အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁)
ငါတို့ ဒူးမထောက်ချင်တော့ဘူး
ပို့ဆောင်ရေးဝန်ထမ်းထောင်ပေါင်းများစွာ၏ အသံကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ မျက်ရည်များပင် ဝဲတက်လာမိတော့လေသည်။
အမှန်တိုင်းပြောရလျှင် သူသည် အယ်လာမာကုမ္ပဏီကို ဝယ်ယူရန် စိတ်ကူးခဲ့သည့် အချိန်ကတည်းက ပို့ဆောင် ရေးဝန်ထမ်းအားလုံး၏ လူမှုဖူလုံရေးကို မြှင့်တင်ပေးရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ သူသည် အောင်မြင်သွား ပြီးနောက်တွင် ညီအစ်ကိုများကို မည်သို့ ပြန်လည်ပေးဆပ်ရမည်ဟု တစ်ခါမျှ စဉ်းစားမနေခဲ့ဘဲ မိမိသဘော ဆန္ဒ အလျောက် သာ ပြုလုပ်ခဲ့ခြင်းဖြစ်ချေသည်။
ယခုမူ အယ်လ်မြို့တော်ရှိ ပို့ဆောင်ရေးဝန်ထမ်း ထောင်ပေါင်းများစွာသည် သူ အခက်အခဲနှင့် ကြုံတွေ့နေရသည် ကို သိသည်နှင့် တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့၏ အကူအညီကို ရယူရန် ရောက်ရှိလာကြပြီဖြစ်သည်။ စစ်မှန်သည့် ခံစားချက်များသာလျှင် အပြန်အလှန် ပေးဆပ်ခြင်းကို ရရှိနိုင်ပေသည်။
ကော်တုထိုက်နှင့် ချောင်ဝမ်တို့၏ မျက်နှာမှာ အလွန်ပင် တင်းမာနေသည်။ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး နောက် ကော်တုထိုက်က ပို့ဆောင်ရေးဝန်ထမ်းများကို လှမ်း၍ အော်ဟစ်လိုက်သည်။
"စစ်မှန်တဲ့ ခံစားချက်ဆိုတာ ဘာတန်ဖိုး ရှိလို့လဲ။ နားထောင်ကြစမ်း၊ မင်းတို့ ပို့ဆောင်ရေးသမားတွေ ကိုယ့် အလုပ်ကိုယ် လုပ်ကြ။ အခုချက်ချင်း ထွက်သွားတဲ့သူမှန်သမျှကို တစ်ဖန်စီ ပေးမယ်...။”
ထိုစကားသံ ပျောက်သည်နှင့် လူမည်းတစ်ယောက်သည် သေတ္တာတစ်လုံးကို ကိုင်ကာ ရှေ့သို့ ထွက်လာပြီး ဖွင့်ပြလိုက်လေသည်။ သေတ္တာထဲတွင် တစ်ဖန်တန် ငွေစက္ကူများဖြင့် ပြည့်နှက်နေခဲ့လေ၏။ သာမန် ပို့ဆောင်ရေး ဝန်ထမ်းတစ်ယောက်အတွက်ဆိုလျှင် ဒါသည် တစ်နှစ်စာ ဝင်ငွေထက်ပင် ပိုမို များပြားနေသဖြင့် ဆွဲဆောင်မှုမှာ ကြီးမားလှသည်။
သို့သော်လည်း ပို့ဆောင်ရေးဝန်ထမ်း ထောင်ပေါင်းများစွာမှာ ထိုငွေသေတ္တာများကို မြင်လိုက်ရသည့်အခါ ဂရုပင် မစိုက်ဘဲ ကျယ်လောင်စွာ ပြန်လည် ချေပလိုက်ကြသည်။
"မင်းတို့ရဲ့ အပုပ်နံ့ထွက်တဲ့ ပိုက်ဆံတွေကို ပြန်သိမ်းသွားစမ်း။ မင်းတို့ဆီက ပိုက်ဆံကို ဘယ်သူမှ မလိုချင် ဘူး...။"
"ဟုတ်တယ်၊ အခုဆိုရင် ငါတို့က အစားအသောက် ပို့ရင်းနဲ့ တစ်လကို နှစ်ဖန်ကျော် ရနေပြီ၊ နောက်ထပ် တစ်ဆယ်ဖန်ဆိုတာ ခြောက်လအတွင်းမှာတင် ရနိုင်တယ်...။”
