← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁)

ကျွန်တော့်ဒေါသများသည် ဖိအားပေးခံရမှုကြောင့် ပေါက်ကွဲထွက်လာခြင်းပင်

လျန်ထျန်းသည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်များ ပို၍ပို၍ ကြုတ်လာလေတော့သည်။

သူ ဤသို့ တုံ့ပြန်သည်မှာလည်း အဆန်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် မည်သူ့အိမ်တွင်မဆို နယ်နိမိတ် စည်းမျဉ်းကို နားမလည်သော ဆွေမျိုးတစ်စု ဝင်ရောက်လာပါက မည်သူမျှ ဝမ်းသာနိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။

အသက်ကြီးသူ နှစ်ဦးက ကြမ်းပြင်ပေါ်သို့ တံတွေးများ ထွေးချနေပြီး လူလတ်ပိုင်း နှစ်ဦးက နေကြာစေ့ အခွံများ နှင့် သစ်သီးအခွံများကို နေရာအနှံ့ ပစ်ချနေကြကာ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးနှစ်ဦးမှာမူ ဟိုဟိုဒီဒီ ပြေးလွှားရင်း ပစ္စည်းများကို မွှေနှောက်နေကြလေသည်။ ယခင်က သပ်ရပ်သန့်ရှင်းနေသော အိမ်လေးမှာ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီး နေရာအနှံ့ ရှုပ်ပွသွားခဲ့ရာ မည်သူက ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ ထိုအဘိုးအိုက သူ၏ အဘိုးဖြစ်သူအား ဟန်ဆောင် အပြုံးဖြင့် ဆိုလာ ခြင်းပင် ဖြစ်ချေသည်။

"ယောက်ဖ...၊ စိတ်မရှိပါနဲ့...၊ ငါတို့အကုန်လုံးက တောကလူတွေဆိုတော့ မြို့ကလူတွေနဲ့ အကျင့်စရိုက်တွေက သေချာပေါက် ကွာခြားမှာပဲ...။ ကျေးဇူးပြုပြီး သည်းခံပေးပါ...။"

"ပြီးတော့ မင်းက ငါ့ထက် အသက်နည်းနည်း ကြီးပေမဲ့ ဆွေမျိုးစပ်ကြည့်ရင် ငါ့ဝမ်းကွဲလိုပဲ မင်းက ငါ့ကို အစ်ကို ဝမ်းကွဲလို့ ခေါ်ရမှာ...။ ငါကတော့ အဲ့ဒါကို လက်ခံနိုင်ပါတယ်...။"

လျန်ထျန်း၏ အဘိုးဖြစ်သူ ထျန်းကော်ချင်းမှာလည်း ရိုးသားအေးချမ်းသူတစ်ဦး ဖြစ်လေသည်။ သူသည် လွန်ကဲ သည်ဟု ဆိုနိုင်သော ထိုစကားများကို အပြုံးဖြင့်သာ တုံ့ပြန်နိုင်ရှာသည်။

ယခင်က ထျန်းကော်ချင်းသည် အပြုံးဖြင့်သာ အခြေအနေကို ထိန်းသိမ်းခဲ့ပြီး လျန်ထျန်းသည်လည်း အဘိုးဖြစ် သူကို ရိုသေသောအားဖြင့် ထိုဆွေမျိုးများကို အငြိုးမထားခဲ့ပေ။ သို့သော် ဤသည်ကပင် ဆွေမျိုးများအကြား နားလည်မှုလွဲမှားစေခဲ့ပြီး ထျန်းကော်ချင်းကသာ အိမ်ထောင်ဦးစီးဟု ထင်မှတ်သွားစေခဲ့သည်။

ယခင်က ထျန်းကော်ချင်းအပေါ် သူတို့၏ ဆက်ဆံရေးမှာ ယခုထက် များစွာ ဆိုးရွားခဲ့လေသည်။ သူတို့သည် အဘိုးဖြစ်သူကို ယောက်ဖ ဟုပင် မခေါ်ဘဲ ဟေ့ ဟေ့ ဟေ့ ဟုသာ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်လေသည်။

