← Chapters

အခန်း ၂၉၄

Vol. 21 Ch. 294

အခန်း ၂၉၄

Vol. 21 Ch. 294

အပိုင်း(၂၉၄)

"သွေးမိစ္ဆာ တွေက ဖိတ်စင်သွားတဲ့ သွေးတွေကနေ ပေါက်ဖွားလာကြတာ..."

အီသန်က ဖစ်ရှာဂီရှာဘက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"သွေးတွေက မင်းကိုယ်ထဲမှာ ရှိနေသေးရင် ဒါမှမဟုတ် အရေပြားပေါ်မှာ ရှိနေသေးရင် မင်းရဲ့ မာဒြာ က ထိန်းချုပ်ထားနိုင်သေးတယ်... ဖီးနစ် ရဲ့ စွမ်းအားက အဲဒီသွေးတွေ မင်းရဲ့ ဝိညာဉ် လွှမ်းမိုးမှုအောက်ကနေ မလွတ်မြောက်သွားသရွေ့ ဘာမှ လုပ်လို့မရဘူး..."

"ဖီးနစ် ကိုယ်တိုင် နိုးထမလာသရွေ့ပေါ့..."

ကပ်ဆီးယပ်စ် က ထောက်ပြလိုက်သည်။ သူသည် ကောင်းကင် ကရုဏာ မှ ပြုတ်ကျလာသော ပြောင်းပြန်လန်နေသည့် ဆိုဖာတစ်လုံး၏ နောက်ကျောကို မှီထားပြီး ဟန်ချက်ညီပုံ မပေါ်သေးပေ။

အီသန်သည် လေထဲမှ တစ်စုံတစ်ခုကို ငေးကြည့်နေဆဲဖြစ်ပြီး အာရုံလွင့်ပါးစွာဖြင့် ခေါင်းညိတ်လိုက်၏။

"မိစ္ဆာနတ်ဘုရား တစ်ကောင်က မင်းတို့ရဲ့ အားနည်းတဲ့ ဝိညာဉ် အကာအကွယ်ကို ဂရုမစိုက်ဘူး... ဒါက သူ့ရဲ့ အပြည့်အဝ အာရုံစိုက်မှု မဟုတ်သေးဘူး... သူ နိုးထလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးလေး တစ်ခုလောက်ပဲ ရှိသေးတာ..."

ကပ်ဆီးယပ်စ် နှင့် ယီရင် တို့ထံမှ ကျဆင်းလာသော သွေးစက်များမှနေ၍ သွေးမိစ္ဆာ များ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သို့သော် အီသန် သည် သန့်စင်သော မာဒြာ များကို လျင်မြန်စွာ အကြိမ်အနည်းငယ် ပစ်လွှတ်လိုက်ပြီး ၎င်းတို့ကို ဖြန့်ခွဲပစ်လိုက်၏။ လင်းတုန်း သည် ထိုနည်းစနစ်ကို သင်ယူရန် လိုအပ်နေလေသည်။

"ခွင့်လွှတ်ပါ... ဒါပေမဲ့ ကျွန်တော်တို့ ဒီကနေ ထွက်သွားသင့်ပြီ..."‌

နောက်ဆုံးတွင် လင်းတုန်း က ပြောလိုက်သည်။ ထင်ရှားနေသောအရာတစ်ခုကို သူ ပြောနေရသကဲ့သို့ ခံစားရသော်လည်း မည်သူကမျှ မပြောခဲ့ပေ။ အကယ်၍ ထိုအနီရောင် အလင်းတန်းက ဖီးနစ် ၏ လွှမ်းမိုးမှု အတိုင်းအတာတစ်ခု ဖြစ်ခဲ့လျှင် သူတို့ ထိုအရာမှ လွတ်မြောက်အောင် ပြေးရမည် ဖြစ်သည်။

အီသန်က နောက်သို့ လှည့်မကြည့်ဘဲ တုံ့ပြန်လိုက်၏။

"ငါကိုယ်တိုင် ဒီကနေ ထွက်သွားလို့ ရတယ်... ယီရင် ကိုလည်း ငါ ခေါ်သွားလို့ရသလို ကပ်ဆီးယပ်စ် ကိုလည်း ခေါ်သွားနိုင်လောက်တယ်... မင်းက မင်းရဲ့ မိုင်တစ်ထောင် တိမ်တိုက် နဲ့ ဖစ်ရှာ ဂီရှာ ကို ခေါ်သွားလို့ရတယ်... ဒါပေမဲ့ ကျင်းလုံ နဲ့ ကျင်းချန် တို့ကရော ဘယ်လိုလုပ်မလဲ..."

