အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း (၂၈၆)
ငါ ခပ်ကျယ်ကျယ် ပြောမိတာကို ဝန်ခံပါတယ်
လျန်ထျန်းသည် ကျီစစ်ကို မိမိအား ဒူးထောက်၍ သုံးကြိမ် ကန်တော့စေရန် အတင်းအကျပ် တောင်းဆိုလိုက် သည်။ အခြားအကြောင်းကြောင့် မဟုတ်၊ သူတို့အပေါ် မေတ္တာထား၍ ကူညီခဲ့မိသည်မှာ အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ရသည့်အတွက် အနည်းဆုံးတော့ ရှင်းပြချက်တစ်ခု ရလိုသောကြောင့်ပင်။
သုံးနှစ်တာကာလအတွင်း သူတို့အပေါ် ငွေကြေးများစွာ အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း ရေထဲသို့ ကျောက်ခဲ ပစ်လိုက်သကဲ့သို့ပင် အသံတစ်ချက်မျှ မကြားခဲ့ရချေ။ နှစ်စဉ်နှစ်တိုင်း ဒူးထောက် ကန်တော့သည့် အသံများ ကြားရစေခြင်းမှာ အလွန်အကျွံ ဖြစ်နေပါသလော။
ကျီစစ်မှာ အဖြစ်အပျက်များကို နားမလည်နိုင်ဘဲ ကြက်သေသေလျက် ကြာမြင့်စွာ ရပ်နေမိသည်။ လျန်ထျန်း၏ စကားများကို ကြားရသောအခါ အသိပြန်ဝင်လာပြီးနောက် ပြာသလဲလဲ တုံ့ပြန်လိုက်လေသည်။
"ဟင်...၊ ငါ... ငါ... ငါ အဲ့လို ပြောခဲ့မိလို့လား...။”
ကျီစစ်သည် ကတိစကားကို ပျက်ကွက်ရန် ကြိုးစားနေမှန်း ရိပ်မိသည့် လျန်ထျန်းက အသံသွင်းထားသည့် ဖုန်းကို ဖွင့်ပြလိုက်လေသည်။ ယခုအခါ ကျီစစ်၌ ငြင်းဆိုစရာ အကြောင်းမရှိတော့ဘဲ လျန်ထျန်း၏ ရှေ့မှောက်သို့ ဒူးထောက်ကျလာတော့သည်။
"လျန်ထျန်း...၊ ငါ မှားသွားပါတယ်...။ ငါတို့ ငယ်သူငယ်ချင်း ဖြစ်တာကိုထောက်ထားပြီး ဒီတစ်ခါ ခွင့်လွှတ်ပေး ပါ...။ မင်း ငါ့နောက်ကွယ်မှာ ဒီလောက်တောင် ကူညီပေးထားလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး...။ အကုန်လုံးက ငါ့ကောင်းကျိုးအတွက်မှန်း ငါ သိလိုက်ပါပြီ...၊ မင်း ခွင့်လွှတ်မယ်ဆိုရင် ငါ ဒီနေရာမှာပဲ ဒူးထောက်ပြီး သေတဲ့ အထိ ကန်တော့ပါ့မယ်...။ တောင်းပန်ပါတယ်...၊ ခွင့်လွှတ်ပေးပါ...။”
ကျီစစ်သည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ဒူးထောက်ကာ အကြိမ်ကြိမ် ကန်တော့နေမိသည်။ သို့သော် လျန်ထျန်း ၏ မျက်ဝန်း၌ သနားခြင်း ကင်းမဲ့နေပြီး သူတို့နှစ်ဦး၏ အတိတ်က ချစ်ခင်မှုဟူ၍ တစ်စက်မျှ မကျန်ရှိတော့ပေ။ ကျီစစ်မှာ နဖူးတွင် အဖုကြီးများ ပေါက်လာသည်အထိ ကန်တော့ပြီးနောက် လျန်ထျန်းကို မျှော်လင့်ချက်ဖြင့် မော့ကြည့်လိုက်လေသည်။ လျန်ထျန်းက မေးခွန်းတစ်ခုကို ပြန်မေးလိုက်သည်။
"မင်း ပြောစရာ နောက်ထပ် ကျန်သေးလား...။”
ကျီစစ်သည် အမြန်စဉ်းစားပြီးနောက် သတိကြီးစွာဖြင့် ဖြေလိုက်သည်။