ထိုမိသားစုသည် ထျန်းကော်ချင်းက သူ၏ထက် အသက်ငယ်သော ဟို့ကွမ်ကျွမ်းကို လက်ထပ်ခဲ့သည့် အကြောင်း ကို အမြဲတစေ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး ထိုစဉ်က နွားအိုကြီး မြက်နုစားသကဲ့သို့ သို့မဟုတ် ဖားပြုပ်က ဟင်္သာ ကို စားချင်နေသကဲ့သို့ ဖြစ်သည်ဟု ပြောဆိုတတ်ကြပေသည်။

သို့သော် လျန်ထျန်းသည် ဟို့ကွမ်ကျွမ်းနှင့် သူ၏အဘိုးတို့၏ မင်္ဂလာဆောင် ဓာတ်ပုံများကို မြင်ဖူးထားပြီး သူမ သည် ထိုမျှလောက် ငယ်ရွယ်လှပနေခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အရပ်ပုပု၊ ဝဝတုပ် တုပ် ဖြင့် အမြောက်ဆံကြီးတစ်လုံးနှင့်ပင် တူနေသေးသည်။ ထိုကဲ့သို့သော ရုပ်ရည်မျိုးဖြင့် သူမကို မြက်နု သို့ မဟုတ် ဟင်္သာ ဟု ခေါ်ဆို၍ မရနိုင်ပေ။ သူမသည် ငယ်ရွယ်စဉ်က အရပ်ရှည်ရှည်နှင့် ချောမောဟန်သာရှိပါက သူ၏ အဘိုးကိုပင် ကြည့်မည်မထင်ပေ။

သူ၏ အဘိုးမှာ မုဆိုးဖိုဖြစ်နေပြီး ကလေးသုံးယောက် ပါလာခြင်းကြောင့်သာ လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး သို့မဟုတ် ပါက အဘိုးဖြစ်သူသည် သူမကို လှည့်ကြည့်မည်ပင် မဟုတ်ပေ။ လျန်ထျန်း တွေးထင်ထားသကဲ့သို့ပင် ထျန်းကော်ချင်းသည် အစကတည်းက ဟို့ကွမ်ကျွမ်း၏ ရုပ်ရည်ကို သဘောကျခဲ့ခြင်း မဟုတ်ပေ။

ထိုအစား မိမိတို့၏ အခြေအနေအရ ယုံကြည်စိတ်ချရပြီး သက်တောင့်သက်သာ နေထိုင်နိုင်မည့် သူတစ်ဦးကိုသာ ရှာဖွေချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လုံးဝ အံ့သြစရာကောင်းသည်မှာ ရုပ်ရည်ကို အနစ်နာခံကာ ရှာဖွေခဲ့သော ထိုလူသည် စိတ်နေသဘောထားပိုင်းတွင်လည်း များစွာ ကောင်းမွန်ခြင်း မရှိသည့်အပြင် ထူးဆန်းသော ဆွေမျိုး တစ်သိုက်နှင့်ပါ ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။

အဆုံးတွင် ထျန်းကော်ချင်းသည် အလုပ်ကြိုးစားပြီး ယုံကြည်စိတ်ချရကာ အတော်လေး သည်းခံနိုင်စွမ်းရှိသည် ဟုသာ ဆိုရပေမည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူသည် ဟို့ကွမ်ကျွမ်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ အတူနေထိုင်နိုင်ခဲ့ပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက် ရရှိခဲ့လေသည်။ သို့သော် ပြီးခဲ့သည့်အကြိမ်က စိတ်နှလုံး ကြေကွဲခဲ့ ရပြီးနောက်ပိုင်းတွင် သူတို့သည် သိပ်ပြီး အဆက်အသွယ် မလုပ်ကြတော့သော်လည်း နာမည်ခံ လင်မယား အဖြစ်သာ ဆက်လက် တည်ရှိနေခဲ့ကြလေသည်။

