အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂)
အဆော့မက်သော ကလေးနှစ်ယောက်
ပြင်းထန်သော စကားများဖလှယ်ပြီးနောက် လျန်ထျန်းသည် ဆွေမျိုးများကို အပြီးတိုင် နှုတ်ဆိတ်သွားစေခဲ့ လေသည်။
သို့သော် လျန်ထျန်းသည် နောက်ဆုံးတွင် အချက်တစ်ချက်ကို လျစ်လျူရှုမိခဲ့လေသည် အဘိုးအိုနှစ်ဦးနှင့် လူလတ်ပိုင်းနှစ်ဦးကိုသာ ဤနေရာတွင် ချုပ်ချယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟိုဟိုဒီဒီ ပြေးလွှားကာ ဆူညံသောင်းကျန်းနေသော အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးနှစ်ဦးကိုမူ သတိမပြုမိဘဲ လွတ်သွားခဲ့ လေသည်။
အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးများကို ခွေးပင် မုန်းသည်ဟူသော ရှေးစကားတစ်ခွန်း ရှိပြီး ထိုစကားမှာ အတိုင်းအတာတစ်ခုအထိ မှန်ကန်လှပေသည်။ ထိုခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးနှစ်ဦးသည် ကျယ်ဝန်းသော ဗီလာအိမ်ကြီးထဲသို့ ဝင်ရောက်လာကတည်းက ကစားကွင်းသို့ ရောက်နေသကဲ့သို့ ပြုမူနေခဲ့ကြသည်။ သူတို့ သည် တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားရင်း ရယ်မောဆူညံနေကြသလို ရတနာရှာဖွေနေ သည့်အလား အံဆွဲများနှင့် ဗီရိုများကိုလည်း မွှေနှောက်နေကြလေသည်။
အစကတော့ လျန်ထျန်းသည် ထိုစည်းကမ်းမဲ့သော ကလေးနှစ်ဦးကို တားဆီးချင်ခဲ့သော်လည်း သူတို့ အကြောင်းကို စကားစလိုက်သည်နှင့် ဆွေမျိုးများက စတင်၍ ဝင်ရောက်ပြောဆိုလာကြလေသည်။
အဘိုးဝမ်းကွဲ၏ ဟန်ဆောင်အပြုံးဖြင့် စကားများမှာ ဤသို့ဖြစ်သည်
"ဟားဟား...၊ ငါတို့ တောက ကလေးတွေက နည်းနည်း သွက်လက်ပြီး ဆော့မက်ကြတယ် ခွင့်လွှတ်ပေးပါ ကွာ...။"
ခံစားချက်များကို ဖုံးကွယ်ရန် မသိသော အဒေါ်ကြီးကလည်း ဤသို့ဆိုလေသည်၊
"ဟုတ်တယ်လေ...၊ သူတို့က ကလေးနှစ်ယောက်ပါ သူတို့က နင့်အိမ်ကြီးကို ဖြိုချပစ်နိုင်မယ်လို့ ထင်နေတာ လား...။"
အကျင့်စရိုက် ထူးဆန်းသော ဝမ်းကွဲအစ်ကိုကလည်း ဝင်ပြောလိုက်လေသည်၊
"ငါ့ကလေးက ဒီနေရာမှာ လွတ်လွတ်လပ်လပ် ကစားနိုင်တယ်ဆိုတာ ဒီနေရာကို သူ့အိမ်လို သဘောထားလို့ပဲ လေ မင်းရဲ့ ကျဉ်းမြောင်းတဲ့ စိတ်ထားလေးကိုလည်း ပြန်ကြည့်ပါဦး...။"
အပြောအဆို ရိုင်းစိုင်းပြီး စိတ်ထားသေးသိမ်သော အဒေါ်ဖြစ်သူကလည်း ဆိုလာလေသည်၊
"ဟုတ်တယ်...၊ ကလေးနှစ်ယောက်နဲ့ အများကြီး ငြင်းခုံနေရတာက ချမ်းသာလာလေ စိတ်ထား ကျဉ်းမြောင်းလာ လေဆိုတာကို ပြနေတာပဲ မြို့ကလူတွေက အရှက်ဆိုတာကို မသိကြဘူးလား...။"
