← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း (၂၉၄)

အိမ်သာဆေးတာကို ဒီလောက် အော်ဟစ်နေဖို့ လိုလို့လား။

ပြဿနာရှာသော ဆွေမျိုးများကို ဖြေရှင်းပြီးနောက် လျန်ထျန်းသည် သူ၏အခန်းကို ပြန်လည်ပြင်ဆင်ရန် ငွေကြေး အများအပြားသုံးစွဲခဲ့လေသည်။

ငါးသန်းဆိုသည်မှာ များပြားလှသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ငါးယွမ်သာဖြစ်ပြီး လျန်ထျန်း အနေဖြင့် အစားအသောက် တစ်ခေါက် ပို့ဆောင်ရုံဖြင့် ဖြေရှင်းနိုင်သောအရာ ဖြစ်လေသည်။

သို့သော် ဤအချက်မှာ သူတစ်ယောက်တည်းအတွက်သာ အကျုံးဝင်လေသည်၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ ငွေကြေးတန်ဖိုး အဆတစ်သန်း ကျဆင်းသွားခြင်းက သူ၏ ပို့ဆောင်ခ ကော်မရှင်အပေါ် လွှမ်းမိုးမှုမရှိခြင်းမှာ သူတစ်ဦးတည်းသာ ဖြစ်သောကြောင့် လွန်စွာ ကံကောင်းလှပေသည်။

သို့ရာတွင် လျန်ထျန်းသည် ဤကံကောင်းမှုများအားလုံးကို သူတစ်ဦးတည်းအတွက်သာ သိမ်းဆည်းမထားခဲ့ပေ။

ဤကံကောင်းမှုကြောင့် သူသည် မောက်မာလာခြင်း၊ အချောင်ခိုလာခြင်း သို့မဟုတ် မဆင်မခြင် ပြုမူလာခြင်းမျိုး မရှိခဲ့ပေ။

ထိုအစား သူသည် ဤကံကောင်းမှုကို အသုံးချ၍ မိမိကိုယ်ကို ခွန်အားပေးခဲ့ပြီး ရရှိလာသော ငွေကြေးများကို အဓိပ္ပာယ်ရှိသော အရာများစွာ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့လေသည်။

ဥပမာအားဖြင့် သူသည် ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းအရွယ်အစားနှင့် စီးပွားရေးကို တိုးချဲ့နိုင်စေကာ အလုပ်အကိုင် အသစ်များစွာကို ဖန်တီးပေးခဲ့ပြီး လူများစွာကို အေးချမ်းသာယာစွာ နေထိုင် လုပ်ကိုင်နိုင်စေခဲ့သည်။

ဥပမာအားဖြင့် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကို ဝယ်ယူခြင်းဖြင့် အစားအသောက်ပို့ဆောင်သူ များ၏ သက်သာချောင်ချိရေးကို တိုးတက်စေနိုင်သကဲ့သို့ ကုန်သည်များနှင့် ဖောက်သည်များကိုလည်း အကျိုး ကျေးဇူး ရရှိစေကာ သုံးပွင့်ဆိုင် အကျိုးအမြတ်ရရှိသည့် အခြေအနေကို ဖန်တီးနိုင်ပြီး လုပ်ငန်းနယ်ပယ်ကို ပိုမို ကောင်းမွန်လာစေခဲ့သည်။

ဥပမာအားဖြင့် ထိုအရင်းရှင်များ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်းသည် သူတို့နှင့် ပူးပေါင်း ရန် ပြတ်သားစွာ ငြင်းဆန်ခဲ့ပြီး သူ၏ ကုမ္ပဏီနှင့် သူ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများသည် အခြားအရင်းရှင် များကဲ့သို့ လူထုကို ခေါင်းပုံဖြတ်၍ ငွေမရှာသင့်ကြောင်း အခိုင်အမာ ရပ်တည်ခဲ့လေသည်။

