အခန်း ၂၈၁
Vol. 21 Ch. 281
အပိုင်း(၂၈၁)
ကျင်းချန်သည် အစ်ကိုဖြစ်သူက သူမအား ဆွဲခေါ် လာသည်ကို သတိပြုမိပုံ မရချေ။ သူမသည် လက်နှစ်ဖက်ကြားရှိ နည်းစနစ်ကို လွှတ်ပေးလိုက်ရာ ပန်းရောင်သန်းနေသော အဖြူရောင် အလင်းတန်းရှိသည့် လက်ညှိုးအရွယ်အစားခန့်ရှိ တီကောင်တစ်ကောင်သည် လေထဲသို့ တွားသွား ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ပိုမို သေးငယ်သော်လည်း တစ်နည်းနည်းဖြင့် ကျင်းလုံ ၏ တိုက်ခိုက်မှုများထက် ပို၍... အစစ်အမှန်ဆန်သည့်ပုံ ပေါ်လေသည်။ တိုက်ခိုက်နေစဉ်အတွင်း သူ ဖန်တီးခဲ့သော မြွေများသည် မြွေပုံစံ မျဉ်းပုံကြမ်းများကဲ့သို့ အကြမ်းဖျင်း ပုံစံများသာ ဖြစ်သည်။ သို့သော် ဤသေးငယ်သော နဂါးလေးသည် ကျင်းချန် ၏ အရှေ့တွင် သူ့ကိုယ်သူ မတ်လိုက်ပြီး ခွေးတစ်ကောင်အလား သူမ၏ မျက်နှာကို နမ်းရှိုက်နေလေသည်။
၎င်းသည် သေးငယ်သော ဝိညာဉ်အကြွင်းအကျန် တစ်ခုနှင့် တူလေသည်။ အစစ်အမှန် ဝိညာဉ် တစ်ခုကဲ့သို့ ပင်ဖြစ်သည်။
အပြာလေး နှင့် တူလေသည်။
လင်းတုန်းသည် တစ်စက္ကန့်မျှသာ ခေါင်းလွှဲထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မိုးခြိမ်းသံထက် ပိုမိုကျယ်လောင်သော သံမဏိများ ရိုက်ခတ်သံက လေထုကို ဆုတ်ဖြဲသွားချိန်တွင် သူ ပြန်လည်လှည့်ကြည့်လိုက်သည်။ အီသန်သည် ကျင်း အဆင့်နိမ့် အရှင်သခင် ၏ လှံကို သူ၏ ကတ်ကြေးဖြင့် ရိုက်ချကာ ဘေးသို့ ဖယ်ရှားပစ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် အချက်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုတိုင်းသည် ကျောက်ဆောင်များကို သင်္ဘောတစ်စင်း ဝင်တိုက်မိသကဲ့သို့ ကျယ်လောင်လှသည်။ သူတို့၏ တိုက်ခိုက်မှုများ ပတ်လည်ရှိ လေထုကိုယ်နှိုက်ကပင် လှိုင်းထနေလေသည်။ ထို့ပြင် အရောင်လွင့်လုနီးပါး ဖြစ်နေသော မီးခိုးရောင် မီးတောက်များ တဖျပ်ဖျပ် လင်းလက်သွားသည်ကို မြင်လိုက်ရသည်ဟု လင်းတုန်း ထင်မှတ်မိသည်။ ၎င်းမှာ ဝိညာဉ်မီးတောက် ပင်ဖြစ်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ပါး၏ အမှတ်အသားပင် ဖြစ်လေသည်။ သူတို့သည် တိုက်ခိုက်မှုများတွင် ထိုအရာကို သေချာပေါက် အသုံးပြုနေကြသည်။ သို့သော် မည်သို့ အသုံးပြုနေသည်ကိုတော့ သူ မမြင်နိုင်ခဲ့ပေ။
