အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း (၂၈၇)
ဤစကားများမှာ နားထောင်ရမကောင်းသော်လည်း အမှန်တရားသာ ဖြစ်သည်
တံခါးအပြင်ဘက်မှ ထိုစကားသံများကို ကြားရသောအခါ လျန်ထျန်းသည် တံခါးဖွင့်ရန် ပြင်ဆင်နေသည့် လက် ကို ရပ်တန့်လိုက်လေသည်။ အခြေအနေကို ပိုမို နားလည်စေရန်အတွက် သူသည် ခေတ္တမျှ နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဝမ်ရှောင်ရို့၏ အသံကို ကြားရသည်။
"သမီး အနေနဲ့ ဘဝတစ်လျှောက်လုံး လက်တွဲမယ့်သူကိုပဲ ရှာဖွေနေတာပါ။ သူ့ရဲ့ နောက်ခံအဆင့်အတန်း၊ ငွေကြေးဓနတွေက သမီးအတွက် အရေးမပါပါဘူး...။ သူ့ရဲ့ စိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးနဲ့ သမီးအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကသာ အရေးအကြီးဆုံးပဲ...။”
အလယ်အလတ်အရွယ် အမျိုးသမီး၏ အသံမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။
"အို...၊ သမီးမိုက်ရယ်...။ မင်း ဘာလို့ လူ့စကားကို နားမလည်ရတာလဲ...။ မင်း ပြောနေတဲ့ အရေးကြီးတယ်ဆိုတဲ့ အရာတွေက ဘယ်လောက်တန်ဖိုးရှိလို့လဲ။ ဆင်းရဲတဲ့သူတစ်ယောက်အတွက်ဆိုရင် အဲဒါတွေက တန်ဖိုးမရှိတဲ့ အရာတွေပဲ...။ ငါတို့ မရှိမဖြစ် လိုအပ်တာက ရုပ်ဝတ္ထုပစ္စည်းတွေပဲ။ ပိုများလေ ကောင်းလေပဲ။ အစား အသောက် ပို့ပေးနေတဲ့ လူမိုက်တစ်ယောက်က မင်းကို ဘာများ ပေးနိုင်မှာမို့လို့လဲ...။”
ထိုစကားကြောင့် ဝမ်ရှောင်ရို့ ဒေါသထွက်သွားခဲ့လေသည်။
"လူတိုင်းက အမေ့လိုပဲ ရုပ်ဝတ္ထုပစ္စည်းကိုပဲ တွယ်တာနေတယ်လို့ ထင်နေတာလား...။ အရင်က ရုပ်ဝတ္ထုပစ္စည်း တွေအတွက်နဲ့တင် အမေက သမီးတို့မိသားစု၊ အဖေနဲ့ သမီးကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား...။ ဒါကြောင့် ကျွန်မ အမေ့လိုမျိုး မဖြစ်အောင် ဆုံးဖြတ်ထားပြီးသား။ ရုပ်ဝတ္ထုပစ္စည်းဆိုတာ လိုအပ်သလောက် ရှိရင်ပဲ ကျွန်မ အတွက် လုံလောက်ပါတယ်...။”
ဝမ်ရှောင်ရို့၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ဂျီလီလန်၏ လေသံမှာ အနည်းငယ် ပျော့သွားသည်။
