အခန်း ၂၈၆
Vol. 21 Ch. 286
အပိုင်း(၂၈၆)
ဖစ်ရှာ ဂီရှာက သူ့ခေါင်းကို ရိုက်တော့မည့်အလား လက်နှစ်ချောင်းကို မြှောက်လိုက်၏။ သို့သော် သူမဘာသာ ခေတ္တမျှ ညည်းညူလိုက်ပြီး ပြန်ချလိုက်သည်။
"ဝိညာဉ်အကြွင်းအကျန် လက်မောင်းတစ်ခုကို မင်းရဲ့ ဝိညာဉ် နဲ့ ချိတ်ဆက်ရတဲ့ ဖြစ်စဉ်က သိပ်လွယ်ကူတယ်လို့ မင်း ထင်နေလား... လိုချင်တဲ့အချိန် တပ်လိုက် ဖြုတ်လိုက် လုပ်လို့ရမယ်များ ထင်နေသလား..."
"ခွင့်လွှတ်ပါ ဖစ်ရှာ ဂီရှာ... ဒါပေမဲ့ ခင်ဗျားပဲ ရိုးရှင်းတယ်လို့ ပြောခဲ့တာလေ..."
သူမ ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွား၏။
"ငါ အဲဒီလို ပြောခဲ့မိတယ် ထင်ပါရဲ့... ကောင်းပြီလေ တပ်ဆင်ရတာကတော့ ကမ္ဘာပေါ်မှာ အရိုးရှင်းဆုံး လုပ်ငန်းစဉ်ပါပဲ... ဒါပေမဲ့ အဲဒါကို သဘာဝကျကျ အသုံးပြုနိုင်လာတဲ့ အချိန်ကျရင် ဒါက နင့်ရဲ့ လက်မောင်း ဖြစ်သွားလိမ့်မယ်... နင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ဆီမှာ တွယ်ဆက်သွားလိမ့်မယ် သိလား... အဲဒါကို ဆုံးရှုံးလိုက်ရတာက နင် မွေးကတည်းက ပါလာတဲ့ ကိုယ်လက်အင်္ဂါကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်..."
လင်းတုန်း၏ မျက်လုံးများက ပြတ်နေသော လက်စွန်းဆီသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် အလျင်အမြန်ပင် အကြည့်လွှဲလိုက်၏။
"နားလည်ပါပြီ... ဒါဆိုရင် ကျွန်တော် သေသေချာချာ ရွေးချယ်ပါ့မယ်..."
အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာခဲ့ရာ အခန်းထောင့်တွင် ချထားသော သူ၏ ကျောပိုးအိတ်ဆီသို့ ခေါင်းဆတ်ပြလိုက်သည်။
"ကျွန်တော်တို့ကိုယ်ပိုင် အမြုတေကြိုး တစ်ခုကို ပေါင်းထည့်လိုက်ရင်ရော ဘယ်လိုနေမလဲ... ပြောင်းလဲနေသော ကောင်းကင် လမ်းစဉ် လက်မောင်းကို ပြောတာပါ..."
ထိုလက်မောင်းတွင် နည်းစနစ် တစ်ခုသာ ပါလာခဲ့မည်ဆိုလျှင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မည်မှာ သေချာလှသည်။
ဖစ်ရှာ ဂီရှာ က သူ ဘာကိုဆိုလိုကြောင်း ရှင်းရှင်းလင်းလင်း နားလည်သွားသဖြင့် တုံ့ဆိုင်းသွားခဲ့သည်။
"ဒီလိုမျိုး အမြုတေကြိုး တွေကို ငါတို့ မျိုးဆက်ပေါင်းများစွာ လေ့လာခဲ့တယ်ဆိုတာ မင်း သိထားသင့်တယ်... မိစ္ဆာ သားရဲ တွေက ငါတို့မြေကို ဒုက္ခပေးနေခဲ့တာ ကြာပြီဖြစ်လို့ ဘယ်လို မာဒြာ မျိုးက ဒီလို အကောင်ကြီးတွေကို ဖန်တီးခဲ့တာလဲ ဆိုတာကို ငါတို့ သိချင်ခဲ့ကြတယ်..."
သူမက သူ မေးခွန်းတစ်ခုခု မေးလာမည်ကို စောင့်ဆိုင်းနေ၏။ သို့သော် သူက နှုတ်ဆိတ်နေခဲ့သဖြင့် သူမ၏ ဝတ်ရုံထဲသို့ လက်နှိုက်ကာ ကြိုးဖြင့်ချည်ထားသော စာရွက်အထပ်တစ်ထပ်ကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ လူသူကင်းမဲ့သော တောရိုင်းမြေ ရှိ ပန်းပဲဖိုမှ သူ ယူဆောင်လာခဲ့သော ဝိညာဉ်ပန်းပဲဆရာ မှတ်စုများပင် ဖြစ်လေသည်။
"မိစ္ဆာ သားရဲ တွေရဲ့ အမြုတေကြိုး တွေထဲက အဖြူရောင် မာဒြာ အတွက် ငါတို့မှာ နာမည် သတ်မှတ်ထားတာ တစ်ခါမှ မရှိခဲ့ဘူး..."