အကြောင်းရင်းမှာ အဘိုးဖြစ်သူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ဤအရွယ်တွင် ကွာရှင်းပြီး လက်တွဲ ဖော်သစ် ရှာဖွေရန်မှာ အလွန် အလုပ်ရှုပ်လွန်းသောကြောင့် ဖြစ်သည်။ သို့သော် ကွာရှင်းပြီးနောက် နောက်ထပ် အိမ်ထောင်မပြုပါက လူများက ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုကြမည်ဖြစ်ပြီး သေဆုံးသွားပြီးနောက် တွင်လည်း တစ်ကိုယ်တော် သင်္ချိုင်းဂူကိုသာ တည်ဆောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားပြီးနောက် လျန်ထျန်းသည် သူ၏အဘိုးကို ကွာရှင်းရန် အတင်းအကျပ် တိုက်တွန်းခဲ့ခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အခြား သက်ကြီးရွယ်အိုများ မည်သို့ရှိသည်ကို မသိနိုင်သော်လည်း ထျန်းကော်ချင်းမှာမူ အသက်ကြီးလာသည်နှင့်အမျှ သူ၏ ဂုဏ်သိက္ခာကို ပို၍ ဂရုစိုက်တတ် လာသော အဘိုးအိုမျိုးပင် ဖြစ်လေသည်။

ထို့ကြောင့် သူသည် အလွန်အမင်း ဆိုးရွားလွန်းခြင်း မရှိသော ကိစ္စရပ်များကို သည်းခံနိုင်စွမ်း ရှိလေသည်။

သို့သော် အဘိုးဖြစ်သူက သည်းခံနိုင်သော်လည်း လျန်ထျန်းမှာမူ သည်းမခံနိုင်တော့ပေ။

အဘိုးဖြစ်သူကို လေးစားသောအားဖြင့် ယခင်တစ်ကြိမ်က သူတို့ကို လွှတ်ပေးခဲ့ခြင်းမှာ နောက်ဆုံး စည်းမျဉ်းပင် ဖြစ်ခဲ့လေပြီ။ အိမ်ကို ရှုပ်ပွအောင် လုပ်ထားသည်ကို မြင်လျက်နှင့် မျက်မှောင်သာ ကြုတ်ပြီး မည်သို့မျှ မပြောဘဲ နေခဲ့ခြင်းမှာလည်း လုံးဝ သည်းခံမှု၏ အဆုံးစွန်ပင် ဖြစ်သည်။ ယခုမူ အဘိုးဖြစ်သူအပေါ် ပို၍ပို၍ ရိုင်းစိုင်းလာ သော သူတို့၏ စကားများကို ကြားရသောအခါ လျန်ထျန်း၏ နောက်ဆုံး ခံစစ်မျဉ်းသည် တစ်စစီ ကျိုးပျက်သွား ခဲ့လေပြီ။

လူကြီးများ၏ လွှမ်းမိုးမှုကြောင့် လူငယ်ဆွေမျိုးများမှာလည်း ပို၍ပို၍ စည်းကမ်းမဲ့လာကြသည်။ အဘိုးကြီး စကားပြောအပြီးတွင် ဝမ်းကွဲအစ်ကိုဟု ခေါ်ဆိုသူက ထျန်းကော်ချင်းအား မည်သည့် ရိုသေမှုမျှ မရှိဘဲ စတင် ပြောဆိုလာခဲ့လေသည်။

"ခင်ဗျားကို ကျုပ်အဖေက ဘယ်လောက် မျက်နှာသာပေးထားလဲဆိုတာ ကြည့်ဦး...။ ခင်ဗျားကို ယောက်ဖ ဝမ်းကွဲလို့တောင် ခေါ်နေတာ...၊ ခင်ဗျားကိုယ်ခင်ဗျားလည်း သိမှာပါ...။ အရင်ကဆို ကျုပ်တို့မိသားစုက ခင်ဗျားကို အသိအမှတ်ပြုခဲ့တာတောင် မဟုတ်ဘူး...။"

"အခု ကျုပ်တို့ အချင်းချင်း အသိအမှတ်ပြုလိုက်ပြီဆိုတော့ ကျုပ်လည်း ခင်ဗျားကို ယောက်ဖဝမ်းကွဲလို့ ခေါ် မယ်...၊ ဒါပေမဲ့ ခင်ဗျားက ကျေးဇူးတင်တတ်ရမယ်...၊ နားလည်လား...၊ ကျုပ်တို့က ခင်ဗျားကို ဆွေမျိုးအဖြစ် အလကား လက်ခံပေးလို့ မရဘူး...။"