"သမီးရယ်...၊ ဒီစကားတွေက နားထောင်ရမကောင်းမှန်း သိပါတယ်၊ ဒါပေမဲ့ ဒါတွေက အမှန်တရားပဲလေ...။ ဝမ် မိသားစုက အခု ပြန်လည် ထူထောင်နိုင်ပြီ၊ ဝမ်ချန်ကျွင်းဆိုတဲ့ အဘိုးကြီး...၊ မင်းအဖေကလည်း အိမ်ဦးနတ် ပြန် ဖြစ်လာပြီ။ သမီးက ဝမ်မိသားစုရဲ့ သမီးကြီး ဖြစ်နေတော့ ရုပ်ဝတ္ထုပစ္စည်း လိုလေသေးမရှိ ဖြစ်နေမှာပါ။ ဒါပေမဲ့ ဘဝဆိုတာ မရေရာဘူးလေ။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဘယ်သူက အာမခံနိုင်မှာလဲ...။ ငါ့မိသားစုကို ကြည့်လေ...၊ အရင်က အင်အားကြီးတဲ့ မိသားစု မဟုတ်ခဲ့ဘူးလား။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ သူတို့ရဲ့ ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ အခြေခံအုတ်မြစ်တွေ ပျက်စီးသွားပြီး အခုထိ ပြန်မတက်နိုင်ကြတော့ဘူး...။”
ဂျီလီလန်မှာ ပြောရင်းနှင့်ပင် ငိုရှိုက်လာသည်။
"မင်း ငယ်ငယ်က မင်းကို စွန့်ပစ်ခဲ့ရတာ ငါ့မှာ ရွေးချယ်စရာ မရှိလို့ပါ။ ငါ့မျက်စိ ကန်းခဲ့လို့၊ မင်းအဖေက အရည် အချင်း မရှိလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ်။ ဝမ်မိသားစုက သူ့ကို နှင်ထုတ်လိုက်တယ်၊ ငါ့ မိသားစု ကလည်း ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်တော့ ငါတို့ သေမတတ် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ငါ ထွက်ခွာပြီး အားကိုးရာသစ် ရှာခဲ့ရတာပေါ့။ မဟုတ်ရင် ငါ အသက်မရှင်နိုင်တော့ဘူးလေ...။”
ဂျီလီလန်၏ စကားများမှာ သူမကို ထိခိုက်စေသော်လည်း ဝမ်ရှောင်ရို့ကမူ သနားခြင်း ကင်းမဲ့စွာပင်။
"အမေက တစ်သက်လုံး ရုပ်ဝတ္ထုပစ္စည်းနောက်ကိုပဲ လိုက်ခဲ့တာ၊ အခု အမေ ဘာရလိုက်လို့လဲ...။ အဖေ့ကို မချစ် ရင် အရင်ကတည်းက လက်မထပ်ခဲ့သင့်ဘူး။ စိတ်မရှိတဲ့သူကို စိတ်ရင်းနဲ့ လဲလှယ်လို့ ရမယ် ထင်နေတာလား...။ အခု ဒီကို ပြန်လာတာက အက်စ်မြို့တော်မှာ အားကိုးခဲ့တဲ့သူ ကျဆုံးသွားလို့၊ ဝမ်မိသားစု အဆင်ပြေနေတယ်ဆို တာ ကြားလို့ ပြန်လာတာ မဟုတ်လား...။ အဖေ့ဆီ အရင် သွားပြီး အငြင်းခံခဲ့ရလို့ အခု သမီးဆီ ရောက်လာတာ ပေါ့။ သမီး အမေ့ကို လက်ခံတွေ့ပေးတာက အမေက သမီးအမေအရင်း ဖြစ်နေလို့ပဲ။ နောင်တရတယ် ဆိုရင် တော့ အေးချမ်းစွာ နေနိုင်ဖို့ သမီး စီစဉ်ပေးပါ့မယ်...။”
