အခန်း ၂၈၈
Vol. 21 Ch. 288
အပိုင်း(၂၈၈)
"မူလ အင်ပါယာ ကို အုပ်ချုပ်ခဲ့တာက လူတွေမဟုတ်ဘူး နဂါးတွေ..."
နဂါးများက အင်ပါယာတစ်ခု တည်ဆောက်ခြင်းမှာ ထူးဆန်းသောအရာ မဟုတ်သည့်အလား အီသန်က ပြောလိုက်၏။
"သူတို့က ယဉ်ကျေးမှု အရ တိုးတက်လာတဲ့အခါ သူတို့ထက် ပိုရှေးကျတဲ့ လူ့ယဉ်ကျေးမှုတွေကို စတင် လေ့လာခဲ့ကြတယ်... ပြီးတော့ သူတို့က... ကျယ်ပြောလှတဲ့ မြေအောက် အဆောက်အအုံကြီး တစ်ခုကို သွားတွေ့ခဲ့တယ်... အဲဒီအချိန်ကတည်းက စွန့်ပစ်ခံထားရပြီး အရမ်းကို ကြီးမားကျယ်ပြန့်သလို အရမ်းလည်း အန္တရာယ်များလွန်းလို့ အကြီးကျယ်ဆုံး နဂါးတွေတောင်မှ မြေပုံအပြည့်အစုံ မဆွဲနိုင်ခဲ့ဘူး..."
ထိုအရာက လင်းတုန်းကို တစ်ခုခု သတိရသွားစေသော်လည်း သူ နှုတ်မှ မထုတ်ရသေးမီမှာပင် အီသန်က သူ့ကို ခေါင်းညိတ်ပြလိုက်၏။
"လူသူကင်းမဲ့တဲ့ တောရိုင်းမြေ မှာ ရှိတဲ့ ဒီဧရာမ ဝင်္ကပါကြီးရဲ့ အတိမ်ဆုံး ထောင့်တစ်နေရာကို မင်း မြင်ဖူးတယ်... လူတွေ ထူးကဲသော ရှေးဟောင်း အပျက်အစီး လို့ ခေါ်ကြတဲ့ နေရာက တကယ်တော့ အင်ပါယာ တစ်ခုလုံးမှာ ဖြန့်ကျက်တည်ရှိနေတဲ့ ဧရာမ ဝင်္ကပါကြီးရဲ့ ထောင့်တစ်နေရာလေးသာ ဖြစ်တယ်... ဝင်ပေါက်တွေက နေရာအနှံ့မှာ ရှိပေမဲ့ အဲဒီအထဲက တစ်ခုကို မြင်တွေ့ခဲ့ရတာ မင်းရဲ့ ကံကောင်းမှုပဲ..."
"နှစ်ခုပါ..."
လင်းတုန်းက ပြောလိုက်၏။
"ကျုပ်ရဲ့ ဇာတိမြေမှာလည်း တစ်ခု ရှိတယ်...”
ကောင်းကင် ဂုဏ်သရေ ကျောင်းတော် အတွင်းရှိ ဘိုးဘေး ဂူသင်္ချိုင်း ကို သူ သတိရသွားသည်။ ထို့နောက် သားရဲလေးကောင်၏ ပုံကို ရေးထွင်းထားသော ကျောက်တံခါးတစ်ချပ်ကိုပါ မြင်ယောင်လာမိ၏။
ယခုအခါ ထိုပန်းပုလက်ရာမှာ ကြက်သီးမွေးညင်းထစရာကောင်းသော အဓိပ္ပါယ်တစ်ခုကို ဆောင်ကြဉ်းနေလေပြီ။
"ဟုတ်လား..."