ထို့ကြောင့် လျန်ထျန်းသည် လူကြီးများကို အရင်ဖြေရှင်းရန်သာ အာရုံစိုက်ခဲ့ပြီး ကလေးနှစ်ဦးကို လျစ်လျူရှု ထားမိခဲ့ခြင်း ဖြစ်သည်။
သူသည် ဆွေမျိုးများကို ဘာမှ ပြန်မပြောနိုင်တော့သည်အထိ ငြင်းခုံအပြီးတွင် အပေါ်ထပ်မှ ကျယ်လောင်သော ဝုန်း ခနဲ အသံကြီးကို ရုတ်တရက် ကြားလိုက်ရလေသည်။
ထိုကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသောအခါ လျန်ထျန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ တစ်ခုခု မှားယွင်းနေပြီကို သိလိုက်သဖြင့် သူသည် အပေါ်ထပ်သို့ အမြန် တက်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ဗီလာ၏ ဒုတိယထပ်တွင် သူ၏ အခန်းတစ်ခန်း ရှိနေသောကြောင့် ဖြစ်သည်။ သူသည် ထိုအခန်းတွင် ပုံမှန် နေထိုင်လေ့ မရှိသော်လည်း သူ၏ ပစ္စည်းများစွာကို ထိုနေရာတွင် သိမ်းဆည်းထားခဲ့လေ သည်။
သားသမီးများ အိမ်ထောင်ပြုပြီး အိမ်ခွဲထွက်သွားကြသော်လည်း သက်ကြီးရွယ်အို အများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ သို့သော် မိဘများအနေဖြင့် သားသမီးများ၏ အခန်းများကို ဆက်လက် ထားရှိပေးထားပြီး ပုံမှန် သန့်ရှင်းရေး လုပ်ပေးတတ်ကြလေသည်။ အခန်းထဲရှိ အရာအားလုံးကိုပင် မူလအတိုင်း ထားရှိပေးထားတတ်ကြသည်။
ထိုပစ္စည်းများကို မြင်တွေ့ရခြင်းက သားသမီးများ သူတို့နှင့် အတူ နေထိုင်နေဆဲဟု ခံစားရစေပြီး ဖြေဆိမ့်မှု ပေးစွမ်းကာ အထီးကျန်မှုကို လျော့နည်းစေသည့်အလား ဖြစ်သည်။
လျန်ထျန်းသည် ဤအချက်ကို ကောင်းစွာ နားလည်ထားသဖြင့် သူ၏ ပစ္စည်းများစွာကို ဤအခန်းထဲတွင် ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။ သူ ချမ်းသာလာပြီးနောက်တွင်လည်း ယခင်က သဘောကျသော်လည်း မဝယ် နိုင်ခဲ့သော ပစ္စည်းများစွာဖြင့် ထိုအခန်းကို အလှဆင်ထားခဲ့လေသည်။ ဥပမာအားဖြင့် လီဂိုအရုပ်များ ဂန္ထဝင် ဂိမ်းစက်များနှင့် ဇာတ်ကောင် အရုပ်အမျိုးမျိုး စသည်တို့ ဖြစ်လေသည်။
စောစောက ထွက်ပေါ်လာသော ကျယ်လောင်သည့် အသံကြီးမှာ ဒုတိယထပ်ရှိ သူ၏ အခန်းဘက်မှ ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။
လျန်ထျန်း အပြေးအလွှား ရောက်သွားသောအခါ သူ၏ အခန်းတံခါးမှာ ပွင့်နေပြီး အခန်းတွင်းရှိ ပစ္စည်းများ အားလုံး ဖရိုဖရဲ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ မူလက တပ်ဆင်ထားသော လီဂိုအရုပ်များမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ရှည်လျားသော ဆလင်ဒါပုံ အစိတ်အပိုင်းများစွာမှာ ကျိုးပဲ့နေကာ ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။