ထိုစကားကို ကြားပြီးနောက် ဂျီလီလန်မှာ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင်က စတုရန်းပေ (၂၀၀) တောင် မပြည့်တဲ့ အိမ်လေးနဲ့ ငွေနည်းနည်း ပေးပြီး ငါ့ကို မောင်းထုတ်မယ်ပေါ့ လေ. ..။ ငါက နင့်အမေပဲ၊ နင့်မှာ ငါ့ကို ပြုစုစောင့်ရှောက်ရမယ့် တာဝန် ရှိတယ်။ နင်က ဗီလာမှာ နေနိုင်ရင် ငါက ဘာ လို့ ဒီထက် ပိုဆိုးတဲ့ နေရာမှာ နေရမှာလဲ...။ တစ်လကို အနည်းဆုံး ငွေ (၁၀) ဖန် ပေးရမယ်၊ ဒါမှမဟုတ် တစ်နှစ် ကို (၁) ယွမ် ပေးရမယ်။ အဲဒါမှ ငါ့အတွက် လောက်ငမှာ...။”
ယနေ့ခေတ် ငွေ (၁) ဖန်၏ တန်ဖိုးမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးတန်ဖိုး မကျဆင်းခင်က ငွေ (၁၀၀,၀၀၀) ယွမ်နှင့် ညီမျှသည်။ ဂျီလီလန်၏ တောင်းဆိုချက်မှာ အလွန်ပင် ရူးမိုက်လှသည်။
တံခါးအပြင်ဘက်မှ လျန်ထျန်းမှာ သည်းမခံနိုင်တော့ဘဲ တံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည်။ သူသည် ဘာမှ မကြားခဲ့ရသကဲ့သို့ ပြုံးပြကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဒါ ရှောင်ရို့အမေ ဖြစ်မယ်နော်။ တောင်းပန်ပါတယ်၊ အစားအသောက် ပို့နေရလို့ နောက်ကျသွား တယ်...။”
စားသောက်ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းကို မြင်လိုက်ရသောအခါ ဂျီလီလန်၏ မျက်နှာ မှာ ရွံရှာသည့် အမူအရာဖြင့် ပြည့်နှက်သွားသည်။
"မင်းက ငါ့သမီးကြောင့် ဒီလို ဗီလာကြီးမှာ နေနေရပြီး အစားအသောက် ပို့တုန်းပဲလား...။ ရှက်တတ်ရင် ငါ့ မိသားစုကို အရှက်မခွဲပါနဲ့လား ။ အစားအသောက် ပို့လို့ ငွေ ဘယ်လောက် ရမှာမို့လို့လဲ...၊ တကယ်ကို သနား စရာကောင်းတဲ့ ကောင်ပဲ...။”
လျန်ထျန်းက ဒေါသ မထွက်သည့်အပြင် ဝမ်ရှောင်ရို့ကိုပါ ထိန်းလိုက်သည်။ ထို့နောက် တည်ငြိမ်စွာပင် ပြန်ပြော လိုက်လေသည်။
"အမေကင်း...၊ အခုခေတ်မှာ အစားအသောက် ပို့တာက ဝင်ငွေ ကောင်းပါတယ်။ ကြိုးစားရင် တစ်လကို (၂)ဖန် ပြား၊ (၃) ဖန်လောက် ရပါတယ်။ သာမန် မိသားစုတွေအတွက်တော့ စားဝတ်နေရေး အဆင်ပြေပါတယ်၊ ပို တောင်ပိုကါသေးတယ်။ ကျွန်တော်တို့ ပို့ဆောင်သူတွေ အခု တကယ်ကို အဆင်ပြေနေပါပြီ...။”
ဂျီလီလန်က လှောင်ပြောင်လိုက်သည်။
"(၂) ဖန်၊ (၃) ဖန်ဆိုတာ ငါ့ရဲ့ အသေးသုံးစရိတ်တောင် မလောက်ဘူး။ မင်းလို အောက်ခြေလူတန်းစားတွေပဲ အဲလောက်နဲ့ ကျေနပ်နေမှာပေါ့...။”
လျန်ထျန်းက မျက်ဝန်း၌ အလင်းရောင် တစ်ချက် လက်သွားသည်။
