← Chapters

အခန်း ၂၉၀

Vol. 21 Ch. 290

အခန်း ၂၉၀

Vol. 21 Ch. 290

အပိုင်း(၂၉၀)

ယီရင် တွေးတောရန်အတွက် အသက်တစ်ရှိုက် နှစ်ရှိုက်ခန့် အချိန်လိုအပ်နေ၏။ သို့သော် ကြမ်းပြင်က နောက်တစ်ကြိမ် တုန်ခါသွားပြီး အော်သို က ခြေဆောင့်နင်းကာ ဝင်လာခဲ့လေသည်။

ထိုလိပ်ကြီးမှာ အလွန်အရပ်ရှည်ပြီး ကျယ်ဝန်းလှသဖြင့် တံခါးဘောင်များကို ဖျက်ဆီးခြင်း မပြုဘဲ အိမ်ရှိ တံခါးအများစုကို မဖြတ်သန်းနိုင်ချေ။ ထို့ကြောင့် သူသည် ဤပင်မအခန်း၏ ထောင့်တစ်နေရာတွင်သာ နေထိုင်လေသည်။ သူ အလေးအပေါ့ သွားရန် သို့မဟုတ် သူ၏ မာဒြာ များကို ထုတ်လွှတ်ရန် လိုအပ်သောအခါတွင်မူ ပိုမိုကြီးမားသော အပြင်ဘက် တံခါးကြီးများမှတစ်ဆင့် ထွက်သွားကာ မိုင်တစ်ထောင် တိမ်တိုက် ပေါ်တွင် ရပ်နေတတ်၏။ သို့သော် အမြင့်နှင့် ပတ်သက်လာလျှင် သူသည် မကြာသေးမီကမှ ပေါက်လာသော ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ အသည်းငယ်တတ်သည်။ ထို့ကြောင့် သူ မျက်လုံးမှိတ်ထားနိုင်ရန် ယီရင် ကသာ သူ့ကို အပြင်သို့ လမ်းပြခေါ်ဆောင်သွားရလေ့ရှိသည်။

နဂါးမီးတောက်များ တငွေ့ငွေ့ လောင်ကျွမ်းနေသော အခွံတစ်ခုပါရှိသည့် ဧရာမ အမည်းရောင် တွားသွားသတ္တဝါကြီး တစ်ကောင်အနေဖြင့် သူသည် သတ္တိ သိပ်မရှိလှပေ။ ယခုပင်လျှင် သူသည် သူ၏ အနက်နှင့်အနီစပ် မျက်လုံးပြူးကြီးများဖြင့် ဟိုသည် ဝေ့ဝဲကြည့်ရှုနေ၏။

"ငါတို့ မြေပြင်ပေါ် မရောက်သေးဘူးလား..."

သူက နက်ရှိုင်းပြီး ဟိန်းထွက်နေသော အသံကြီးဖြင့် မေးလိုက်သည်။

"ငါတို့ ဆင်းသက်ရတော့မှာလေ... ဘာလို့ မဆင်းသေးတာလဲ..."

ကပ်ဆီးယပ်စ်က လှည့်ကြည့်လိုက်ပြီး သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်၏။ သူ၏ အပြင်ဘက် ဝတ်ရုံအောက်တွင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ထိုအရာက ယီရင်အတွက်တော့ ထူးဆန်းနေဆဲပင်။ သူမ သိကျွမ်းဖူးသူတိုင်းမှာ ကျင့်ကြံသူ များ၏ ဝတ်ရုံ သို့မဟုတ် သံချပ်ကာများကို ဝတ်ဆင်၍သာ တိုက်ခိုက်တတ်ကြသည်။

"တောင်းပန်ပါတယ် အော်သို..."

ကပ်ဆီးယပ်စ် က ပြောလိုက်သည်။

"ခင်ဗျား ဆေးသောက်သင့်နေပြီ..."

အော်သိုသည် ယိုင်နဲ့နေသော ထိုင်ခုံငယ်လေး တစ်ခုကဲ့သို့ ခြေတစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးပြောင်းရပ်နေပြီး သူ၏ မျက်လုံးများက ပြတင်းပေါက် တစ်ခုမှ အခြားတစ်ခုသို့ လူးလာခေါက်တုံ့ ကြည့်ရှုရင်း တိမ်တိုက်များကို စိုက်ကြည့်နေ၏။

"ငါတို့က မရောက်... အဲဒါက မဟုတ်... ငါတို့ ဘာလို့ ဒီလောက် မြင့်နေရတာလဲ... ဟင်... ငါတို့ ဘာလို့ ဒီအပေါ်ကြီးအထိ ရောက်နေရတာလဲ..."