အီသန်က အံ့သြစွာ မေးလိုက်သည်။
"မင်း တကယ် ကံကောင်းတာပဲ... အဲဒီအထဲကို အရမ်းနက်နက်ရှိုင်းရှိုင်း ဝင်မသွားခဲ့တာက ပိုပြီးတောင် ကံကောင်းသေးတယ်... ပထမဆုံး မဟူရာ မီးတောက် အင်ပါယာ က နဂါးတွေဟာ ဝင်္ကပါရဲ့ အနက်ရှိုင်းဆုံး နေရာကနေ လက်နက်တွေကို လုယက်ယူငင်ခဲ့တုန်းက အဲဒီအချက်ကို ကိုယ်တွေ့ သိခဲ့ရတယ်... အစပိုင်းမှာတော့ သူတို့က လေ့လာချင်ရုံ သက်သက်နဲ့ အဆင့်မြင့် ရွှေအဆင့် ဒါမှမဟုတ် အစစ်အမှန် ရွှေအဆင့် ပစ္စည်းတွေကိုပဲ ယူခဲ့ကြတာ... ဒါပေမဲ့ အဲဒီလက်နက်တွေမှာ အံ့မခန်း အစွမ်းသတ္တိတွေ ရှိနေမှန်း သိလာတဲ့အခါ သူတို့ လောဘတက်လာခဲ့ကြတယ်..."
"ဘိုးဘေး လှံ လိုမျိုးပေါ့..."
လင်းတုန်းက ဝင်ပြောလိုက်၏။
"ဝင်္ကပါထဲက အညံ့ဆုံး ပစ္စည်းတွေထဲက တစ်ခုပါ... အဲဒီလှံက ထူးခြားလှတာမျိုးတောင် မဟုတ်ဘူး သိလား... ဒါပေမဲ့ အစစ်အမှန် ရွှေအဆင့် အောက်က ဘယ်သူ့ရဲ့ မျက်လုံးကိုမဆို ပြာသွားစေဖို့တော့ လုံလောက်ပါတယ်..."
အီသန်သည် အဝေးတစ်နေရာသို့ တမ်းတမ်းတတ ငေးကြည့်နေ၏။
"ဝင်္ကပါကြီးက တကယ့် ရတနာသိုက်ကြီးပါ... ဒါပေမဲ့ အဲ့တာကို ငါတို့က အချိန်အကြာကြီး မနှောင့်ယှက်ဘဲ ထားခဲ့ရတဲ့ အကြောင်းအရင်း ရှိတယ်... လူသူကင်းမဲ့တဲ့ တောရိုင်းမြေ လို နေရာမျိုးမှာ တစ်ခါတလေမှ ထောင့်စွန်းလေးတွေကို သွားပြီး နည်းနည်းပါးပါး ယူတာကလွဲရင်ပေါ့... ဘာလို့လဲဆိုတော့ နဂါးတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီး အာ့ချ်ကျောက်တုံး လို အရှင်သခင် အဆင့် ရတနာတွေကို ဆွဲထုတ်လာခဲ့ကြလို့ပဲ..."
သူက ခေတ္တရပ်လိုက်ပြီး အခြားအချက်တစ်ချက်မှနေ၍ စကားဆက်လိုက်သည်။
"နဂါးတွေက ဝင်္ကပါကို လေ့လာစူးစမ်းနေရင်းနဲ့ နှစ်ပေါင်းများစွာ တံခါးတွေကို ဖွင့်ထားခဲ့တယ်ဆိုတာ မင်း နားလည်ထားရမယ်... သူတို့က အချင်းချင်း စစ်ခင်းကြပြီး သူတို့ရဲ့ လက်နက်သစ်တွေနဲ့ အသေးအဖွဲ ရန်ငြိုးတွေကို ဖြေရှင်းခဲ့ကြတယ်... အဲဒီနေရာက တစ်ခုခုဟာ လတ်ဆတ်တဲ့ အသားဆီကို လာတဲ့ ဝံပုလွေတွေလို မိစ္ဆာနတ်ဘုရား တွေကို ဆွဲဆောင်နေတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး..."
