← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၆၈)

အချိန်များကုန်လွန်လာပြီး နှစ်လကြာသွားခဲ့သည်။ ယခုအခါ ယန်နိုင်ငံ၏ နယ်မြေအများစုက ချင်နိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီး ကျိမြို့ကို မြင်နေရပြီဖြစ်သည်။

" စစ်သေနာပတိချုပ် ဒီနေရာက ကျိမြို့ကနေ လီသုံးဆယ်ပဲ ဝေးပါတော့တယ်။ " ကျန်းဟန်က ရှေ့သို့ မြင်းစီးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ အမြန်ဆုံးရှေ့တိုးကြ။ ဒီနေ့ ငါတို့ စစ်တပ်က ကျိမြို့မှာ စခန်းချမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။ " စစ်သေနာပတိချုပ်က ကျိမြို့ကို တိုက်ရိုက် ချီတက်ဖို့ အမိန့်ပေးထားတယ်။ "

ဝူအန်းစခန်းက စတင်လှုပ်ရှားချိန်မှစ၍ သုံးလအတွင်း သူတို့က ကျိမြို့ရိုး‌ရှေ့သို့ ရောက်လာခဲ့သည်။ ယန်နိုင်ငံ၏ နယ်မြေက မသေးငယ်သကဲ့သို့ ကျိမြို့ကလည်း အရှေ့ဘက်နယ်စပ်တွင် ရှိသောကြောင့် စစ်အင်အား အသာစီးရလျှင်တောင် ထိုသို့ လုပ်နိုင်ရန် ခက်ခဲလှသည်။ သို့သော် ကျောက်ဖုန်း၏ ဦးဆောင်မှုအောက်တွင် ယန်စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်သွားပြီး ခရိုင်စစ်သည်အနည်းငယ်သာ ကျိမြို့သို့ ဆုတ်ခွာသွားနိုင်ခဲ့သည်။

ကျိမြို့။

၎င်းက အပြင်းအထန် စောင့်ကြပ်ထားသော်လည်း အရည်းအချင်းရှိသော ခေါင်းဆောင်ဟူ၍ မရှိပေ။ ယန်ဘုရင်က နန်းတွင်းကိုယ်ရံတော်တပ်မှူးကိုသာ တပ်များကို ကွပ်ကဲခိုင်းပြီး မြို့ထဲတွင် စစ်သည်နှစ်သိန်းကျော်ရှိသော်လည်း နယ်ခြားစောင့်စစ်သည် ခုနှစ်သောင်းမှလွဲ၍ ကျန်တပ်ဖွဲ့များက အားနည်းလှသည်။

ညီလာခံခန်းမ။

" အရှင်မင်းကြီး ကြီးမားတဲ့ စိုးရိမ်စရာ ရှိနေပါတယ်။ ချင်းမြင်းတပ်က အရှိန်အဟုန်နဲ့ ချီတက်လာနေပါတယ်။ ချင်စစ်တပ်က ကျွန်တော်တို့ မြို့တော်နဲ့ လီနှစ်ဆယ်ပဲ ဝေးပါတော့တယ်။ " စစ်သည်တစ်ယောက်က ခန်းမထဲသို့ ပြေးဝင်လာပြီး တင်ပြလိုက်သည်။

" မြန်လှချည်လား။ သူတို့က ဘယ်လိုလုပ်ဒီလောက်တောင် မြန်ရတာလဲ။ " ယန်ဘုရင်က ထိတ်လန့်သွားသည်။

" စစ်မာလင်း ပြန်မရောက်သေးဘူးလား။ "

" အရှင်မင်းကြီး စစ်မာလင်း ပြန်မရောက်သေးပါဘူး။ သူဘယ်ရောက်နေလဲဆိုတာ မသိပါဘူး။ " ဝန်ကြီးတစ်ယောက်က ရှေ့တိုးပြီး ပြောလိုက်သည်။

" မြောက်ဘက်နယ်စပ်မှာ ဘာလှုပ်ရှားမှုတွေရှိလဲ။ " ယန်ဘုရင်က ထပ်မေးလိုက်သည်။

" အရှင်မင်းကြီး နယ်ခြားစောင့်တပ်တွေကို ပြန်ရုတ်သိမ်းလိုက်တော့ တုန်ဟူတွေက နယ်စပ်ကို ကျော်လာပါပြီ။ ချင်စစ်တပ်ကြောင့် အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။ " ဝန်ကြီးတစ်ယောက်က ကျယ်လောင်စွာ တင်ပြလိုက်သည်။