ကပ်ဆီးယပ်စ် သည် အပြာရောင် အစင်းကြောင်းများ ပါရှိသော ခရမ်းရောင် ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်သည်။

"ခင်ဗျားရဲ့ ဆေးကို သောက်လိုက်ပါ အော်သို... မကြာတော့ပါဘူး... ငါတို့ ဆင်းသက်ဖို့ ချဉ်းကပ်နေပါပြီ... ခင်ဗျား နိုးလာတဲ့အခါ လင်းတုန်း နဲ့ အတူ ရှိနေပါလိမ့်မယ်..."

"သူက အားနည်းတယ်..."

အော်သို က ရေရွတ်လိုက်သည်။ သူသည် ခေါင်းကို ဆန့်ထုတ်ကာ ကပ်ဆီးယပ်စ် ၏ လက်ထဲမှ ဆေးလုံးကို လှမ်းဟပ်လိုက်၏။

"အရမ်းကို အားနည်းတယ်... သူ သေတောင် သေနေလောက်ပြီ... ငါက ငါ... အရင်ကဖြစ်ခဲ့တဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားတော့မှာပေါ့..."

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် မှိန်းမောသွားပြီး သူ၏ ခေါင်းနှင့် ခြေလက်များကို အခွံထဲသို့ ရုပ်သိမ်းလိုက်၏။ ယခုအခါ သူတို့၏ ဧည့်ခန်းအလယ်တွင် ဧရာမ အမည်းရောင် လိပ်ခွံကြီး တစ်ခု ရှိနေပြီး ငြိမ်းလုဆဲဆဲ မီးဖိုတစ်ခုမှကဲ့သို့ သူ၏ထံမှ မီးခိုးများ လွင့်ပျံနေလေသည်။

"သူက နေရောင်ခြည်လေးထက်တောင် ပိုပြီး ရွှင်မြူးနေသေးတယ်..."

ယီရင်က ပြောလိုက်သည်။ လင်းတုန်း ၏ တိုက်ပွဲအပြီးတွင် သူ အားနည်းသွားခဲ့သည့် အကြောင်းကို သူမ ကြားသိခဲ့ပြီး ဖြစ်သည်။ သို့သော် လင်းတုန်း သာ သေဆုံးသွားခဲ့လျှင် သူလည်း ထိုနည်းတူ ခံစားရနိုင်ကြောင်း အော်သို က ဝန်ခံခဲ့၏။ သူသည် အရင်က စာချုပ်ချုပ်ဆိုထားသူ တစ်ယောက်၏ သေဆုံးခြင်းကို တစ်ခါမှ မခံစားခဲ့ဖူးပေ။ ထိုအချိန်ကတည်းက လင်းတုန်း ၏ မာဒြာ များ ပြန်လည်ကောင်းမွန်လာပြီဟု သူ ထင်ခဲ့သော်လည်း သူ သေချာပေါက် မပြောနိုင်ချေ။ သူက ထိုခံစားချက်နှင့် ရိုးအင်းသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူမသည် အနည်းငယ်မျှသော စိုးရိမ်ပူပန်မှုကို ဖယ်ရှားမပစ်နိုင်ခဲ့ပေ။ သူမကို အာရုံလွဲသွားစေနိုင်လောက်အောင် မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိတော့ ရှိနေလေသည်။

"အနည်းဆုံးတော့ ဆေးတွေက အလုပ်လုပ်နေတုန်းပဲလေ..."

ကပ်ဆီးယပ်စ် က အိပ်ပျော်နေသော အော်သို ၏ ပုံသဏ္ဌာန်ကို ကြည့်ရင်း ပြောလိုက်သည်။

"သူ နိုးနေတဲ့ အချိန်မှာတောင် အဲဒီဆေးတွေက သူ့ရဲ့ မာဒြာ တွေကို ငြိမ်သက်နေစေတယ်..."

"သူ အိမ်ကို ဆွဲဖြဲမပစ်ဘူးလေ... ငါ့ကိုမေးရင် အဲဒါက ဆုကြီးတစ်ခု ရလိုက်တာပါပဲ..."

ကပ်ဆီးယပ်စ် က ခလုတ်ခုံဆီသို့ ပြန်လှည့်လိုက်၏။

"ဒါက ငါတို့ရဲ့ နောက်ဆုံး ဆေးလုံးပဲ... ဒါကြောင့် အပြန်ခရီးအတွက်တော့ အီသန် နဲ့ လင်းတုန်း တို့ကိုပဲ အားကိုးရတော့မယ်... နဂါးမီးတောက် တစ်ရှိုက်လောက် မှုတ်ထုတ်လိုက်ရင်ကို ငါတို့က ဥက္ကာပျံတစ်စင်းလို မြေကြီးပေါ် ပြုတ်ကျသွားလိမ့်မယ်..."

