အခန်း ၂၅၉၁
Vol. 186 Ch. 2591
အပိုင်း(၂၅၉၁)
"မင်း ငါ့ရဲ့ လှံ ဖြစ်လာဖို့ ဆန္ဒရှိလား... နောက်ပြီး မင်းရဲ့ ဒီဘဝသစ်မှာ ငါ့ရဲ့ မိန်းမ ဖြစ်လာဖို့ကော ဆန္ဒရှိလား..."
“...”
ရန်ကျူး၏ မျက်လုံးများ အံ့ဩမှုကြောင့် အနည်းငယ် ပြူးကျယ်သွားသည်။ ထို့နောက် သူမ၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့က အေးမြသော သက်သာရာရမှု တစ်ခုကို ခံစားလိုက်ရ၏။
ဝေ့ဝူယင်သည် သူမ၏ အသက်ကို အဘယ်ကြောင့် ကယ်တင်ခဲ့သနည်းဆိုသည်မှာ အရေးမကြီးတော့ချေ။ သို့သော် သဘောကျနှစ်သက်ခြင်းကြောင့်ဟူသော ရိုးရှင်းသည့် အကြောင်းပြချက်ဆိုလျှင်တော့ သူ၏ ရည်ရွယ်ချက်များကို သူမ သံသယဝင်နေမိမည် ဖြစ်သည်။ သူမသည် ယင်မီးဖို တစ်ခု မဖြစ်ချင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ အစေခံရန်အတွက် အခြားသူများကို ကယ်တင်လေ့ရှိသော ကျင့်ကြံသူများအကြောင်းကိုမူ သူမ ကောင်းစွာ သိရှိထားလေသည်။
ဤကမ်းလှမ်းမှုအပေါ် ဂလက်ဆီ ပေါင်းများစွာမှ မရေမတွက်နိုင်သော အမျိုးသမီးများက အနှိုင်းမဲ့ မနာလိုဖြစ်ကြမည်ကို သူမ လုံးဝ မသိရှိခဲ့ချေ။ တိုက်ကြီးတစ်ခု၏ ကျယ်ပြောမှုဖြင့်သာ ကန့်သတ်ခံထားရသော သူမ၏ သေမျိုးစိတ်က ထိုအရာကို နားလည်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ သို့ရာတွင် အသက်ရှင်လျက် ကောင်းမွန်စွာ ရှိနေသော ဝေ့ဝူယင်သည် သေဆုံးသူများကို အသက်ပြန်ရှင်လာစေနိုင်သည့် စွမ်းအားများ စုဆောင်းမိသည်အထိ လုံလောက်စွာ လုပ်ဆောင်နေနိုင်ပြီဖြစ်ကြောင်းကိုမူ သူမ သိရှိထားလေသည်။
ထိုကောင်လေးသည် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် တိုက်ကြီး၏ အထွတ်အထိပ်၌ ရှိနေသော ဖမ်းဆုပ်ရန်ခက်ခဲသည့် ကြယ်တာရာ အမြုတေ အဆင့် သို့ ရောက်ရှိနေခဲ့ပြီလော။ အလွန် အံ့ဩဖွယ်ကောင်းလှပေသည်။
သူမသည် လှံတစ်ချောင်းကဲ့သို့ ထက်မြက်သည်။ ထိုးဖောက်နိုင်စွမ်းရှိသည်။ သူမ၏ လုပ်ရပ်များတွင် အမြဲတမ်း တိုက်ရိုက်ကျလေ့ရှိသည်။
"ငါ ဒဏ္ဍာရီလာ သေမျိုးနတ်ဘုရား အဆင့်ကို မရောက်မချင်း ငါရဲ့ မူလယင် ကို အဆုံးရှုံးမခံချင်သေးဘူး... နင် အဲဒါကို လေးစားပေးနိုင်မယ်လို့ မျှော်လင့်တယ်..."
သူမက ဆိုလိုက်၏။
'ဒဏ္ဍာရီလာ ဟုတ်လား...'
