အခန်း ၉၂၈
Vol. 62 Ch. 928
အခန်း ၉၂၈ - ကောင်းကင် သတ်ဖြတ်ရေး အစီအရင်ထဲမှ ယီယွင်
“ဩော် ချီဇွေယွန်းက ချူယွမ်ကျန်းကို စိန်ခေါ်ချင်တာတဲ့လား”
ကောင်းကင်နီမင်းသား နန်းတော်တွင် ပိုင်ယွီချင်း၊ မင်းသား ကောင်းကင်နီမင်းသားနှင့် ချူယွမ်ကျန်းတို့ ဝိုင်သောက်နေကြစဉ် ဤသတင်းကို ကြားလိုက်ရသည်။
ချူယွမ်ကျန်းမှာ ပိုင်ယွီချင်း၏ လက်အောက်ငယ်သား ဖြစ်ပြီး မြေခွေးဖြူ မျိုးနွယ်စုတွင် ချူယွမ်ကျန်းကို ပိုင်ယွီချင်းက ထိပ်တန်းဧည့်သည်အဖြစ် သတ်မှတ်ထားသည်။
ဤအချက်က ချူယွမ်ကျန်းကို ဧကရာဇ်နန်းတော် အပြင်ဘက်ရှိ ပန်းခြံတစ်ခုတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ တစ်ဦးတည်း ထိုင်ကာ လော့ဧကရာဇ်၏ ခေါ်ယူမှုကို စောင့်ဆိုင်းနေခွင့် ရစေသည်။
အစပိုင်းတွင် ပိုင်ယွီချင်းသည် နိမိတ်ဖတ် ဖေးနိုင်ငံတော်မှ ချီဇွေယွန်း လော့မျိုးနွယ်စုသို့ ရောက်လာပါက နောက်ဆုံးတွင် လော့ဟော်အာနှင့် မင်းသမီး ရွှယ်အာကို စိန်ခေါ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ဟုတ်ပေသည်၊ အကောင်းဆုံး ရလဒ်မှာ ရွှယ်အာက အခြေအနေကို မပြောင်းလဲမီ လော့ဟော်အာက ချီဇွေယွန်း၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော် ချီဇွေယွန်းက လော့ဟော်အာကို စိန်ခေါ်ရန် မရွေးချယ်ဘဲ ချူယွမ်ကျန်းကို စိန်ခေါ်လိုက်လိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“အဲဒီ ချီဇွေယွန်းက အရမ်း ထောင်လွှားလွန်းတယ်” ဟု စိတ်ပျက်နေသော ပိုင်ယွီချင်းက ပြောသည်။
ထို့နောက် သူက ချူယွမ်ကျန်းကို တစ်ချက်ကြည့်ကာ
“ယွမ်ကျန်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ ဥပဒေသဖော်ဆောင်ခြင်း အဆင့်ကို ရောက်ခဲ့တာလေ။ ဓားဥပဒေသအသီးနဲ့ ဟင်းလင်းပြင်အချိန် ဥပဒေသအသီးတွေကို ပိုင်ဆိုင်ထားတယ်။
ဟင်းလင်းပြင်အချိန် ဥပဒေသအသီးတွေမှာ ခုနစ်ရွက် ပါတဲ့အတွက် အလွန်ကောင်းမွန်တဲ့ အရည်အသွေးရှိတယ်။ ချီဇွေယွန်းမှာ ဥပဒေသအသီး ရှိတယ်ဆိုရင်တောင် မင်းထက်သာလိမ့်မယ် မဟုတ်ဘူး၊ ဥပဒေသဖော်ဆောင်ခြင်း အဆင့်တောင် မရောက်သေးတာကို ပြောနေစရာတောင် မလိုဘူး” ဟု ထပ်လောင်း ပြောဆိုသည်။
ပိုင်ယွီချင်း စကားပြောနေစဉ် ချူယွမ်ကျန်းက ခေါင်းခါပြီး “မင်းသား၊ ကျွန်တော် သူ့အစွမ်းကို သေချာသိပါတယ်။ အဲဒီ ချီဇွေယွန်းက ရိုးရှင်းတဲ့သူ မဟုတ်ပေမဲ့ သူက ဥပဒေသဖော်ဆောင်ခြင်း တစ်ဝက်အဆင့်မှာပဲ ရှိပါသေးတယ်။ သူ ဥပဒေသတွေ ဖော်ဆောင်ပြီးတဲ့အခါ သူဖော်ဆောင်လိုက်မယ့် ဥပဒေသအသီးက ကျွန်တော့်ထက် သာလွန်မှာ အသေအချာပါပဲ၊ ဒါပေမဲ့… အဲဒါက သူ ဥပဒေသတွေ ဖော်ဆောင်ပြီးမှ ဖြစ်မှာပါ။ အခုတော့ သူက ဥပဒေသအသီး မဖော်ဆောင်ရသေးဘဲနဲ့ ကျွန်တော့်ကို ကျော်တက်ပြီး စိန်ခေါ်ချင်နေတာ…” ဟု ပြောသည်။