တိမ်တိုက်သည် တောင်ထိပ်ရှိ ဘုရားကျောင်းဆီသို့ ဦးတည်သွားစေရန် သူက အိမ်ကို အောက်ဘက်သို့ အနည်းငယ် စောင်းလိုက်သည်။ သူမသည် သူ၏ ဘေးတွင် ရပ်ရန် လျှောက်သွားလိုက်၏။

"အဲဒါလား..."

"အီသန် အဲဒီအောက်မှာ ရှိတယ်..."

ကပ်ဆီးယပ်စ် က အတည်ပြုပေးလိုက်သည်။

"အခန်းတစ်ခန်းထဲမှာ ဝိညာဉ်အကြွင်းအကျန် အစိတ်အပိုင်းတချို့ကို ချထားတာ ငါ မြင်လိုက်သလိုပဲ... ဒါကြောင့် ဖစ်ရှာ ဂီရှာက နေရာချထားပြီးလောက်ပြီ...”

ထိုသို့မဟုတ်လျှင်လည်း ဝိညာဉ်အကြွင်းအကျန် အချို့ ဂူတစ်ဂူထဲတွင် သေဆုံးသွားခြင်း ဖြစ်နိုင်ပေသည်။ ပြီးတော့ သူက လင်းတုန်း နှင့် ပတ်သက်၍ တစ်ခွန်းတစ်ပါဒမျှ ထုတ်မပြောခဲ့သည်ကို သူမ သတိထားမိလိုက်၏။

သူမသည် ထိုင်စရာနေရာတစ်ခု ရှာရန် လှည့်လိုက်သည်။ သင်္ဘောဆင်းသက်ချိန်တွင် ထိုင်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူမ သင်ယူထားခဲ့ပြီး ဖြစ်၏။ ထိုသို့ လှည့်လိုက်စဉ်မှာပင် တောင်တန်းများ၏ ဆန့်ကျင်ဘက် တောင်ဘက်အရပ် မိုင်အနည်းငယ် အကွာမှ စွမ်းအားလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို သူမ ခံစားလိုက်ရသည်။ မိုင်အနည်းငယ်မျှသာ ကွာဝေးပြီး ၎င်းက ရင်းနှီးနေသော သွေး မာဒြာ ၏ ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

အနည်းဆုံးတော့ ၎င်းက သည်ထက်ပို၍ နီးကပ်မနေခဲ့ပေ။ ကျွမ်းကျင်သူ များအကြား ရုတ်တရက် ဖြစ်ပွားသော တိုက်ပွဲတစ်ခုသည် ကြွေထည်ဆိုင်တစ်ဆိုင်အတွင်းမှ ငလျင်တစ်ခုကဲ့သို့ ဖြစ်နိုင်ပေသည်။ ဖြစ်နိုင်သည်မှာ ထိုတိုက်ပွဲက...

သူမ၏ သွေးအရိပ် သည် ရုတ်တရက် ပြေကျသွားခဲ့၏။

ထိုမျှ လျင်မြန်စွာပင် သူမ၏ နောက်ကျောတွင် ချည်နှောင်ထားသော အထုံးမှာ ပြေကျသွားခဲ့သည်။ သူမ၏ ဆရာ ချန်ထားရစ်ခဲ့သော အစီအရင် မှာ ပျောက်ကွယ်သွားခဲ့လေပြီ။ မည်သည့် သတိပေးချက်မျှ မရှိခဲ့ပေ။

သူမ၏ ခါးပတ်သည် မြွေတစ်ကောင်ကဲ့သို့ ရစ်ခွေနေရာမှ ပြေကျလျော့ရဲသွား၏။

ထိတ်လန့်နေရန် အချိန်မရှိတော့ပေ။ အော်သို ၏ အပူငွေ့များ နောက်ကျောတွင် ရှိနေလျက် သူမသည် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ ဝိညာဉ် အပေါ်သို့ အာရုံစိုက်လိုက်သည်။ သွေးရောင်လွှမ်းနေသော အနီရောင် အလင်းတန်းတစ်ခုက သူမ၏ ကိုယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာနေပြီ ဖြစ်၏။ ၎င်း၏ အမြစ်များသည် သူမ အမြုတေ ၏ ငွေရောင် အလင်းတန်းကို ရှာဖွေနေကြသည်။ သူမသည် သူမ၏ မာဒြာ များကို အတင်းအကျပ် လှည့်ပတ်လိုက်ရာ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး ငွေရောင် အလင်းတန်းများက အနီရောင်ကို နောက်သို့ ပြန်လည် တွန်းထုတ်လိုက်သည်။