"ဒီလောက် အကျိုးအမြတ် နည်းနည်းလေးနဲ့ ငါတို့ကို လာပြီး လာဘ်ထိုးလို့ရမယ်လို့ ထင်နေတာလား…။ ငါတို့ က အစာဝဝ စားရတာနဲ့ တစ်နေ့စာ ရုန်းကန်ရတာကို ခွဲခြားတတ်ပါတယ်...။”
ဤစကားများကို ကြားသောအခါ ကော်တုထိုက်မှာ မျက်မှောင်ကြုတ်သွားသော်လည်း သူ တုန်လှုပ်မသွား သေးဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ငွေကနည်းတယ်လို့ ထင်နေတာလား။ ကောင်းပြီ၊ ငါ ပိုပေးမယ်။ တစ်ယောက်ကို ငါးဆယ်ဖန်ဆိုရင်ရော။ အဲ့ဒါ နဲ့မှ မလောက်သေးရင် တစ်ယွမ်ပေးမယ်...။”
လူတစ်ယောက်ကို တစ်ယွမ်နှုန်းဖြင့် ပို့ဆောင်ရေးဝန်ထမ်း ထောင်ပေါင်းများစွာကို ပေးမည်ဆိုလျှင် ထိုငွေပမာ ဏမှာ ကြီးမားလှသည်။ ကော်တုထိုက်အတွက်မူ ဤပမာဏမှာ အသေးအဖွဲမျှသာ ဖြစ်သည်။ သို့သော်လည်း သာမန် ပို့ဆောင်ရေးဝန်ထမ်းများအတွက် တစ်ယွမ်ဆိုသည်မှာ ကုန်ဈေးနှုန်း မကျဆင်းမီက ငွေကြေးအတိုင်းဆို လျှင် ယွမ်ဆယ်သိန်းနှင့် ညီမျှလေသည်။ မည်သို့ပင် ကြည့်ကြည့် ငြင်းပယ်ရန် ခက်ခဲသော ပမာဏဖြစ်ပြီး အယ်လ်မြို့ကဲ့သို့သော မြို့ငယ်လေးတွင် တိုက်ခန်းတစ်ခန်းပင် ဝယ်ယူနိုင်ပေသည်။
တစ်ယွမ်တန် ငွေစက္ကူများဖြင့် ပြည့်နေသော သေတ္တာများကို ဖွင့်ပြလိုက်သည့်အခါ ကော်တုထိုက်၏ မျက်နှာ ပေါ်တွင် ယုံကြည်မှုတို့ အပြည့်ရှိနေခဲ့ပေသည်။ သို့သော်လည်း သူ လုံးဝ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ပို့ဆောင်ရေးဝန်ထမ်း ထောင်ပေါင်းများစွာ၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင် ဘက် ဖြစ်နေခဲ့လေတော့သည်။ ငွေကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်ကာ စိတ်ဓာတ်များ ပြောင်းလဲ သွားမည့်အစား သူတို့မှာ ပို၍ပင် ဒေါသထွက်လာကြပြီး အော်ဟစ်လိုက်ကြသည်။
"ငါတို့ ခုနက ပြောတာ မကြားဘူးလား…။ မင်းတို့ရဲ့ ညစ်ပတ်တဲ့ ပိုက်ဆံတွေကို ဘယ်သူမှ မလိုချင်ဘူး…။ ပြန် သိမ်းသွားစမ်း...။”
"ဟုတ်တယ်၊ မင်းတို့ အခုပေးမယ့် ပိုက်ဆံတွေက နောက်ပိုင်းမှာ ငါတို့ကို ပိုပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတာဆို တာ မသိဘူးလို့ မထင်နဲ့...။”
"ဟုတ်တယ်၊ အခု ဒီနေရာမှာ ငါတို့သာ ဒူးထောက်လိုက်မယ်ဆိုရင် နောက်နောင်မှာ ထူမတ်လာဖို့ ပိုခက်ခဲသွား လိမ့်မယ်…။ ငါတို့ရဲ့ သားစဉ်မြေးဆက်တွေပါ ဒူးထောက်နေရလိမ့်မယ်...။”
"ငါတို့ကို ထူမတ်ပေးဖို့ ဆန္ဒရှိတဲ့သူကို နောက်ဆုံးတော့ တွေ့ပြီ။ အရင်းရှင် အိုကြီးတွေက ဒူးခေါင်းအောက်မှာ မွေ့ရာပါးပါးလေး ခံပေးမယ်ဆိုပြီး လိမ်ညာနေတာကို ငါတို့ လက်မခံဘူး။ အခုလို ကူညီပေးတဲ့သူကို ခြေထောက် ချိုးပြီး ဒူးထောက်ခိုင်းနေတာကို လက်မခံနိုင်ဘူး…။ ငါတို့ ဒူးမထောက်ချင်တော့ဘူး...။”