ချူယွမ်ကျန်းသည် သူ၏ လက်ထဲမှ ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ပေ။
“ဟားဟား မောင်ရင်ယွီချင်း၊ စိတ်မဆိုးပါနဲ့။ အဲဒီ ချီဇွေယွန်းက ထောင်လွှားကောင်း ထောင်လွှားလိမ့်မယ်၊ ကျွန်တော်တို့ လော့နဲ့ မြေခွေးဖြူ မျိုးနွယ်စုကို သူတစ်ယောက်တည်းနဲ့ နင်းချေမယ်လို့ ကြွားလုံးထုတ်ရဲတာပေါ့။ သူသာ ကောင်းကင်တက်လှမ်းခြင်း အဆင့်လောက်နဲ့ ကန့်သတ်ထားရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံး တိုက်ပွဲမှာပဲ မောင်ရင်ယွမ်ကျန်ကို စိန်ခေါ်လိုက်တာက ကောင်းပါတယ်။
မောင်ရင်ယွမ်ကျန်းက သူ့စိတ်ဓာတ်ကို ချိုးနှိမ်ပြီး ဥပဒေသဖော်ဆောင်ခြင်းနဲ့ ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့်ကြားက ကွာဟချက်ကို သူ့ကို သိသွားအောင် လုပ်ပေးလိုက်နိုင်ပါတယ်”
ကောင်းကင်နီမင်းသားနှင့် ပိုင်ယွီချင်းတို့မှာ မဟာမိတ်များ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် မိမိတို့၏ ထီးနန်းဆက်ခံရေးကို အထောက်အကူပြုရန် တစ်ဦးကိုတစ်ဦး ပံ့ပိုးကြသည်။
ယခု ချီဇွေယွန်းက ချူယွမ်ကျန်းကို စိန်ခေါ်လိုက်သဖြင့် ချူယွမ်ကျန်းက ချီဇွေယွန်းကို ဖိနှိပ်လိုက်သည်ကို မြင်ရပါက မင်းသား ကောင်းကင်နီမင်းသား အလွန် ဝမ်းသာမည်မှာ အသေအချာပင်။
ချီဇွေယွန်း ချူယွမ်ကျန်းကို တိုက်ခိုက်မည်ဟူသော သတင်းမှာ လော့မျိုးနွယ်စု တော်ဝင်မြို့တော်တွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေသည်။ ချီဇွေယွန်းနှင့် အဖွဲ့မှာ လော့မျိုးနွယ်စု တော်ဝင်မြို့တော်တွင် ရောက်ရှိနေသည်မှာ ဆယ်ရက်ကျော်ပြီ ဖြစ်သည်။
ထိုနေ့ရက်များအတွင်း မြို့တော်မှာ အနားရခြင်း မရှိပေ၊ အကြောင်းမှာ တစ်ရက်ခြား တစ်ခါ ကြီးမားသော တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဖြစ်သည်။
ပါရမီရှင်များကြားမှ အကောင်းဆုံး တိုက်ပွဲမှာ စိတ်လှုပ်ရှားဖွယ် ကိစ္စတစ်ခု ဖြစ်ပြီး လော့မျိုးနွယ်စုနှင့် မြေခွေးဖြူ မျိုးနွယ်စု၏ ဂုဏ်သိက္ခာပါ ပူးတွဲပါဝင်နေသဖြင့် ပို၍ပင် အရေးကြီးသည်။
ချူယွမ်ကျန်းနှင့် ချီဇွေယွန်းတို့ တိုက်ပွဲဝင်မည့် နေရာကို တော်ဝင်မြို့တော်၏ အနောက်ဘက်ဆင်ခြေဖုံးရှိ တောင်ကုန်းလွင်ပြင်တွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
တောင်ကုန်းလွင်ပြင်မှာ ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းပြီး လူဦးရေ နည်းပါးသဖြင့် စစ်သည်များစွာ လေ့ကျင့်ရာ နေရာဖြစ်သည်။ ဤနေ့တွင် မိုးသောက်ချိန်၌ စစ်သည်အုပ်စုများမှာ တော်ဝင်မြို့တော်မှ ပျံသန်းထွက်ခွာလာပြီး တောင်ကုန်းလွင်ပြင်သို့ အလုအယက် ရောက်လာကြသည်။ မကြာခင်မှာပင် ကျယ်ပြောလှသော လွင်ပြင်ကြီးမှာ လူပေါင်းရာနှင့်ချီ၍ ပြည့်နှက်သွားတော့သည်။