လင်းတုန်း လန့်ဖျပ်သွား၏။ သူတို့ ဒီမှာ ရှိနေတုန်းပဲလား။

"ပြီးတော့ ငါတို့ တိုက်ခိုက်ပြီးမှ ထွက်သွားရမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ..."

အီသန် က ဆက်ပြောသည်။

"ငါတို့ တာဝန်ယူထားရတဲ့ သူတွေကို စွန့်ပစ်ခဲ့ရမှာလား... ငါတို့ ထွက်ပြေးရမယ် ဆိုရင်တောင် အရင်ဆုံး နေရာနည်းနည်း ရှင်းလင်းဖို့ လိုတယ်..."

ယီရင်သည် ယိုင်နဲ့နဲ့ မတ်တတ်ရပ်လိုက်ပြီး နာကျင်နေသကဲ့သို့ လက်တစ်ဖက်ကို ဆုပ်ကိုင်ထား၏။

"ဒါဆို အပိုတွေ ပြောမနေဘဲ လုပ်လိုက်ကြတာပေါ့..."

သူမက ပြောရင်း ဆရာဖြစ်သူ၏ ဓားရှိရာသို့ ယိုင်နဲ့နဲ့ လျှောက်သွားလိုက်သည်။ ကိုယ်ကိုကိုင်း၍ ဓားကို ကောက်ယူရခြင်းမှာ အလွန် နာကျင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်နေ၏။

"ဒီမှာ ထိုင်နေတာထက်စာရင်တော့ ပိုကောင်းပါတယ်..."

"စိတ်မပူပါနဲ့... သူတို့ ငါတို့ဆီ ရောက်လာကြပြီ..."

ချောက်ကမ်းပါး၏ အစွန်းတစ်ဖက်မှ လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ ဖြူဖျော့သော မျက်နှာကို ခါးအထိ ရှည်လျားသော အမည်းရောင် ဆံပင်များက ဝန်းရံထား၏။ သူသည် ပခုံးများကို ဖုံးအုပ်ထားသော မည်းမှောင်ပြီး ပုံသဏ္ဌာန်မဲ့ ကုတ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက ချောက်ကမ်းပါး အစောင်းမှနေ၍ ဖြည်းညင်းစွာ တက်လာသောအခါ ထိုဝတ်ရုံက သူ၏ ခြေထောက်များကိုပါ ဖုံးအုပ်ထားကြောင်း လင်းတုန်း မြင်လိုက်ရသည်။

သူသည် မြင့်တက်လာနေသော သွေးလှိုင်းလုံးကြီးတစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။

ရောက်လာသူအသစ်သည် သူ၏ အနီရောင် စင်မြင့်ပေါ်မှနေ၍ တောင်၏ အစွန်းပေါ်သို့ စကားတစ်ခွန်းမျှ မဆိုဘဲ လှမ်းတက်လာပြီး သူ၏ အကြည့်များကို အီသန် ထံ၌ စူးစိုက်ထားလိုက်၏။

"အဆင့်နိမ့် အရှင်သခင်..."

သူက တီးတိုးပြောလိုက်သည်။ ထို စကားတစ်ခွန်းတည်းကပင် သူ့ကို နာကျင်စေနေသကဲ့သို့ အသံထွက်ပေါ်လာ၏။

"ငါ ထင်တာ မမှားဘူးဆိုရင် သွေးနီလဂိုဏ်းက သံတမန် တစ်ယောက်ပဲ..."

အီသန် က ပြောလိုက်သည်။ သူ၏ အသံမှာ ရွှင်မြူးနေသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုမျှ မရှိသေးပေ။ သူက ကတ်ကြေးကို ညာဘက်လက်တွင် အသင့်ကိုင်ဆောင်ထားလေသည်။

"ငါက မရဏ ပဲ..."