ယခုမူ ဤမိသားစု၏ စစ်မှန်သော သဘာဝသည် နောက်ဆုံးတွင် ပေါ်လွင်လာခဲ့လေပြီ။ အဒေါ်ဟု ခေါ်ဆိုသူက ဝင်ရောက်ကာ ဆက်လက် ပြောဆိုလေသည်။

"ဒါပေါ့...၊ ဆွေမျိုးတွေအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုရင် ငါတို့က မိသားစုတွေပဲ...။ နင်တို့က အသားစားနေ ပြီး ငါတို့က ဟင်းရည်တောင် မသောက်ရတာမျိုးတော့ အဖြစ်မခံနိုင်ဘူး...။"

"ယခုခေတ်တွင် ပိုက်ဆံရှာရတာ ခက်သလို အလုပ်ရှာရတာလည်း ခက်တယ်...၊ ငါနဲ့ ငါ့ယောက်ျားက ဟိုဟိုဒီဒီ ကြုံရာကျပန်း အလုပ်တွေ လုပ်နေရတာ...။"

"အခု လုပ်အားခတွေ တက်လာတော့ အဲ့ဒီ သူဌေးတွေက ငါတို့ အလုပ်ကြိုးစားမှု မရှိဘူးဆိုပြီး ညည်းတွားနေကြ တယ်လေ...။ ငါတို့က ပျင်းတယ်ဆိုပြီးတော့လေ...၊ သူတို့က ငါတို့ကို အလုပ်မခန့်ချင်ကြတော့ဘူး...။"

"ဒါကြောင့် နင်တို့မိသားစုက ကံကောင်းပြီး အတော်လေး အောင်မြင်နေပြီလို့ ကြားတော့ ငါတို့က လာမှီခိုမလို့ တွေးလိုက်တာ...။ အများကြီး ပေးစရာ မလိုပါဘူး...၊ တစ်လကို သုံးကျောင်၊ ငါးကျောင်လောက်ဆို ရပါပြီ...။"

"ဒါမှမဟုတ် ငါနဲ့ ငါ့ယောက်ျားအတွက် တစ်လကို သုံးကျောင်၊ ငါးကျောင်လောက်ရပြီး သိပ်မပင်ပန်းတဲ့ အလုပ် တစ်ခု လောက် ရှာပေးပါ...။ တူလေးက ကုမ္ပဏီပိုင်ထားတာဆိုတော့ ငါတို့အတွက် တစ်ခုခု စီစဉ်ပေးဖို့ သိပ် တော့ မခက်ခဲလောက်ပါဘူး...။"

ဝမ်းကွဲအစ်ကိုဟု ခေါ်ဆိုသူက ချက်ချင်းပင် ဝင်ရောက်ပြောဆိုလာပြန်သည်။

"ငါတို့လက်အောက်မှာ လူနည်းနည်းပါတဲ့ ရာထူးတစ်ခုလောက် ပေးနိုင်ရင် အကောင်းဆုံးပဲ...။ ငါတို့က ကြုံရာ ကျပန်း အလုပ်တွေလုပ်ပြီး သူများခိုင်းသမျှ လုပ်လာရတာ ဘဝတစ်ဝက်တောင် ကျိုးနေပြီ...။ တခြားလူတွေကို အုပ်ချုပ်ရတဲ့ အရသာကို ငါတို့ကိုလည်း ခံစားခွင့်ပေးပါဦး...၊ ဟားဟားဟား...။"

ယနေ့ခေတ်၏ သုံးပြား၊ ငါးပြား ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ်သုံးသောင်း သို့မဟုတ် ငါးသောင်း တန်ဖိုးရှိခဲ့သည်ကို သိထားသင့်ပေသည်။ လျန်ထျန်း၏ မိသားစုကပင် သူတို့ကို အကြွေး တင်နေသကဲ့သို့ ပြောဆိုနေကြသော ဤမိသားစု၏ စကားများကို ကြားရသောအခါ လျန်ထျန်းအနေဖြင့် ဆက် လက် သည်းခံနိုင်ရန် ခဲယဉ်းလှပေသည်။