“လူတွေ အများကြီးပဲ”
“ခုတော့ အစပဲ ရှိသေးတယ်။ တိုက်ပွဲစရင် လူအရေအတွက်က ဒီထက် အဆပေါင်းများစွာ ပိုများလာမှာပဲ”
ချီဇွေယွန်းနှင့် ချူယွမ်ကျန်းတို့ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေစဉ် ယီယွင်မှာ ကောင်းကင် သတ်ဖြတ်ရေး အစီအရင်ထဲတွင် တိတ်တဆိတ် ကျင့်ကြံနေသည်မှာ ဆယ်ရက်ကျော်ပြီ ဖြစ်သည်။
ကောင်းကင် သတ်ဖြတ်ရေး အစီအရင်သည် ယီယွင်အတွက် တကယ်ပင် မျက်စိပွင့်စေသော အတွေ့အကြုံ ဖြစ်သည်။ ဖေးကျောက်တိုင် အစီအရင်ထဲတွင် ရှေးဟောင်းဖေးများနှင့် တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်ပါက စစ်သည်များနှင့် တိုက်ခိုက်ရသည့် အခြေအနေများမှာ များပြားလှသည်။
အထူးသဖြင့် လော့မျိုးနွယ်စုက ဖမ်းဆီးထားသော ဖေးမိစ္ဆာ ဂိုဏ်းသားများမှာ ဝိညာဉ်သန့်စင်ခြင်း နည်းလမ်းများဖြင့် ပြီးပြည့်စုံစွာ ပြန်လည်ရှင်သန်နေပြီး သူတို့၏ တိုက်ခိုက်နည်းများနှင့် သူတို့ ကျင့်ကြံသည့် ဥပဒေသများမှာ မူလအတိုင်းပင် ဖြစ်သည်။
ယီယွင် ရွေးချယ်သည့် ပြိုင်ဘက်များမှာ ဖေးမိစ္ဆာ ဂိုဏ်း၏ လူငယ်မျိုးဆက်များ ဖြစ်သည်။ ဥပဒေသဖော်ဆောင်ခြင်း အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေသော ဖေးမိစ္ဆာ ဂိုဏ်းမှ အဆင့်နိမ့် တပည့်များလည်း အများအပြား ရှိသည်။ သူသည် လူငယ်မျိုးဆက်ထဲမှ ရွေးချယ်သော်လည်း သူတို့မှာ ဖေးမိစ္ဆာ ဂိုဏ်း၏ ထူးချွန်သော ပါရမီရှင်များ မဟုတ်ကြပေ။ ဖေးမိစ္ဆာ ဂိုဏ်း၏ တကယ့် ပါရမီရှင်များမှာ လော့မျိုးနွယ်စု၏ လက်ထဲတွင် အရှင်လတ်လတ် ဖမ်းမိလေ့ မရှိကြပေ။
ထို့ကြောင့် ယီယွင်သည် ပြိုင်ဘက်များကို ရွေးချယ်သည့်အခါ ဥပဒေသဖော်ဆောင်ခြင်း အလယ်အလတ် သို့မဟုတ် အထက်အဆင့် ရှိသူများကိုသာ အဓိကထား ရွေးချယ်လေ့ ရှိသည်။
သူသည် ကောင်းကင်တက်လှမ်းခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏ ပြိုင်ဘက်များမှာ ပါရမီရှင်များ မဟုတ်သည့်အတွက် ဥပဒေသဖော်ဆောင်ခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်းမှာ အဓိပ္ပာယ် မရှိပေ။
အလင်းတန်းတစ်ခုနှင့်အတူ ယီယွင်ရှေ့တွင် ရုပ်ပုံတစ်ဒါဇင်ကျော် ပေါ်လာသည်။ ဤသူတို့မှာ ဖေးမိစ္ဆာ ဂိုဏ်းသားများ ဖြစ်ကြပြီး သူတို့၏ အငွေ့အသက် သို့မဟုတ် မျက်နှာအမူအရာမှာ သူတို့ အသက်ရှင်စဉ်ကနှင့် ဘာမျှ မခြားနားကြပေ။
ယီယွင်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုသို့သော တိုက်ပွဲမျိုးကို အကြိမ်တစ်ရာနီးပါး ကြုံတွေ့ခဲ့ရသည်။ ထိုသို့ ပြင်းထန်သော တိုက်ပွဲများအောက်တွင် ယီယွင်သည် ခရမ်းရောင်သလင်းကျောက် ကို အသုံးပြု၍ ကောင်းကင်နှင့်မြေကြီး ယွမ်ချီကို စုပ်ယူပြီး သူ၏ ခွန်အားကို ဖြည့်တင်းကာ ဆက်လက် တိုက်ခိုက်နိုင်စေသည်။