"ဒါဆို အမေကင်းက ကိုယ့်ကိုကိုယ် အထက်တန်းစားလို့ ထင်နေတာလား...။ ဒါဆို ဘာလို့ သမီးဖြစ်သူဆီ လာပြီး အားကိုးရှာနေရတာလဲ...။ အဲဒီ (၂) ဖန်၊ (၃) ဖန်ကို ကိုယ့်ဘာသာ ရှာနိုင်လို့လား...။”
ဂျီလီလန်မှာ ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"မင်း...၊ မင်း...၊ဒါက ယောက္ခမကို ပြောတဲ့ စကားလား...၊ အကျင့်စာရိတ္တ မရှိတဲ့ကောင်...။”
သူမမှာ ဒေါသထွက်ရခြင်းမှာ လျန်ထျန်းက သူမ၏ အားနည်းချက်ကို ထိမိသွား၍ ဖြစ်သည်။ သူမသည် ဂုဏ် ရှိသော မိသားစုမှ ဆင်းသက်လာသော်လည်း မိသားစု ပျက်စီးသွားပြီးနောက်တွင် အတတ်ပညာမရှိဘဲ သူတစ် ပါးကိုသာ အားကိုးနေရသူ ဖြစ်သည်။
လျန်ထျန်းကမူ အမှန်တရားဖြင့် တုံ့ပြန်လိုက်သည်။
"ငယ်ငယ်ကတည်းက ကျွန်တော် သင်ယူခဲ့ရတာက လူတစ်ယောက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်ဆို တာပါပဲ...။ ရုပ်ဝတ္ထုပစ္စည်းအတွက် မိသားစုနဲ့ သမီးကို စွန့်ပစ်တဲ့ မိခင်တစ်ယောက်နဲ့ အစာတစ်လုပ်အတွက် အထီးနောက် လိုက်သွားတဲ့ ခွေးမတစ်ကောင်နဲ့ ဘာများ ကွာခြားလို့လဲ...။ မဟုတ်သေးဘူး...၊ ခွေးမတောင် သူ့သားပေါက်တွေကို မစွန့်ပစ်ဘူး။ ဒီစကားက ခွေးတွေကိုတောင် စော်ကားရာရောက်တယ်...။ တိရစ္ဆာန်ထက် ပိုဆိုးတယ်...။”
ဂျီလီလန်မှာ ဒေါသကြောင့် အသက်ရှူပင် မြန်ဆန်လာသည်။
"မင်း... မင်း...။”
သူမက ဘေးရှိ ဝမ်ရှောင်ရို့ကို မျက်စောင်းထိုးလိုက်လေသည်။
"နင်ကလည်း နင့်အမေကို စော်ကားနေတာကို ငေးကြည့်နေမှာလား...၊ နင့်မှာ အသိစိတ် မရှိတော့ဘူးလား...။”
ဝမ်ရှောင်ရို့က အမူအရာမဲ့စွာပင် ပြန်ပြောလိုက်သည်။
"မိုးရွာတဲ့ညက အမေ့ကို မသွားပါနဲ့လို့ ငိုပြီး တောင်းပန်ခဲ့ပေမဲ့ အမေ သွားခဲ့တုန်းကတည်းက ကျွန်မမှာ အမေ မရှိတော့ဘူးလို့ သတ်မှတ်ထားလိုက်တာပါ...။”
ဂျီလီလန်မှာ လက်မလျှော့ဘဲ ဆက်ပြောသည်။
"ငါက နင့်ရဲ့ အမေပဲ။ ငါ နင့်ကို မွေးထုတ်ပေးခဲ့တာ။ နင် င့ါကို မထောက်ပံ့ရင် ငါ တရားစွဲမယ်...။”