" တုန်ဟူတွေက နယ်စပ်ကို ကျော်လာပြီ။ သူတို့က ချင်ကို ရင်ဆိုင်ဖို့ ငါဖိတ်ခေါ်ထားတဲ့သူတွေပဲ။ " ယန်ဘုရင်က ဘာမှမဖုံးကွယ်ဘဲ ဝမ်းသာစွာ ပြောလိုက်သည်။ ထို့အပြင် သူ့စကားများက ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

" ဘာ... အရှင်မင်းကြီးက ဘယ်လိုလုပ် တုန်ဟူတွေနဲ့ ပူးပေါင်းရတာလဲ။ "

" တိုင်းတပါးလူမျိုးစုတွေက ခေတ်အဆက်ဆက် ကျိန်စာလိုပဲ။ သူတို့က ရက်စက်ပြီး ကျွန်တော်မျိုးတို့ ပြည်သူတွေကို တိရိစ္ဆာန်တွေလို သဘောထားကြတာ။ သူတို့ နယ်စပ်ကို ကျော်လာရင် ကျွန်တော်မျိုးတို့ မြောက်ဘက်နယ်စပ်က ပြည်သူတွေ အန္တရာယ်နဲ့ ကြုံရလိမ့်မယ်။ အရှင်မင်းကြီး ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ " ဝန်ကြီးတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။

" ရဲတင်းလိုက်တာ။ ငါ့ကို ဒီလိုပုံစံနဲ့ ပြောရအောင် မင်းကိုမင်း ဘာထင်နေလဲ။ " ယန်ဘုရင်က ဒေါသထွက်သွားပြီး အောက်မှ ဝန်ကြီးကို ပြောလိုက်သည်။

" အခြားမျိုးနွယ်တွေနဲ့ ပူးပေါင်းတာ ကိုယ့်လူမျိုးကို အရှက်ရစေတယ်။ ခေတ်အဆက်ဆက် အပြစ်တင်ခံရမယ့် နာမည်ဆိုးပဲ။ အရှင်မင်းကြီး ဒါကို ခံနိုင်ရည်ရှိရဲ့လား။ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ယန်ဘိုးဘေးတွေကို သစ္စာဖောက်လိုက်တာပဲ။ အရှင်မင်းကြီးက အရည်အချင်းမရှိတဲ့ ဘုရင်တစ်ပါးပဲ။ " ဝန်ကြီး​က ယန်ဘုရင်ကို လက်ညိုးထိုးပြီး ကျိန်ဆဲလိုက်သည်။

" အစောင့်တွေ သူ့ကို ဆွဲထုတ်သွား​ပြီး ထောင်ထဲပစ်ထည့်ထားလိုက်။ " ယန်ဘုရင်က ဒေါသတကြီး ပြောလိုက်သည်။

နန်းတွင်းကိုယ်ရံတော်အချို့က ခန်းမထဲသို့ ပြေးဝင်လာကြသည်။ သို့သော် ထိုအချိန်တွင် ဝန်ကြီးများက တရားမျှတမှုအတွက် ရှေ့သို့ ထွက်လာကြသည်။

" အရှင်မင်းကြီး ဖြောင့်မတ်မှုမရှိဘူး။ အခြားလူမျိုးတွေနဲ့ ပူးပေါင်းတာက ခေတ်အဆက်ဆက် အပြစ်တင်ခံရမယ့်အပြင် ကိုယ့်မျိုးနွယ်အတွက်လည်း အရှက်ရစရာပဲ။ "

" အရှင်မင်းကြီး လက်အောက်မှာ အမှုထမ်းရတာ အရှက်ရစရာပဲ။ "

" ဟွာရှအုပ်ချုပ်သူတစ်ယောက်က ဘယ်လိုလုပ်ပြီး တိုင်းတစ်ပါးလူမျိုးတွေနဲ့ ပူးပေါင်းနိုင်ရတာလဲ။ ဘိုးဘေးတွေကို ဘယ်လိုလုပ်သစ္စာဖောက်နိုင်ရတာလဲ။ "

" မင်းက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ "

" မိုက်မဲတဲ့ အုပ်ချုပ်သူ မင်းက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ "

ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာပြီး ယန်ဘုရင်ကို ကျိန်ဆဲလိုက်ကြသည်။ ခန်းမထဲတွင် ရှိသော ဝန်ကြီးတစ်ရာ​ကျော်ထဲမှ ထက်ဝက်ကျော်လောက်က ရှေ့ထွက်လာကြသည်။ သူတို့က နိုင်ငံအသီးသီး ခွဲခြားထားသော်လည်း သူတို့အားလုံးက ဟွာရှလူမျိုးများ ဖြစ်ကြသည်။

သို့သော် မြောက်လက်နယ်စပ်အပြင်ဘက်မှ အခြားလူမျိုးများကို ဟွာရှ၏ အစိတ်အပိုင်းဟု မသတ်မှတ်ထားပေ။ သူတို့က နယ်စပ်တွင် အတားအဆီးမရှိလျှင် သူတို့က ယန်ပြည်သူများကို သတ်ဖြတ်သွားပေလိမ့်မည်။ ဟွာရှလူမျိုးဟု ခံယူထားသရွေ့ မျိုးနွယ်များ၏ တရားမျှတမှုဆိုသော အသိစိတ်ရှိနေသရွေ့ ၎င်းကို ခွင့်လွှတ်၍မရပေ။

ထိုမြင်ကွင်းကို မြင်သောအခါ ယန်ဘုရင်က တုန်လှုပ်သွားသည်။ လူအများကြီးက ရှေ့ထွက်လာပြီး သူ့ကို ဆန့်ကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုအချိန်တွင် ယန်ဘုရင်၏ စိတ်ထဲ၌ နောင်တအရိပ်အယောင်တစ်ခု ခံစားလိုက်ရသည်။

သို့သော် နောက်ခဏတွင် ယန်ဘုရင်က သူ၏ စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။ " ငါက ယန်နိုင်ငံရဲ့ ဘုရင်၊ ယန်ပြည်သူတွေရဲ့ ဘုရင်ပဲ။ ငါလုပ်တာကို သူတို့ ဝေဖန်ပိုင်ခွင့်မရှိဘူး။"

ထိုသို့တွေးပြီး ယန်ဘုရင်က ဒေါသတကြီး ထရပ်လိုက်သည်။ " ယန်နိုင်ငံ တည်တံ့ဖို့အတွက် ဘယ်လိုပေးဆပ်မှုမျိုးမဆို ထိုက်တန်တယ်။ ချီနိုင်ငံနဲ့ ချူနိုင်ငံတွေက အကူအညီမပေးဘူး။ ချင်က အပြင်းအထန် တိုက်ခိုက်နေပြီ။ တုန်ဟူဆီက စစ်ကူတောင်းတာက နောက်ဆုံးနည်းလမ်းပဲ။ ဒါတွေအားလုံးက ချင်နိုင်ငံကြောင့် ဖြစ်လာတာပဲ။ ယန်ဘုရင်အနေနဲ့ ငါက ယန်နိုင်ငံ တည်တံ့မှုကို ကာကွယ်ရမယ်။ "

ယန်ဘုရင် အလွန်ခေါင်းမာနေသည်ကို ကြည့်ပြီး ပထမဆုံးစကားပြောခဲ့သော ဝန်ကြီးက စိတ်ပျက်သွားသည်။ သူက ယန်ဘုရင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ " မိုက်မဲတဲ့ အုပ်ချုပ်သူ ဒီအချိန်ထိတောင် မင်းက နောင်တမရသေးဘူး။ "

" မင်းရဲ့ လုပ်ရပ်တွေက ကျိုးမင်းဆက်က ဘုရင်ယိုထက်တောင် ပိုဆိုးနေသေးတယ်။ ခေတ်အဆက်ဆက် အပြစ်တင်ခံရမယ့် နာမည်ဆိုးကို မင်းခံယူရလိမ့်မယ်။ "

" မင်းလက်အောက်မှာ အမှုထမ်းရတာ ရှက်စရာပဲ။ အခြားလူမျိုးတွေနဲ့ ပူးပေါင်းတာ ဒီလိုနာမည်ဆိုးမျိုးကို ငါတို့ မခံယူနိုင်ဘူး။ မင်းက မြောက်ဘက်နယ်မြေက ပြည်သူတွေကို ဒုက္ခပေးတဲ့ တရားခံပဲ။ "