နောက်ဆုံးတွင် သူတို့သည် ပူးပေါင်းထားသော အရင်းရှင်အဖွဲ့အစည်းမြောက်မြားစွာနှင့် ကြီးမားသော တိုက်ပွဲ တစ်ရပ်ကို ဆင်နွှဲခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ကာ လူ့အဖွဲ့အစည်းက အသိအမှတ်ပြုထားသော အခြေခံအလုပ်သမား လုပ်အားခကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့လေသည်။

လောကကြီးကို တတ်နိုင်သမျှ တရားမျှတမှုရှိစေရန်နှင့် လုပ်အားခစားများ ပိုမို ငွေရှာနိုင်စေရန် ဖန်တီးပေး ခြင်းမှာ လျန်ထျန်း အမြဲတစေ ယုံကြည်လျှောက်လှမ်းခဲ့သော လမ်းစဉ်ပင် ဖြစ်လေသည်။

ထို့ကြောင့် ဤသည်မှာ သူနားလည်ထားသော လမ်းစဉ်ပင် ဖြစ်ပေသည်။

ထို့ကြောင့် လျန်ထျန်းသည် ငွေကြေး လိုအပ်ချက် မရှိတော့သော်လည်း နေ့စဉ် နေ့တိုင်း အလုပ်ကို ကြိုးစားလုပ် ကိုင်ကာ အစားအသောက်များကို ပို့ဆောင်နေဆဲ ဖြစ်လေသည်။

သူကိုယ်တိုင် ပိုမို အင်အားကြီးမားလာမှသာ လူများစွာကို ကူညီနိုင်မည်ဟု သူ ခိုင်မာစွာ ယုံကြည်ထားလေသည်။

ထိုနေ့က သူသည် ကြီးမားသော စားသောက်ဆိုင်ကြီး တစ်ခုမှ အစားအသောက်မှာယူမှု တစ်ခုကို လက်ခံရရှိခဲ့ လေသည်။

ပြောရမည်ဆိုလျှင် ထိုနာမည်ကြီး ဟိုတယ်များနှင့် ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်များ အနေဖြင့် ပါဆယ်ဆွဲသည့် ဝန်ဆောင်မှုများ စတင်ပေးရန် အကြံဉာဏ်ကို ရှေ့ဆောင်လမ်းပြခဲ့သူမှာ လျန်ထျန်းပင် ဖြစ်လေသည်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း ကြယ်ငါးပွင့်အဆင့်ရှိ ချွမ်ကျန်းဟိုတယ် သည် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုများကြောင့် ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။

အခြားသော နာမည်ကြီး ဟိုတယ်များနှင့် ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်များက ဤသည်ကို မြင်သောအခါ နောက်ကျကျန်ရစ်မည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် လိုက်လံ လုပ်ဆောင်ခဲ့ကြလေသည်။

ထို့ကြောင့် လျန်ထျန်းသည် အမှန်တကယ် အဆင့်မြင့်မားသော စားသောက်ကုန်လုပ်ငန်းကို အစားအသောက် ပို့ဆောင်ရေး နယ်ပယ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်ဟု ဆိုလျှင် ချဲ့ကားရာရောက်မည် မဟုတ်ပေ။

အမှာစာပေါ်ရှိ ဆိုင်အမည်ကို မြင်ပြီးနောက် လျန်ထျန်းသည် ရယ်မောလိုက်လေသည်။

"ဒါက ဝမ်းကွဲအစ်ကို တာဖုန်း အလုပ်လုပ်နေတဲ့ နိုင်ငံပိုင်ဟိုတယ်ပဲ...၊ သူက လတ်တလော အတော်လေး အလုပ် ရှုပ်နေတော့ သူ့ကို မတွေ့ရတာ အတော်ကြာပြီပဲ...။"

"ငယ်ငယ်တုန်းက အကြောင်းကို ပြန်တွေးကြည့်ရင် ငါတို့ မိသားစုနှစ်စုက အခြေအနေချင်း ဆင်တူတော့ တော်တော်လေး ရင်းနှီးခဲ့ကြတယ်...၊ ဝမ်းကွဲတွေ အားလုံးထဲမှာ ငါက ဝမ်းကွဲအစ်ကို တာဖုန်းနဲ့ သံယောဇဉ် အနက်ရှိုင်းဆုံးပဲ...။"