"အရင်က ငါ မနာလိုစိတ်နဲ့ လုပ်ခဲ့မိတာ ဝန်ခံပါတယ်။ ငါ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ပြိုင်ဆိုင်လိုစိတ် ပြင်း ပြခဲ့မိပါတယ်...။ ငါ့ညီအစ်ကိုတွေ အဆင်ပြေနေတာကို မြင်ရရင် ငါ့မှာ သေလောက်အောင် စိတ်ဆင်းရဲခဲ့ရတာ... ၊ ငါ ခုနက ခပ်ကျယ်ကျယ် ပြောမိတာကိုလည်း ဝန်ခံပါတယ်...။ လျန်ထျန်း...၊ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ အစ်ကို ကြီးပဲ...၊ တစ်ခါ အစ်ကိုဆိုရင် အမြဲ အစ်ကိုပဲ...၊ ငါ...။”
ကျီစစ် စကားမဆုံးခင်မှာပင် လျန်ထျန်းက လက်ကိုမြှောက်ကာ ဖြတ်ပြောလိုက်သည်။
"ရပ်လိုက်တော့...၊ မင်းလို နောက်လိုက်မျိုးကို ငါ မလိုချင်ဘူး။ မင်းဟာ တစ်ခါ ကျေးဇူးကန်းပြီး အကျိုးပေး ခဲ့တာကို အဆိုးနဲ့ တုံ့ပြန်တတ်ရင် နောက်တစ်ခါလည်း လုပ်ဦးမှာပဲ...။ ဒါကြောင့် တခြားနေရာမှာပဲ အစ်ကိုကြီး ရှာပေတော့...၊ အယ်လ်မြို့တော်မှာ မင်းကို မလိုတော့ဘူး...။ အက်စ်မြို့တော်၊ အိတ်ချ်မြို့တော်၊ ဘီမြို့တော်တွေ မှာလည်း မင်းနေရာ မရှိတော့ဘူး...။ "
"ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ အဲဒီမြို့တွေမှာ အများကြီးပဲ။ မင်း သူတို့နဲ့ မပတ်သက်မိအောင် နေတာ အကောင်းဆုံးပဲ...။ ငါ မင်းကို ဘယ်အချိန်မှာ ပစ်မှတ်ထားမလဲဆိုတာ မင်း မသိနိုင်ဘူးလေ...၊ ဒီလိုဆိုရင်တော့ ပြည်ပကို ထွက်သွားတာကပဲ မင်းအတွက် အကောင်းဆုံး လမ်းကြောင်း ဖြစ်လိမ့်မယ်...။ ကမ္ဘာကြီးကို လှည့် ပတ်ကြည့်ရှုပြီး အတွေ့အကြုံသစ်တွေ ရအောင် ယူလိုက်ပါဦး...၊ မင်း ကံကောင်းပါစေ...။"
ထိုစကားများကို ကြားရသောအခါ ကျီစစ်သည် မျှော်လင့်ချက် ကင်းမဲ့သွားကာ လျန်ထျန်း၏ ခြေထောက်ကို ဖက်၍ တောင်းပန်ချင်စိတ် ပေါက်သွားတော့သည်။ သို့သော် လျန်ထျန်းက နောက်ထပ် အခွင့်အရေး မပေးတော့ ဟု ဆုံးဖြတ်ထားပြီး ဖြစ်ရာ ဟယ်ရှန့်ကို ခေါ်ကာ မာစီယာတီ ကားပေါ်သို့ တက်ပြီး ထွက်ခွာသွားပြီဖြစ်၏။
လမ်းတွင် ဂိုးဒန်းရီထရီဗာခွေးကို အိမ်ခြံဝင်းထဲ ပြန်ပို့ပေးလိုက်လေသည်။ ဝင်ဝင်ချင်းမှာပင် ဟယ်ရှန့်သည် ပါးစပ်ကို အုပ်ကာ အံ့ဩတကြီး ပြောလိုက်လေသည်။
"ဒါ...၊ ဒါက လူရိုယွီ ဝယ်ထားတဲ့ အိမ် မဟုတ်လား။ ဒီရက်ပိုင်း ရှင် ဒီခွေးကို လာကြည့်ပေးနေတာလား...။”
လျန်ထျန်းမှာလည်း အံ့အားသင့်သွားသည်။
"ဟင်...၊ လူရိုယွီ... ဟုတ်လား။ ငါ အိတ်ချ်မြို့တော်ကနေ ခေါ်လာတဲ့ မိန်းကလေးကို ပြောတာလား...။”