ထိပ်တန်း သွေးမျိုးဆက်ရှိသည့် ကောင်းကင်ဖေးများပင်လျှင် သူတို့၏ သွေးမျိုးဆက် ခွန်အားဖြင့် ရရှိသည့် ခံနိုင်ရည်မှာ ယီယွင်၏ ခရမ်းရောင်သလင်းကျောက်ထက် များစွာ နိမ့်ကျသည်။
ရုပ်ပုံများမှာ ယီယွင်ထံသို့ ပြေးဝင်လာကြပြီး အရှေ့ဆုံးမှ ဦးဆောင်သူတွင် သူ၏ ခန္ဓာကိုယ်၌ ဧရာမ မြွေပွေးတစ်ကောင် ရစ်ပတ်ထားသည်။ မြွေပွေးမှာ သူ၏ အနက်ရောင် လျှာကို ထုတ်လိုက်ပြီး သူ၏ ပယင်းရောင် မျက်လုံးများမှာ အေးစက်သော လူသတ်ငွေ့များဖြင့် ပြည့်နှက်နေသည်။
ဤ ဖေးမိစ္ဆာ ဂိုဏ်းသားကို သန့်စင်လိုက်စဉ်က ဧရာမ မြွေပွေးကိုလည်း သူ့နှင့်အတူ ကောင်းကင် သတ်ဖြတ်ရေး အစီအရင်ထဲတွင် သန့်စင်ထားခြင်း ဖြစ်သည်။
“သေစမ်း”
မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ ယီယွင်၏ ဓားပေါ်တွင် ချိတ်တံဆိပ်ပုံစံများ တောက်ပလာသည်။ သူ၏ ဓားကို ထိုးလိုက်ရာ လျှပ်စီးကဲ့သို့ ရွေ့လျားသွားပြီး မြွေပွေး၏ ပါးစပ်ကို ဖောက်ဝင်ကာ သူ၏ ခေါင်းနောက်ဘက်မှတစ်ဆင့် သခင်ဖြစ်သူ၏ လည်ချောင်းထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားသည်။
ဖျတ်......ဝူး..
သွေးများ ပန်းထွက်သွားပြီး ချက်ချင်း အသက်ဆုံးရှုံးသွားသည်။
ဥပဒေသဖော်ဆောင်ခြင်း အစောပိုင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိသော ဖေးမိစ္ဆာ ဂိုဏ်းသားတစ်ဦးကို ယီယွင်က ဟင်းသီးဟင်းရွက် လှီးဖြတ်သလိုမျိုး အလွယ်တကူ သတ်ဖြတ်လိုက်သည်။ သူသည် အသက်ရှင်စဉ်က နားလည်ထားသော နည်းဗျူဟာများနှင့် ဥပဒေသများကို အသုံးပြုရန် အခွင့်အရေး မရခဲ့ပေ၊ အကြောင်းမှာ ယီယွင်၏ ဓားချက်မှာ အလွန်ပင် မြန်ဆန်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဓားမှာ မိစ္ဆာစက်ဝန်းတစ်သောင်း မှ ဥပဒေသပုံစံများဖြင့် ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။
ယီယွင်သည် မိစ္ဆာစက်ဝန်းတစ်သောင်းတစ်ခုလုံးကို မခေါ်ယူဘဲ ထိုသို့သော တိုက်ခိုက်နည်းမျိုးကို အသုံးပြု၍ ကြာရှည်စွာ ဆက်လက် တိုက်ခိုက်နိုင်သည်။ သူသည် အဆုံးအထိ တိုက်ခိုက်နိုင်သည်။
ဓားဖြင့် အပေါက်ခံလိုက်ရသော ဖေးမိစ္ဆာ ဂိုဏ်းသားမှာ မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ သူ၏ မျက်နှာပေါ်ရှိ မုန်းတီးမှုနှင့် ဒေါသထွက်နေသော အမူအရာမှာ သူ၏ ဝိညာဉ်ကို သန့်စင်လိုက်စဉ်က ရှိခဲ့သည့် အမူအရာနှင့် အတူတူပင် ဖြစ်ပြီး ပြီးပြည့်စုံစွာ ပြန်လည် ပေါ်ထွက်လာသည်။
