ့တယ်။ သူဟာ စာမေးပွဲမေးခွန်းတွေကို ကြိုတင်သိမြင်နေခဲ့တာလို့ ကျွန်တော် သံသယရှိပါတယ်။ ဒါကြောင့် ကျွန်တော် ကန့်ကွက်ရခြင်းဖြစ်ပါတယ်" ဟု ကောင်းက လေးနက်စွာ ပြောဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကောင်းဆိုသောသူသည် မနေ့ကတည်းက သူ့ကိုသာ တောက်လျှောက် ရည်ရွယ်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်ပြီး ယခင်က ပြသခဲ့ဖူးသော ဖော်ရွေပျူငှာသည့် အရိပ်အယောင်များလည်း လုံးဝ ကွယ်ပျောက်နေခဲ့ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ကောင်းက ခံစားနေရပုံ ရပေသည်။

"မင်းက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို မေးခွန်းထုတ်နေတာလား" ဟု အခမ်းအနားမှူးက ဟိန်းဟောက်လိုက်လေသည်။

ကောင်းက ခေါင်းခါပြကာ "မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်က သံသယရှိရုံသက်သက်ပါ။ ဒါပေမဲ့ ဒါကို သက်သေပြဖို့ နည်းလမ်းတစ်ခုတော့ ကျွန်တော့်မှာ ရှိပါတယ်" ဟု ဆိုသည်။

"စိတ်ကြိုက်ပြောနိုင်တယ်" ချင်ယွမ်ဖုန်းက ကောင်းကို ကြည့်ရင်း ပြုံးစိစိဖြင့် ပြောဆိုလိုက်ရာ ထိုအပြုအမူက ကောင်းကို ပိုမို၍ စိတ်မသက်မသာ ဖြစ်သွားစေသည်။

"ကျွန်တော့်ဆီမှာ မပြည့်စုံတဲ့ ဆေးညွှန်းအချို့ ရှိပါတယ်။ ဒီဆေးညွှန်းတွေက အပြင်လောကမှာ ပြန့်နှံ့လေ့မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ချင်ယွမ်ဖုန်းအနေနဲ့ ဒီဆေးညွှန်းအားလုံးကို မြင်ဖူးဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍ သူသာ ဒီဆေးညွှန်းတွေကို ပြည့်စုံအောင် ရေးပြနိုင်မယ်ဆိုရင်တော့ ကျွန်တော် သူ့ကို ယုံကြည်ပါ့မယ်" ဟု ကောင်းက ပြုံးလျက် ပြောဆိုကာ သူ၏သိုလှောင်အိတ်ထဲမှ မပြည့်စုံသော ဆေးညွှန်းအချို့ကို ထုတ်ယူလိုက်လေသည်။

ပြိုင်ပွဲ အခမ်းအနားမှူးက တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်သော်လည်း ချင်ယွမ်ဖုန်းက ရှေ့သို့ တိုက်ရိုက်လှမ်းထွက်လာပြီး "ကောင်းပါပြီ။ ကျွန်တော် လက်ခံပါတယ်" ဟု ဆိုလိုက်သည်။

ပွဲကြည့်စင်ထက်ရှိ ပရိသတ်များမှာမူ စိုးရိမ်ပူပန်သွားကြသော်လည်း ကောင်းကမူ စိတ်ထဲ၌ ကျိတ်၍ ရယ်မောနေမိချေပြီ။

ဆေးညွှန်းများကို ပြည့်စုံအောင် ဖြည့်စွက်ရခြင်းသည် စိတ်ဝိညာဉ်စွမ်းအားကို အလွန်ပင် ကုန်ခမ်းစေသော အလုပ် ဖြစ်ပေသည်။ ချင်ယွမ်ဖုန်းအနေဖြင့် ဤဆေးညွှန်းများကို ဖြည့်စွက်နိုင်ခဲ့လျှင်ပင် ညနေပိုင်းတွင် ကျင်းပမည့် အဆုံးအဖြတ် ပြိုင်ပွဲတွင် အကောင်းဆုံး အခြေအနေ၌ ရှိနေတော့မည် မဟုတ်ချေ။