"မင်း တွေးမိတဲ့အတိုင်းပဲ အဲဒီဘေးဒုက္ခကြီးရဲ့ မှတ်တမ်းတွေက တော်တော်လေး ဟာကွက်တွေ များတယ်... ဒါပေမဲ့ သူတို့ ချန်ထားခဲ့တဲ့ သတိပေးချက်တွေကတော့ ရှင်းလင်းလှပါတယ်... ဒီတိုက်ကြီးရဲ့ နေရာအများစုဟာ ပေါက်ကွဲပျက်စီးနေတဲ့ လွင်တီးခေါင်ကြီး ဖြစ်သွားခဲ့ပြီး ဒီနေ့အထိတောင် အပြည့်အဝ ပြန်လည်မကောင်းမွန်လာသေးဘူး... သန်းပေါင်းများစွာသော လူတွေနဲ့ အထွတ်အမြတ် သားရဲတွေ သေဆုံးခဲ့ရပြီး အရင် မဟူရာ မီးတောက် အင်ပါယာ ကြီးကလည်း မျိုးဆက်ပေါင်းများစွာတိုင်အောင် ဝိညာဉ်အကြွင်းအကျန် တွေ ကျက်စားရာ နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိနေခဲ့တော့တယ်..."
အီသန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။
"နဂါး ဘယ်နှစ်ကောင် အသက်ရှင်ကျန်ရစ်ခဲ့သလဲဆိုတာ ငါတို့ မသိနိုင်ပေမယ့် လက်တစ်ဆုပ်စာထက်တော့ မပိုလောက်ဘူး... အသက်ရှင်ကျန်ရစ်သူတွေက သူတို့ရဲ့ လက်နက်တွေ အားလုံးကို ဝင်္ကပါထဲ ပြန်ပို့ခဲ့ပြီး နောင်လာနောက်သားတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တွေကို ချန်ထားခဲ့ကြတယ်... ဒီဝင်္ကပါရဲ့ အတိမ်ပိုင်းထက်ကျော်လွန်ပြီး ဝင်ရောက်တာဟာ သေမင်းကို ဖိတ်ခေါ်တာပဲတဲ့... သူတို့က အဝင်ပေါက်တွေကို တတ်နိုင်သမျှ ဖျက်ဆီးခဲ့ကြပြီး ကျန်တာတွေကိုလည်း ပိတ်ဆို့ပစ်ခဲ့ကြတယ်..."
"ဒါဆို ကျင်းတိုင်ရှို့ က အဲဒီထဲက တစ်ခုကို ဖွင့်လိုက်တာပေါ့..."
လင်းတုန်းက မေးလိုက်သည်။
"အသည်းအသန် ဖြစ်နေတဲ့သူတွေက သူတို့ရဲ့ မျှော်လင့်ချက် ကင်းမဲ့မှုထက် ကျော်လွန်ပြီး မမြင်နိုင်ကြဘူး..."
အီသန်က စာသားတစ်ခုကို ကိုးကားနေသည့်ဟန်ဖြင့် ပြောလိုက်၏။
"သူ့ရဲ့ နယ်မြေထဲမှာ ဝင်္ကပါဆီကို သွားတဲ့ အဝင်ပေါက်တစ်ခု ရှိနေခဲ့တာ... သူက တံခါးကို တစ်ရက်ထက်မပိုဘဲ ဖွင့်ထားခဲ့လောက်တယ်... အင်ပါယာ တစ်ခုလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်ပေမယ့် သူ့အတွက်တော့ သေးငယ်တဲ့ စွန့်စားမှုတစ်ခုလို့ သူ ထင်ခဲ့မှာပဲ... သူက အာ့ချ်ကျောက်တုံး ကို ထုတ်ယူလာတဲ့အခါ သူ ဘာလုပ်ခဲ့လဲဆိုတာ နာရူကွေ့ နဲ့ ငါ သိလိုက်တယ်... မိစ္ဆာနတ်ဘုရား တွေ ငါတို့ဆီကို နောက်တစ်ကြိမ် ရောက်လာနိုင်တဲ့ အန္တရာယ်ကို သူ စွန့်စားလုပ်ဆောင်ခဲ့မှန်း ငါတို့ သိလိုက်တယ်..."
လင်းတုန်း၏ ဒေါသမီးစလေးက နောက်တစ်ကြိမ် တောက်လောင်လာပြန်သည်။
"ခင်ဗျား သူ့ကို အဲဒီလိုလုပ်အောင် တွန်းပို့ခဲ့တာပဲ..."