သူမ၏ မထိမခိုက်ရသေးသော မူလယင် အရင်းအမြစ်ကို မြင်လိုက်ရသောအခါ ဝေ့ဝူယင် သဘောကျသွားခဲ့သည်။ ယန်နယ်မြေများတွင် လုံးဝကို ရိုင်းစိုင်းစွာ ပြုမူနေတတ်သော ထိုအမျိုးသမီးသည် သေဆုံးချိန်အထိတိုင်အောင် သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းထားခဲ့သည်လား...။ သေမျိုးနတ်ဘုရား အဆင့်နှင့် ပတ်သက်၍ တွေးမိသောအခါ လွမ်းဆွတ်မှု လှိုင်းလုံးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။ လွန်ခဲ့သော နှစ်များစွာက ထိုအချိန်များတွင် သူကိုယ်တိုင်လည်း ထိုအဆင့်ကို ရောက်ရှိရန် ကြိုးပမ်းခဲ့ဖူးလေသည်။
သေမျိုးနတ်ဘုရား ဆိုသည့် နာမည်ကို အနန္တ ကုန်းမြေတိုက်ကြီးတွင် ဟန်ရှဲ့က နောက်ပြောင်သည့်အနေဖြင့် အမည်ပေးခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ်... ၎င်းမှာ ချီပျစ်ခဲခြင်း အဆင့်၏ မှားသောအမှန် အဆင့်တွင် ရှိနေကြခြင်း ဖြစ်သည်။ ထိုအချိန်ကာလကို ပြန်တွေးမိသောအခါ ဝေ့ဝူယင် ရယ်မောလိုက်မိသည်။
ရန်ကျူးသည် ဝေ့ဝူယင်က သူမအား သရော်နေသည်ဟု ခံစားရသဖြင့် နှုတ်ခမ်းစူလိုက်သည်။ သူမ၏ မူလယင် ပျက်စီးခြင်း မရှိသေးကြောင်းကို အတည်ပြုရန် သူမသည် သိုသိပ်သော အစီအရင်တစ်ခုကို အသုံးပြုလိုက်၏။ ထိုသို့ အတည်ပြုပြီးနောက်မှ သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်သည်။
"ဘာလဲ... နင် အဲဒီလောက်တောင် မစောင့်နိုင်တော့ဘူးလား..."
ဝေ့ဝူယင်၏ ရယ်မောသံမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။ သူမက သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာခြင်းမှတစ်ဆင့် သူမ သိသိသာသာ ဒေါသထွက်နေကြောင်း သူ ခံစားလိုက်ရသည်။ သူသည် ရယ်ရလွန်း၍ မျက်ရည်ကျလုမတတ် ဖြစ်နေပြီး သူ့ကိုယ်သူ ရပ်တန့်နိုင်ရန် သူ၏ စိတ်စွမ်းအား တစ်စက်မကျန် အသုံးပြုလိုက်ရလေသည်။ ပြီးနောက် သူက...
"ရန်ကျူး... မင်း ငါ့ကို ယုံလား..."
"မယုံဘူး..."
သူမက ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
"ငါ နင့်ကို လွှင့်ပစ်နိုင်တဲ့ အကွာအဝေးလောက်ပဲ နင့်ကို ငါ ယုံတယ်... ပြီးတော့ နင့်ရဲ့ အရွယ်အစား၊ သေချာလေ့ကျင့်ထားတဲ့ ကြွက်သားတွေနဲ့ နင် ဘယ်လောက် အရပ်ရှည်လဲဆိုတာကို ထည့်တွေးကြည့်ရင် လုံးဝကို ဝေးဝေး လွှင့်ပစ်နိုင်မှာ မဟုတ်ဘူး..."
သူမသည် အမြဲတမ်းလိုလို တိုက်ရိုက်ကျလွန်းလှသည်။
"ကောင်းပြီ... ဒါဆို မင်းရဲ့ စိတ်ကို ကျယ်ပြန့်သွားအောင် ငါ့ကို လုပ်ခွင့်ပြုပါ..."