"အဒေါ်အတွက် ငါ့မိဘတွေရဲ့ ဗီလာအိမ်ကြီးဘေးမှာ ဗီလာတစ်လုံး ဝယ်ပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် အိမ်ပြန် သွားတုန်းက အဲ့ဒီ ပြဿနာကောင် ဆွေမျိုးတွေနဲ့ ဖြေရှင်းရတာ အလုပ်ရှုပ်နေလို့ အဒေါ့်ဆီ သွားလည်ဖို့ အခွင့် အရေး မရခဲ့ဘူး...။"

"တိုက်ဆိုင်လိုက်တာ...၊ ဒီဟိုတယ်က အမှာစာတစ်ခုကို ငါ လက်ခံရရှိခဲ့တာပဲ...၊ အဲ့ဒီမှာ ဝမ်းကွဲအစ်ကို တာဖုန်းနဲ့ တွေ့ရနိုင်မလား မသိဘူး....။”

စကားတစ်ဝက်ခန့်တွင် လျန်ထျန်းသည် ရပ်တန့်သွားကာ သူ၏နဖူးကို ပုတ်ပြီး ခေါင်းခါလျက် ခါးသက်သက် ပြုံး ကာ မိမိဘာသာ ဆက်လက် ရေရွတ်လိုက်လေသည်။

"အိုး...၊ ငါ မေ့လုမတတ်ပဲ...၊ ဝမ်းကွဲအစ်ကို တာဖုန်းက မီးဖိုချောင် ကူညီပေးတဲ့သူအနေနဲ့ အလုပ်လုပ်တာဆို တော့ ပုံမှန်ဆို တော်တော်လေး အလုပ်ရှုပ်မှာ...။ ငါက အစားအသောက် သွားယူရုံဆိုတော့ ဧည့်ကြိုကောင်တာ မှာပဲ နေရမှာဆိုတော့ သူ့ကို မြင်ရမှာ မဟုတ်ဘူးပဲ...။"

ဝမ်းကွဲအစ်ကို တာဖုန်းကို မတွေ့ရနိုင်သဖြင့် စိတ်အနည်းငယ် ပျက်သွားသော်လည်း လျန်ထျန်းသည် သူ၏ စိတ်နေသဘောထားကို အမြန်ပြောင်းလဲလိုက်ပြီး သူ လုပ်ဆောင်နေသောအရာအပေါ်တွင်သာ အာရုံစိုက်လိုက် လေသည်။

ထင်မှတ်မထားစွာဖြင့် သူ ဘယ်တော့မှ တွေ့ရမည်မဟုတ်ဟု ထင်ထားသော ဝမ်းကွဲအစ်ကို တာဖုန်းနှင့် ဆုံတွေ့ခဲ့ ရလေသည်။

ဖြစ်စဉ်မှာ ဤသို့ဖြစ်သည် လျန်ထျန်းသည် အစားအသောက် ယူရန် ဟိုတယ် ဧည့်ကြိုကောင်တာသို့ သွားခဲ့သော် လည်း အဆင်သင့် မဖြစ်သေးသဖြင့် ဆယ်မိနစ်ခန့် စောင့်ရမည်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ထို့ကြောင့် လျန်ထျန်းသည် ဤအချိန်တိုလေးကို အခွင့်ကောင်းယူ၍ အိမ်သာသို့ သွားရန် ဆုံးဖြတ်လိုက်လေ သည်။

ဤကဲ့သို့သော ဟိုတယ်ကြီးများတွင် ဝန်ထမ်း သီးသန့် အိမ်သာများရှိပြီး အစားအသောက် လာယူသော ပို့ဆောင် သူများမှာလည်း ထိုဝန်ထမ်းအိမ်သာများကိုသာ အသုံးပြုရလေသည်။

ဝန်ထမ်းအိမ်သာများက ကောင်းမွန်နေ၍ မဟုတ်ပေ၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့မှာ ဧည့်သည်အိမ်သာများ ထက် ပိုမို ဆိုးရွားလေသည်။