နစ်တန်းဒိုးနှင့် ပီအက်စ်ပီ ကဲ့သို့သော ဂန္ထဝင် ဂိမ်းစက်များမှာလည်း ကျိုးပဲ့ပြန့်ကျဲနေပြီး အတွင်းရှိ ဆားကစ်ပြား များမှာ အက်ကွဲနေခဲ့လေသည်။ ထိုအရာများကို အမှိုက်သရိုက်များ ဟု ဖော်ပြလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက် မည် မဟုတ်ပေ။
အဆိုးရွားဆုံးမှာ အရုပ်များဖြစ်ပြီး တစ်စစီ ကျိုးပျက် နေကြလေပြီ။ ခေါင်းများ ခြေထောက်များနှင့် အခြား အစိတ်အပိုင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး ထိုအရုပ်များကို သေသပ်စွာ ထည့်သွင်းထားသော ဗီရိုများမှာ လည်း ဘေးသို့ လဲကျနေလေသည်။ အရုပ်များ ထည့်ထားသော ဗီရို လဲကျသွားခြင်းကြောင့် ဤမျှ ကျယ်လောင် သော အသံကြီး ထွက်ပေါ်လာခြင်း ဖြစ်ပုံရလေသည်။
သို့သော် ယင်းမတိုင်မီကတည်းက ထိုအဆော့မက်သော ကလေးနှစ်ဦးသည် လျန်ထျန်း၏ အခန်းထဲတွင် အချိန် အတန်ကြာ ရှိနေခဲ့ပြီး လီဂိုအရုပ်များနှင့် ဂန္ထဝင် ဂိမ်းစက်များကို ဖျက်ဆီးနေခဲ့ခြင်း ဖြစ်ပေမည်။ နောက်ဆုံးတွင် အရုပ်ကို လုယက်ကြစဉ် ဗီရိုကို မတော်တဆ တိုက်မိသဖြင့် လဲကျသွားကာ ထွက်ပေါ်လာသော အသံကြောင့် လျန်ထျန်းက ပြေးလာပြီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ဤအဆော့မက်သော ကလေးနှစ်ဦး ခိုးဝင်လာပြီး နတ်ပြည်ကို မွှေနှောက်နေသည်ကို မည်မျှ ကြာမှ သိရှိရမည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
ယခုမူ လျန်ထျန်း၏ အခန်းပိုင်ရှင် ကိုယ်တိုင် ရောက်လာသော်လည်း စည်းကမ်းမဲ့သော ကလေးနှစ်ဦးမှာ မည်သို့ ပြုမူနေထိုင်ရမည်ကို မသိကြသေးပေ။ သူတို့ ပတ်ဝန်းကျင်တွင် ဖန်တီးထားသော ရှုပ်ပွမှုများကို လုံးဝ ဂရုမစိုက် ဘဲ အကြီးဆုံး အရုပ်ကို လုယက်နေကြဆဲ ဖြစ်သည်။ ဤသည်က နောက်ဆုံး ကျန်ရစ်သော အကောင်းပကတိ အရုပ်လည်း ဖြစ်သည်။ ၎င်းမှာ ရော်ဘာဖြင့် ဖုံးအုပ်ထားသော အလွိုင်းသတ္တုဖြင့် ပြုလုပ်ထားပြီး မီတာဝက်နီး ပါး မြင့်မားကာ အသက်ဝင်လှသော အိုင်းရွန်းမန်း အရုပ်ပင် ဖြစ်လေသည်။
အဆော့မက်သော ကလေးနှစ်ဦးသည် တစ်ယောက်က အိုင်းရွန်းမန်း၏ ခေါင်းကို ဆွဲကိုင်ထားပြီး ကျန်တစ် ယောက်က ခြေထောက်ကို ဆွဲကိုင်ကာ အစွမ်းကုန် ဆွဲလုနေကြလေသည်။
ချက်ချင်းဆိုသလိုပင် လျန်ထျန်း၏ မျက်စိရှေ့၌ အိုင်းရွန်းမန်း၏ ခန္ဓာကိုယ်သည် နှစ်ပိုင်း ပြတ်သွားခဲ့လေပြီ။ ဟုတ်ပေသည် အတွင်းရှိ အလွိုင်းသတ္တုမှာ ဆွဲဖြဲခံလိုက်ရခြင်း ဖြစ်သည်။ လျန်ထျန်းသည် ချက်ချင်းပင် နေရာ၌ မှင်တက်သွားပြီး သူ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားလေသည်။