သူသည် ကျောက်စိမ်းပုလင်းလေး တစ်လုံးထဲမှ ဆေးရည်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများက အာကာရှစ် အရောင်ခုနစ်မျိုး၏ နူးညံ့သော ရောင်စဉ်များဖြင့် တောက်ပသွားခဲ့လေသည်။
ပုလင်းငယ်ကို ကြည့်လိုက်ချိန်တွင် သူမ၏ ချီနှလုံးသား လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမသည် တစ်စက္ကန့်ခန့် စဉ်းစားလိုက်၏။ သတိထားနေသော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ ထိုပုလင်းငယ်ကို တုံ့ဆိုင်းမှုမရှိဘဲ ဆွဲယူလိုက်လေသည်။ သူမသည် အပြုံးဖြင့် တိုက်တွန်းနေသော ဝေ့ဝူယင်ကို ခဏတာ ကြည့်လိုက်သည်။ ထို့နောက် ပုလင်းထဲရှိ အရာများကို သူမ၏ ပါးစပ်ထဲသို့ လောင်းထည့်ကာ ချက်ချင်း မျိုချလိုက်လေသည်။
သူမသည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဤအမျိုးသားကို ယုံကြည်ရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ ထို့ပြင် သူမ၏ နောက်ဆုံးအချိန်များတွင် သေဆုံးခြင်းကို ခံစားခဲ့ရပြီးဖြစ်သောကြောင့် အစောပိုင်းက သူမပြောခဲ့သော စကားများရှိနေလင့်ကစား သူ့ကို ယုံကြည်ရန် တုံ့ဆိုင်းနေစရာ မလိုတော့ချေ။
အကယ်၍ သူက သူမကို ဒုက္ခပေးချင်ခဲ့လျှင် သူမ သေဆုံးသွားသည်ကို ဒီတိုင်းထားခဲ့ရုံသာ ရှိလေသည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ကို လိုချင်ခဲ့လျှင်လည်း ဤအရာများအားလုံးကို လုပ်ဆောင်နေရန် မလိုအပ်ပေ။ ဤမျှ များပြားလှသော အားထုတ်မှုများအတွက် သူမကိုယ်သူမ လုံလောက်အောင် အရေးပါသည်ဟု မထင်ခဲ့ချေ။
လန်းဆန်းစေသော ပူရှိန်းရှိန်း အေးမြသည့် ခံစားချက်တစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။ သူမ၏ စိတ်သည် ပေါ့ပါးသွားပြီး ဝိညာဉ်မှာလည်း အလေးချိန်မဲ့သွားသကဲ့သို့ ဖြစ်သွားလေသည်။ ဝေ့ဝူယင်၏ လက်ချောင်းများမှ နွေးထွေးမှုကို သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ခံစားလိုက်ရချိန်၌ သူမသည် သူ၏ ထိတွေ့မှုကို မခုခံခဲ့သလို နောက်ဆုတ်ခြင်းလည်း မရှိခဲ့ပေ။ နွေးထွေးမှုနှင့် အေးမြမှု ခံစားချက်များထဲတွင် သူမကိုယ်သူမ နစ်မြောသွားစေရန် ခွင့်ပြုလိုက်သည်။ ထိုအရာက သူမ၏ ဝိညာဉ်အတွက် ဖော်ပြ၍မရနိုင်လောက်အောင် ကောင်းမွန်သော သက်တောင့်သက်သာရှိမှုကို ယူဆောင်လာပေးလေသည်။
ခုနစ်မိနစ်တိတိ ကြာမြင့်ပြီးနောက်...