သူတို့ ရင်ဆိုင်တိုက်ခိုက်ကြသော ပထမဆုံး စက္ကန့်မှာပင် အီသန် သည် သူ၏ ပြိုင်ဘက်ကို ကစားနေကြောင်း ထင်ရှားလှသည်။ အကွာအဝေး အားသာချက် ရှိနေသော်လည်း ကျင်းတိုင်ရှို့ သည် အမြဲတမ်း နောက်ဆုတ်နေရလေသည်။ သူသည် တိုက်ခိုက်မှုများကို ကာကွယ်ရန် သူ၏ လှံကိုပင် ခဲယဉ်းစွာ လှုပ်ရှားနေရသည်။ အချိန်မရွေးပင် အီသန်သည် သူ၏ သိုင်းပညာ များကို ရုပ်သိမ်းသွားနိုင်စွမ်း ရှိလေသည်။
သူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လင်းတုန်း အောင်မြင်ခဲ့ပြီ ဖြစ်သည်။
သေစေနိုင်လောက်သော အခြေအနေတစ်ခုမှ လွတ်မြောက်လာခဲ့ရခြင်း၏ ချိုမြိန်သော သက်သာရာရမှု ခံစားချက်သည် လင်းတုန်း ထံသို့ ကျရောက်လာခဲ့သည်။ ၎င်းသည် ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခု ဖြစ်လာနေလေပြီ။
သူသည် ဘိုးဘေး လှံ ၏ လှံသွားကို ကောက်ယူရန် ကိုယ်ကို နှိမ့်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုကြောင့် အော်ဟစ်နေသည့်အတွက် အလွန်အမင်း အချိန်ကြာမြင့်သွားခဲ့သည်။ သွေးရည်ကြို သံမဏိအဆင့် ခန္ဓာကိုယ် ၏ ပြန်လည်ကုစားမှုကို အားဖြည့်ပေးရန် လုံလောက်သော မာဒြာ များ ထောက်ပံ့ပေးနိုင်ရန် ကြိုးစားရင်း သူ၏ သန့်စင်သော အမြုတေ ပင်လျှင် ဖိအားများ ခံစားနေရလေသည်။ ထိုအရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ၏ သွေးများ လျော့နည်းလာနေပြီ ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ် ဆေးဘက်ဆိုင်ရာ ကုသမှု တစ်ခုခုကို သူ လိုအပ်လာတော့မည် ဖြစ်လေသည်။ ဘိုးဘေး လှံ ကြောင့် ရရှိခဲ့သော ဒဏ်ရာများသည် ယခုအချိန်အထိ ကောင်းစွာ မကျက်သေးပေ။
တစ်စုံတစ်ခုက သူ၏ လက်ထဲမှ လှံသွားကို လုယူသွားလေသည်။
၎င်းမှာ ပန်းရောင်နှင့် အဖြူရောင်စပ်နေသော တီကောင်အရွယ်အစားခန့်ရှိသည့် သတ္တဝါလေး တစ်ကောင် ဖြစ်သည်။ ဓားသွားသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးထက်ပင် ပိုမို ကြီးမားနေသည်။ သို့သော် ဝက်ဝံသေကောင် တစ်ကောင်ကို ဆွဲရွှေ့ရန် ကြိုးစားနေသော မြွေတစ်ကောင်အလား ၎င်းသည် လှံသွားကို မေးရိုးဖြင့် ကိုက်ချီကာ နောက်သို့ အတင်းဆွဲယူနေလေသည်။
လင်းတုန်း သည် မှုန်ဝါးနေသော မျက်လုံးများဖြင့် ၎င်းကို စောင့်ကြည့်နေမိသည်။ မြင်ကွင်းက အလွန် ထူးဆန်းလွန်းလှသဖြင့် နားလည်သဘောပေါက်ရန် အချိန်အနည်းငယ် ယူလိုက်ရလေသည်။
ကျင်းချန်က ၎င်းကို ယူဆောင်နေခြင်း ဖြစ်လေသည်။