လျန်ထျန်းက ရယ်မောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော် မကြားဝံ့မနာသာတဲ့ စကားတွေကို ပြောလိုက်တော့မယ်...၊ ဟုတ်ပါတယ်၊ အမေက ရှောင်ရို့ရဲ့ အမေအရင်းပါ၊ ဒါပေမဲ့ အမေက ဝမ်ချန်ကျွင်းနဲ့ ကွာရှင်းထားတာ ကြာပြီ။ သူက ရှောင်ရို့ကို မွေးစားဖို့ တာဝန်မယူဘဲ စွန့်ပစ်ပြီး ထွက်ပြေးသွားတာလေ။ အခု ရှောင်ရို့က အမေ့ရဲ့ မိသားစုစရင်းထဲမှာတောင် မပါတော့ ဘူး။ ရှောင်ရို့ ငယ်ငယ်က အမေ တာဝန် မယူခဲ့ဘဲနဲ့ အခုမှ ပြန်လာပြီး တာဝန်ယူခိုင်းတာ...။ လောကကြီးမှာ ဒီ လောက်တောင် ကောင်းတဲ့ အလုပ်မျိုး ရှိသေးလို့လား...။”
ဂျီလီလန်မှာ ကြောက်ရွံ့သော်လည်း ဟန်မပျက်ပင် ပြန်ဖြေလိုက်သည်။
"ငါ စုံစမ်းပြီးသားပါ။ သားသမီးတွေက မိဘတွေကို ထောက်ပံ့ရမယ့် တာဝန်က ကွာရှင်းခြင်းကြောင့် ပျက်ပြယ်မ သွားဘူး…။ ဒါကြောင့် မင်းတို့ ငါ့ကို ထောက်ပံ့ရမယ်…။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါ့သမီးနဲ့ မထိုက်တန်ဘူး။ အက်စ်မြို့တော်က အိမ်ခြံမြေ ပိုင်ရှင်တစ်ယောက်ရှိတယ်၊ သူ့ပိုင်ဆိုင်မှုက ယွမ် (၁၀၀,၀၀၀) ကျော်တယ်။ ငါ သူ့ ကို ငါ့သမီးနဲ့ မိတ်ဆက်ပေးမယ်...။”
ဂျီလီလန်မှာ ဝမ်ရှောင်ရို့ကို မြှူဆွယ်ရန် ကြိုးစားနေသည်။
"သမီးရယ်...၊ အမေ့စကား နားထောင်ပါ။ အမေက မင်းကို ဘာလို့ ဒုက္ခပေးမှာလဲ...။ သူ့မှာ ငွေ ယွမ်(၁၀၀,၀၀၀) ရှိတယ်။ သူ့မိသားစု အင်အားက အခု ဝမ်မိသားစုထက်တောင် ကြီးသေးတယ်။ သူက မင်းကိုပဲ လိုချင်တာတဲ့...၊ သူက ငါ့ထက် (၃) နှစ်ပဲ ကြီးတာ...။ ပြီးတော့ သူ သေသွားရင် သူ့ပိုင်ဆိုင်မှုတွေက မင်းတို့ ငါတို့ဆီ ရောက်လာမှာ မဟုတ်လား...။”
ဝမ်ရှောင်ရို့သည် သည်းမခံနိုင်တော့ဘဲ ပြောလိုက်လေသည်။
"အမေ အဲ့သူဌေးကို သဘောကျရင် အမေပဲ သွားယူလိုက်ပါလား...။”
ဂျီလီလန်က မျက်နှာပြောင်တိုက်၍ ဖြေလိုက်သည်။
"ငါလည်း ယူချင်တာပေါ့။ ဒါပေမဲ့ သူက ငါ့ကို မကြိုက်ဘူးလေ။ မင်းပုံကို ပြလိုက်တော့မှပဲ သူက မင်းကို သဘောကျသွားတာ...။”
လျန်ထျန်းက စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"အက်စ်မြို့တော်က ယွမ်(၁၀၀,၀၀၀) ပိုင်ရှင်ဆိုတာ မန်ကော် မဟုတ်လား...။”
ဂျီလီလန်က ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ်...၊ သူက အက်စ်မြို့တော်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မန်ကော်ပဲ။ မင်းလို အစားအသောက် ပို့သူ တောင် သူ့ကို သိတယ်ဆိုတော့ သူ ဘယ်လောက်တောင် နာမည်ကြီးလဲ သိသာနေပြီလေ...။”