"ဟုတ်တယ်၊ ငါတို့ ဒူးမထောက်ချင်တော့ဘူး။ ဒူးမထောက်ချင်တော့ဘူး...။”
တောင်ပြိုသံ၊ လှိုင်းထန်သံကဲ့သို့သော ဟိန်းဟိန်းထွက်ပေါ်လာသည့် အသံများကြောင့် ကော်တုထိုက်မှာ တကယ့်ကို ထိတ်လန့်သွားရသည်။ သူသည် ချောင်ဝမ်က ထိန်းပေးမှသာ နောက်သို့ နှစ်လှမ်းယိုင်သွားရာမှ ရပ်တန့်နိုင်တော့သည်။ ချက်ချင်းဆိုသလိုပင် ကော်တုထိုက်၏ ပါးစပ်မှ တုန်ရီနေသော အသံဖြင့် အော်ဟစ် လိုက်သည်။
"မဖြစ်နိုင်တာ...၊ ဒီလူတွေက အသိဉာဏ် ရှိလာကြပြီလား...။”
အမှန်စင်စစ် အရင်းရှင်များနှင့် သာမန်လူတို့၏ ကွာခြားချက်မှာ အချက်အလက် ကွာဟမှုတွင် ရှိသည်။ အချက် အလက် ကွာဟမှုသည်သာ အကျိုးအမြတ်အမျိုးမျိုးကို ဖန်တီးပေးပြီး ကွာဟချက် များလေလေ အကျိုးအမြတ် မြင့်မားလေလေ ဖြစ်သည်။ သို့သော်လည်း လူများစွာက ဤအချက်ကို မြင်သွားပါက အရင်းရှင်များက ငွေကို မည်သို့ ဆက်လက်ရှာဖွေနိုင်မည်နည်း။ ထို့ကြောင့်ပင် အရင်းရှင်အများစုမှာ သာမန်လူတို့က အမြင်တိုနေရန်သာ မျှော်လင့်ကြပြီး ထိုသို့ဖြစ်လျှင် ထိန်းချုပ်ရ ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် အောက်ပါကဲ့သို့သော လမ်းလွဲစေသည့် သတင်းစကားများကို မကြာခဏ ပေးပို့တတ် ကြသည်။
"ဘဝဆိုတာ အချိန်ရှိခိုက်မှာ ခံစားရမှာပေါ့။ အသက် နှစ်ဆယ်မှာ ကြိုက်တာတွေကို အသက် သုံးဆယ်မှာမှ လုပ်ရင် အဓိပ္ပာယ် မရှိတော့ဘူး။ ဒီဘဝမှာ ပစ္စုပ္ပန်ကိုပဲ အဓိကထား နေထိုင်ရမယ်၊ ပိုက်ဆံဆိုတာ သုံးလိုက်ရင် ပြန်ရလာမှာပဲ။ ရဲရဲသာ သုံးစွဲမှသာ ကိုယ်လိုချင်တဲ့ ဘဝကို ရောက်နိုင်ပြီး နောင်တ မရမှာ...။”
"ဘဝကို အပြည့်အဝ ခံစားပါ၊ အနာဂတ်အတွက် ပိုက်ဆံကို သုံးဖြုန်းပြီး ပစ္စုပ္ပန်ကို ခံစားတာဟာ ပျော်ရွှင်မှု တစ်မျိုးပဲ၊ ဘာလို့လဲဆိုတော့ မနက်ဖြန်အရင် ရောက်မလာခင် အန္တရာယ်က အရင် ရောက်လာနိုင်တယ်လေ...။”
ဤသည်မှာ ကျိုးကြောင်းဆီလျော်သယောင် ရှိသော်လည်း အမှန်တကယ်တွင် အန္တရာယ်များဖြင့် ပြည့်နှက် နေခဲ့ပေသည်။ အချိန်တိုအတွင်း၌သာ အာရုံစိုက်နေစေပြီး အနာဂတ်ကို မေ့လျော့နေစေခြင်းသည် လူတို့ကို အသိဉာဏ်မဲ့သော တိရစ္ဆာန်ကဲ့သို့ ဖြစ်စေသည်။
အရင်းရှင်များ၏ မျက်လုံးတွင် ဆင်းရဲသားများသည် အသိဉာဏ်မဲ့သော တိရစ္ဆာန်များ ဖြစ်သောကြောင့် ငွေ အနည်းငယ်ဖြင့် ထိန်းချုပ်နိုင်သည်ဟု အမြဲထင်မှတ်နေကြသည်။ သို့သော်လည်း ယခုအခါ လူများစွာကို ငွေဖြင့် သိမ်းသွင်း၍ မရတော့သည်ကို မြင်သောအခါ သူတို့မှာ အသိတရား ရရှိသွားကြပြီ ဖြစ်သည်။