တခြားအကြောင်းကြောင့်ထက် နှေးကွေးလေးလံနေသော တုံ့ပြန်မှုကြောင့်သာ သူ ထိုအရာကို လှမ်းဖမ်းလိုက်မိသည်။ သို့သော် ထိုတီကောင်လေးက လှည့်ကာ သူ့ကို ကိုက်ဟပ်ရန် ပြုလေသည်။ တကယ်တမ်းတွင် ၎င်းသည် နဂါးငယ်လေး တစ်ကောင်ဖြစ်ကြောင်း သူ သတိပြုမိသွားသည်။ လွင့်မျောနေသော လည်ဆံမွေးများနှင့် အရွယ်မရောက်သေးသည့် ခြေထောက်လေးချောင်း ပါရှိသော မြွေတစ်ကောင်၏ ပုံရိပ်ပင် ဖြစ်လေသည်။
လင်းတုန်းသည် လှံသွားကို နောက်တစ်ကြိမ် လှမ်းဖမ်းရန် တွန့်ဆုတ်သွားခဲ့သည်။ ထိုအရာကို သူ အလွတ်မပေးချင်ပေ။ သို့သော် အမှန်တကယ် လိုအပ်နေခြင်းလည်း မဟုတ်ချေ။ ထို့ပြင် ၎င်းအတွက် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တိုက်ခိုက်ရန် ခွန်အားလည်း သူ့ထံတွင် မရှိတော့ပေ။ အရေးအကြီးဆုံးအချက်မှာ ကျင်းလုံ ကို ထပ်မံ ရန်မစမိရန်ပင် ဖြစ်လေသည်။
ထို့အပြင် ထိုနဂါးလေးသည် ရယ်စရာကောင်းလှသည်။ ၎င်းသည် ဓားသွားကို ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ဆွဲသွားရန် အခက်အခဲ တွေ့နေဆဲဖြစ်သည်။ ခဏတစ်ဖြုတ် ခေါင်းမော့ကာ လင်းတုန်း ကို သတိကြီးစွာဖြင့် ကြည့်တတ်သေးသည်။
လင်းတုန်းသည် ယိမ်းထိုးသွားပြီး သူ၏ ဘယ်ဘက် ခြေထောက်ကို မခံစားရတော့ကြောင်း သတိပြုမိသွားသည်။ ၎င်းက မကောင်းနိုင်ပေ။ သူ၏ ညာဘက် လက်မောင်းမှာ စင်းထားသော အသားတစ်တုံးနှင့် တူနေသေးသော်လည်း အနည်းဆုံးတော့ ပြန်လည် အသုံးပြုနိုင်လုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။
တစ်ချိန်တည်း၌ အီသန်သည် ကျင်းတိုင်ရှို့ ကို အဆက်မပြတ် တိုက်ခိုက်နေဆဲ ဖြစ်သည်။ အဘိုးအိုကို နောက်သို့ ယိုင်ထွက်သွားစေပြီး ကျင်း အဆင့်နိမ့် အရှင်သခင် ၏ ပခုံးဘေးမှ သို့မဟုတ် ခြေထောက်နှစ်ဖက်ကြားမှ ဖြတ်သန်းသွားသော သဲသဲကွဲကွဲပင် မမြင်ရသည့် သန့်စင်သော မာဒြာ လှိုင်းလုံးများကို ရံဖန်ရံခါ ပစ်လွှတ်နေလေသည်။
တိုက်ပွဲသည် စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း လင်းတုန်း ကောင်းကောင်း သိမြင်နိုင်နေပြီ ဖြစ်သည်။ အီသန်သည် တမင်တကာ အချိန်ဆွဲနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူက ဘာကို စောင့်နေသနည်း။
လင်းတုန်း တွေးတောနေစဉ်မှာပင် ကျင်းတိုင်ရှို့ ၏ မျက်လုံးများနှင့် ဆုံတွေ့သွားလေသည်။
"ကျင်းလုံ..."