ကံကြမ္မာဆိုသည်မှာ တကယ်ပင် ထူးဆန်းလှသည်။ ထိုစဉ်မှာပင် ဝင်းတံခါး ပွင့်လာပြီး လူရိုယွီမှာ နေရာသို့ ပြန်ရောက်လာသည်။ လျန်ထျန်းနှင့် ဟယ်ရှန့်ကို မြင်လိုက်ရသောအခါ နှစ်ပေါင်းများစွာ မတွေ့ရတော့သည့် ရေစက်ရှိသော မိန်းကလေးမှာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လျန်ထျန်းကို စိုက်ကြည့်နေသည့် သူမ၏ မျက်ဝန်းများမှာ လေးနက်သော ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။
အိမ်ထဲသို့ ရောက်သောအခါ လျန်ထျန်းက အားနာစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
"လူရိုယွီ...၊ မတွေ့တာ ကြာပြီနော်...။”
လူရိုယွီမှာမူ ပုံမှန်အတိုင်းပင် ရှိနေပြီး ရှေးယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ပေါ့ပါးစွာ ပြုံးပြလိုက်လေသည်။
"ကျွန်မ အရင်ကအတိုင်း လှနေသေးလား...။”
သူမ၏ စကားမှာ ဟာသနှောနေသော်လည်း လျန်ထျန်းက လေးနက်စွာပင် ပြန်ဖြေလိုက်သည်။
"မင်းက အရင်ကထက် ပိုပြီး လှလာသလိုပဲ...၊ မင်းရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်း အခုလို အဆင်ပြေနေ တာကို မြင်ရလို့ ငါ ဝမ်းသာပါတယ်...။”
လျန်ထျန်းက "သူငယ်ချင်း" ဆိုသည့် စကားလုံးကို အလေးပေး ပြောလိုက်သည်။ လူရိုယွီမှာ ဉာဏ်ကောင်းသူ ဖြစ်ရာ သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှု အရိပ် အယောင်လေး ပေါ်လာသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပြုံးရွှင်သော လေသံဖြင့် ပြန်ပြောသည်။
"ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ အကူအညီတွေသာ မရှိရင် ကျွန်မ ဒီလောက်ထိ ဖြစ်လာမှာ မဟုတ်ဘူး...။ ရှင့်ရဲ့ လက်ထပ်ပွဲကို ကျွန်မကို ဖိတ်ခဲ့ပေမဲ့ အလုပ်တွေ ရှုပ်နေလို့ မတက်ဖြစ်ခဲ့ဘူး...။ တစ်နေ့ကျရင် ရှင့်ရဲ့ ဇနီးကို ခေါ်ပြီး အိမ်ကို လာလည်ပါဦး...။ မန်နေဂျာဟယ် ပြောတာတော့ ရှင့် ဇနီးက တော်တော်လေး လှတယ်တဲ့...။ အဲဒီလောက်တောင် လှတဲ့သူက ကျွန်မတို့ရဲ့ ရှယ်ယာရှင် လျန်ထျန်းရဲ့ နှလုံးသားကို ဘယ်လိုမျိုး သိမ်းပိုက်ထား တာလဲဆိုတာ ကျွန်မ အရမ်း သိချင်မိတယ်...။”
ဟယ်ရှန့်မှာ အသံတိတ် ရယ်မောနေပြီး လျန်ထျန်းမှာမူ အားနာစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ လူရိုယွီ၏ ခံစားချက်မှာ ဟယ်ရှန့်ထက်ပင် ပိုမို ခိုင်မာနေကြောင်း သိသာလှသည်။ အကယ်၍သာ ထိုစဉ်က လျန်ထျန်းသာ မကယ်ခဲ့ပါက ဤမိန်းကလေးမှာ ထိုက်ကျောက်၏ အရုပ်တစ်ခု ဖြစ်သွားခဲ့ပေလိမ့်မည်။
