အခန်း ၃၆၄
Vol. 37 Ch. 364
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၆၄)
" ချင်စစ်သည်အချို့ကို ခေါ်ပြီး မြို့ထဲကို အော်ခိုင်းလိုက်ပါ။ ဒီနေ့ကစပြီး ချင်စစ်တပ်က လက်န်ချတာကို လက်ခံတယ်။ လက်နက်ချတဲ့သူတွေကို အသက်ချမ်းသာပေးမယ်။ ခုခံသူတွေကို သတ်ပစ်မယ်။ " ကျောက်ဖုန်းက တပ်မှူးများကို ညွှန်ကြားလိုက်သည်။
" နားလည်ပါပြီ။ " တပ်မှူးများက ရိုသေစွာ ပြောလိုက်ကြသည်။ ထို့နောက် သူတို့က အစီအစဉ်များကို အကောင်အထည်ဖော်ရန်ထွက်ခွာသွားကြသည်။
" ယန်စစ်တပ်က ကျွန်တော်တို့ တိုက်ခိုက်မှုတွေကြောင့် စိတ်ဓာတ်ကျနေပြီ။ မြို့တွင်းမှာ ပိတ်ခံထားရတော့ လက်နက်ချတာက သူတို့အတွက် ရှင်သန်ဖို့ တစ်ခုတည်းသော လမ်းပဲ။ " လီယောင်က ပြုံး၍ ပြောလိုက်သည်။
" စစ်သားတွေကို ကောင်းကောင်းနားခိုင်းလိုက်ပါ။ မနက်ဖြန် ငါတို့တိုက်မယ်။ ဒီမြို့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်မယ်။ " ကျောက်ဖုန်းက လီယောင်ကို ပြောလိုက်သည်။
" နားလည်ပါပြီ။ " လီယောင်က လေးစားစွာ ပြောလိုက်သည်။
ညဉ့်နက်ချိန်တွင် မြို့ပြင်က လမ်းတိုင်းကို ချင်စစ်သည်များက ကင်းလှည့်နေကြသည်။ သုံးရက်နှင့် နှစ်ည တိုက်ခိုက်မှုက ချင်စစ်သည်များအတွက်ပင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ပြီး ယန်စစ်သည်များဆိုလျှင် ပြောစရာပင် မလိုပေ။
" မြို့ထဲက ယန်စစ်သည်တို့ နားထောင်ကြ။ အခု မင်းတို့ ချင်စစ်တပ်ရဲ့ ဝန်းရံခြင်းခံနေရပြီ။ ဒီတိုက်ပွဲက လက်စားချေဖို့ဖြစ်တယ်။ ယန်ဘုရင်က မတရားတဲ့ အလုပ်ကို လုပ်ပြီး ငါတို့ဘုရင်ကို လုပ်ကြံဖို့ ကြုးစားခဲ့တယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ယန်နိုင်ငံကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ရထားတယ်။ စစ်သေနာပတိချုပ်က ဟွာရှလူမျိုးအချင်းချင်း ထည့်သွင်းစဉ်းစားပြီး ယန်စစ်သည်တွေကို အပြစ်မတင်ဘူး။ "
" ဒီနေ့ကစပြီး လက်နက်ချတဲ့ ယန်စစ်သည်အားလုံးကို အသက်ချမ်းသာပေးမယ်။ ခုခံတဲ့ ယန်စစ်သည်အားလုံးကို မိသားစုပါမကျန် ညှာတာမှုမရှိ သတ်ပစ်မယ်။ "
မြို့အပြင်ပိုင်းတွင် ချင်စစ်သည်များက မြို့အတွင်းပိုင်းသို့ လှမ်းအော်နေကြသည်။ မြို့ထဲမှ ယန်စစ်သည်များက ၎င်းကိုကြားလိုက်ရသောအခါ လူအများ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
" ယန်ရှုံးသွားရင် ချင်က ငါတို့မိသားစုတွေကိုပါ အပြစ်ပေးမှာလား။ ငါတို့ဘာလုပ်ကြမလဲ။ "
" ငါတို့ရှုံးသွားပြီ။ တစ်ခုတည်းသော ရွေးချယ်စရာက လက်နက်ချဖို့ပဲ။ ငါတော့ သေလို့ရတယ်။ ဒါပေမယ့် ငါမိသားစုတော့ မသေရဘူး။ "
" ငါတို့ ရှုံးသွားပြီ။ ယန်က ပျက်စီးတော့မယ်။ "