ထို့ကြောင့် ကောင်းအတွက်မူ ဤအခြေအနေသည် မည်သို့ပင်ဖြစ်စေ အမြတ်ထွက်မည့် ကိစ္စရပ်တစ်ခုပင် ဖြစ်တော့သည်။

ချင်ယွမ်ဖုန်းက လက်ခံလိုက်သည်ကို မြင်သောအခါ အခမ်းအနားမှူးသည်လည်း ဘာမျှ ဆက်မပြောတော့ဘဲ ဤမမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော စိန်ခေါ်မှုကို တိတ်တဆိတ် သဘောတူခွင့်ပြုလိုက်လေသည်။

"ယွမ်ဖုန်း၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး" ထိုအချိန်တွင် မုန့်ချီလော့က လှမ်း၍ တားမြစ်လေသည်။

ချင်ယွမ်ဖုန်းက မုန့်ချီလော့အား စိတ်အေးစေရန် အရိပ်အယောင်ပြလိုက်ပြီး "စိတ်မပူပါနဲ့" ဟု ဆိုသည်။

သူသည် ကောင်း၏ရှေ့သို့ လှမ်းလျှောက်သွားပြီး ထိုဆေးညွှန်းများကို ကောက်ယူကြည့်ရှုလိုက်သည့် အခါတွင်မှ မျက်မှောင် အနည်းငယ် ကြုတ်သွားတော့သည်။

"ဒီဆေးညွှန်းတွေက မိစ္ဆာကျင့်ကြံသူတွေ အသုံးပြုတဲ့ အရာတွေပဲ။ သုံးထားတဲ့ ဆေးပစ္စည်း အများစုကလည်း သွေးစွန်းနေတဲ့ အရာတွေ ဖြစ်နေတဲ့အပြင် လူသားရဲ့ သွေးကိုတောင် ဆေးဦးအဖြစ် လိုအပ်နေသေးတယ်။ မင်း ဒါတွေကို ဘယ်ကရလာတာလဲ" ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်သည်။

ကောင်း၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်ကာ "ငါတိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာပါ။ အချိန်တွေ ဖြုန်းမနေပါနဲ့ဦး။ မင်း ဒါတွေကို ပြည့်စုံအောင် ရေးနိုင်မလားဆိုတာပဲ ကြည့်ရအောင်" ဟု ဆိုလေသည်။

"ကောင်းပြီလေ။ မင်းမြင်အောင် အခုပဲ ဖြည့်စွက်ပေးရတာပေါ့" ချင်ယွမ်ဖုန်းသည် စုတ်တံကို ကောက်ယူကာ စဉ်းစားတွေးတောရန် အချိန်ပင် မယူတော့ဘဲ စာရွက်ပေါ်တွင် ချက်ချင်း ရေးသားတော့သည်။

ဤအခြေအနေက ကောင်းကို ထိတ်လန့်သွားစေပြီး ချင်ယွမ်ဖုန်း၏ ယုံကြည်ချက်အပြည့် ရှိနေသော အမူအရာကို မြင်သောအခါ သူ၏စိတ်ထဲ၌ မတင်မကျ ဖြစ်လာတော့သည်။

ချင်ယွမ်ဖုန်းမှာမူ စိတ်ထဲ၌ ရယ်မောနေမိတော့သည်။ ဤဆေးညွှန်းများ အားလုံးသည် သူ၏စိတ်ထဲရှိ ဆေးညွှန်းစုံလင်ခြင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားပြီးသား အရာများ ဖြစ်ကြသဖြင့် ဆေးညွှန်း တစ်ဆယ်ကျော်လုံးကို မည်သည့် အားစိုက်ထုတ်မှုမျှ မလိုဘဲ အလွယ်တကူပင် ရေးသားပြီးစီးသွားခဲ့ချေပြီ။