ဤအဆင့်ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုက ဖောက်သည်များ၏ စိတ်ကျေနပ်မှုကို အဘယ်ကြောင့် ဦးစားပေးရ သည်ကို နားလည်ရန် လွယ်ကူလှပေသည်။

တစ်ချိန်တည်းမှာပင် ဝန်ထမ်းများ အိမ်သာသွားလိုလျှင် သို့မဟုတ် ဆေးလိပ်သောက်လိုလျှင် ဧည့်သည်သီးသန့် အိမ်သာကို ရှောင်ကြဉ်ခြင်းက သူတို့၏ ပုံရိပ်ကို အမှန်တကယ် တိုးတက်စေမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစား ထားခြင်းလည်း ဖြစ်ပေသည်။

ဤကဲ့သို့သော စီစဉ်မှုများနှင့် နေရာချထားမှုများမှာ တကယ်တော့ ကောင်းမွန်သော အရာတစ်ခုပင် ဖြစ်လေ သည်။

သို့သော် လျန်ထျန်းသည် ဝန်ထမ်းအိမ်သာဆီသို့ ဦးတည်နေသော လမ်းကြားလေးထဲသို့ ရောက်ရှိသွားချိန်တွင် တစ်စုံတစ်ယောက်က အခြားတစ်ယောက်အား ဒေါသတကြီး ဆူပူကြိမ်းမောင်းနေသံကို ကြားလိုက်ရလေသည်။

ထို့အပြင် မီးဖိုချောင်အကူ အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော လူနှစ်ဦးမှာ တံခါးစောင့်နတ်မင်း နှစ်ပါး ကဲ့သို့ အိမ်သာအဝင်ဝတွင် ကင်းစောင့်နေကြလေသည်။

လျန်ထျန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ မီးဖိုချောင်အကူ နှစ်ဦးက သူ့အား အော်ဟစ်လိုက်ကြသည်။

"အိမ်သာ ဆေးကြောနေတယ်...၊ မင်းလို အစားအသောက်ပို့တဲ့ ကောင်က အပြင်မှာ အိမ်သာသွားရှာ ရှေ့ကို ထပ်မလာနဲ့...။"

ထိုစကားကို ကြားပြီး အိမ်သာထဲမှ ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရဆဲဖြစ်ရာ လျန်ထျန်းက ဇဝေ ဇဝါဖြင့် မေးလိုက်လေသည်။

"အိမ်သာဆေးတာကို ဒီလောက် အော်ဟစ်နေဖို့ လိုလို့လား...။"

"ပြီးတော့ အထဲကနေ ခပ်ရေးရေး ရင်းနှီးနေတဲ့ နောက်ထပ် အသံတစ်သံကို ငါ ဘာလို့ ကြားနေရတာလဲ...။"

ဟုတ်ပေသည်၊ လျန်ထျန်းသည် ကျယ်လောင်သော အော်ဟစ်သံများအပြင် အိမ်သာထဲမှ ပိုမို တိုးညင်းသော အသံတစ်သံကို ကြားလိုက်ရခြင်း ဖြစ်သည်။

ထိုတိုးညင်းသော အသံမှာ ဝမ်းကွဲအစ်ကို တာဖုန်းထံမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

ထို့ကြောင့်ပင် လျန်ထျန်းသည် အလွယ်တကူ လက်မလျှော့ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ် လေသည်။

ဤအချိန်အထိ လျန်ထျန်းသည် ဝမ်းကွဲအစ်ကို တာဖုန်းနှင့် ဤနေရာတွင် တကယ်ဆုံတွေ့ရမည်ဟု တစ်ခါမျှ မတွေးထင်ထားခဲ့ပေ။

သို့သော် အသံက ရင်းနှီးနေမည်ဆိုလျှင် သူ စိတ်အေးလက်အေး မဖြစ်နိုင်မီ သွားရောက် စစ်ဆေးပြီး အတည်ပြု ရမည် ဖြစ်သည်။

သို့သော် မီးဖိုချောင်အကူ နှစ်ဦးက လျန်ထျန်း သူတို့စကားကို နားမထောင်သည်ကို မြင်သောအခါ ချက်ချင်းပင် လျှောက်လာကြပြီး ကြမ်းတမ်းသော်လည်း အားပျော့သော လေသံဖြင့် ပြောလိုက်ကြလေသည်။