အီသန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်၏။
"သူ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်လာအောင် ငါက သူ့ရဲ့ ရွေးချယ်စရာတွေကို ပိတ်ဆို့ခဲ့တာပါ... အဲဒီလိုမှ မလုပ်ရင် ငါ့ရဲ့ ဂုဏ်သတင်း တစ်ခုလုံးကို တိုက်ပွဲတစ်ပွဲရဲ့ ရလဒ်အပေါ်မှာပဲ ပုံအပ်ထားရလိမ့်မယ်... တိကျသေချာတဲ့ အသာစီးရမှု မရှိဘဲ လောင်းကစားလုပ်ရတာကို ငါ သဘောမကျဘူး..."
"ဒါပေမဲ့ သူ့ဆီမှာ ဘာရှိလဲဆိုတာ ခင်ဗျား အတိအကျ သိနေခဲ့တာပဲ... အဲဒါက လျှို့ဝှက်လက်နက် တစ်ခုမှန်း ခင်ဗျား သိနေခဲ့တယ်... ခန့်မှန်းနေခဲ့တာ မဟုတ်ဘူး..."
"အင်း... ဟုတ်တယ် သူ တံခါးဖွင့်တုန်းက ငါ စောင့်ကြည့်နေခဲ့တာ... မိစ္ဆာနတ်ဘုရား တွေရဲ့ ဒေါသကို ခံရနိုင်တဲ့အထိ သူ အဲဒီလောက် စွန့်စားလိမ့်မယ်လို့ ငါ အရမ်း အံ့သြသွားခဲ့တယ်... ဒါပေမဲ့ အခုတော့ ဖြစ်သွားခဲ့ပြီပဲ... ငါ့အစီအစဉ်က သူကိုယ်တိုင် စကိုင်းဆွန်းတွေ ရှေ့မှာ အပြစ်ရှာမရအောင် ငြိစွန်းသွားစေဖို့ပဲ... သူ အသက်ရှင်ကျန်ရစ်ပြီး ကျင်းလုံ အနိုင်ရခဲ့ရင်တောင် သူ့ရဲ့ ဂုဏ်သတင်းနဲ့ ကျင်း ကလန် ရဲ့ နာမည်က ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး... သူတို့က ကြီးမြတ်တဲ့ ကလန်တွေထဲမှာ အဆင့်အနိမ့်ဆုံးပဲ... ပြီးတော့ အာရီလီယပ် တွေက အဓိက မိသားစုကြီးတွေထဲမှာ အဆင့်တစ် နေရာမှာ ရှိတယ်... အင်ပါယာ ထဲမှာ သူတို့ နေရာပျောက်သွားလိမ့်မယ်... ပြီးတော့ အဲဒီနေရာကို ငါတို့က ယူလိုက်မယ်..."
သူက မျက်နှာရှုံ့မဲ့သွားပြီး ခဏမျှ မသေချာမရေရာ ဖြစ်သွားဟန် ပေါ်လေသည်။
"မင်း ဆုံးရှုံးသွားခဲ့ရတဲ့ အရာတွေအတွက် ငါ... စိတ်မကောင်းပါဘူး... မင်းက ပိုကြီးမြတ်တဲ့ အရာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကိုပဲ သိထားပါ... မင်းကြောင့် အာရီလီယပ် မိသားစုက တိုးတက်လာလိမ့်မယ်... ပြီးတော့ အဲဒီကနေ မင်းလည်း အကျိုးအမြတ်တွေ ရနိုင်မှာပါ..."