သူမက ဆက်ပြောသည်။
"ငါတို့ရဲ့ လက်ထောက် အကူတွေက သူ့ရဲ့ ဂုဏ်သတ္တိတချို့ကို တိုင်းတာနိုင်ခဲ့ပေမယ့် ဘာလဲဆိုတာ ခွဲခြားသိနိုင်လောက်တဲ့အထိတော့ မလုံလောက်ခဲ့ဘူး... ဒီမှတ်စုတွေထဲမှာတော့ အဲဒါကို ဆာလောင်မှု မာဒြာ လို့ ခေါ်ထားတယ်... ဒါက ငါ ကြားဖူးသမျှ စွမ်းအားတွေထဲမှာ အဓိပ္ပါယ်အမဲ့ဆုံး နာမည်တစ်ခု ဖြစ်နိုင်ပေမယ့် လိုက်ဖက်မှုတော့ ရှိပုံရတယ်..."
"ဆာလောင်မှု မာဒြာ..."
လင်းတုန်းက ထပ်မံရွတ်ဆိုလိုက်၏။
သူသည် ထိုမှတ်စုများကို ဖတ်ဖူးခဲ့သဖြင့် အဆိုပါ အသုံးအနှုန်းကို ယခင်က ကြားဖူးခဲ့ပြီး ဖြစ်သည်။ သို့သော် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက သူ သယ်ဆောင်လာခဲ့သော အမြုတေကြိုး နှင့် ထိုစကားစုကို သူ ဆက်စပ်၍ မတွေးမိခဲ့ချေ။
"အဲဒါက ကျုပ်ရဲ့ လမ်းစဉ် တွေနဲ့ ကိုက်ညီမှုရှိရဲ့လား..."
"ငါတို့ သိသလောက်တော့ အဲဒါက အရာအားလုံးနဲ့ ကိုက်ညီမှုရှိတယ်..."
သူမက သရော်သလို လေသံဖြင့် ပြောလိုက်သည်။
"မိစ္ဆာ သားရဲ တွေက ငါတို့ကို မျိုးစုံသော မာဒြာ တွေနဲ့ တိုက်ခိုက်ကြတယ်... ပြီးတော့ သူတို့အားလုံးရဲ့ အထဲမှာ အဲဒီလို အမြုတေကြိုး မျိုး တစ်ခုစီ ပါကြတယ်လေ... ကိုက်ညီမှုမရှိတဲ့ ဝိညာဉ် တွေရှိတဲ့ အကောင်တွေ သေကုန်တာလည်း ဖြစ်နိုင်တာပေါ့..."
သူမက လေထဲတွင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
"မင်းက ငါ့ကို အာရုံလွှဲနေတယ်... ဒီမှတ်စုတွေက သူတို့ရဲ့ နမူနာတွေ အားလုံးကို ရခဲ့တဲ့ တစ်ခုတည်းသော ရင်းမြစ်ဖြစ်တဲ့ ဒီ မာဒြာ ရဲ့ မူလဇာစ်မြစ်ကို ရည်ညွှန်းထားတယ်... သူတို့က ဒီလို ဝိညာဉ်အကြွင်းအကျန် မျိုး ချန်ထားခဲ့မယ့် အထွတ်အမြတ် သားရဲတွေကို မွေးမြူဖို့ ကြိုးစားခဲ့ကြပေမယ့် တစ်ခါမှ အောင်မြင်ခဲ့ပုံ မရဘူး... အနည်းဆုံးတော့ ဒီမှတ်စုတွေကို ရေးသားခဲ့တဲ့ အချိန်အထိပေါ့..."
လင်းတုန်းက ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူတို့ထံတွင် ယုံကြည်စိတ်ချရသော ဝိညာဉ်အကြွင်းအကျန် ရင်းမြစ်တစ်ခု မရှိခဲ့ပါက ဘိုးဘေး လှံ အတွက် အမြုတေကြိုး များနှင့် မာဒြာ များသည် အခြား တစ်နေရာရာမှ ရောက်လာခဲ့ခြင်း ဖြစ်ရမည်။
"ဒါဆိုရင် အဲဒီ အမြုတေကြိုး တွေက ဘယ်ကနေ ရောက်လာတာလဲ..."
"အဲဒါက ငါ့ကို အနှောင့်အယှက် ဖြစ်စေတဲ့ အရာပဲ..."