သံတမန်က ပြောလိုက်သည်။ သူ၏ ညာဘက် လက်စွပ်အဆုံးတွင် တောက်ပနေသော အနီရောင် ချိတ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ သွေးရောင်ဆိုးထားသော သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုအလင်းရောင်အောက်တွင် အရာအားလုံးသည် နီရဲနေသဖြင့် ၎င်း၏ အရောင်မှာ မျက်စိလှည့်စားမှု တစ်ခုမျှသာ ဖြစ်နိုင်ပေသည်။

သို့သော် ထိုသို့ဖြစ်မည်ကို လင်းတုန်း သံသယဝင်နေမိ၏။

ထိုချိတ်သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လျှောကျသွားပြီး အနီရောင် သံကြိုးကွင်း တစ်ကွင်းပြီးတစ်ကွင်း ထွက်ပေါ်လာသည်။ ခဏအကြာတွင် ချိတ်က မြေပြင်ကို ထိမှန်သွားပြီး ချွင်ခနဲ အသံမည်သွားလေသည်။

အီသန်သည် ရန်သူ့လက်နက်မှသည် သူ၏ ကိုယ်ပိုင်လက်နက်ဆီသို့ အကဲခတ်ကြည့်လိုက်၏။

"မရဏ ဟုတ်လား... မင်း ငါ့ကို ကတ်ကြေးသေးသေးလေး လို့ ခေါ်လို့ရတယ်..."

မရဏမှာ ထိုနောက်ပြောင်မှုကို သဘောကျပုံ မပေါ်ပေ။ သူသည် ရေခဲဖြင့် ထုဆစ်ထားသော ရုပ်တုတစ်ခုကဲ့သို့ ရပ်နေလေသည်။

"မင်းရဲ့ သခင်က ဘာလိုချင်တာလဲ..."

အီသန် က မေးလိုက်သည်။ ထို့နောက် အာရီလီယပ် မိသားစု မှ အခြား အဖွဲ့ဝင်များနှင့် ဝေးရာသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်၏။

"မြောက်ဘက်..."

မရဏ က တီးတိုးပြောလိုက်သည်။

"သူက မြောက်ဘက်က ရတနာကို လိုချင်တာ..."

"ဒါဆိုရင်လည်း ငါတို့ကို ကျော်ပြီး သွားလိုက်လေ..."

အီသန် က ကမ်းလှမ်းလိုက်၏။

အီသန် ဘာလုပ်နေသနည်းဟု လင်းတုန်း တွေးတောနေမိသည်။ သူက အဘယ်ကြောင့် ရန်သူနှင့် သဘောတူညီချက်ရအောင် ကြိုးစားနေသနည်း။ အီသန် သည် ပြဿနာများကို စကားပြောဆို ဖြေရှင်းရန် မကြာခဏ ရွေးချယ်တတ်သော်လည်း သူတို့ တိုက်ခိုက်ရမည်ဟု စောစောကပင် သူ ပြောခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူသည် သွေးမိစ္ဆာ များကို မည်သည့်ပြဿနာမျှမရှိဘဲ ဖြန့်ခွဲနိုင်ခဲ့သည်။ သူက အဘယ်ကြောင့် ဤရောက်လာသူအသစ်ကို တောင်ပေါ်ကနေ ကန်ချမပစ်ခဲ့သနည်း။

လင်းတုန်း သည် ရွှံ့ညွန်ထဲသို့ လက်ကို နှစ်လိုက်ရသကဲ့သို့ ခံစားချက်ဖြင့် သူ၏ အာရုံခံနိုင်စွမ်းကို သတိကြီးစွာဖြင့် ဖြန့်ကျက်လိုက်၏။

တစ်ခဏအကြာတွင်တော့ အမှန်တရားကို သူ နားလည်သွားခဲ့လေပြီ။

မရဏသည် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ စွမ်းအားများဖြင့် တောက်လောင်နေလေသည်။

"မရဘူး..."

သံတမန်က တုံ့ပြန်လိုက်၏။

"ရတနာရဲ့ အစိတ်အပိုင်း တစ်ခုက ဒီမှာရှိတယ်..."

သူ၏ အသက်ရှူသံမှာ အက်ကွဲနေပြီး စကားလုံးများများ ပြောရခြင်းက သူ၏အတွက် အလွန်အမင်း ဝန်ပိနေပုံရသည်။

အီသန်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူ၏ အပြုံးများ ပြန်လည်ရောက်ရှိလာသည်။

"အင်း... ဒါဆိုရင် ငါတို့ သဘောတူညီမှု တစ်ခုကို ရနိုင်မယ်လို့ ငါထင်တယ်..."