ယန်ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ဤခေတ်မှ လူများအတွက် ကိုယ့်လူမျိုးကို သစ္စာဖောက်ခင်းက အလွန်ပြင်းထန်သော ပြစ်မှုတစ်ခုဖြစ်သည်။ သေရမည်ဆိုလျှင်တောင် သူတို့က ထိုသို့သော နာမည်ဆိုးမျိုးကို မခံယူချင်ကြပေ။

" မင်းတို့က သေချင်နေမှတော့ ငါ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ငါ့ကို ဆန့်ကျင်တဲ့ ဒီဝန်ကြီးအားလုံးကို အကုန်ဖမ်းပြီး ကွပ်မျက်လိုက်။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုစကားများကို ကြားသော်လည်း ယန်ဘုရင်ကို ရှုံ့ချခဲ့သော ဝန်ကြီးများက ဘယ်သူမှ မတုန်လှုပ်ကြပေ။ ခန်းမထဲသို့ ဝင်လာသော နန်းတွင်းကိုယ်ရံတော်များကလည်း ဝန်ကြီးများ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားပြီး မှင်သက်သွားကြသည်။

" ယန်ဘုရင်က ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ သေရရင်တောင် ငါတို့လူမျိုးကို သစ္စာမဖောက်ဘူး။ "

" ငါတို့ သေရမှာဆိုရင်တောင် ကျိရှီ ဒီလိုသစ္စာဖောက်တဲ့ လုပ်ရပ်အတွက် ချင်က မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မယ်။ "

" ငါတို့က မင်းထက် အရင် သေချင်သေသွားလိမ့်မယ်။ ဒါပေမယ့် မင်းကတော့ မိုက်မဲတဲ့ ဘုရင်တစ်ပါးအနေနဲ့ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျန်ရစ်နေလိမ့်မယ်။ ငါတို့ သေရမယ်ဆိုရင်တောင် ငါတို့ရဲ့ ဂုဏ်သိက္ခါကိုတော့ ထိန်းသိမ်းနိုင်ပါသေးတယ်။ "

ဝန်ကြီးတစ်ယောက်မှ သေမှာကို မကြောက်ကြပေ။ ခန်းမထဲသို့ ဝင်လာသော နန်းတွင်းကိုယ်ရံတော်များက ထိုမြင်ကွင်းကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိဘဲ တွေဝေနေကြသည်။ သူတို့၏ ဘုရင်က အခြားမျိုးနွယ်များနှင့် ပူးပေါင်းသည်ကို သူတို့လည်း ကြားလိုက်ရသည်။ သူတို့က အလွန်ဒေါသထွက်သွားကြသော်လည်း ဘုရင်အာဏာကို ကြောက်ရသဖြင့် လွန်လွန်ကျူးကျူး မလုပ်ရဲကြပေ။

" မင်းတို့ ဘာလို့အဲ့ဒီမှာ ရပ်နေကြတာလဲ။ ဒီသူပုန်ဝန်ကြီးတွေကို ဖမ်းကြစမ်း။ " ယန်ဘုရင်က မလှုပ်ရှားသေးသော နန်းတွင်းကိုယ်ရံတော်များကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်....

" သတင်းပို့ပါတယ်။ ချင်စစ်တပ်ရဲ့ ရှေ့ပြေးတပ်က မြို့တံခါးဝကို ရောက်နေပါပြီ။ သူတို့က တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။ " အရာရှိတစ်ယောက်က ပြေးဝင်လာပြီး ​ပြောလိုက်သည်။

" လီနှစ်ဆယ်ဝေးသေးတယ်မဟုတ်လား။ ဘယ်လိုလုပ်ဒီလောက်မြန်ရတာလဲ။ " ယန်ဘုရင်က မျက်နှာပျက်သွားသည်။ သူ၏ ဝန်ကြီးများကို ဘုရင်အာဏာဖြင့် ဖိအားပေးနိုင်သော်လည်း ချင်စစ်တပ်ကိုတော့ ဘာမှမလုပ်နိုင်ပေ။ အကြောင်းမှာ စစ်တပ်ကို ဦးဆောင်လာသော ကျောက်ဖုန်းက သူ၏ ဘုရင်အာဏာကို ဖျက်ဆီးရန် လာနေသောကြောင့်ဖြစ်သည်။

All Chapters