လင်းတုန်းက ခေါင်းညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်နေဆဲပင်။ လက်တစ်ဖက် ဆုံးရှုံးသွားခြင်းအတွက် သူ မညည်းညူသင့်ပေ။ အထွတ်အမြတ် တောင်ကြား တွင်သာ ဆိုလျှင် အီသန်က သူ့ကို လက်တစ်ဖက်နှင့် လဲလှယ်၍ ရွှေအဆင့် သို့ တက်လှမ်းစေမည်ဟု ကမ်းလှမ်းလာပါက သူ့လက်ဖြင့်ပင် လွှတစ်လက်ကို ကမ်းပေးခဲ့မည် ဖြစ်သည်။
သို့သော် ဤအရာက ပိုမိုကြီးမားသော ရည်မှန်းချက်တစ်ခုအတွက် သူ တစ်ခုခုကို စတေးလိုက်ရသကဲ့သို့ မခံစားရပေ။ အင်အားကြီးမားသူတို့၏ အစီအစဉ်များထဲတွင် သူသည် နယ်ရုပ်ကလေး တစ်ရုပ်အဖြစ် အသုံးချခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
"မိစ္ဆာနတ်ဘုရား တွေ..."
အကြောင်းအရာကို ပြောင်းလဲရန် ကြိုးစားရင်း လင်းတုန်းက နောက်ဆုံးတွင် ပြောလိုက်သည်။
"သူတို့ ကျွန်တော်တို့ဆီကို လာနေကြတာလား..."
"မလာလောက်ပါဘူး..."
အီသန်က ပြောသည်။
"ဒါပေမဲ့ အကြောင်းတစ်ခုခုများ ရှိလာခဲ့ရင်ဆိုပြီး ဧကရာဇ်က သူ့ရဲ့ အဆင့်နိမ့် အရှင်သခင် တွေကို စုရုံးနေတယ်..."
"ခင်ဗျား သူတို့ကို တိုက်ခိုက်မှာလား..."
အီသန်က ဟက်ခနဲ ရယ်မောလိုက်၏။
"အဆင့်နိမ့် အရှင်သခင် တစ်ယောက် အနေနဲ့လား... ဟင့်အင်း သူတို့က မိုင်တစ်ရာလောက် အကွာအဝေးကနေ ငါ့ရဲ့ သွေးတွေကို အငွေ့ပျံသွားအောင် လုပ်နိုင်တယ်... တကယ်လို့များ မိစ္ဆာနတ်ဘုရား တစ်ကောင်ကောင် ချဉ်းကပ်လာတဲ့ အရိပ်အယောင် မြင်ရရင် အရေးပေါ် အခြေအနေမှာ လူထုကို ထိန်းချုပ်နိုင်ဖို့ ငါတို့က အလုပ်လုပ်ရလိမ့်မယ်... ပြီးတော့ တကယ် ကူညီပေးနိုင်မယ့် သူတွေဆီကို ငါတို့က သတင်းပို့ပေးရတဲ့သူတွေ ဖြစ်လာလိမ့်မယ်..."
ဘယ်သူတွေလဲဟု လင်းတုန်းက မမေးရသေးမီမှာပင် အီသန်က ရှင်းပြလိုက်သည်။
"ဧကရာဇ်တွေလေ... သူတို့က ငါတို့ကမ္ဘာမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေပဲ... ဒါပေမဲ့ သူတို့ မျှော်လင့်နိုင်တဲ့ အကောင်းဆုံး အခြေအနေကတော့ သရေကျဖို့ပဲ ရှိတယ်... ဘယ်သူမှ မိစ္ဆာနတ်ဘုရား တစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ပြီး မနိုင်နိုင်ဘူး... ဆက်ရှက်ကူနက်ဇ် လည်း မနိုင်ဘူး... အကူရာ မာလစ် လည်း မနိုင်ဘူး... လူရှစ်ယောက် အင်ပါယာ လည်း မနိုင်သလို တိမ်ကိုးလွှာ နန်းတော် တစ်ခုလုံးလည်း မနိုင်ဘူး..."