မြို့တွင်းမှ ယန်စစ်သည်များက စိုးရိမ်နေကြပြီး တိုက်ခိုက်လိုစိတ်ဆုံးရှုံးသွားကြသည်။ ထိုအခြေအနေတွင် ချင်စစ်တပ်၏ ကာကွယ်ရေးစည်းမျဉ်းစီသို့ ထွက်ပြေးလာသူများပင် ရှိလာခဲ့သည်။
" မပစ်ပါနဲ့။ ကျွန်တော်တို့ လက်နက်ချပါတယ်။ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ " ယန်စစ်သည်များက မြို့အတွင်းမှ ထွက်ပြေးလာကြပြီး လက်နက်ချသည့် သဘောဖြင့် လက်နှစ်ဖက်ကို မြှောက်ထားကြသည်။ စိတ်ပိုင်ဆိုင်ရာဗျူဟာက အကျိုးသက်ရောက်မှုရှိလာပြီဖြစ်သည်။
မြို့တွင်းရှိ ချင်ချင်း၏ စံအိမ်တွင် စိတ်ပျက်အားငယ်နေသော ယန်တပ်မှူးများ ရှိနေကြသည်။
" စစ်သေနာပတိချုပ် အခြေအနေမကောင်းဘူး။ ချင်စစ်တပ်က ကျွန်တော်တို့ စစ်သည်တွေကို လက်နက်ချရင် အသက်ချမ်းသာပေးမယ်၊ လက်နက်မချရင် ယန်နိုင်ငံပျက်စီးသွားတဲ့အခါ သူတို့ မိသားစုတွေကိုပါ အပြစ်ပေးမယ်လို့ ပြောနေကြတယ်။ ညအမှောင်အောက်မှာ လက်နက်ချဖို့ ထွက်ပြေးသွားတဲ့ စစ်သည်တွေအများကြီးပဲ။ "
" အခု ကာကွယ်ရေးမျဉ်းကို အင်အားပိုဖြည့်ထားတယ်။ ထွက်ပြေးတဲ့သူမှန်သမျှ ချက်ချင်း ကွပ်မျက်ဖို့ အမိန့်ပေးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်ရဲ့ စိတ်ဓာတ်တွေက အကြီးအကျယ် ကျဆင်းနေပြီ။ "
တပ်မှူးများက ချင်ချင်းကို အစီရင်ခံလိုက်ကြသည်။
" စိတ်ပိုင်ဆိုင်ရာဗျူဟာ။ ကျောက်ဖုန်း သူက တကယ်ကြိုတင်တွေးခေါ်နိုင်တာပဲ။ " ချင်ချင်းက သက်ပြင်းချလိုက်သည်။
လက်ရှိအခြေအနေကို သူကောင်းကောင်း နားလည်ပေသည်။ ထိုစိတ်ပိုင်းဆိုင်ရာဗျူဟာကြောင့် ယခင်ကတည်းက ကျနေသော စိတ်ဓာတ်များက ပို၍ ပျက်စီးသွားပေလိမ့်မည်။ ကျောက်ဖုန်း၏ ဗျူဟာက သူတို့ကို ထွက်ပေါက်ပေးမည်မဟုတ်ပေ။ နောက်ဆုံးတွင် ချင်ချင်းနှင့် ယွဲ့ချန်တို့က ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို လျှော့တွက်ခဲ့ကြပြီး ကျောက်ဖုန်း အကွက်ချခြင်းကို ခံခဲ့ရသည်။ အရှေ့မြို့တံခါးသာ မကျဆုံးခဲ့လျှင် သူတို့က ယခုကဲ့သို့ မြန်မြန် ရှုံးနိမ့်မည်မဟုတ်ပေ။ သို့သော် အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။
" စစ်ကူသတင်းရလား။ " ချင်ချင်းက သက်ပြင်းချပြီး မေးလိုက်သည်။
" စစ်သေနာပတိချုပ် လွန်ခဲ့တဲ့ သုံးရက်က ရတဲ့ သတင်းတွေအရ သူတို့က လဝက်အတွင်း ရောက်မယ်လို့ ပြောတယ်။ ဒါပေမယ့် အခုတော့ မြို့ထဲမှာ ပိတ်မိနေပြီး အပြင်က သတင်းတွေ လုံးဝ မရနိုင်တော့ဘူး။ " ယန်တပ်မှူးတစ်ယောက်က စိတ်ပျက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ ထွက်ပြေးနိုင်သေးလား။ " တပ်မှူးတစ်ယောက်က မေးလိုက်သည်။ အခြားသူများအားလုံးကလည်း ချင်ချင်းကို ကြည့်လိုက်ကြသည်။
" တပ်မှူးတို့ ယန်အတွက် သေဖို့ အဆင်သင့်ဖြစ်ပြီလား။ " ချင်ချင်းက သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