စကားမဆုံးမီမှာပင် သူသည် အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားလေသည်။ သူ ရွေ့လျားသွားသောအခါ လေထုက သူ၏နောက်တွင် လက်ခုပ်တီးသံကဲ့သို့ မြည်ဟည်းသွားပြီး သူ၏ ကတ်ကြေးကို ရန်သူထံသို့ ထိုးစိုက်လိုက်၏။

ထို့နောက် ဘာဆက်ဖြစ်သွားသည်ကို လင်းတုန်း မမီလိုက်တော့ချေ။ ပေါက်ကွဲသံ၊ လေဟုန်ပြင်းပြင်း တိုက်ခတ်မှုနှင့် အနီရောင် အလင်းတန်း တစ်ချက် တောက်ပသွားသည်ကိုသာ သူ သိလိုက်ရသည်။

မရဏ ၏ လက်နက်အောက်တွင် ကျောက်တိုင်တစ်တိုင် ပေါက်ကွဲသွား၏။ ချိတ်သည် အီသန် ကို လွဲချော်သွားပြီး သူ၏ အနောက်ဘက်ရှိ အဆောက်အအုံကို ဝင်ရောက်ရိုက်ခတ်သွားခြင်း ဖြစ်သည်။ အီသန် သည် သံကြိုးကိုပင်လျှင် နီရဲပူလောင်နေသည့်အလား ရှောင်ရှားကာ ၎င်း၏ အပေါ်မှ ကျော်ခုန်လိုက်သည်။ ထို့နောက် သူ၏ လက်သီးကို မရဏ၏ ရင်ဘတ်အတွင်းသို့ ထိုးသွင်းလိုက်၏။ အရောင်အဆင်းမရှိသော စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သွေးနီလ ဂိုဏ်း ၏ သံတမန်ကို ဖြတ်သန်း ပေါက်ကွဲသွားလေသည်။

ဤ အပြန်အလှန် တိုက်ခိုက်မှုများသည် လင်းတုန်း မျက်စိဖြင့် လိုက်ကြည့်ရန် မြန်ဆန်လွန်းနေဆဲ ဖြစ်သည်။ သို့သော် သံတမန်မှာ အီသန် ၏ တိုက်ခိုက်မှုကြောင့် အနည်းငယ်မျှ နှေးကွေးသွားပုံ မပေါ်ချေ။ တိုက်ပွဲသည် အီသန် နောက်သို့ ခုန်ဆုတ်သွားခြင်းနှင့်အတူ အဆုံးသတ်သွားပြီး မရဏကမူ လက်တစ်ဖက်ကို ဆန့်ထုတ်ထားလေသည်။ ထိုလက်မှာ သူ၏ ကုတ်အင်္ကျီထဲမှ ထွက်ပေါ်နေပြီး လက်မောင်းတစ်ခုလုံးကို မာကျောသော အနီရောင်ဖြင့် ဖုံးအုပ်ထား၏။

‘အဲဒါက သူ့ရဲ့ ရွှေအဆင့် အမှတ်အသား လား... ဒါမှမဟုတ် သွေးမိစ္ဆာ တွေထဲက တစ်ကောင်ကများ သူ့ကို ဖုံးအုပ်ထားတာလား...’

သူသည် သူ၏ ချိတ်ကို သူ့ထံသို့ ပြန်ဆွဲယူလိုက်ပြီး ယခုအခါ အီသန် ထံသို့ ရိုက်ချလိုက်လေပြီ။ လင်းတုန်း ၏ နားစည်ကို နာကျင်စေလောက်သော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး အီသန် က ကတ်ကြေးဖြင့် ကာကွယ်လိုက်သောအခါ သံမဏိအချင်းချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။

ထိုရိုက်ခတ်မှု အရှိန်ကြောင့် အီသန်သည် တောင်ပေါ်ရှိ အဆောက်အအုံဆီသို့ လွင့်စဉ်သွားခဲ့ပြီး မရဏ ကလည်း ချက်ချင်းပင် သူ၏ နောက်သို့ လိုက်ပါသွား၏။