သူမက ပြောသည်။ ပင့်ကူအိမ်များကို ခါချလိုက်သကဲ့သို့ သူမ ခေါင်းကို ခါယမ်းလိုက်၏။
"ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး ဟုတ်တယ်မလား... နင့်ရဲ့ အမြုတေကြိုး ကို ဒီလက်မောင်းထဲ ထည့်ပေးလို့ရတာ သေချာပေမယ့် သူ့အတွက် အခြေခံအဆောက်အအုံ ရှိမှာမဟုတ်ဘူး... အမြုတေကြိုး ကို ကိုင်တွယ်နိုင်ဖို့ လက်မောင်းကို အားဖြည့်ပေးပြီး လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးဖို့ ဆာလောင်မှု မာဒြာ တွေ ပိုလိုလိမ့်မယ်... နောက်ပြီး မာဒြာ တွေကို ဝါးမျိုမယ့် လက်တစ်ဖက်ကို နင် တကယ်ပဲ လိုချင်နေလို့လား... အဲဒါက နင် ထိလိုက်တဲ့ ဘယ်သူ့ရဲ့ ဝိညာဉ် ကိုမဆို စတင် စားသောက်ကောင်း စားသောက်လိမ့်မယ်..."
လင်းတုန်းအတွက်မူ ထိုအရာက အံ့မခန်း ဖြစ်ပုံရလေသည်။
"တကယ်လို့ ဘိုးဘေး လှံ လိုမျိုးသာ အလုပ်လုပ်မယ်ဆိုရင် ကျွန်တော့်ရဲ့ လမ်းစဉ် တွေ တိုးတက်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်..."
သူက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ သတိထား၍ ပြောလိုက်၏။ အကယ်၍ သူ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သူမသာ သိသွားပါက သူ စိတ်ပြောင်းသွားစေရန် သူမ ကြိုးစားပေလိမ့်မည်။
"အစစ်အမှန် ရွှေအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာ ပြဿနာ မရှိတော့ဘူး... ကျွန်တော့်ရဲ့ အမြုတေကို နောက်တစ်ကြိမ် ထပ်ခွဲပြီး တတိယမြောက် လမ်းစဉ် တစ်ခုကိုတောင် စုပ်ယူနိုင်သေးတယ်..."
လင်းတုန်းက ဗန်းပေါ်တွင် သစ်တောက်ငှက်တစ်ကောင်ကဲ့သို့ ချွန်ထက်သော လက်ချောင်းထိပ်များဖြင့် တဒေါက်ဒေါက် ခေါက်နေသော အရောင်သန်းနေသည့် ဖန်လက်မောင်းဆီသို့ ခေါင်းဆတ်ပြလိုက်၏။
"ကျုပ်တို့ဆီမှာ အရမ်းကောင်းတဲ့ နမူနာတစ်ခု ရှိနေတာပဲ... ဘာလို့ စမ်းသပ်မှုတစ်ခု မလုပ်ကြည့်ရမှာလဲ..."
သူသည် ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်အနေဖြင့် သူမ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်ရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း သူမက ခေါင်းခါလိုက်သည်။
"ဘိုးဘေး လှံ က သူ့ရဲ့ အမြုတေကြိုး အပြင် အစီအရင် ကြောင့်လည်း အလုပ်လုပ်တာပဲ... အဲဒီ အစီအရင် တွေ မပါဘဲနဲ့ သူ ဘာလုပ်နိုင်မလဲဆိုတာ ငါတို့ သေချာ မသိနိုင်ဘူး... ပြီးတော့ အမြုတေကြိုး ကို စမ်းသပ်လိုက်တာက သူ့ကို ဖျက်ဆီးပစ်လိုက်နိုင်ပြီး ငါတို့ရဲ့ စမ်းသပ်မှုတွေကို အချည်းနှီး ဖြစ်သွားစေနိုင်တယ်... နောက်ပြီး လက်မောင်း ပြိုကွဲမသွားဘဲ မင်းရဲ့ လက်မောင်းထဲကို တည်ဆောက်ထည့်သွင်းဖို့ဆိုရင် ဆာလောင်မှု မာဒြာ တွေ ပိုလိုတယ်... ပြီးတော့ လှံကလည်း ပျော်ဝင်သွားခဲ့ပြီလေ... ဘာမှမရှိတော့..."
သံပြားများ ရိုက်ကပ်ထားသော သစ်သားတံခါးကြီး ဂျိမ်းခနဲ ပွင့်သွားချိန်တွင် သူမ၏ စကားများ ရပ်တန့်သွားခဲ့ရသည်။ ထိုတံခါးပေါက်တွင် အဖြူရောင် ဓားမြှောင်တစ်လက်ကို ကိုင်မြှောက်ထားလျက် ပြုံးဖြီးနေသော အီသန် ကို မြင်တွေ့လိုက်ရ၏။
ဂီရှာသည် သူမ၏ နှာခေါင်းထိပ်ကို ညှစ်ကာ သက်ပြင်းကြီးတစ်ခု ချလိုက်သော်လည်း ချက်ချင်းပင် ကိုယ်ဟန်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
"အဆင့်နိမ့် အရှင်သခင်..."