လင်းတုန်း၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ ထိုနာမည်များထဲမှ နှစ်ခုကို သူ မှတ်မိနေသော်လည်း အီသန်ထံမှ ကြားရလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
သူတို့အကြောင်းကို အီသန် ဘယ်လောက်အထိ သိထားသနည်း။ ဧကရာဇ် များ ဟု သူ ပြောခဲ့သည်။ လင်းတုန်းသည် ကျင့်ကြံခြင်းအနုပညာတွင် ထိုအသုံးအနှုန်းကို အသုံးပြုသည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ဆူရီရယ် ပြသခဲ့သော ဥပမာ သုံးခုသာမက ထိုအဆင့်တွင် ရှိနေသည့် လူစုကြီးတစ်ခုလုံး ရှိနေသကဲ့သို့ ဖြစ်နေသည်။
သူက ထိုအတွေးကို သဘာဝကျကျ ဆက်စပ်တွေးတောလိုက်ရာ လက်သီးတစ်ဆုပ်က သူ၏ အဆုပ်များကို ညှစ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ဆူရီရယ် သည် အထွတ်အမြတ် တောင်ကြား ကို ကယ်တင်နိုင်စွမ်းရှိသူ သုံးဦး၏ အမည်များကို သူ့အား ပေးခဲ့သည်။ တိမ်ကိုးလွှာ နန်းတော် ၏ ဘုရင်မ ရှာမီအာရာ၊ နဂါးများကို စားသောက်သူ နော့သ်စတရိုက်ဒါ နှင့် လူရှစ်ယောက် အင်ပါယာ တို့ဖြစ်သည်။
အကယ်၍ သူတို့သည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး လူသားများဖြစ်ခဲ့လျှင် အထွတ်အမြတ် တောင်ကြား ဆီသို့ ချဉ်းကပ်လာနေသော မည်သည့်အရာမဆို သူ စိတ်ကူးထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေကြောင်း ဆိုလိုပေသည်။
၎င်းသည် ဤ မိစ္ဆာနတ်ဘုရား များထဲမှ တစ်ကောင် မဟုတ်နိုင်သော်လည်း တန်းတူညီမျှ ပျက်စီးယိုယွင်းစေနိုင်သော အရာတစ်ခုခုတော့ ဖြစ်ပေလိမ့်မည်။ သူ စိတ်ကူးနှင့်ပင် မတွေးရဲအောင် ဖြစ်နေမိ၏။
"သူတို့အကြောင်း ကျုပ် အရင်က ကြားဖူးတယ်..."
လင်းတုန်းက ပြောလိုက်သည်။
"ကြားဖူးမှာပေါ့... သူတို့က တော်တော်လေး နာမည်ကြီးတာကိုး..."
"မဟုတ်ဘူး မြင်ကွင်းတစ်ခုထဲမှာပါ... ဆူရီရယ် က ကျုပ်ကို ပြခဲ့တာ... သူက ပြောတယ်... သူတို့တွေက ကျုပ်ရဲ့ ဇာတိမြေကို ကယ်တင်နိုင်တဲ့ သူတွေတဲ့...”
အီသန်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ လအတန်ကြာလာသည်နှင့်အမျှ သူသည် လင်းတုန်းထံမှ ဆူရီရယ် ၏ လာရောက်လည်ပတ်မှု အသေးစိတ် အချက်အလက် အများစုကို တူးဆွ ရယူနိုင်ခဲ့သည်။ ထိုသို့ ရယူရာတွင် သူ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများ အကြောင်းကိုမူ တစ်စွန်းတစ်စမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် လင်းတုန်းသည် ဆူရီရယ် ပြသခဲ့သော ပုဂ္ဂိုလ်များ၏ အမည်များကို တပ်အပ်သေချာ ပြောပြနိုင်လောက်သည်အထိ တိကျမှု မရှိခဲ့ချေ။
သို့သော် ထိုအချက်က နောက်ထပ် အကြောင်းအရာတစ်ခုကို ဆွဲခေါ်သွားခဲ့သည်။ ထို့ကြောင့် လင်းတုန်းသည် အခွင့်အရေးတစ်ခုကို အာရုံခံမိလိုက်ပြီး ချက်ချင်းပင် ဆုပ်ကိုင်လိုက်၏။
"မြင်ကွင်းတွေ အကြောင်း ပြောရရင်လေ..."
သူက စကားစလိုက်ရာ အီသန်၏ ကျောပြင် မတ်မတ် ဖြစ်သွားလေသည်။
"နောက်မှပဲ ပြောကြတာပေါ့..."
