အခန်း ၃၆၁
Vol. 37 Ch. 361
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၁)
" စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ အမိန့်အရ စစ်သေနာပတိချုပ်ယွဲ့ချန်ကို ထွက်ပေါက်တစ်ခု လာပေးတာ။ " ယင်ပုက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ နာမည်ကို ကြားသောအခါ ယွဲ့ချန်၏ မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက လက်ဝေ့ရမ်းလိုက်ပြီး ကိုယ်ရံတော်များက နောက်ဆုတ်ကာ ခန်းမတံခါးကို ဖွင့်လိုက်ကြသည်။
"ကျောက်ဖုန်းက မင်းကို ဘာလို့လွှတ်လိုက်တာလဲ။ " ယွဲ့ချန်က လေးနက်စွာ ပြောလိုက်သည်။
" ယန်ဘုရင်က စစ်သေနာပတိချုပ်ယွဲ့ချန်ကို သံသယဝင်တယ်။ ချင်ချင်းက စစ်သေနာပတိချုပ်ကို ဒီမှာ ထိန်ချုပ်ထားတယ်။ ကျုပ်တို့ ချင်စစ်တပ်တိုက်တဲ့အခါ ယန်က ဘယ်လိုမှခုခံနိုင်မှာမဟုတ်ဘူး။ ယန်ဘုရင်က စစ်သေနာပတိချုပ်ကို မယုံမှတော့ စစ်သေနာပတိချုပ်က ဘာလို့အသေခံပြီး အမှုထမ်းနေဦးမှာလဲ။ စစ်သေနာပတိချုပ်သာ ကျုပ်တို့စစ်တပ်ကို မြို့ထဲဝင်ဖို့ ကူညီပေးရင် စစ်သေနာပတိချုပ်က သေချာပေါက် ဆုချီးမြှင့်မှာပါ။ " ယင်ပုက ပြောလိုက်သည်။
" ငါက စစ်အာဏာကို သိမ်းခံထားရတာ ဘယ်လို ကူညီရမလဲ။ မင်းထွက်သွားပါ။ ဒီနေ့ ငါမင်းကို မမြင်ဘူးလို့ သဘောထားလိုက်မယ်။ " ယွဲ့ချန်က လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က ပြောတယ်။ စစ်သေနာပတိချုပ်ယွဲ့သာ လက်နက်ချဖို့ ရွေးချယ်မယ်ဆိုရင် ရာထူးနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပေးမယ်တဲ့။ စစ်သေနာပတိချုပ်ယွဲ့က အခုတောင် ဒီမှာ ချုပ်ခံထားရတာ အနာဂတ်မှာရော ယန်ဘုရင်က စစ်သေနာပတိချုပ်ကို ကောင်းကောင်းဆက်ဆံမယ်လို့ ယုံကြည်နေတာလား။ ချင်စစ်တပ်သာ မြို့ကို ထိုးဖောက်နိုင်ခဲ့ရင် ယန်ဘုရင်က စစ်သေနာပတိချုပ်ကို အရင်ရှင်းပစ်မှာပဲ။ " ယင်ပုက ပြောလိုက်သည်။
ယွဲ့ချန်က အချိန်အတော်ကြာသည်အထိ စဉ်းစားနေခဲ့သည်။
" မင်းစကားကို ငါ ဘယ်လိုယုံရမှာလဲ။ ငါသာ ချင်စစ်တပ်ကို မြို့ထဲဝင်ဖို့ ကူညီပြီး ကျောက်ဖုန်းက သူလိုချင်တာ ရသွားရင် ငါ့ကို သစ္စာဖောက်မှာလား။ " ယွဲ့ချန်က စိတ်ဝင်စားသော အရိပ်အယောင်ပြလိုက်သည်။
" ချင်က ယန်မဟုတ်ဘူး။ အောင်မြင်ပြီးရင် သစ္စာဖောက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ " ယင်ပုက လေးနက်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ မင်းတို့ကို မြို့ထဲဝင်ဖို့ လမ်းပြပေးမယ်။ " ယွဲ့ချန်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
" မနက်ဖြန် ချင်စစ်တပ်က တိုက်ခိုက်လိမ့်မယ်။ စစ်သေနာပတိချုပ်ယွဲ့ချန်က ဘယ်လိုကူညီမှာလဲ။ " ယင်ပုက မေးလိုက်သည်။