ကော်တုထိုက်သည် တစ်ခါမျှ မခံစားဖူးသည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ နောင်အနာဂတ်တွင် ငွေဖြင့် ဇိမ်ခံနေထိုင်ရန် ခက်ခဲတော့မည်ကို သူ ကြိုတင် ခံစားမိလိုက်သည်။ ချောင်ဝမ်သည်လည်း သူ၏ ပုဝိုင်းဝိုင်း မျက်နှာကို ကြည့်ကာ ပြုံးရွှင်နေတတ်သည့်အမူအရာမှ ရက်စက်သော အမူအရာသို့ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်လေသည်။
"ကိစ္စတွေက ဒီလောက်ထိ ဖြစ်လာမှတော့ အကုန်လုံးကို ဒီနေရာမှာတင် ရှင်းပစ်လိုက်မယ်...။”
"ကျွန်တော်တို့ဆီမှာ အရင်းအနှီးတွေ အများကြီး စုဆောင်းမိနေပြီ။ မြို့တစ်မြို့လုံးရဲ့ ဆက်သွယ်ရေးကိုတောင် ပိတ်ဆို့နိုင်တယ်။ မလုပ်နိုင်တာ ဘာရှိသေးလဲ...။”
"ဘယ်သူမှ ဒီကနေ ထွက်သွားလို့ မရဘူး။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိရဘူး။ အချုပ်အားဖြင့်ဆိုရင် ဘယ်သူမှ ငါတို့ကို ငွေရှာတာ မတားဆီးနိုင်ဘူး...။”
ချောင်ဝမ်၏ စကားကို ကြားသောအခါ ကော်တုထိုက်မှာ ပို၍ပင် ထိတ်လန့်သွားသည်။
"မင်း...၊ မင်း ရူးနေတာလား။ လူပေါင်း သောင်းနဲ့ချီပြီး သတ်ဖို့ ကြိုးစားနေတာလား။ တရုတ်ပြည်မကြီးမှာ မင်း ဆက်ပြီးအလုပ်လုပ်ဖို့ မရှိတော့ဘူးလား...။”
ကော်တုထိုက်၏ အခြေအနေကို မြင်သောအခါ ချောင်ဝမ်က သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
"မစ္စတာကော်...၊ နောက်ဆုံးတော့လည်း မင်းက အသုံးမကျတဲ့လူပါပဲ...။”
"သူတို့က အရူးအမူး ဖြစ်နေကြတာ၊ ဒီစီရင်စုမှာ စက်ရုံပေါင်း ရှစ်သောင်း တည်ဆောက်မယ်လို့ ပြောခဲ့ကြ တာ လေ။ အခု လူတစ်သောင်းကျော်လောက်ပဲ ရှိတာကို မင်းက ကြောက်နေပြီလား။ မင်း ကြောက်ပေမဲ့ ငါ မကြောက်ဘူး။ အခြေအနေ ဆိုးဝါးလာရင် ငါ ဗြိတိန်က ငါ့စက်ရုံဆီ ထွက်ပြေးလိုက်မယ်...။”
အရင်းရှင်များ ရူးသွပ်လာသည့်အခါ တကယ့်ကို ရူးသွပ်သွားတော့သည်။ ချောင်ဝမ်၏ လက်ဟန် တစ်ချက်နှင့် အတူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ကြေးစားစစ်သားများမှာ ဘယ်နေရာမှန်း မသိဘဲ ပေါ်လာပြီး ဝိုင်းရံလိုက်ကြသည်။ ထိုကြေးစားစစ်သားများ ကိုင်ဆောင်ထားသည့် လက်နက်များမှာအစစ်အမှန်များ ဖြစ် ပေသည်။ အကယ်၍သာ သူတို့သာ ပစ်ခတ်လိုက်ပါက လူပေါင်းသောင်းနှင့်ချီ၍ လွတ်မြောက်နိုင်မည် မဟုတ် ပေ။
ဤမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းမှာ ကျောရိုးများပင် အေးစက်သွားပြီး ပို့ဆောင်ရေးဝန်ထမ်းများကို အစွမ်းကုန် အော်ဟစ်လိုက်သည်။
"ပြေးကြတော့...၊ ပြေးကြ။ ငါ့ကို ဂရုမစိုက်နဲ့...။”
ထို့နောက် သူသည် လက်နှစ်ဖက်ကို ဖြန့်ကာ ချောင်ဝမ်ကို တည့်တည့် ရင်ဆိုင်လိုက်ပြီး တစ်လုံးချင်း ပြောလိုက် လေသည်။