ခေါင်းဆောင်ကြီး က အော်ဟစ်လိုက်သည်။
"ကလန် အတွက် အလုပ်အကျွေးပြုစမ်း..."
ကျင်းလုံ တောင့်တင်းသွားလေသည်။
လင်းတုန်း ၏ ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
သူ့ကို လူသူကင်းမဲ့သော တောရိုင်းမြေ သို့ နယ်နှင်ဒဏ်ပေးခဲ့သော ကျင်း ကလန် အတွက် ကျင်းလုံ အဘယ်ကြောင့် တိုက်ခိုက်ပေးနေရသနည်း ဟု သူ တွေးတောနေမိခဲ့သည်။ သူနှင့် သူ၏ ညီမဖြစ်သူတို့သည် ကလန် ကြီးအပေါ် ရန်ငြိုးရန်စများ ရှိနေသည်ဟု လင်းတုန်း ထင်မှတ်ထားခဲ့မိသည်။ သို့သော် သူတို့သည် အဆင့်နိမ့် အရှင်သခင် အတွက် စတင် အလုပ်လုပ်ပေးပြီးနောက်တွင် မိမိ၏ ထင်မြင်ချက် မှားယွင်းသွားသည်ဟု သူ ယူဆခဲ့လေသည်။
ယခုအခါတွင်မူ အကြောင်းရင်းက ရှင်းလင်းသွားပြီ ဖြစ်သည်။ ကျင်းလုံ သည် ကျိန်စာတစ်ခု၏ အောက်တွင် ရောက်ရှိနေခြင်း ဖြစ်လေသည်။
ကျန်ရှိနေသော ခွန်အားအကုန်လုံးကို ညှစ်ထုတ်ကာ လင်းတုန်းသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် လက်သီးများကို မြှောက်လိုက်လေသည်။ သူ၏ အမြွှာကြယ် လမ်းစဉ်တွင် ကာကွယ်သူ နည်းစနစ် မရှိသော်လည်း သူ့ကိုယ်သူ ကာကွယ်ရန် ကြွက်သားများအတွင်းသို့ မာဒြာ များကို စီးဆင်းစေလိုက်သည်။
"ခဏလေး နေပါဦးဗျာ..."
ကျင်းလုံ အနီးသို့ ရောက်လာချိန်တွင် လင်းတုန်း က ပြောလိုက်သည်။ အလင်းရောင်များသည် သူ၏ အရေပြားပေါ်တွင်သာမက ဖြဲယက်ထားသော အပြုံး၏ နှုတ်ခမ်းများပေါ်တွင်ပါ စတင် လှည့်ပတ်နေပြီ ဖြစ်လေသည်။
"ကျွန်တော်တို့ စကားပြောပြီး ဖြေရှင်းကြရအောင်လေ... ခင်ဗျား ကလန် ကို အလုပ်အကျွေး ပြုလို့ရပါတယ်..."