" ငါ့ရဲ့ စသ်အာဏာသိမ်းခံထားရပေမယ့် ငါ့မှာ သစ္စာရှိအမှုထမ်းတွေရှိသေးတယ်။ ငါ အရှေ့မြို့တံခါးမှာ တပ်စွဲထားတဲ့ စစ်သည်လေးငါးသောင်းကို ထိန်းချုပ်ထားတုန်းပဲ။ စစ်သည်အားလုံးကို လက်မောင်းမှာ အနက်ရောင်အဝတ်စတွေ စည်းခိုင်းထားမယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်း အရှေ့မြို့တံခါးကနေ မြို့ထဲဝင်လာဖို့ စောင့်နေမယ်။ " ယွဲ့ချန်က ပြန်ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ယွဲ့က ချင်ချင်းစောင့်တဲ့ အနောက်တံခါးကို တိုက်ဖို့ ဘာလို့ တပ်ဖွဲ့တွေ မခေါ်သွားတာလဲ။ " ယင်ပုက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
" မြို့ရဲ့ စစ်အင်အားက လေးသိန်းလောက်ရှိတယ်။ ငါ့တပ်တွေနဲ့ ရလဒ်ကို မပြောင်းလဲနိုင်ဘူး။ စစ်သည်သောင်းဂဏန်းလောက်နဲ့ ချင်ချင်းရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ဘူး။ ဒါပေမယ့် ချင်စစ်တပ်က မြို့ထဲဝင်လာနိုင်ရင် ရှေ့နောက်ညှပ်တိုက်လို့ရတယ်။ " ယွဲ့ချန်က အေးစက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ စစ်သေနာပတိချုပ်ရဲ့ စကားကို စစ်သေနာပတိချုပ်ကျောက်ဆီ ချက်ချင်း ပြန်ပြောပေးပါမယ်။ " ယင်ပုက နားလည်သွားသည်။
" မင်း စစ်သေနာပတိချုပ်ကျောက်ဖုန်းကို အသိပေးလိုက်ပါ။ ယန်ဘုရင်က ငါ့ကို ကြောက်တော့ ချင်ချင်းက ငါ့ကို အမြဲတမ်း စောင့်ကြည့်နေတာ။ ငါတော်တော်စိတ်ကုန်နေပြီ။ မနက်ဖြန် ချင်စစ်တပ်တိုက်ခိုက်ရင် ငါ အရှေ့မြို့တံခါးကို ဖွင့်ပြီး ချင်စစ်တပ်ကို ကြိုဆိုမယ်။ " ယွဲ့ချန်က စိတ်ပျက်စွာ ပြောလိုက်သည်။
" ကောင်းပါပြီ။ မြို့ကျသွားရင် စစ်သေနာပတိချုပ်ကိုယ်တိုင် ကျေးဇူးတင်ပါလိမ့်မယ်။ " ယင်ပုက အရိုအသေပြုပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
" မင်းကို ငါလိုက်ပို့ပေးမယ်။ " ယွဲ့ချန်က နောက်မှလိုက်သွားသည်။
ခန်းမအပြင်ဘက်တွင် ယင်ပု ထွက်လာသည်ကို မြင်သည်နှင့် ကိုယ်ရံတော်များက ဒေါသတကြီး စိုက်ကြည့်နေကြသည်။
" စစ်သေနာပတိချုပ်ယွဲ့ မနက်ဖြန်တွေ့ကြတာပေါ့။ " ယင်ပုက ရယ်မောပြီးနောက် ချိတ်တစ်ခုကို ထုတ်ကာ ခေါင်မိုးပေါ်သို့ ပစ်တင်လိုက်ပြီး အပေါ်သို့ တက်သွားသည်။
သူထွက်သွားသည်ကို ကြည့်ရင်း ကိုယ်ရံတော်တစ်ယောက်က တိုးလာသည်။ " စစ်သေနာပတိချုပ် ကျွန်တော်တို့ တကယ်ပဲ ချင်ကို အညံ့ခံမှာလား။ "
" ဘယ်သူပြောလဲ။ အရင်တုန်းက ငါ ကျောက်ကို လက်နက်ချခဲ့တယ်ဆိုတာ ငါ့ရဲ့ ညီအကို တစ်သိန်းကို အလကားမသေအောင်လို့ပဲ။ အခု ယန်နိုင်ငံက အန္တရာယ်ကြုံနေရချိန်မှာ အရှင်မင်းကြီးက ငါ့ကို မယုံပေမယ့် ငါယွဲ့ချန်က ဘယ်လိုလုပ်သစ္စာဖောက်နိုင်မှာလဲ။ သွားကြစို့။ ချင်ချင်းဆီသွားမယ်။ " ယွဲ့ချန်က ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများက နိုင်ငံနဲ့အတူ သေရန် ဆုံးဖြတ်ထားသည်ကို မြင်နိုင်သည်။