ထို့ကြောင့် လျန်ထျန်းသည် မှုန်ကုပ်နေသော မျက်နှာဖြင့် လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ မိသားစုက ကျွန်တော်တို့ကို ဆွေမျိုးတွေအဖြစ် လက်ခံပေးလို့ ကျွန်တော်တို့က ကျေးဇူးတင် ရမှာ လား...။"

"ဒါဆိုရင် ဒီနေ့ ကျွန်တော်တို့အိမ်ကို အတင်းအကျပ် လာခဲ့တာက ဘယ်သူတွေလဲ...။"

"ကျွန်တော်တို့ မိသားစု ဆင်းရဲပြီး အခက်အခဲ ဖြစ်နေတဲ့အချိန်တုန်းက ဘာလို့ တစ်ခါမှ လာမလည်ခဲ့ကြတာ လဲ...။"

"အိုး...၊ နားလည်ပြီ...။ ကျွန်တော်တို့ မိသားစု ဆင်းရဲတုန်းက ကျွန်တော်တို့ဆီက ဘာအကျိုးအမြတ်မှ မရနိုင်လို့ ဆွေမျိုးတော်စပ်တာကို အသိအမှတ် မပြုတော့တာပဲ...။"

"အခု ကျွန်တော်တို့ မိသားစုက ချမ်းသာလာတော့ အကျိုးအမြတ် တစ်ခုခု ရနိုင်မယ်လို့ ခံစားရလို့ ဆွေမျိုးလာ စပ်ဖို့ အားသန်နေကြတာ မဟုတ်လား...။"

"ကျွန်တော် တကယ် မေးချင်တာက ခင်ဗျားတို့တွေ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မရှိ ဖြစ်နိုင်ရတာ လဲ...။ ခင်ဗျားတို့ရဲ့ ပါးပြင်တွေက ဖိနပ်အောက်ခံ အလွှာတစ်ထောင်နဲ့ လုပ်ထားတာများလား...။"

ထိုစကားများကို ကြားသောအခါ ဆွေမျိုးများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြပြီး ခံစားချက်များကို ဖုံး ကွယ်ရာတွင် မကျွမ်းကျင်သော အဒေါ်ကြီးက ပထမဆုံး စတင် ဒေါသတကြီး ပြောဆိုလာခဲ့လေသည်။

"ယောက်ဖ...၊ ဒါကို နားထောင်စမ်းပါဦး...။ ရှင်မြေးက လူစကား ပြောနေတာရော ဟုတ်ရဲ့လား...။"

အခြားသူများကပါ ဝိုင်းဝန်း အပြစ်တင်ရန် ပြင်နေစဉ် လျန်ထျန်းက သူတို့ကို ဖြတ်ပြောကာ တင်းမာစွာ ပြော လိုက် လေသည်။

"ကျွန်တော် ပြောတာ အရင်ဆုံးအောင် နားထောင်ပြီးမှ ခင်ဗျားတို့ ပြောကြ...။"

"အဘိုး...၊ သူတို့အတွက် လောလောဆယ် ဝင်မပြောပေးပါနဲ့ဦး...။ မေမေနဲ့ ဖေဖေလည်း ကျွန်တော့်ကို တားစရာ မလိုဘူး...။"

"ယနေ့ ကျွန်တော် တကယ်ပြောဖို့ လိုအပ်တဲ့ ကိစ္စတချို့ ရှိတယ်...။ ပြီးတော့ သူတို့ကို သေသေချာချာ ရှင်းပြရ မယ်....။"

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းသည် ဆွေမျိုးများကို ခိုင်မာပြတ်သားသော အသံဖြင့် ဆက်လက် ပြောဆို လိုက်လေသည်။

"ပြီးတော့ ခင်ဗျားတို့က ကျွန်တော့်ကို အလုပ်စီစဉ်ပေးစေချင်တာလား...၊ ရပါတယ်...။"

"ယခုခေတ်မှာ အစားအသောက်ပို့တဲ့ အလုပ်ကို လုပ်ရင်တောင် အလုပ်ကြိုးစားချင်စိတ်ရှိရင် တစ်လကို နှစ် ကျောင်သုံးကျောင်လောက် ရှာဖို့ ပြဿနာ မရှိပါဘူး...။"