၎င်းက သူမ၏ ကိုယ်တွင်းသို့ တိုးဝင်ချင်နေသည်။ သူမကို ကူးစက်ချင်နေ၏။ ပြီးတော့ သူမဆရာ၏ အကာအကွယ်မှာလည်း မရှိတော့ချေ။

ထိုအတွေးက သူမ၏ အသက်ရှူနှုန်းကို ပို၍ မြန်ဆန်လာစေခဲ့သည်။ သို့သော် သူမ၏ မာဒြာ များအပေါ် ထိန်းချုပ်မှု မဆုံးရှုံးမီ သူမကိုယ်သူမ ပြန်လည် တည်ငြိမ်စေလိုက်ပြီး သွေးအရိပ် ကို နောက်ဆုတ်သွားစေရန် အတင်းအကျပ် တွန်းထုတ်လိုက်၏။ ယခုအခါ သူမသည် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ဖြစ်နေပြီဖြစ်ရာ ၎င်းက သူမကို အပြည့်အဝ မီအောင် မလိုက်နိုင်သေးပေ။ သူမက ၎င်းထက် ခြေတစ်လှမ်း သာနေဆဲ ဖြစ်သည်။ သူမကိုယ်သူမ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်လေသည်။

သူမ၏ ခါးပေါ်တွင် တစ်စုံတစ်ခု ရွေ့လျားသွားသဖြင့် သူမ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်၏။

အရိပ်သည် ကပ်ဆီးယပ်စ် ထံသို့ လှမ်းတက်သွားလေသည်။

၎င်းသည် အစာရှာနေသော ခြေလက်အင်္ဂါ တစ်ခုကဲ့သို့ သူမထံမှ ဆန့်ထွက်သွားပြီး သွေးများ ဖုံးလွှမ်းနေသော ၎င်း၏ အဖျားပိုင်းမှာ လက်ချောင်းများအဖြစ် ကွဲထွက်သွား၏။ ယခုအခါ ၎င်းသည် ကပ်ဆီးယပ်စ် ထံသို့ တကယ်ပင် လှမ်းနေပြီး ၎င်း၏ လက်ချောင်းများက သူ၏ နောက်စေ့ကို ဆုပ်ကိုင်ရန် ကြိုးစားနေလေသည်။ သူမ၏ ဓား မာဒြာ ကြောင့် ပုံပေါ်နေသော ၎င်း၏ လက်ချောင်းထိပ်များမှာ ဓားများကဲ့သို့ ထက်မြက်နေ၏။

သူမသည် သတိပေးသံ တစ်ခုခုကို အစ်အောက်၍ အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးက ဖိတ်ခေါ်မထားသော ဧည့်သည်ကို တားဆီးရန် ရုန်းကန်နေရသဖြင့် စကားပြောရန် ခက်ခဲနေ၏။ သူမသည် ၎င်းကို နောက်သို့ ဆွဲယူရန် လက်နှစ်ဖက်ဖြင့်ပင် ဆုပ်ကိုင်ထားလိုက်သည်။ သို့သော် ၎င်းက ထိုင်လျက်ရှိနေသော သူမ၏ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်တွင် လက်မအနည်းငယ်ခန့် ဆွဲခေါ်သွားလေသည်။

ကပ်ပါးကောင် ၏ ဓားကဲ့သို့ ထက်မြက်သော လက်သည် ကပ်ဆီးယပ်စ် ၏ ရွှေရောင် ဆံပင်ကောက်ကောက်လေးများပေါ်သို့ ဆုပ်ကိုင်မိသွား၏။

သို့သော် သူသည် နောက်သို့ လှည့်မကြည့်ဘဲ ဘေးသို့ လျှောတိုက် ရှောင်တိမ်းလိုက်လေသည်။

သူသည် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ငွေရောင် မာဒြာ လှံစွန်းတစ်ခုက သူ၏ လက်သီးဆုပ်ထဲမှ ထွက်ပေါ်လာပြီး နီရဲနေသော လက်ဝါးအလယ်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွား၏။ သွေး မာဒြာ များသည် မျက်နှာကြက်ပေါ်သို့ ပေကျံသွားပြီးနောက် ရှူးခနဲ အသံနှင့်အတူ အနှစ်သာရများအဖြစ် ပျော်ဝင်သွားလေသည်။