ချင်ချင်း၏ နေအိမ်တွင် ယွဲ့ချန်ပြောသည်ကို ကြားပြီးနောက် ချင်ချင်း၏ မျက်လုံးများထဲတွင် ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ထရပ်ပြီး ယွဲ့ချန်ကို ဦးညွှန်လိုက်သည်။ "စစ်သေနာပတိချုပ်ယွဲ့ချန် ကျုပ်ချင်ချင်းရဲ့ အရိုအသေပြုမှုကို လက်ခံပေးပါ။ "
" စစ်သေနာပတိချုပ်ချင် ဘာလို့ဒီလိုလုပ်တာလဲ။ " ယွဲ့ချန်က ရှေ့တိုးလာပြီး ချင်ချင်းကို ထူပေးလိုက်သည်။
" အစကတော့ စစ်သေနာပတိချုပ်အပေါ် ငါ နည်းနည်းသံသယဝင်ခဲ့ပေမယ့် ဒီနေ့ကိစ္စကိုတော့ ငါတကယ် လေးစားမိပါတယ်။ ဒါက ချင်စစ်တပ်ကို ဒုက္ခရောက်အောင် လုပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ " ချင်ချင်းက ရိုးသားစွာ ပြောလိုက်သည်။
" အရင်တုန်းက ကျောက်နိုင်ငံကို လက်နက်ချခဲ့တာက အခြေအနေကြောင့်ပါ။ ကမ္ဘာက ငါ ယွဲ့ချန်ကို သစ္စာဖောက်လို့ ပြောဆိုကြပေမယ့် ဒီတိုက်ပွဲမှာ ငါက နိုင်ငံနဲ့အတူ ရှင်သန်မယ်၊ နိုင်ငံနဲ့အတူ သေဆုံးမယ်ဆိုတာကို လူတိုင်းကို သက်သေပြသွားမှာပါ။ " ယွဲ့ချန်က ပြတ်သားစွာ ပြောလိုက်သည်။
ချင်ချင်းက ခေါင်းညိမ့်လိုက်ပြီး ယခုအချိန်တွင် သူက ယွဲ့ချန်ကို အပြည့်အဝ ယုံကြည်သွားပြီဖြစ်သည်။
" အရှေ့တံခါးကို ဖွင့်ထားပြီး ချင်စစ်တပ်မြို့ထဲဝင်လာတာကို စောင့်နေမယ်။ စစ်သေနာပတိချုပ်ယွဲ့က တပ်ဖွဲ့တွေကို ခေါ်ပြီး သူတို့နောက်ကျောကို တိုက်ခိုက်မယ်။ အဲ့ဒီအခါကျရင် သူတို့ကို ဝိုင်းပြီး သတ်ဖြတ်လို့ရပြီ။ ကျောက်ဖုန်းကို စစ်နတ်ဘုရားလို့ ချီးကျူးကြပေမယ့် ဒီတစ်ခါတော့ သူ ငါတို့ ယုယန်မှာ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ "
" ကျောက်ဖုန်းသာ ရှုံးနိမ့်သွားရင် ငါတို့နှစ်ယောက်လုံးက ကမ္ဘာကျော်သွားမှာပဲ။ ချင်စစ်တပ်ကို အနိုင်ယူလိုက်ရင် ချီနဲ့ချူတို့ရ သဘောထားပြောင်းလဲပြီး ယန်ကို စစ်ကူပေးလာနိုင်တယ်။ နိုင်ငံကျဆုံးမယ့်ဘေးကနေလည်း လွတ်မြောက်နိုင်လိမ့်မယ်။ " ချင်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ထိုအစီအစဉ်က ဝူအန်းစခန်းကို အနိုင်ယူရန် မျှော်လင့်ချက်ကို မြင်တွေ့စေခဲ့သည်။ အထူးသဖြင့် ကျောက်ဖုန်းကို အနိုင်ယူရန် သူ့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ကျောက်ဖုန်းကို အနိုင်ယူလိုက်လျှသ် ချင်ချင်းက ကမ္ဘာကျော်သော စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ချင်တပ်စခန်းတွင် ကျောက်ဖုန်းနှင့် စစ်သူကြီးသုံးယောက်တို့က တိုက်ခိုက်မည့်အစီအစဉ်များကို ဆက်လက်ဆွေးနွေးနေကြသည်။
" စစ်သေနာပတိချုပ် " ကျန်းမင်က အပြင်ဘက်မှ ဝင်ရောက်လာသည်။
" ဘယ်လိုလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" စစ်သေနာပတိချုပ် ဒါက မြို့ထဲက အစီရင်ခံစာပါ။ " ကျန်းမင်က အစီရင်ခံစာကို ကျောက်ဖုန်းဆီသို့ ပေးလိုက်သည်။
ကျောက်ဖုန်းက အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပြီး ပြုံးလိုက်သည်။