လူရိုယွီမှာ တစ်နှစ်တာ ခွင့်ရက်ဖြင့် မိသားစုနှင့်အတူ ခရီးထွက်နေခြင်း ဖြစ်သည်။ သူမ၏ ခရီးစဉ်မှာ အမှန်တ ကယ်တော့ လျန်ထျန်းကို မေ့ဖျောက်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ ခရီးသွားနေစဉ်တွင် ခွေးကို အိမ်တွင် ထား ခဲ့ရသဖြင့် အစားအသောက် ပို့ဆောင်သူကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုပို့ဆောင်သူမှာ လျန်ထျန်း ဖြစ်နေလိမ့် မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုကိစ္စပြီးနောက် သူမသည် လျန်ထျန်းကို မည်သို့သော လူမျိုးဖြစ်သည်ကို သိလို စိတ်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။
လျန်ထျန်းကို "သူငယ်ချင်း" ဟူသော ဝေါဟာရဖြင့် ပိတ်ပင်ခံလိုက်ရပြီးနောက် လူရိုယွီမှာလည်း ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။
လျန်ထျန်းသည် လူရိုယွီ၏ အိမ်မှ ထွက်လာပြီးနောက် စိတ်အာရုံကို ပြန်လည် စုစည်းကာ အစားအသောက်များ ဆက်လက် ပို့ဆောင်နေခဲ့လေသည်။ ညနက်ချိန်အထိ အလုပ်ရှုပ်နေစဉ် ဝမ်ရှောင်ရို့ထံမှ ဖုန်းဝင်လာခဲ့ပေသည်။ ဖုန်းကို ကိုင်လိုက်သောအခါ ဝမ်ရှောင်ရို့၏ အရေးတကြီး လေသံကို ကြားလိုက်ရသည်။
"အမေ ရောက်လာတယ်...၊ သူ ရှင့်ကို တွေ့ချင်တယ်တဲ့...။”
ထိုစကားကြောင့် လျန်ထျန်းမှာ ကြောင်သွားသည်။ ဝမ်ရှောင်ရို့၏ မိခင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝမ်ချန်ကျွင်း ဆင်းရဲသွားသောအခါ မိသားစုကို စွန့်ခွာသွားခဲ့သူ ဖြစ်သည်။ ယခုရုတ်တရက် ပြန်ပေါ်လာခြင်းမှာ အဘယ်အရာကို ရည်ရွယ်သနည်း။
"ရှောင်ရို့...၊ ငါ လာတွေ့သင့်လား...။ မင်းအမေအကြောင်း မင်း သိပ်မပြောချင်တာ ငါ သိပါတယ်...၊ မင်း သဘောကျရင် ငါ ပြန်သွားတွေ့မယ်၊ မဟုတ်ရင်တော့ ငြင်းလိုက်မယ်...။”
ဖုန်းတစ်ဖက်မှ ဝမ်ရှောင်ရို့မှာ ခေတ္တ တိတ်ဆိတ်သွားပြီးနောက်၊
"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ အမေအရင်းပဲ...။ နောက်ဆုံးတစ်ခါတော့ ပြန်တွေ့ပေးပါဦး...။”
လျန်ထျန်းသည် ဝမ်ရှောင်ရို့၏ စကားကို နားထောင်ကာ အလုပ်များကို အမြန်ဆုံး အပြီးသတ်ပြီး အိမ်သို့ ပြန် သွားခဲ့လေသည်။ ထို့အပြင် ဝမ်ရှောင်ရို့၏ မှာကြားချက်အတိုင်း အစားအသောက် ပို့ဆောင်သူ ဝတ်စုံဖြင့်ပင် ပြန်လာခဲ့လေသည်။ အိမ်ရှေ့သို့ ရောက်သောအခါ အိမ်တွင်းမှ အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
"ဘာ...၊ နင် အစားအသောက် ပို့ဆောင်သူနဲ့ လက်ထပ်လိုက်တယ် ဟုတ်လား...။ နင် ကရူးနေတာလား...၊ ဝမ်ချန်ကျွင်းဆိုတဲ့ အဘိုးကြီးက နင့်ကို ဘယ်လို သင်ကြားပေးလိုက်တာလဲ...။ နင်က ဝမ်မိသားစုရဲ့ အကြီးဆုံးသမီးပဲ...။ နင့်လို အဆင့်အတန်းနဲ့ဆိုရင် သူဌေးတစ်ယောက်နဲ့ လက်ထပ်ရမှာပေါ့...။”