အစမှ အဆုံးအထိ ဤ အပြန်အလှန် တိုက်ခိုက်မှု တစ်ခုလုံးသည် နှစ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့လေသည်။

လင်းတုန်းသည် အဆောက်အအုံ အတွင်းမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့် ရိုက်ခတ်သံများကို ငေးကြည့်နေမိ၏။ သူ တုန်ယင်သွားသည်။

ထိုတိုက်ခိုက်မှုများထဲမှ တစ်ချက်ကိုမျှ သူ ကာကွယ်နိုင်ခဲ့မည် မဟုတ်ပေ။ သူသည် ချက်ချင်းပင် သေဆုံးသွားခဲ့မည် ဖြစ်သည်။

ကျင်းလုံကို အီသန် ၏ အဆင့်နှင့် နီးစပ်သည်ဟု သူ တွေးထင်ခဲ့မိသည်။ သို့သော် အဆင့်နိမ့် အရှင်သခင် သို့ သွားရာ ပထမခြေလှမ်းသည် အစစ်အမှန် စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ကြောင်း သူ သိလိုက်ရလေသည်။

"ငါတို့ ဒီကနေ ထွက်သွားကြမယ်..."

ယီရင် လမ်းလျှောက်နိုင်ရန် ကူညီပေးရင်း လင်းတုန်း က ပြောလိုက်သည်။ သူမက သူ့ကို လက်ကာပြလိုက်သော်လည်း ထိုသို့လှုပ်ရှားလိုက်မှုကြောင့် သူမ မျက်နှာရှုံ့မဲ့သွားပြီး လက်မောင်းမှာ စတင် ရောင်ရမ်းလာ၏။ သူသည် အရေးပေါ် အခြေအနေအတွက် သူမ၏ ဘေးတွင်သာ ဆက်နေလိုက်သည်။

ကပ်ဆီးယပ်စ် မှာ ပို၍ပင် ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး သူ၏ မျက်လုံးများက အဝေးသို့ ငေးမောနေသည်။ ဖစ်ရှာ ဂီရှာသည် လင်းတုန်း ၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်ပြီး အဆောက်အအုံ၏ ဘေးပေါက်ဆီသို့ အပြေးအလွှား သွားလေသည်။ အီသန် ၏ တိုက်ပွဲမှ အသံများမှာ အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူမက သတိထားနေဆဲပင်။

ကပ်ဆီးယပ်စ် က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

"မဖြစ်သေးဘူး... နောက်ထပ် လာနေသေးတယ်..."

လင်းတုန်းသည် မြေပြင်ကို အကဲခတ်ကြည့်လိုက်သော်လည်း သွေးမိစ္ဆာ အသစ်များ ထွက်ပေါ်လာခြင်း မရှိပေ။ ယီရင် နှင့် ကပ်ဆီးယပ်စ် တို့၏ ဒဏ်ရာများမှ သွေးများ ကုန်ခန်းသွားပြီ ဖြစ်ပုံရသည်။

"ငါတို့ဆီကလိုတော့ မဟုတ်ဘူး..."

ကပ်ဆီးယပ်စ် က ပြောလိုက်ပြီး ချောက်ကမ်းပါး၏ အစွန်းဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ မရဏ ပထမဆုံး ထွက်ပေါ်လာခဲ့သော နေရာတွင် ယခုအခါ မျက်နှာ အသွင်အပြင် မရှိသော ခေါင်းများစွာက အစွန်းမှနေ၍ ထွက်ပေါ်လာနေကြသည်။ ၎င်းတို့သည် ပုံပျက်ပန်းပျက် ဖြစ်နေသော လက်မောင်းများဖြင့် တွယ်တက်လာကြ၏။

သို့သော် ဤအကောင်များမှာ ယီရင်နှင့် ကပ်ဆီးယပ်စ်တို့၏ သွေးစက်များမှ မွေးဖွားလာသည့်ကောင်များနှင့် တစ်နည်းနည်းဖြင့် ကွာခြားနေပုံရသည်။