" ယန်မှာ အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်တွေ မရှိဘူး။ ကိုယ်ကိုကိုယ် အထင်ကြီးနေကြတယ်။ သူတို့က ငါက်ု တကယ်မိုက်မဲတယ်လိူ့ ထင်နေကြတယ်။ ဒါပေမယ့် ဒီတစ်ခါ ထောင်ချောက်ထဲကျသွားတာ သူတို့ပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
စစ်သူကြီးသုံးယောက်က အစီရင်ခံစာကို ယူပြီး ဖတ်ကြည့်လိုက်ကြသည်။
" စစ်သေနာပတိချုပ်က ယွဲ့ချန်ကို စည်းရုံးလိုက်တော့ သူလက်ခံလိုက်ရင် စစ်သေနာပတိချုပ်က သူ့ကို သေချာပေါက် ယုံကြည်လိမ့်မယ်လို့ သူထင်နေတာပဲ။ " ကျန်းဟန်က ရယ်လိုက်သည်။
" အပြင်ပန်းက ကြည့်ရင် အဲ့လိုပဲ။ အစကတော့ ယွဲ့ချန် မတရားခံရလို့ ယန်ကနေ ဘက်ပြောင်းလာအောင် စည်းရုံးတာလို့ ထင်ခဲ့တာ။ " လီယောင်က ပြောလိုက်သည်။
" ကျွန်တော်တို့တောင် မသိဘဲ ယွဲ့ချန်က ဘယ်လိုလုပ်သိမှာလဲ။ ယွဲ့ချန်က ချင်ချင်းကို သေချာပေါက် အသိပေးမှာပဲ။ အခုဆို သူတို့က အရှေ့တံခါးကနေ ဝင်လာတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို ခြုံခိုတ်တိုက်ခိုက်ဖို့ တွေးနေတော့မှာပဲ။ " တုဆွေက ရယ်လိုက်သည်။
" ယွဲ့ချန်က အပြင်ပန်းမှာ သစ္စာမရှိပုံပေါက်ပေမယ့် တကယ်တော့ သူက ယန်ကို အလွန်သစ္စာရှိတာ။ သူ့ကို အညံ့ခံအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ငါသူ့ကို ဒီလိုအသုံးချလို့ ရတာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ဝူအန်းစခန်း၏ အင်အားနှင့် ကျောက်ဖုန်းဦးဆောင်လျှင် မြို့ကို ထိုးဖောက်ရန် မခက်ခဲပေ။ သို့သော် မြို့ထဲဝင်ပြီးလျှင် လုပ်ရမည့် သတ်ဖြတ်မှုများက ခက်ခဲပေလိမ့်မည်။ မြို့ထဲတွင် ယန်စစ်သည်သုံးသိန်းရှိနေသည်။ ထို့အပြင် ယန်ဘုရင်က ချင်ချင်းကို သေသည်အထိ ခုခံရန် အမိန့်ပေးထားသည်။
မြို့ထဲသို့ ဝင်ပြီးလျှင် ရက်စက်သော တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ ကျောက်ဖုန်းအတွက် ယန်စစ်သည်များ၏ အသက်က အရေးမကြီးသော်လည်း သူ့စစ်သည်များ၏ အသက်ကိုတော့ ဂရုစိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ထိခိုက်မှုကို အနည်းငယ်လျှော့ချနိုင်လျှင် ပိုကောင်းလေသည်။
" ငါခေါ်သွားမယ့် တပ်ဖွဲ့ကို ဝိုင်းထဖို့ဆိုရင် ချင်ချင်းက အနည်းဆုံး စစ်သည်တစ်သိန်းကျော် လိုအပ်မှာပဲ။ ဒါဆို အနောက်တံခါးရဲ့ ကာကွယ်ရေးက အားနည်းသွားလိမ့်မယ်။ ငါတို့ တပ်ဖွဲ့တွေက အရှေ့တံခါးကနေဝင်ပြီး အနောက်တံခါးကို ထိုးဖောက်နိုင်ရင် ယုယန်မြို့ကို ငါတို့ တပ်ဖွဲ့တွေ ဝိုင်းထားနိုင်ပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျွန်တော်က မြင်းတပ်ကို ဦးဆောင်ပြီး အရှေ့တံခါးကနေ တိုက်ခိုက်မယ်။ " ကျန်းဟန်က ပြောလိုက်သည်။ မြို့တံခါးများပွင့်နေလျှင် မြင်းတပ်က ရန်သူများကို တိုက်ခိုက်ရန် အကောင်းဆုံး ဖြစ်သည်။
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။