လင်းတုန်းက အီသန်ကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာခဲ့ပေ။ ထိုလူ၏ ပေါ့ပေါ့ပါးပါး အပြုံးက သူ့ကို ဓားဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်စေသည်။
"ခင်ဗျားတို့ နောက်ထပ် ပစ္စည်းတွေ လိုအပ်နေပုံရတယ်..."
အီသန်က ရွှင်မြူးစွာ ပြောရင်း အခန်းထဲသို့ လှမ်းဝင်လာ၏။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ဆီမှာ ပိုနေတာလေးတွေ ရှိနေလို့လေ..."
သူက လှံသွားကို သူမထံသို့ ပစ်ပေးလိုက်သော်လည်း သူမက ဖမ်းရန် လက်ဆန့်ထုတ်မည့်အစား ကြောက်လန့်သွားသည့်အလား လက်များကို နောက်သို့ ဆုတ်ပစ်လိုက်သည်။
ခရမ်းရောင် မာဒြာ မျဉ်းကြောင်းများက သူမထံမှ ထွက်ပေါ်လာပြီး လှံသွားကို မျက်နှာကြက်၌ ချည်နှောင်ကာ ပင့်ကူတစ်ကောင် ကြိုးပေါ်မှ ဆင်းသက်လာသကဲ့သို့ သူမ၏ မျက်လုံးအမြင့်ဆီသို့ ဖြည်းညင်းစွာ ချပေးလိုက်၏။ အီသန်သည် မည်သည့် ပြဿနာမျှ မရှိဟန်ဖြင့် လက်ဗလာဖြင့် ကိုင်တွယ်ထားခဲ့သော်လည်း သူမကမူ သူမ၏ မာဒြာ များ စုပ်ယူခံရမည့် အန္တရာယ်ကို မစွန့်စားလိုကြောင်း သိသာလှပေသည်။
ထိုလက်နက်နှင့် ထိတွေ့ထားသော်လည်း သူမ၏ နည်းစနစ်မှာ ပျက်စီးမသွားကြောင်း မြင်လိုက်ရသောအခါ သူမက ပင့်ကူအိမ်ထဲမှနေ၍ ၎င်းကို လက်နှစ်ချောင်းဖြင့် ညင်သာစွာ ဆွဲယူလိုက်သည်။
လှံသွားမှာ တစ်ပေခန့် ရှည်လျားပြီး လက်ဝါးတစ်ဖက်စာခန့် ကျယ်ဝန်းသည်။ သူမသည် ၎င်းကို ခေတ္တမျှ လေ့လာကြည့်ရှုလိုက်ပြီးနောက် သူမ၏ အောက်ဘက်မှ ခရမ်းရောင် ပင့်ကူခြေတံရှည် နှစ်ခု ထွက်ပေါ်လာ၏။ သူမ၏ လက်ထောာက်အကူပင် ဖြစ်သည်။
ခြေတံနှစ်ခုက သူမထံမှ ဓားသွားကို လုယူလိုက်ပြီး မြှောက်ကစားကာ နှစ်မိနစ်ခန့်ကြာအောင် လှည့်ပတ်နေ၏။ ထို့နောက်... ပင့်ကူ မှော်ပစ္စည်း က ရှူးခနဲ အသံပြုလိုက်သည်။
နောက်ဆုံးတွင်တော့ သူမက ခေါင်းတစ်ချက် ညိတ်လိုက်၏။
"စမ်းသပ်ကြည့်ဖို့တော့... ဒီမှာ လုံလောက်တာ ရှိတယ်... ဆန့်ကျင်ဘက်ဖြစ်မှုကို ရှောင်ရှားဖို့ ဒီ အမြုတေကြိုး ကို သူ့ရဲ့ မူလပစ္စည်းတွေအဖြစ် အရင် ဖြိုခွဲရလိမ့်မယ်... ပြီးတော့ ဒီလက်နက်ရဲ့ အပိုင်းအစတွေကို ရပြီဆိုတာနဲ့ ပြောင်းလဲနေသော ကောင်းကင် လမ်းစဉ် လက်မောင်း နဲ့ စတင် ပေါင်းစပ်လို့ ရပြီ..."
သူမက အီသန်ကို လှမ်းပြောလိုက်သည်။
"ဘယ်အရာကိုမှ ကျွန်မ ကတိမပေးနိုင်ဘူးဆိုတာ ရှင် နားလည်ထားရမယ်... ပြီးတော့ ရှင်က ဒီလက်နက်ကို စွန့်လွှတ်ရလိမ့်မယ်..."
***