အခြားကောင်များသည် အနည်းငယ် ထောင့်ကျိုးပုံစံရှိပြီး ချွန်ထက်သော အသွင်အပြင်များနှင့် ရှည်လျားသော ခြေလက်များ ရှိကြသည်။ ဤအကောင်များကိုလည်း သွေး မာဒြာ ဖြင့် ဖွဲ့စည်းထားဆဲဖြစ်ပြီး မျက်နှာများ မရှိကြသေးပေ။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တွန့်လိမ် ရှုပ်ထွေးနေ၏။ အတွင်း၌ သစ်သား အရိုးစုတစ်ခု ရှိနေသည့်အလားပင်။ ၎င်းတို့၏ နီရဲသော အရေပြားတွင် အကြောပုံစံများ ရှိနေပြီး လွင့်ဝဲနေသော သစ်ရွက်များကို လင်းတုန်း မြင်ယောင်သွားစေလေသည်။

တစ်ခဏအကြာတွင်တော့ သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့လေပြီ။ သွေးမိစ္ဆာ များထဲမှ တစ်ကောင်သည် အနီရဲရဲ သစ်ရွက်များ ဖုံးလွှမ်းနေသော နီရဲသည့် နွယ်ပင်အခက်အလက်များ အဖြစ် ပေါက်ကွဲထွက်သွားသည်။ ထိုနွယ်ပင်များသည် ဆာလောင်နေသော မြွေအုပ်ကြီး တစ်အုပ်ကဲ့သို့ မြေပြင်ကို ဖြတ်သန်း၍ သူတို့ထံသို့ ပြေးဝင်လာကြ၏။

လင်းတုန်း၏ ဘေးတွင် ယီရင် တုန်ယင်သွားသည်။ သူမ၏ အသားအရေမှာ ပုံမှန်ထက်ပင် ပို၍ ဖြူဖျော့နေ၏။ သွေးထွက်လွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူမသည် ဆရာဖြစ်သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သူမ ဤမျှလောက် ထိတ်လန့်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"မဖြစ်ရဘူး... မဖြစ်ရဘူး... မဖြစ်ဘူး..."

သူမက ပြောလိုက်၏။

"ဒီတစ်ကြိမ်တော့ မဖြစ်ရဘူး..."

သူမသည် အသည်းအသန် အော်ဟစ်လျက် ဆုပ်ကိုင်လာသော နွယ်ပင်များကို သူမ၏ အဖြူရောင် ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ လင်းတုန်း သည် ခေါင်းလောင်းသံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရပြီး သူ၏ ဝတ်ရုံအစွန်းများကို တစ်စုံတစ်ခုက ဖြတ်တောက်သွားလေသည်။

နွယ်ပင်များမှာ အရည်အဖြစ်ရှိသော မာဒြာ များအဖြစ် ဖွာထွက်သွားပြီး လျင်မြန်စွာ ပျော်ဝင်သွားကြ၏။

သွေးမိစ္ဆာ အုပ်ကြီးမှာလည်း ထိုနည်းတူပင် ဖြစ်သွားလေသည်။

သူမ မောပန်းနွမ်းနယ်စွာ ခွေကျသွားချိန်တွင် လင်းတုန်း က သူမကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆွဲလိုက်သည်။ သို့သော် သူ၏ ရုတ်တရက် လှုပ်ရှားမှုက သူ၏ ညာဘက် ပြတ်နေသော လက်စွန်းတွင် ပတ်ထားသည့် အစီအရင် ပတ်တီးကို ပြေကျသွားစေ၏။ ချက်ချင်းဆိုသလိုပင် နာကျင်မှုများ ပြန်လည် ထိုးနှက်လာပြီး သူ၏ မျက်လုံးများ အာရုံလွင့်ပါးသွားလေသည်။

သူသည် ဒူးထောက်ကျသွားပြီး သူမကိုပါ အတူတကွ ဆွဲခေါ်သွားလေတော့သည်။

သူမသည် ခေတ္တမျှ တုန်ယင်သွားပြီးနောက် သူ၏ ညာဘက်လက် ရှိခဲ့ဖူးသော လွတ်ဟာနေသည့် နေရာဆီသို့ အကြည့်များ စူးစိုက်သွားလေသည်။

"နင့်ရဲ့ လက်မောင်း..."

ပြူးကျယ်နေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်ရင်း သူမက ပြောလိုက်၏။

သူက အတင်းပြုံးပြလိုက်သည်။

"မသေတာထက်တော့ ပိုကောင်းသေးတယ် မဟုတ်လား..."

***

All Chapters