ထိုစကားကို ကြားသောအခါ ဦးလေးဖြစ်သူက ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။

"ဟင့်အင်း...၊ မလုပ်ဘူး...။ အဲ့ဒါတွေကို ပို့ဖို့ ငါ ကြိုးစားကြည့်ဖူးတယ်လေ...။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်...၊ အဲ့ဒီလိုမျိုး ငါ မလုပ်နိုင်ဘူး...။"

အဒေါ်ဖြစ်သူကလည်း ဝင်ပြောလေသည်။

"ဟုတ်တယ်...၊ အရင်တုန်းက ငါတို့မှာ ဘာအဆက်အသွယ်မှ မရှိခဲ့လို့ သူများဆီမှာ ကြုံရာကျပန်း အလုပ်တွေ လုပ်ခဲ့ရတာ...။"

"အခု ကုမ္ပဏီပိုင်ပြီး သူဌေးဖြစ်နေတဲ့ နင့်လို ဆွေမျိုးတစ်ယောက် ရှိနေပြီဆိုတော့ ဘာလို့ ငါတို့ကို အစားအ သောက်ပို့တဲ့ အလုပ်မျိုး ဆက်လုပ်ခိုင်းနေရတာလဲ...။"

"တစ်ယောက်ယောက်မှာ ဆွေမျိုးရှိတယ်ဆိုရင် သူက ကုမ္ပဏီမပိုင်ဘဲ သူဌေးမဖြစ်နေရင်တောင်မှ ဒုတိယ အထွေထွေမန်နေဂျာလို ရာထူးငယ်လေးတစ်ခုလောက်တော့ စီစဉ်ပေးလို့ ရနိုင်တာပဲလေ...။"

"နင်က သူဌေးဖြစ်နေပြီးတော့ ငါတို့ ဆွေမျိုးတွေကို စီမံခန့်ခွဲရေး ရာထူးတွေ ပေးမှာလား...။ နင်က ငါတို့ကို အခက်တွေ့အောင် လုပ်နေတာလား...။ ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတာကိုတောင် နားမလည်ဘူးလား...။"

လျန်ထျန်းသည် သူတို့ကို ဆက်မပြောရန် လက်ကာပြလိုက်ပြီး စကားတစ်လုံးချင်းစီကို သူ့ကိုယ်တိုင် ပြောလိုက် လေသည်။

"ကျွန်တော် နားလည်ပါပြီ...၊ ခင်ဗျားတို့ အားလုံးက ကြုံရာကျပန်း အလုပ်တွေ လုပ်တဲ့အခါ အချောင်ခိုနေခဲ့ ကြတာပဲ...၊ ဒါကြောင့် အစားအသောက်ပို့ရတဲ့ ဒုက္ခကို ခင်ဗျားတို့ မခံနိုင်ဘူးလို့ ကျွန်တော် ထင်တယ်...။"

"ခင်ဗျားတို့က သူတစ်ပါးကို အုပ်ချုပ်ရတဲ့ အရသာကို ခံစားချင်ရုံနဲ့ ခင်ဗျားတို့ကို လူတွေကို စီမံခန့်ခွဲရတဲ့ ရာထူး တွေ ပေးမယ်လို့လည်း ထင်ယောင်ထင်မှား ဖြစ်နေကြတာပဲ...။"

"ဒီစကားတွေက ဘယ်လောက် ရယ်စရာကောင်းလဲ ဆိုတာ ခင်ဗျားတို့ သိရဲ့လား...။ ဟုတ်ပါတယ်...၊ တချို့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေမှာ အဲ့ဒီလို ဟာကွက်တွေ ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး...။"

"အဆက်အသွယ်ရှိတဲ့သူတွေက အရည်အချင်း မရှိပေမဲ့ အာဏာရှိနေကြပြီး အရည်အချင်းရှိတဲ့သူတွေကျတော့ ဖိနှိပ်ခံရလို့ သူတို့ရဲ့ စစ်မှန်တဲ့ အရည်အချင်းတွေကို မပြသနိုင်ဘဲ အရည်အချင်းမရှိသူတွေရဲ့ ဝေဖန်တာကိုတောင် ခံနေရတယ်...။"