ရန်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက် ယီယွင်မှာ အရေးမနိမ့်သော အနေအထားတွင် ရှိနေသည်။ မဟာဧကရီနှလုံးသားကျမ်း ကို လည်ပတ်လိုက်ရာ ဓားအလင်းတန်းများမှာ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားသည်။
ဓားအလင်းတန်းများမှာ ကောင်းကင် သတ်ဖြတ်ရေး အစီအရင်ထဲရှိ နေရာများတွင် ထွက်ပေါ်လာသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဖေးမိစ္ဆာ ဂိုဏ်းသားများ ခေါ်ယူထားသည့် နတ်ဆိုးများ၊ အလောင်းရုပ်သေး စောင့်ရှောက်သူများနှင့် သူတို့ သန့်စင်ထားသော ရုပ်သေးများအားလုံးမှာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် ဥပဒေသဖော်ဆောင်ခြင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိသော ပြိုင်ဘက်တစ်ဦး ယီယွင်ရှေ့တွင် ပေါ်လာသည်။
ဥပဒေသဖော်ဆောင်ခြင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသဖြင့် သူသည် ယီယွင်ထက် တစ်ဆင့်မြင့်သည်။
ပြိုင်ဘက်မှာ အရိုးပေါ် အရေတင် ဖြစ်နေသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် ငရဲမှ လွတ်မြောက်လာသော ငတ်မွတ်နေသည့် တစ္ဆေတစ်ကောင်နှင့် တူသည်။
ထိုသို့သော စစ်သည်များမှာ ဥပဒေသဖော်ဆောင်ခြင်း အဆင့်တွင် တစ်သက်လုံး ပိတ်မိနေသဖြင့် အခြေခံနှင့် ဥပဒေသဆိုင်ရာ ထိုးထွင်းသိမြင်မှု အကန့်အသတ်ရှိသည်။ သို့သော် သူတို့ကို အထင်မသေးသင့်ပေ။
ဥပဒေသဖော်ဆောင်ခြင်း အဆင့်ရှိ စစ်သည်များမှာ အလွန်ကြာရှည်သော အသက်အရွယ်ကို ပိုင်ဆိုင်ထားပြီး တိုးတက်မှု ထပ်မရနိုင်တော့မှန်း သိလိုက်သည့်အခါ သူတို့၏ ရှည်လျားသော သက်တမ်းအတွင်း ထူးဆန်းသော တိုက်ခိုက်နည်း အမျိုးမျိုးကို လေ့လာကြသည်။ ထို့ကြောင့် သူတို့မှာ ခက်ခဲသော ပြိုင်ဘက်များ ဖြစ်ကြသည်။
ဤသည်မှာ ယီယွင် သူ၏ ခွန်အားကို စမ်းသပ်ရန်အတွက် အတော်လေး ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။
“ဖူး......”
ဖေးမိစ္ဆာ ဂိုဏ်းမှ အဘိုးအိုသည် သူ၏ အင်္ကျီကို ချွတ်လိုက်ရာ သူ၏ ပါးလွှာသော ကိုယ်ခန္ဓာကို ပေါ်လွင်စေသည်။ သူ၏ ခန္ဓာကိုယ်မှာ အနက်ရောင် ဘောလုံးများဖြင့် ဖုံးလွှမ်းနေသည်။
အနက်ရောင် ဘောလုံးများမှာ ပါးလွှာသော အဘိုးအို၏ ခန္ဓာကိုယ်အတွင်းတွင် စိုက်ဝင်နေသည်။ မျက်နှာပြင်မှာ အနက်ရောင် သတ္တု တောက်ပမှု ရှိသည်။ ယီယွင် သူတို့အပေါ် အာရုံစိုက်လိုက်သောအခါ ၎င်းတို့မှာ ဖေးမိစ္ဆာ ဂိုဏ်းမှ အဘိုးအို၏ သွေးကို စုပ်ယူနေသည့် ပိုးကောင်များ ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
ဩော်......
ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဤအဘိုးအိုသည် ပိုးကောင်များကို ကျွေးမွေးရန် သူ၏ သွေးကို အသုံးပြုနေသည်။ ၎င်းမှာ ရွံရှာဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။