"ဒီဘက်ကို ထပ်မလာဖို့ ပြောနေတာကို မကြားဘူးလား...။"

"ဟေ့ ပို့ဆောင်ရေးသမား...၊ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ငါ အကြံပေးချင်တယ်...။ ယုံလိုက်ပါ မင်း နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းရင် ငါတို့ မင်းကို ပညာပေးရလိမ့်မယ်...။"

မီးဖိုချောင်အကူ နှစ်ဦးစလုံးမှာ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်များဖြစ်ကြပြီး သူတို့သည် သန်မာ၍ ကြွက်သားများ ထွားကြိုင်းပုံပေါ်လေရာ လျန်ထျန်း အနေဖြင့် သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော်လည်း...၊ သူ ချမ်းသာလာကတည်းက လျန်ထျန်းသည် ဘယ်တုန်းကများ ကိုယ်တိုင် ကိုယ်ကျ တစ်ခုခု ကို လုပ်ဆောင်ဖို့ လိုအပ်ခဲ့ဖူးပါသနည်း။

ထင်ထားသည့်အတိုင်းပင် မီးဖိုချောင်အကူ နှစ်ဦးက လျန်ထျန်းသည် သူတို့ကို လျစ်လျူရှုကာ ဤဘက်သို့ ဆက်လက် လျှောက်လာနေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် သူတို့၏ လက်သီးများကို မြှောက်ကာ တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှေ့သို့ ပြေးဝင်လာကြလေသည်။

သို့သော် သူတို့၏ လက်သီးများ မကျရောက်လာမီမှာပင်...။

“ဘုန်း... ဘုန်း...။”

သူတို့ထံမှ လုံးထွေးသော အသံနှစ်သံ ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ မီတာ ငါးခြောက်မီတာခန့် အနောက်သို့ လွင့်စင်သွားပြီး ကြမ်းပြင် ပေါ်သို့ သနားစရာကောင်းလောက်အောင် ပြုတ်ကျသွားခဲ့လေသည်။

လျန်ထျန်း၏ အရှေ့ဘက်သို့ ပြန်ကြည့်လိုက်သောအခါ ချူရှီမင်သည် ဘယ်ဆီကနေ ရောက်လာမှန်းမသိ ထိုနေရာတွင် ရပ်နေနှင့်ပြီး ဖြစ်လေသည်။

လျန်ထျန်းကို မှောင်မိုက်ထဲမှနေ၍ သူက ကာကွယ်ပေးထားသဖြင့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦး ကို မဆိုထားနှင့်၊ တောင့်တင်းခိုင်မာသော လူမိုက် ခုနစ်ယောက် ရှစ်ယောက်ပင် လျန်ထျန်း အနားသို့ ကပ်ရန် ခက်ခဲပေလိမ့်မည်။

ချူရှီမင်၏ လက်သီးချက်ကို ခံရသော သာမန်လူတစ်ယောက်သည် သုံးမိနစ်မှ ငါးမိနစ်ကျော်အထိ သေချာပေါက် ပြန်ထနိုင်မည် မဟုတ်ပေ။

မီးဖိုချောင်အကူ နှစ်ဦးမှာလည်း ချွင်းချက် မဟုတ်ပေ၊ သူတို့ နှစ်ဦးစလုံးမှာ ဗိုက်ကို ဖက်ကာ ကွေးကွေးလေး ဖြစ်နေပြီး ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ ညည်းတွားနေကြလေသည်။

ထိုအခွင့်အရေးကို အသုံးချ၍ လျန်ထျန်းသည် အိမ်သာထဲသို့ အမြန် ပြေးဝင်သွားခဲ့လေသည်။

ထို့နောက် သူ အိမ်သာထဲသို့ ခြေချလိုက်ပြီး အတွင်းဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခိုက်တွင် သူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့လေသည်။

ပြီးနောက် မကြာမီမှာပင် သူ၏ မျက်နှာပေါ်တွင် ဒေါသတရားများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေတော့သည်။

All Chapters