ဤသည်က အလွိုင်းသတ္တု ဖြစ်သည် ထိုကလေးနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဤသို့ လုပ်နိုင်ရပါသနည်း။ ကမ္ဘာပေါ်တွင် အဖျက်စွမ်းအား အကြီးဆုံးမှာ ဟာ့လ်ခ် မဟုတ်ဘဲ အဆော့မက်သော ကလေးတစ်ယောက် ဖြစ်သည်ဟူသည်မှာ အမှန်ပင်လော။
လျန်ထျန်း တုံ့ပြန်ပြီး ဒေါသတကြီး မအော်ဟစ်မီမှာပင် သူ၏ ဆွေမျိုးများက အနောက်မှ ရောက်ရှိလာကြလေ သည်။ သူတို့သည် မြေးများနှင့် သားများ လုပ်ထားသော ကောင်းမွန်သည့် အရာများကို ကြည့်ရင်း အားလုံးက ဂရုမစိုက်သည့်ပုံ ပေါက်နေကြသည်။
ဦးလေးဖြစ်သူက
"ဒီအရုပ်တွေက လျန်ထျန်း ငယ်ငယ်တုန်းက အကြွင်းအကျန်တွေ ဖြစ်မယ် တန်ဖိုးရှိမယ့်ပုံ မပေါ်ပါဘူး...။"
အဒေါ်ဖြစ်သူက ဤသို့ဆိုလေသည်၊
"ဘာပိုက်ဆံလဲ...၊ ပလတ်စတစ် အကျိုးအပဲ့တွေပဲလေ ဒီလိုဟာမျိုးအတွက် နင်က ငါတို့ကို ငွေညှစ်နိုင်မယ် ထင်နေတာလား...။"
အဒေါ်ကြီးက၊
"ဟုတ်တယ်...၊ ငါတို့အကုန်လုံးက ဆွေမျိုးတွေချည်းပဲ...။ အရုပ်ဟောင်း နည်းနည်းလောက် ကျိုးသွားတာ ဘာမှ ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး...၊ ငါတို့မှာ ပိုက်ဆံမရှိရင်တောင် ကျိုးသွားတဲ့ အရုပ်နည်းနည်းအတွက်တော့ လျော်ပေးနိုင်ပါတယ်...။ ဒါပေမဲ့ သူက ပြန်လက်ခံနိုင်မှာ မဟုတ်ပါဘူး...။"
အဘိုးဝမ်းကွဲက ဟန်ဆောင်နေဆဲပင် ဖြစ်သည်။
"အို... အဲ့ဒီလို ပြောလို့ မရဘူးလေ...၊ အကြီးဆုံး တစ်ခုထဲမှာ သတ္တုတချို့ ပါတယ်လို့ ထင်တယ် ဒါကြောင့် ပိုဈေး ကြီးမယ်ထင်တယ်...။"
ထိုသို့ပြောရင်း အဘိုးဝမ်းကွဲက လျန်ထျန်းဘက်သို့ လှည့်ကာ အလေးအနက်ထားဟန်ဖြင့် ဆက်ပြောလေသည်။
"မြေးကြီး...၊ မင်းကို အဘိုး လျော်ကြေးပေးပါ့မယ်...။ အကြွေစေ့ ငါးရာဆိုရင် လုံလောက်မယ်ထင်တယ်...။ ပိုတာရှိရင် သကြားလုံး ဝယ်စားဖို့ သိမ်းထားလိုက်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ လွန်စွာ ဒေါသထွက်သွားလေသည်။ ယခု သူ၏အတွက် ထိုအရုပ်များ ဂိမ်းစက်များနှင့် အရုပ်များ၏ ငွေကြေးတန်ဖိုးမှာ အထူးတလည် မြင့်မားခြင်း မရှိသော်လည်း မည်သို့ပင်ဆိုစေ လျန်ထျန်း၏ ကြွယ်ဝချမ်းသာမှုမှာ သန်းနှင့်ချီသော အဆင့်တွင် ရှိနေသည် မဟုတ်ပါလား။ ကမ္ဘာ့ကုန်ဈေးနှုန်း များ အဆတစ်သန်း မကျဆင်းမီကဆိုလျှင် ထရီလီယံနှင့်ချီသော ဓနဥစ္စာများနှင့် ညီမျှပေလိမ့်မည်။