သူမ၏ မျက်လုံးများ တဖျပ်ဖျပ်ခတ်ကာ ပွင့်လာခဲ့သည်။ ထိုသို့ ပွင့်လာချိန်တွင် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု စွဲထင်နေသော ဝေ့ဝူယင်၏ ချောမောလွန်းသည့် မျက်နှာကို သူမ မြင်တွေ့လိုက်ရ၏။
ထိုခုနစ်မိနစ်တာ အချိန်အတွင်း အချက်အလက်များက သူမ၏ စိတ်တစ်ခုလုံးကို စိမ့်ဝင်သွားခဲ့သည်။ ဖော်ပြ၍မရနိုင်သော အံ့သြဖွယ်ရာများနှင့် မယုံကြည်နိုင်မှုတို့က သူမကို ပြည့်နှက်သွားစေခဲ့၏။ သူမသည် အရာအားလုံးကို သိရှိနားလည်သွားခဲ့လေပြီ။ ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်က ကောင်းကင်တွင် ချိတ်ဆွဲထားသော သူတို့၏ နေကြယ်များကို ဝါးမြိုသွားပြီးနောက် အနန္တ ကုန်းမြေတိုက်ကြီး ပျက်စီးသွားခဲ့ရပုံနှင့် ထိုနောက်ပိုင်း အချိန်ကာလ ဖြတ်သန်းလာမှုများကိုပါ သူမ သိရှိသွားခဲ့လေသည်။
သူမသည် သေမျိုး နယ်ပယ်များ အကြောင်းကိုလည်း သိရှိသွားခဲ့သည်။ သူမသည် ကျင့်ကြံခြင်း အခြေခံ နိမ့်ကျနေသော်လည်း သူမ သာမန်အားဖြင့် မသိနိုင်သော အရာများကိုပါ မည်သည့် ပြဿနာမျှမရှိဘဲ သိရှိသွားခဲ့၏။ ဥပမာအားဖြင့် အဂ္ဂိရတ် ပညာရှင်တစ်ဦး၏ အဆင့်အတန်းများ၊ နားလည်သဘောပေါက်ရန် ခက်ခဲလှသော လျှို့ဝှက် အာဏာရှင် အဆင့် နှင့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် တို့အကြောင်းကိုပါ သူမ သိရှိသွားခဲ့လေသည်။
ကြယ်တာရာ ကောင်းကင်ပြင် ကျယ်ပြောလှမှုများ...
ကြယ်တာရာ နယ်မြေများ...
ကြယ်ကွင်းပြင်များ...
ဂလက်ဆီဇုံများ...
ဂလက်ဆီများ...
ဂလက်ဆီငယ်များ...
ဂလက်ဆီကြီးများ...
သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင်...
သူမ၏ နေရပ် တိုက်ကြီး၏ အရွယ်အစားနှင့် နှိုင်းယှဉ်ချက်များ အပါအဝင် ဂလက်ဆီတစ်ခုချင်းစီ၏ အကျဉ်းချုပ် ခြုံငုံသုံးသပ်ချက်များကိုလည်း သူမ သိရှိသွားခဲ့သည်။ ၎င်းမှာ သေမျိုးတစ်ဦးသည် အသေးဆုံးသော မိမိတို့၏ ကိုယ်ပိုင် ကြယ်မှစ၍ အကြီးဆုံးသော နေကြယ်အထိ သူတို့၏ ကမ္ဘာ အရွယ်အစားကို အသေးစိတ် နှိုင်းယှဉ်ပြသထားသော ရွေ့လျားရုပ်ပုံတစ်ခုကို ကြည့်ရှုနေရသည်နှင့် မခြားနားပေ။ ထိုအရာက နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင် ဉာဏ်အလင်း ပွင့်သွားစေခဲ့၏။ အလွန်အမင်း ကြီးမားလှသည့်အတွက် လွှမ်းမိုးခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားလေသည်။
သူမသည် တုံ့ဆိုင်းမှု အလျဉ်းမရှိဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ရှေ့သို့တိုးကာ ဝေ့ဝူယင်ကို တင်းကြပ်စွာ ဖက်တွယ်လိုက်မိသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များကို တားဆီး၍ မရတော့ဘဲ ထိန်းမနိုင်သိမ်းမရ စီးကျလာကာ သူ၏ အဝတ်အစားများကို စိုစွတ်သွားစေခဲ့၏။ 'မသိနားမလည်ခြင်း' ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် သူမ နားလည်သွားခဲ့လေပြီ။