ကျင်းလုံသည် မှုန်ဝါးသွားကာ ရှေ့သို့ ပြေးဝင်လာခဲ့လေသည်။
လင်းတုန်း ထံတွင် မီးတောက်ခြုံလွှာ ၏ အမြန်နှုန်း မရှိတော့ပေ။ သူ၏ မဟူရာ မီးတောက် အမြုတေ သို့ ပြောင်းလဲရန် အချိန်မရတော့ချေ။ အကယ်၍ အချိန်ရခဲ့လျှင်ပင် ထို အမြုတေ သည် ဗလာဖြစ်နေပြီ ဖြစ်လေသည်။
သူသည် သူ၏ ဗလာကျော့ကွင်း ကို အသက်သွင်းလိုက်သည်။ သို့သော် ကျင်းလုံ သည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။ ခရမ်းရောင် မျဉ်းကြောင်းသည် သူ၏ နဖူးကို ဖမ်းမိသွားပြီး သူ့ကို ရှေ့သို့ ဆွဲယူသွားလေသည်။ ထိုအရာက သူ၏ ခေါင်းထဲရှိ ကာကွယ်သူ နည်းစနစ် ကိုပါ အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် ထိုအချက်ကို မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်မည့် နည်းလမ်းများ ရှိလေမလားဟု လင်းတုန်း တွေးတောနေမိလေသည်။
ထိုသို့ တွေးတောနေစဉ်မှာပင် သင်တုန်းဓားကဲ့သို့ ထက်မြက်နေသော အဖြူရောင် အလင်းတန်းက သူ၏ လက်မောင်းကို ပိုင်းဖြတ်သွားလေတော့သည်။
ဒုတိယအကြိမ်အဖြစ် ကျင်းတိုင်ရှို့ သည် ကတ်ကြေးတစ်လက်ကြောင့် နောက်သို့ ဆုတ်ခွာနေရပြန်သည်။
လင်းတုန်း၏ နီးကပ်လာသော သေမင်းကြောင့် အီသန် အာရုံလွင့်ပါးသွားမည်ဟု သူ မျှော်လင့်ခဲ့မိသည်။ သို့သော် အာရီလီယပ် သည် အဆင့်နိမ့် အရှင်သခင် တစ်ပါးတွင် ရှိသင့်သော အေးစက်မှုမျိုးဖြင့် အေးစက်နေလေသည်။ သူသည် ရန်သူ့အပေါ်တွင်သာ အာရုံစိုက်ထားပြီး ကျင်းတိုင်ရှို့ ၏ လှံပေါ်သို့ တိုက်ခိုက်မှုများကို မိုးရွာချသည့်အလား ဆက်တိုက် ပြုလုပ်နေလေသည်။
လှံပေါ်သို့သာ ဖြစ်သည်။ ပြိုင်ဘက်ကို သတ်ဖြတ်ရန် မဟုတ်ဘဲ လက်နက်ကိုသာ ပစ်မှတ်ထားနေသည့်အလား ပင်ဖြစ်သည်။
"ခင်ဗျားကို ကျုပ် အနိုင်ယူပြီးသွားပြီ..."
အီသန်က လှံကို ဘေးသို့ ရိုက်ထုတ်ရင်း ပြောလိုက်သည်။ ရန်သူ၏ လည်ချောင်းဆီသို့ အလွယ်တကူ ရောက်ရှိနိုင်သော ဟာကွက်တစ်ခုကို သူ လျစ်လျူရှုထားလိုက်သည်။
"ခင်ဗျားကို အချိန်မရွေး ကျုပ် သတ်ပစ်လို့ ရတယ်..."
ဤတစ်ကြိမ်တွင်မူ သူသည် လက်နက်ကို သာမန်လက်ချည်းသက်သက်ဖြင့် မထီမဲ့မြင်ပြုကာ ရိုက်ချလိုက်လေသည်။
"ခင်ဗျားက အားနည်းတဲ့..."
အီသန်သည် တိုက်ခိုက်သူ နည်းစနစ် တစ်ခုကို ချိုးဖျက်လိုက်ပြီး အဖြူရောင် အလင်းတန်းကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။
"...အိုမင်းနေတဲ့..."
သူသည် ကျင်းတိုင်ရှို့ ၏ လက်ကောက်ဝတ်ကို ကန်ချလိုက်ရာ အရိုးကျိုးသွားသော နာကျင်မှုက လက်မောင်းတစ်လျှောက် စီးဆင်းသွားလေသည်။
"...လူအိုကြီးပဲ..."
ကျင်းတိုင်ရှို့၏ လှံသည် ကြမ်းပြင်ပေါ်သို့ ခလွမ်ခနဲ ပြုတ်ကျသွားပြီး အီသန် က ထိုအရာကို ကန်ထုတ်လိုက်လေသည်။
***