သို့သော် ထိုအရုပ်များ ဂိမ်းစက်များနှင့် အရုပ်များ အားလုံးမှာ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော ပစ္စည်း များ ဖြစ်လေသည်။ ထို့အပြင် ၎င်းသည် သူ ငယ်စဉ်က တကယ်သဘောကျခဲ့သော်လည်း ကလေးဘဝတွင် တစ်ခါမျှ မရရှိခဲ့သော အရာများ ဖြစ်သည်။
ဆင်းရဲသား ရပ်ကွက်မှ လာသော နာမည်ကျော် အားကစားသမား အချို့ကဲ့သို့ပင် သူတို့သည် ငယ်ရွယ်စဉ်က ကွတ်ကီး သို့မဟုတ် ဒိန်ချဉ်ကို မဝယ်နိုင်ခဲ့ကြပေ။ သူတို့ ကြီးပြင်းလာပြီး အောင်မြင်မှု ရရှိပြီးနောက်တွင်ပင် သူတို့၏ စွဲလမ်းမှုများကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ကွတ်ကီးစက်ရုံ ဖွင့်ချင်ပြီး နေ့စဉ် ဒိန်ချဉ်ပုလင်း ငါးဆယ် သောက်ချင်နေကြသေးသည်။
ထို့ကြောင့် ကလေးဘဝတွင် လိုအပ်နေသော အရာများကို အရွယ်ရောက်လာသောအခါ အမှန်တကယ် အစား ထိုးကာ ပိုမိုများပြားစွာ တောင်းဆိုတတ်ကြလေသည်။ လျန်ထျန်းသည်လည်း ချွင်းချက် မဟုတ်ပေ။ ထို့ကြောင့် ပင် သူ၏ အခန်းထဲတွင် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော အရုပ်များ ဂိမ်းစက်များနှင့် အရုပ်များစွာ ရှိနေ ခြင်း ဖြစ်လေသည်။ မိမိ နှစ်သက်မြတ်နိုးသော အရာတစ်ခု ပျက်စီးသွားသောအခါ ငွေကြေးဖြင့် အမှန်တကယ် အစားထိုးနိုင်ပါမည်လော။
ထို့အပြင် သူတို့ လျော်ကြေးပေးမည် ဆိုလျှင်တောင်မှ ပေးနိုင်ပါမည်လော။
အလွန်အမင်း ဒေါသထွက်နေသော လျန်ထျန်းသည် ပထမတော့ တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် တဖြည်း ဖြည်း တည်ငြိမ်သွားခဲ့လေသည်။ သူ တည်ငြိမ်သွားသည်ကို မြင်သောအခါ သူ၏ ဆွေမျိုးများက ၎င်းကို အသေး အမွှား ကိစ္စဟု ထင်မှတ်သွားကြပြီး သူတို့၏ ဂရုမစိုက်မှုမှာ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလေသည်။ ထိုအဆော့မက်သော ကလေးနှစ်ဦးမှာ ကြမ်းပြင်ပေါ်ရှိ ကျိုးပဲ့နေသော အရာများကို ဆက်လက် နင်းခြေကာ ဆွဲ ဖြဲပြီး ထပ်မံ ဖျက်ဆီးနေကြလေသည်။
သို့သော် ဤတည်ငြိမ်မှုမှာ မုန်တိုင်း မလာမီ တည်ငြိမ်မှု ဖြစ်သည်ကို လျန်ထျန်း ကိုယ်တိုင်သာ သိရှိလေသည်။ နောက်ဆုံးတွင် လျန်ထျန်းသည် အေးစက်စက် ရယ်မောလိုက်လေသည်။
"ဒီကိစ္စကို ရဲတိုင်မှ ရတော့မယ် ထင်တယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ဖျက်ဆီးနေဆဲဖြစ်သော ကလေးနှစ်ဦးကို ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူး၍ သက်သေအဖြစ် ချန်ထားလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ရဲတိုင်ရန် ဖုန်းခေါ်ဆိုတော့မည့် အချိန်တွင် သူ၏ ဆွေမျိုးများက ကမန်းကတန်း တားဆီးလာကြလေသည်။