ထိုအရာအားလုံးကို အစာချေဖျက် နားလည်ပြီးနောက်တွင် သူမ သတိလစ်သွားခဲ့သည်။ ဤသည်မှာ သဘာဝကျပြီး လက်ခံနိုင်ဖွယ်ရာ ဖြစ်၏။ အရာအားလုံး၏ အလွန်အမင်း ကြီးမားလှသော အတိုင်းအတာကြောင့် သူမ လွှမ်းမိုးခံလိုက်ရသော်လည်း သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သော အမျိုးသား၏ ရင်ခွင်ထဲတွင် နှစ်သိမ့်မှုကို ရှာတွေ့ခဲ့လေသည်။ သူ၏ တည်ရှိနေမှုနှင့်အတူ ကောင်းကင်နှင့် သမုဒ္ဒရာများ၊ ကြယ်များနှင့် မရေမတွက်နိုင်သော ကမ္ဘာလောကများသည်... ရင်ဆိုင်ကိုင်တွယ်နိုင်စွမ်း ရှိသည်ဟု သူမ ခံစားလိုက်ရလေသည်။
ဝေ့ဝူယင်က သူမကို ညင်သာစွာ ပြန်ချထားပေးလိုက်သည်။ ထို့နောက် ရန်ကျူး၏ တုံ့ပြန်မှုကို မျက်လုံးဖွင့်ကာ စောင့်ကြည့်နေသော ပါခက်ထံသို့ သူ လှည့်ကြည့်လိုက်၏။
"သူက ဘာလို့ ဒီလောက်တောင် ထူးခြားနေရတာလဲလို့ မင်း တွေးနေတာလား..."
ဝေ့ဝူယင်က မေးလိုက်သည်။ ထိုသို့မေးရင်း ရန်ကျူး၏ မျက်လုံးများမှ မျက်ရည်များကို သူက ညင်သာစွာ သုတ်ပေးလိုက်၏။ သူမ၏ လည်ပင်း သို့မဟုတ် ခန္ဓာကိုယ်သည် အနေအထားမကျသော ပုံစံမျိုး မဖြစ်စေရန် သေချာစွာ နေရာချပေးလိုက်လေသည်။
ပါခက်သည် ထိုအချက်ကို ဖုံးကွယ်မထားခဲ့ပေ။ သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကုတင်ပေါ်မှ မတ်လိုက်ရင်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဝေ့ဝူယင် ယခုလေးတင် လုပ်ဆောင်ခဲ့သော စွမ်းဆောင်မှုမှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေခဲ့၏။ စွန့်စားရမှုနှင့် အန္တရာယ်များက အလွန်တရာမှ ကြီးမားလှသဖြင့် အမှားအယွင်း တစ်ခုလေး လုပ်မိရုံဖြင့်ပင် တည်ရှိမှုနှင့် အချိန်ဆိုင်ရာများ လုံးဝ ပျောက်ကွယ်သွားသည်အထိ ဖြစ်သွားနိုင်လေသည်။
ဤရိုင်းစိုင်းသော အမျိုးသမီးက အဘယ်ကြောင့် ဤမျှ ထူးခြားနေရသနည်း။
"သူ့မှာ ထူးခြားတဲ့ အရည်အသွေး တစ်ခု ရှိနေတာကတော့ သေချာတယ်... ဒါပေမဲ့ စွန့်စားရမှုနဲ့ ယှဉ်ပြီး အလေးချိန်ချိန်ကြည့်မယ်ဆိုရင်တော့ အဲဒီ အရည်အသွေးက နှိုင်းယှဉ်စရာတောင် မလိုဘူး... ငါ သူ့ကို ဘာလို့ ကယ်လိုက်တာလဲ..."
ဝေ့ဝူယင်သည် သူ့ကိုယ်သူ ပြန်မေးလိုက်သည်။ ထို့နောက် သူ၏ အခြားသော ကိုယ်ပွားများ၏ မှတ်ဉာဏ်များနှင့် ယခုအချိန်အထိ သူ၏ အတွေ့အကြုံများအားလုံးကို ပြန်လည်တွေးတောလိုက်သည်။ ထို့နောက်... အလွန်ရိုးရှင်းကာ တိုက်ရိုက်ကျသော အဖြေတစ်ခုကို ပေးလိုက်၏။
"ဘာလို့လဲဆိုတော့ ငါ ယုံကြည်လို့ပဲ..."
***