"မင်းကိုယ်တိုင်ပဲ စစ်ဆေးကြည့်လိုက်ပါဦး။ ပြီးရင် အမှန်အကန် ဟုတ်မဟုတ်ကိုလည်း စမ်းသပ်ကြည့်နိုင်ပါတယ်" ချင်ယွုန်းဖုန်းက ပြုံးလျက် ပြောဆိုကာ သူ၏ ကျောက်စင်မြင့်ဆီသို့ ပြန်လည် လျှောက်လှမ်းသွားတော့သည်။

"မဖြစ်နိုင်တာ။ ဒီဆေးညွှန်းတွေက ပျောက်ဆုံးသွားခဲ့တာ ကြာလှပြီဥစ္စာ။ မင်းဒါတွေကို ဘယ်လိုလုပ် မြင်ဖူးနေရတာလဲ" ကောင်းသည် မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိသည်။

ချင်ယွမ်ဖုန်းသည် ဤဆေးညွှန်းများကို အမှန်တကယ် မြင်ဖူးထားခြင်း ဖြစ်ရမည်ဟု သူ သေချာပေါက် သိရှိနေပေသည်။

"အဲဒါတော့ ငါလည်း မတတ်နိုင်ဘူးလေ" ချင်ယွမ်ဖုန်းက ဝင့်ဝါသော အမူအရာဖြင့် ပြောဆိုလိုက်ရာ မုဟွိုက်နှင့် မုန့်ချီလော့တို့ပင် ရယ်မောမိကြတော့သည်။

ကောင်းသည် အလွန်ပင် ဒေါသထွက်သွားသော်လည်း အခြေအနေကို မတတ်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုစိန်ခေါ်စကားများကို သူကိုယ်တိုင်ပင် ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

"ကဲပါလေ။ ဒီပြဿနာကတော့ ဒီမျှနဲ့တင် ပြီးဆုံးပါပြီ" အခမ်းအနားမှူးက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "အမှန်အတိုင်း ပြောရရင်တော့ ဒီနေ့မနက် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကြီး စတင်တဲ့အချိန်မှာ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် စိတ်ကူးသစ်နဲ့ ရေးသားထားတဲ့ ဆေးညွှန်းအသစ်စက်စက် ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းတွေ ကြိုတင်ပေါက်ကြားတယ်ဆိုတဲ့ ကိစ္စကတော့ လုံးဝ မရှိနိုင်ပါဘူး"

ပွဲကြည့်စင်ထက်မှ ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သော်လည်း ထိုရယ်မောသံများမှာ ကောင်းကိုသာ ဦးတည်နေကြခြင်း ဖြစ်ပေသည်။

ကောင်းသည် ဤနေရာတွင် အလွန်ပင် အရှက်ရသွားတော့သည်။ သူသည် ချင်ယွမ်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

ဤပြိုင်ပွဲအဆင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ အောင်နိုင်သူကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးပြိုင်ပွဲကိုမူ နောက်ထပ် အဆင့်တစ်ခုတွင် ကျင်းပမည် ဖြစ်ပေသည်။

ကျန်ရှိနေသော လေးဦးအနက် ချင်ယွမ်ဖုန်းမှလွဲ၍ ကျန်ရှိသောသူများ အားလုံးမှာ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူများ ဖြစ်ကြသဖြင့် နောက်ဆုံးပြိုင်ပွဲသည် ချင်ယွမ်ဖုန်းအတွက် အနည်းငယ် မမျှတသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ပြိုင်ပွဲပြီးဆုံးပြီးနောက်တွင် ပြိုင်ပွဲဝင်များ အားလုံး အနားယူရန် ထွက်ခွာသွားကြသော်လည်း လင်းထျန်းသည် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ထံသို့ လာရောက်ရှာဖွေခဲ့လေသည်။

"စီနီယာ။ ဘာကိစ္စများ ရှိလို့လဲ" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်တော့သည်။

All Chapters