ဝမ်းကွဲအစ်ကိုက၊
"ဟေ့...၊ မင်း ဘာလုပ်နေတာလဲ...။ သူတို့က ကလေးတွေလေ မင်းက ဘာလို့ ဒီလောက်တောင် အလေးအနက် ထားနေရတာလဲ...။"
အဒေါ်ဖြစ်သူကလည်း ဝင်ပြောလိုက်လေသည်၊
"ဟုတ်တယ်လေ...၊ ကျိုးနေတဲ့ အရုပ်လေးတွေအတွက်နဲ့ ရဲခေါ်ဖို့ တကယ် တန်လို့လား...။ သူတို့က အရမ်း သေးသိမ်တာပဲ...။"
အဒေါ်ကြီးက၊
"သူတို့က အရုပ်ဟောင်း နည်းနည်းလေးအတွက်နဲ့ ငါတို့ဆီက ငွေညှစ်ဖို့ တကယ် ကြိုးစားနေကြတာပဲ...။ သူတို့ က ဘယ်လို ဆွေမျိုးတွေလဲ...၊ လူစိတ်ဆိုတာ နည်းနည်းလေးမှ မရှိဘူး...။"
အဘိုးဝမ်းကွဲကလည်း၊
"အို...၊ ဘာလို့ ဒီလောက် လောနေရတာလဲ...၊ ငါက လျော်ပေးမယ်လို့ ပြောထားပြီးပြီ မဟုတ်လား...။ ရော့...၊ ဒီအကြွေစေ့ ငါးရာကို ယူပြီး အသစ်တစ်ခု သွားဝယ်လိုက်...။"
သူ့အား ကမ်းပေးလာသော အကြွေစေ့ ငါးရာကို မြင်သော်လည်း လျန်ထျန်းသည် မယူဘဲ ထပ်မံ လှောင်ပြုံး ပြုံးလိုက်လေသည်။
"ကျွန်တော့်ဆီမှာရှိတဲ့ ဒီပစ္စည်းတွေရဲ့ တန်ဖိုးက ဒင်္ဂါးပြား ငါးရာထက် အများကြီး ပိုများတယ်...။ အဲ့ဒါကို တစ်သောင်း ထပ်ပေါင်းရလိမ့်မယ်...။"
အဘိုးဝမ်းကွဲမှာ လျန်ထျန်းကို အကြွေစေ့ ငါးရာ ပေးရန် တွေးနေဆဲဖြစ်ပြီး လျန်ထျန်း စကား၏ ပထမတစ်ဝက် ကို ကြားပြီးနောက် ဤသို့ဆိုလေသည်၊
"အကြွေစေ့ ငါးရာက မလုံလောက်ဘူးလား...၊ နောက်ထပ် အကြွေစေ့ ငါးရာ ထပ်ပေါင်းပေးမယ်...။ ဘာမှ ကြီး ကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး...။"
သို့သော် လျန်ထျန်း စကား၏ ဒုတိယတစ်ဝက်ကို ကြားပြီးနောက် သူသည် မှင်တက်သွားကာ ရုတ်တရက် ရပ် တန့်သွားလေသည်။ အခြားသူများလည်း ခေတ္တမျှ မှင်တက်သွားကြပြီး သုံးစက္ကန့် အပြည့်ကြာပြီးမှ စတင် ပေါက် ကွဲလာကြလေတော့သည်။
အဒေါ်ကြီးက၊
"ဘယ်လောက်...၊ တစ်သောင်း ထပ်ပေါင်းမယ်ဟုတ်လား...၊ အခွန်နဲ့ဆို ငါးသန်းလား...။ နင်က ပိုက်ဆံအတွက် ရူးနေတာလား...။"
အဒေါ်ဖြစ်သူက၊
"ငါတို့ကို ငတုံးတွေလို့ နင် တကယ် ထင်နေတာလား...။ ငါတို့ကို ငွေညှစ်ဖို့ ကြိုးစားနေတာလား...၊ နင် လူရွေးမှား သွားပြီ...။ ငါတို့က အလွယ်တကူ အနိုင်ကျင့်လို့ ရတဲ့သူတွေ မဟုတ်ဘူးဟဲ့...။"
ဝမ်းကွဲအစ်ကိုက၊
"အခုမှ မင်းတို့ မိသားစုရဲ့ ပိုက်ဆံတွေ ဘယ်ကလာသလဲ ဆိုတာကို ငါ နားလည်သွားပြီ...။ ဒါက အမှိုက်ပုံကြီးပဲ လေ...၊ မင်းက ငွေသား ငါးသန်းတောင် တောင်းရဲတယ်ပေါ့...။"