ယီရင်သည် မျက်နှာပေါ်တွင် ချွေးများ စီးကျနေလျက် သတိပေးစကား ပြောရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း နောက်ဆုံးတွင် သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်။ အာရီလီယပ် တစ်ယောက်သည် နောက်စေ့တွင် မျက်လုံးများ ပါရှိနေသကဲ့သို့ပင် ဖြစ်လေသည်။

အရိပ် သည် အနီရောင် ဝါးတားတားဖြင့် နောက်တစ်ကြိမ် လှုပ်ရှားလာပြန်ရာ ကပ်ဆီးယပ်စ် က သူ၏ နေရာတွင် မားမားမတ်မတ် ရပ်နေခဲ့သည်။ သူ၏ လက်နှစ်ဖက်လုံးဖြင့် ထိုးနှက်လိုက်ရာ သွေးအရိပ် ထံမှ အပိုင်းအစများ ပေါက်ကွဲ လွင့်စင်သွား၏။

သို့သော် အပြန်အလှန် တိုက်ခိုက်မှု ပြီးဆုံးသွားသောအခါ သူ၏ လက်မောင်းတွင် ခြစ်ရာတစ်ခု ရသွားခဲ့သည်။ ၎င်းထံမှ သွေးတစ်စက် စိမ့်ထွက်လာလေသည်။

"ဝေးဝေးသွား..."

ဖိတ်ခေါ်မထားသော ဧည့်သည်ကို ဆွဲငင်ရင်း သူမက အသံထွက်အောင် ကြိုးစားပြောလိုက်၏။

"သွေး..."

ကပ်ဆီးယပ်စ် သည် သူမနှင့် ကပ်ပါးကောင် တို့ကို အကဲခတ်ကြည့်လိုက်ပြီး မည်သည့်မေးခွန်းမျှ မမေးဘဲ နောက်သို့ ပြေးဆုတ်သွားသည်။ သို့သော် ထိုသွေးစက်မှာ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။

သွေးအရိပ် သည် ငါးကို ထိုးသုတ်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ ၎င်းအပေါ်သို့ ခုန်အုပ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ သွေးစက်လေးပေါ်သို့ ၎င်း၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သွေး အော်ရာ နှင့် မာဒြာ များ တောက်လောင်လာပြီး တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ရှုပ်ထွေးသော နည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် ကပ်ပါးကောင် သည် လျော့ရဲသွားသည်။ ၎င်းက နောက်ဆုတ်သွားသဖြင့် သူမက ၎င်းကို ခြေအနည်းငယ်ခန့် နောက်သို့ ပြန်ဆွဲယူနိုင်ခဲ့လေသည်။

မည်သည့်အတွက်ကြောင့်ဆိုသည်ကို သူမ သိနေသည်။ ဤနည်းစနစ်ကို သူမ အရင်က မြင်ဖူးခဲ့ပြီး ဖြစ်၏။

၎င်းက သူမ၏ အိမ်ကို ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။

ထိုသွေးတစ်စက်တည်းက မျိုးစေ့တစ်စေ့ ဖြစ်ခဲ့သည့်အလား စက္ကန့်ပိုင်းအတွင်း သတ္တဝါတစ်ကောင် ပေါက်ဖွားလာခဲ့သည်။ ၎င်းသည် သွေးခဲများဖြင့် ဖွဲ့စည်းထားသည့်အလား နီရဲနေသော အရုပ်တစ်ရုပ်ဖြစ်ပြီး လူတစ်ယောက်၏ ပုံသဏ္ဌာန် ရှိသော်လည်း အရပ်အမောင်းမှာ တစ်ဝက်ခန့်သာ ရှိသည်။ ၎င်း၏ ခေါင်းပေါ်တွင် မည်သည့် မျက်နှာအသွင်အပြင်မျှ မရှိသော်လည်း အမဲလိုက်ခွေး တစ်ကောင်ကဲ့သို့ ကပ်ဆီးယပ်စ် ဘက်သို့ လှည့်လာ၏။ ၎င်းသည် လူဝံတစ်ကောင်ကဲ့သို့ ဟန်ချက်ညီစေရန် လက်များကို အသုံးပြု၍ သူ၏ထံသို့ ခုန်ပေါက် ပြေးဝင်လာလေသည်။

သူမ၏ ဆရာက ၎င်းတို့ကို သွေးမိစ္ဆာ ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတို့မှာ သူမ၏ အိပ်မက်ဆိုးများပင် ဖြစ်လေသည်။

***

All Chapters