အီသန်က ကတိပေးလိုက်သည်။
"ခင်ဗျားရဲ့ အစီအစဉ်တွေကြောင့် ကျွန်တော် လက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်..."
လင်းတုန်းက ပြောလိုက်သည်။ သူ၏ အသံတွင် မဟူရာ မီးတောက် ၏ အပူဟပ်မှုများ စိမ့်ထွက်နေ၏။
"ကျွန်တော် ခင်ဗျားရဲ့ ယုံကြည်မှုကို ရသင့်နေပါပြီ..."
ဤသည်မှာ လင်းတုန်းအနေဖြင့် အီသန်ကို အပြတ်သားဆုံး ပြောဆိုဖူးခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သူ၏ စိတ်ထဲမှ တုန်လှုပ်နေသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဝိညာဉ်မဲ့ တစ်ယောက်အဖြစ် နေခဲ့ရသည်ကို မှတ်မိနေသေးသော စိတ်အခံက တောင်းပန်ရန် တောင်းဆိုနေ၏။ သို့သော် လင်းတုန်းသည် အီသန်၏ အပြာရောင် မျက်လုံးများကိုသာ စိုက်ကြည့်နေခဲ့သည်။
"ငါ မင်းကို ပြီးပြည့်စုံတဲ့ ရှင်းပြချက်တစ်ခု ပေးဖို့ အကြွေးတင်နေပါတယ်..."
အီသန်က ပြောသည်။
"ပြီးတော့ ငါ သေချာပေါက် ရှင်းပြပါ့မယ်... မင်း ပိုပြီး ကြီးထွားလာလေလေ မင်းကို ငါ မျှဝေပေးနိုင်တာတွေ ပိုများလာလေလေပဲ... လောလောဆယ်တော့ ငါ့ကို ယုံကြည်ပေးဖို့ တောင်းဆိုချင်တယ်..."
ထိုစကားက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော တိကျမှုမရှိသည့် အဖြေတစ်ခု ဖြစ်နေသည်။ သို့သော် အီသန်သည် အရင်က တစ်ခါမှ မပြောဖူးလောက်အောင် ရိုးသားပွင့်လင်းစွာ ပြောဆိုနေခြင်း ဖြစ်၏။
လင်းတုန်းက မလိုလားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါမှပေါ့..."
အီသန်က ပြောလိုက်ပြီး သူ၏ အပြုံးများ ပြန်လည်ရောက်ရှိလာ၏။
"ဒီရက်ပိုင်းအတွင်းမှာ ကပ်ဆီးယပ်စ် က မင်းကို လာခေါ်ဖို့ ကောင်းကင် ကရုဏာ သင်္ဘောနဲ့ ဒီကို ရောက်လာလိမ့်မယ်... နားလိုက်ပါဦး... ဖစ်ရှာ ဂီရှာ ပြောတာ မှန်တယ်... မင်းက တစ်နှစ်လုံးလုံး အရူးတစ်ယောက်လို လေ့ကျင့်နေခဲ့တာ... ဒါပေမဲ့ ထာဝရကြီး အဲဒီလိုမျိုး နေသွားလို့ မရဘူးလေ... ငါ ပြန်လာတဲ့အခါ အဆင့်တက်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်..."
"အဲဒါက ဘယ်တော့လောက် ဖြစ်မလဲ..."
လင်းတုန်းက မေးလိုက်သည်။ လပေါင်းများစွာ ကုတင်ပေါ်တွင် အိပ်နေရမည့် အတွေးက သူ့ကို ထိတ်လန့်သွားစေ၏။ သူ၏ တိုးတက်မှုများ နောက်ကျကျန်ရစ်နေခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။
"အဲဒါကတော့ အခြေအနေပေါ် မူတည်တယ်..."
အီသန်က ပြောသည်။
"ငါတို့အားလုံးကို သတ်ပစ်ဖို့ မိစ္ဆာနတ်ဘုရား တစ်ကောင်ကောင် လာနေသလား မလာဘူးလား ဆိုတဲ့အပေါ်မှာပေါ့..."
***