" ယန်အတွက် သေဖို့ အဆင်သင့်ပါပဲ။ " တပ်မှူးများက ပြန်ဖြေလိုက်ကြသည်။ သို့သော် လူတိုင်းက စိတ်ရင်းအမှန်မဟုတ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ သေလမ်းကို သွားရန် အပြောလွယ်သလောက် အလုပ်ခက်ပေသည်။
" တော်လောက်ပြီ။ တိုက်ပွဲက ရက်အတော်ကြာ တိုက်ခဲ့ရတာ ငါတို့ စစ်သည်တွေ ပင်ပန်းနေပြီ။ မင်းတို့လည်း သွားအနားယူကြတော့။ " ချင်ချင်းက လက်ဝေ့ရမ်းပြီး ပြောလိုက်သည်။
တပ်မှူးများက ချင်ချင်းကို ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။ ချင်ချင်းတစ်ယောက်တည်းသာ ကျန်နေခဲ့ပြီး သူ၏ အမူအရာက ရုန်းကန်နေရပုံပေါက်သည်။
" စစ်သေနာပတိချုပ်ယွဲ့ချန် မင်း အရင်က ရင်ဆိုင်ခဲ့တဲ့ အခြေအနေက ငါ့ဆီကို ရောက်လာပြီ။ အခုအခြေအနေမှာ စစ်သည်တွေရဲ့ စိတ်ဓာတ်က ကျဆင်းနေပြီ။ မနက်ဖြန် ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံရရင် သေချာပေါက် ရှုံးနိမ့်မှာပဲ။ လက်နက်မချရင်တော့ သေဖို့ပဲ ရှိတယ်။ ဒါပေမယ့် ငါလက်နက်ချလိုက်ရင် သစ္စာဖောက်ဆိုတဲ့ နာမည်ဆိုးက ငါ့ကို အမြဲခြောက်လှမ့်နေလိမ့်မယ်။ ငါ ဘယ်လိုရွေးချယ်ရမလဲ။ " ချင်ချင်းက သူ၏ ခေါင်းကို ကိုင်ပြီး စဉ်းစားနေသည်။
နောက်တစ်နေ့ နေမထွက်ခင် ချင်စစ်သည်များက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။ ကျောက်ဖုန်းက သူ၏ မြင်းကို စီးပြီး မြို့လယ်လမ်းမတွင် ရပ်နေသည်။ ထိုအချိန်တွင် အာဏာရှင်လှံက သူ၏ လက်ထဲတွင် ရှိနေသည်။
" ချင်စစ်သည်တို့ " ကျောက်ဖုန်းက သူ၏ လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့ " ယုယန်မြို့တစ်ခုလုံးက အော်ဟစ်သံများနှင့် ဟိန်းထွက်နေသည်။ မြို့အနောက်ဘက်မှ အရှေ့ဘက်အထိ မြို့တစ်မြို့လုံးကို လွှမ်းမိုးသွားသည်။
ကျောက်ဖုန်းက တိုက်ခိုက်ရန်အတွက် အမိန့်ပေးရန် ပြင်နေချိန်တွင် ရှေ့မှ ဓားကိုင်ထားသော ယန်တပ်မှူးတစ်ယောက် ထွက်လာပြီး အခြားသူများကလည်း နောက်မှ လိုက်ပါလာကြသည်။
" ချင်ချင်း သူ ရွေးချယ်မှု လုပ်လိုက်ပြီထင်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး မြှောက်ထားသော အာဏာရှင်လှံကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။
ယန်စစ်သည်များစွာက နောက်မှလိုက်ပါလာကြပြီး သူတို့က တိုက်ခိုက်ရန် အစီအစဉ်မရှိကြပေ။ ချင်စစ်သည်များ၏ အကြည့်အောက်တွင် ချင်ချင်းက တစ်လှမ်းချင်း လျှောက်လာပြီး သူ၏ ချပ်ဝတ်ကို ချွတ်ထားခဲ့သည်။
" ယန်စစ်သေနာပတိချုပ် ချင်ချင်းက ချင်စစ်သေနာပတိချုပ်ကျောက်ဖုန်းဆီမှာ လက်နက်ချဖို့ ခွင့်တောင်းပါတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ဟွာရှလူမျိုးအချင်းချင်း ထည့်သွင်းစဉ်းစားပြီး သတ်ဖြတ်မှုတွေကို ရပ်တန့်ပေးဖို့ မျှော်လင့်ပါတယ်။ " ချင်ချင်းက ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။
ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းပြီး အာဏာရှင်လှံကို ကျန်းမင်ဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူက ရှေ့သို့ လျှောက်သွားပြီး ချင်ချင်းကို ထူပေးလိုက်သည်။
" စစ်သေနာပတိချုပ်ချင်ချင်း မြို့ထဲက စစ်သည်နှစ်သိန်းကျော်ရဲ့ အသက်အတွက် လက်နက်ချတာ အလွန်မြင့်မြတ်တဲ့ အပြုအမူပါ။ ကျုပ် ကျောက်ဖုန်းက ချင်နိုင်ငံကိုယ်စား ယန်စစ်သည်တွေရဲ့ လက်နက်ချမှုကို လက်ခံပါတယ်။ ပြီးတော့ ချင်က မလိုအပ်ဘဲ သတ်ဖြတ်နေမှာမဟုတ်ဘူးလို့ ကျုပ် အာမခံပါတယ်။ " ကျောက်ဖုန်းက ချင်ချင်းကို ကတိပေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ချင်ချင်းက စိတ်သက်သာရာရသွားပြီး သူ၏ ဘေးမှ တပ်မှူးများကို လှည့်ကြည့်လိုက်သည်။
" စစ်သည်အားလုံး ငါ့အမိန့်ကို နားထောင်ကြ။ " ချင်ချင်းက သူ၏ ဓားကို မြှောက်ပြီး ပြောလိုက်သည်။ " လက်နက်တွေကို ချပြီး ချပ်ဝတ်တွေကို ချွတ်ပစ်ဖို့ မင်းတို့ကို ငါအမိန့်ပေးတယ်။ ငါတို့စစ်တပ်က လက်နက်ချလိုက်ပြီ။ " ချင်ချင်းက ခါးသီးစွာ ပြောလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ " ယန်စစ်သည်အားလုံးက လက်နက်များကို ချပြီး ချပ်ဝတ်များကို ချွတ်လိုက်ကြသည်။ ယနေ့ ယုယန်မြို့တိုက်ပွဲတွင် ယန်နိုင်ငံက ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
" စစ်သေနာပတိချုပ်ကျောက် " ချင်ချင်းက ကျောက်ဖုန်းကို ပြန်ကြည့်လိုက်သည်။
" ပြောပါ စစ်သေနာပတိချုပ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" ဒီစစ်သည်နှစ်သိန်း လက်နက်ချပြီးရင် ချင်က သူတို့ကို ဘယ်လိုဆက်ဆံမှာလဲ သိချင်ပါတယ်။ " ချင်ချင်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" အခု ကျုပ်တို့ချင်မှာ လက်နက်ချစစ်သည်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းနှစ်ခုရှိတယ်။ အားလုံးက ကျွန်တွေဖြစ်သွားပြီး သူတို့ရဲ့ အဆင့်အတန်းကို ပယ်ဖျက်ဖို့ အောင်မြင်မှုတွေ လိုအပ်တယ်။ ပထမတစ်ခု သူတို့ကို အပြစ်သားတပ်ဖွဲ့တွေအဖြစ် ပြန်ဖွဲ့စည်းတယ်။ ချင်အတွက် ရန်သူတွေကို သတ်ပြီး ကျွန်ဘဝက လွတ်မြောက်နိုင်တယ်။ ပြီးရင် သူတို့ဇာတိကို ပြန်ပြီး မိသားစုတွေနဲ့ ဆုံတွေ့နိုင်တယ်။ "
" ဒုတိယတစ်ခုက သူတို့ကို အလုပ်သမားအဖွဲ့တွေအဖြစ် စုစည်းမယ်။ ချင်အတွက် ငါးနှစ် အလုပ်လုပ်ပေးပြီးရင် လွတ်လပ်ခွင့်ရပြီး ဇာတိကို ပြန်နိုင်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" လက်နက်ချစစ်သည်တွေကို ကိုင်တွယ်တဲ့ ချင်ရဲ့ နည်းလမ်းတွေက တကယ်ရက်ရောပါတယ်။ " ချင်ချင်းက စိတ်သက်သာရာရသွားပြီး ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။