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းသည် အသံကို မြှင့်လိုက်လေသည်။

"ဒါပေမဲ့ ယခု ခင်ဗျားတို့ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်...၊ ကျွန်တော့် ကုမ္ပဏီမှာ အဲ့ဒီလို အခြေအနေ မျိုး လုံးဝ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး...။"

"ကမ္ဘာပေါ်မှာ မတရားမှုတွေကို သာမန်ကိစ္စလို သဘောထားတဲ့ နေရာတွေ အရမ်းများလွန်းတယ်...၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလို အပြုအမူမျိုးကို သည်းခံဖို့ ငြင်းဆန်တယ်...။"

"တရားမျှတမှုဆိုတာ ဘက်မလိုက်ဘဲ ဖြောင့်မတ်တာ၊ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံတာကို ခေါ်တာ...။ လူ့ အဖွဲ့အစည်းဆိုတာ ကိုယ်ရေးကိုယ်တာ အဆက်အသွယ်တွေအပေါ် အခြေခံထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေမဲ့ လူတွေက ပြဿနာတွေ၊ အခက်အခဲတွေ၊ အငြင်းပွားမှုတွေနဲ့ ကြုံတွေ့လာရရင် အဆက်အသွယ်တွေ၊ အသိအ ကျွမ်းတွေကို ရှာဖွေလေ့ရှိကြတယ်...။"

"ဒါပေမဲ့ အဲ့ဒီလို လူမှုရေး အမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ တခြားသူတွေ ဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ဘူး... ၊ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကုမ္ပဏီက လူတွေကို စီမံခန့်ခွဲရမယ်...။ စံပြအနေနဲ့ စည်းကမ်းတွေ ချမှတ် ရမယ်...။ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကြောင့် အနှောင့်အယှက် မဖြစ်စေဘဲ လူမှုဆက်ဆံရေးတွေကို သေချာ စောင့်ကြည့်ရမယ်...။"

နောက်ထပ် ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်း၏ လေသံမှာ ထိုအချိန်တွင် အမြင့်ဆုံးသို့ ရောက်ရှိသွားလေ သည်။

"ဒါကြောင့် ကျွန်တော့်ရဲ့ ဆွေမျိုးနာမည်ကို သုံးပြီး တစ်ယောက်ယောက်က အကူအညီ တောင်းခံလာရင်...၊"

"ကျွန်တော်နဲ့ လာရောက် အတည်ပြုဖို့ မလိုဘဲ ကျွန်တော့် ဆွေမျိုးနာမည်ကို သုံးပြီး အကူအညီ တောင်းခံလာသူ တိုင်းကို စကားတစ်ခွန်းပဲ ပြောဖို့ လူတိုင်းကို အခွင့်အာဏာ ပေးထားတယ်...။ ထွက်သွားလိုက်...။"

"ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွား...၊ အေးချမ်းတဲ့ နေရာတစ်ခုခုကို သွားပြီး တခြားနေရာမှာ သွားနေကြ...။"

ထိုစကားများကို ပြောပြီးနောက် ဝမ်းကွဲအစ်ကို၏ မိသားစုသည် တစ်ခုခုကို ပြောချင်နေသော်လည်း သူတို့၏ နှုတ်ခမ်းများသာ လှုပ်ရှားနေပြီး စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လျန်ထျန်း၏ စကားများသည် သူတို့နှင့် လုံးဝ ကွာခြားသော အဆင့်တစ်ခုတွင် ရှိနေပြီး နောက်ကွယ်မှ အကြောင်းပြချက်များ က သူတို့ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သောကြောင့်ပင် ဖြစ်လေသည်။

သို့သော် အချိန်အနည်းငယ် ကြာပြီးနောက် လိမ္မာပါးနပ်ပြီး ဟန်ဆောင်ကောင်းသော အဘိုးကြီးက မချိုမချဉ်ဖြင့် တစ်ခုခုကို ပြောလိုက်လေသည်။