"မင်းတို့ ပစ်မှတ်က ငါလေ၊ တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး။ အပြစ်မရှိတဲ့သူတွေကို မထိခိုက်စေနဲ့...။”
သို့သော်လည်း ချောင်ဝမ်၏ ရူးသွပ်နေသော မျက်နှာပေါ်တွင် အသိတရားတို့ ကင်းမဲ့နေလေတော့သည်။
"မင်းနာမည်ကြောင့် ရောက်လာတဲ့သူတွေထဲမှာ အပြစ်မရှိတဲ့သူဆိုတာ ဘယ်သူ ရှိလို့လဲ...။”
"မင်းတို့ အပြစ်တင်ချင်ရင် မင်းတို့ရဲ့ အလေ့အကျင့် မရှိတဲ့ လူတွေကိုပဲ အပြစ်တင်စမ်း။ ဘာလို့များ ငါတို့ရဲ့ အချုပ်အနှောင်အောက်မှာ မနေချင်ရတာလဲ...။”
"မင်းတို့ကို အသက်ရှင်ခွင့် ပေးထားတာကို တမင်တကာ သေဖို့ ကြိုးစားနေတာ။ အခုတော့ မင်းတို့ဆန္ဒအတိုင်း ဖြစ်စေရမယ်...။”
ပြောပြီးသည်နှင့် ချောင်ဝမ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြေးစားစစ်သားများအားလုံးက လက်နက်များကို မြှောက်လိုက်ကြပြီး အချိန်မရွေး ပစ်ခတ်ရန် အသင့် ဖြစ်နေသည်။ ဤအရေးပေါ် အခြေအနေတွင်-
“ဘုန်း---"
ကောင်းကင်မှ မီးတောက်များ ပြုတ်ကျလာပြီး ကြွေထည်စက်ရုံအဟောင်း၏ ခေါင်မိုးတွင် ကြီးမားသော အပေါက်ကြီး ဖြစ်သွားခဲ့လေသည်။ လူတိုင်းက မထင်မှတ်ထားသည့် အခြေအနေကြောင့် အပေါ်သို့ မော့ကြည့် လိုက်ကြလေသည်။ မီးတောက်များမှာ အသက်ဝင်လာသကဲ့သို့ လျှပ်စီးအမြန်နှုန်းဖြင့် ပျံ့နှံ့သွားသည်။
“ဝှစ်-ဝှစ်-ဝှစ်-ဝှစ်”
စက်ရုံတစ်ဝိုက်တွင် ပုန်းအောင်းနေသည့် ကြေးစားစစ်သားရာပေါင်းများစွာမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးတောက်များ အလယ်၌ ဝါးမြိုခြင်း ခံလိုက်ရလေသည်။ သူတို့မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အားလုံး ပြာ ကျသွားကာ မီးလောင်ထားသည့် လက်နက်များသာ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ သက်သေအထောက် အထား များပင် ဖြစ်သည်။
နေရာတွင် ရှိနေသူအားလုံးမှာ ဤဆန်းကြယ်သည့် မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ကြလေသည်။
လျန်ထျန်းမှာလည်း ချွင်းချက်မရှိပေ…။
သို့သော်လည်း ကောင်းကင်ထက်၌ ရှိနေသေးသည့် မီးလုံးကို ကြည့်လိုက်သောအခါ သူ ထိတ်လန့်သွားသကဲ့သို့ စိတ်လှုပ်ရှားသွားမိသည်။ နောက်ဆုံးတွင် ကောင်းကင်မှ မီးတောက်များ ပျောက်ကွယ်သွားပြီး ရုပ်ပုံတစ်ခု ပေါ် လာခဲ့လေသည်။
၎င်းမှာ အိုင်းရွန်းမန်း အဖြစ် ပြောင်းလဲထားသည့် ကျန်းချောင်ပင် ဖြစ်သည်။ ကျန်းချောင်သည် စက်ရုပ်လက်မှ ထွက်လာသည့် မီးတောက်များကို ထိန်းချုပ်ကာ လျန်ထျန်း၏ ရှေ့တည့်တည့်သို့ ဆင်းသက်လိုက်လေသည်။ လျန်ထျန်းက သူ၏ ရင်ဘတ်ကို ထိုးလိုက်ပြီး ကြောက်လန့်တကြားဖြင့် ရယ်မောလိုက်သည်။
"မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ မင်းသာ မလာရင် ငါ ဒီနေရာမှာတင် သေတော့မယ်လို့ ထင်နေတာ...။”
ကျန်းချောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မင်းရဲ့ သတင်းပို့ချက်ကို ကြားပြီးတဲ့အခါ ဒီနေရာက အန္တရာယ်များတယ်ဆိုတာ ငါ သိလိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို ယာယီမြှင့်တင်ခိုင်းလိုက်ရလို့ အချိန်နည်းနည်း ကြာသွားတာပါ...။”
အမှန်စင်စစ် လျန်ထျန်းသည် ဤနေရာသို့ မလာမီကပင် သုတေသနဌာနမှ ယူထားသည့် နာရီကို အသုံးပြု၍ ကျန်းချောင်နှင့် အဆက်အသွယ် လုပ်ထားခဲ့ခြင်း ဖြစ်သည်။ ကော်တုထိုက်နှင့် ချောင်ဝမ်တို့က အယ်လ်မြို့၏ ဆက်သွယ်ရေးအားလုံးကို ပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း သုတေသနဌာနမှ ပြုလုပ်ထားသော နာရီသည် ဂြိုဟ်တုလှိုင်းကို အသုံးပြု၍ အချက်အလက်များကို တိုက်ရိုက် ပေးပို့နိုင်ပေသည်။
လျန်ထျန်းသည် သူ မသေချာသည့်အရာကို တစ်ခါမျှ မလုပ်ခဲ့ပေ။ ကျန်းချောင်ကို အနိုင်ကတ်အဖြစ် ထားရှိခဲ့ သည့်အတွက်သာ ထိပ်တန်းပေါင်းစပ် ကုမ္ပဏီများနှင့် ရင်ဆိုင်ရန် သူ ရဲရဲဝံ့ဝံ့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချောင်၏ စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ ချောင်ဝမ်မှာ လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားကာ သေ မည်ကို ကြောက်ရွံ့သဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ အညံ့ခံလိုက်သည်။ ကော်တုထိုက်မှာလည်း အရှုံးပေး လိုက်ပြီ ဖြစ်သည်။
ချောင်ဝမ်က ဤမျှ ရူးသွပ်လိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ခဲ့ဘဲ ယခုမူ သူပါ ပါဝင်ပတ်သက်ပြီး အသက် ဆုံးရှုံးရတော့မည်ဖြစ်သည်။ ဆက်သွယ်ရေး ပိတ်ဆို့မှုများ ပျက်ပြားသွားသောအခါ လျန်ထျန်းသည် ချက်ချင်းပင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ရဲမှူးချုပ်လီကို လူများခေါ်ဆောင်လာရန် အမြန်ဆုံး အကြောင်းကြားလိုက်သည်။
သူတို့သည် အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ မြို့ဆက်သွယ်ရေးကို ပိတ်ဆို့ခြင်း၊ ပို့ဆောင်ရေးဝန်ထမ်းများ၏ လွတ်လပ်ခွင့်ကို ချုပ်ချယ်ခြင်း၊ လက်နက်ကိုင် ကြေးစားစစ်သားများကို အသုံးပြုခြင်း စသည့် ပြစ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။ ပြစ်မှုပေါင်းများစွာအတွက် အရင်းရှင်ကြီးများပင် ဖြစ်ကြသော်လည်း သူတို့သည် တစ်သက်လုံး ထောင်ထဲမှ ထွက်နိုင်တော့မည် မဟုတ်ပေ။