"ဒါဆိုရင် မင်းက လိမ်လည်မှု လုပ်နေတာပေါ့ ဟုတ်လား...၊ ဒီအမှိုက်ပုံကြီးက တကယ်ပဲ ငါးသန်း တန်တယ်ဆို ရင် ငါ ချက်ချင်းပဲ အကုန် စားပြမယ်...၊ တကယ် ပြောတာ...။"
မိမိတို့ဘက်က မှားနေမှန်း သိလျက်နှင့် မောက်မာနေဆဲဖြစ်သော ဆွေမျိုးများကို ကြည့်ရင်း လျန်ထျန်းသည် သူတို့နှင့် စကားထပ်ပြောမနေချင်တော့ဘဲ သူ၏ ဖုန်းမှ မှာယူထားသော အီလက်ထရောနစ် ပြေစာကို ဆွဲထုတ် လိုက်လေသည်။ ဖုန်းထဲတွင် မြင်ရလျှင်တောင် သူတို့ မယုံကြည်ကြမည်ကို စိုးရိမ်သဖြင့် သူသည် အံဆွဲကို ဖွင့်ကာ စက္ကူပြေစာများ အားလုံးကို ထုတ်ယူပြီး သူတို့ကို ပြသလိုက်လေသည်။
"ကြည့်စမ်း...၊ မျက်လုံးကြီးကြီး ဖွင့်ပြီး သေသေချာချာ ကြည့်စမ်း...။"
"ကျွန်တော့် အခန်းထဲက အရုပ်တွေ ဂိမ်းစက်တွေနဲ့ အရုပ်တွေ အားလုံးက ပြည်ပကနေ တင်သွင်းထားတဲ့ စစ်မှန် တဲ့ အကန့်သတ်နဲ့ ထုတ်ထားတာတွေချည်းပဲ...။"
"အကုန်ပေါင်းလိုက်ရင် ပမာဏက အနည်းဆုံး အခွန်နဲ့ဆို ငါးသန်း ရှိတယ်...၊ ကျွန်တော် ပေးထားတဲ့ ဂဏန်းက ဆွေမျိုးတွေမို့လို့ လျှော့ပေးထားတာ...။"
"ဒါကြောင့် ဒီကိစ္စကို ရဲတိုင်ရမယ်လို့ ကျွန်တော် စောစောကတည်းက ပြောခဲ့တာ...၊ ပါဝင်တဲ့ ပမာဏက အရမ်း များလွန်းလို့ ခင်ဗျားတို့ လျော်ပေးနိုင်မှာ မဟုတ်ဘူး...။ တရားဝင်နည်းလမ်းနဲ့ပဲ ဖြေရှင်းလို့ ရမယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ရဲစခန်းသို့ ဆက်လက် ဖုန်းခေါ်ဆိုရန် အတင်းအကျပ် ပြုလုပ်လေသည်။
ဤအချိန်တွင် ဆွေမျိုးများမှာ နောက်ဆုံး၌ ထိတ်လန့်သွားကြပြီး ဝမ်းကွဲအစ်ကို၏ မိဘများဖြစ်သော ဦးလေးနှင့် အဒေါ်တို့က လျန်ထျန်း ဖုန်းခေါ်ဆိုမည်ကို တားဆီးရန် ရှေ့သို့ ထွက်လာကြလေသည်။
ဦးလေးဖြစ်သူက လျန်ထျန်း၏ ဘယ်ဘက်လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။
"တူလေး...၊ င့ါတူလေးရယ်...၊ ရှေးစကား ရှိတယ်လေ...။ တူတစ်ယောက်ဆိုတာ သားတစ်ဝက်နဲ့ တူတယ်တဲ့...၊ ငါတို့အကုန်လုံးက မိသားစုတွေပဲ... ။ ဒီကိစ္စကို ရဲခေါ်ရတဲ့အထိ မကြီးကျယ်သွားပါစေနဲ့ကွာနော်...။"
လျန်ထျန်း၏ အဒေါ်ဖြစ်သူက သူ၏ ညာဘက်လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမ၏ လေသံမှာ စူးရှပြီး ခနဲ့ တဲ့တဲ့နိုင်ရာမှ ဖားယားသော လေသံသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
"ဟုတ်တယ်...၊ ဟုတ်တယ်...။ ဒီကလေးနှစ်ယောက်က မင်းရဲ့ ညီတွေပဲလေ...။ ညီအစ်ကိုဆိုတာ ရင်းနှီးရမှာ ပေါ့ ...၊ အရုပ်တွေက ညီအစ်ကို သံယောဇဉ်နဲ့ ဘယ်ယှဉ်လို့ရမလဲ...။ မင်းလည်း သဘောတူတယ် မဟုတ်လား...။"