"မင်းက ဘာလို့ ဒီလောက်တောင် သဘောထားကြီးဟန် ဆောင်နေရတာလဲ...။ လူတွေ ပြောကြတာ မှန်တယ်...၊ ရာထူးတက်လာရင် မောက်မာလာပြီး ပိုက်ဆံရှိလာရင် သံယောဇဉ်တွေကို မေ့သွားတတ်ကြတယ်...။ မင်းက ကိုယ့်ဆွေမျိုးကိုတောင် အသိအမှတ် မပြုတော့ဘူးပဲ...။"

"မကူညီချင်ရင်လည်း ဒီအတိုင်း ပြောလိုက်ပါ...၊ ငါတို့ တောကလူတွေက အဲ့ဒီ အဓိပ္ပာယ်မရှိတာတွေကို နားမ လည်ဘူး...။ မင်းက ဘာလို့ အဲ့ဒီလောက်တောင် အဆိုးမြင်နေရတာလဲ...။"

ထိုသို့ပြောပြီးနောက် သူသည် လွန်စွာ ဒေါသထွက်နေဟန်ဖြင့် တိုးတိုးတိတ်တိတ် ညည်းတွားလိုက်လေသည်။

ဤသည်မှာ လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။ သူက တမင်တကာ မသိချင်ယောင်ဆောင်ကာ အစောပိုင်းက လျန်ထျန်း ပြောခဲ့သည့် စကားများကို တောကလူများ နားမလည်ဟု ဆိုသော်လည်း လျန်ထျန်း ချမ်းသာလာပြီးနောက် သံယောဇဉ်ကို ဂရုမစိုက်တော့ဘဲ တောက ဆွေမျိုးများကို မကူညီချင်တော့သည်ကိုမူ နားလည်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံးဝါကျမှာ ခနဲ့တဲ့တဲ့ အဓိပ္ပာယ်များ ပြည့်နှက်နေလေသည်။ သူသည် အသက်ကြီးလွန်း သဖြင့် စကားလုံးအသစ်အချို့ကို နားမလည်ခြင်းသာ ဖြစ်ပြီး သို့မဟုတ်ပါက လျန်ထျန်းကို ဒေါသကြီးသော လူငယ်တစ်ဦးဟု တိုက်ရိုက် ခေါ်ဆိုမိမည်ပင် ဖြစ်သည်။

သို့သော် လျန်ထျန်းသည် ထိုလုပ်ရပ်ကို ရိပ်မိနေဆဲဖြစ်ပြီး လွန်စွာ စိတ်အားထက်သန်စွာဖြင့် တုံ့ပြန်လိုက်လေ သည်။

"ကျွန်တော့်ဒေါသတွေက ဖိအားပေးခံရလို့ ထွက်လာတာပါ...၊ အဆက်အသွယ်မရှိတဲ့ လူတွေဆီက အခုလိုမျိုး အမြတ်ထုတ်ခံရတာကို ကျွန်တော် သည်းမခံနိုင်ဘူး...။"

"လူအများစုက အလုပ်ကြိုးစားပေမဲ့ ဆင်းရဲမွဲတေစွာ နေထိုင်နေရချိန်မှာ တချို့လူတွေက အရှက်မရှိဘဲ အဆက် အသွယ်တွေကနေတစ်ဆင့် ပိုက်ဆံအများကြီးကို အလွယ်တကူ ရှာဖွေနေကြတာက သည်းခံနိုင်စရာ မရှိဘူး...။”

"ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသူတွေက ပိုးမွေးမြူသူတွေ မဟုတ်ကြဘူး...။ လက်ချောင်းတွေမှာ ရွှံ့မပေဖူးသူတွေ က စံအိမ်ကြီးတွေမှာ နေထိုင်ကြတယ်...၊ ကောင်းကင်အောက်မှာ အလကားနေတဲ့ မြေဆိုတာ မရှိပေမဲ့ လယ် သမားတွေကတော့ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးနေရဆဲပဲ...။ ဒီလိုမျိုးသော ဖြစ်ရပ်တွေ အများကြီး ရှိနေတာကို ကျွန်တော် မမုန်းဘဲ မနေနိုင်ပါဘူး...။"

All Chapters