အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း (၂၉၅)
ဘယ်လို အဆင့်အတန်းမျိုးမို့လို့ ငါ့ဦးလေးနဲ့ တစ်ပုံစံတည်း တူတဲ့ကားကို စီးနေရတာလဲ။
နိုင်ငံပိုင် ဟိုတယ်တစ်ခု၏ ဝန်ထမ်းအိမ်သာထဲတွင် ဖြစ်လေသည်။
လျန်ထျန်း ဝင်လာသောအခါ သူ၏ဝမ်းကွဲညီအစ်ကို လျူတာဖုန်းအား အဖြူရောင် မီးဖိုချောင်အကူ ဝတ်စုံကို ဝတ်ဆင်ထားသူ တစ်ဦးက အိမ်သာဆေးရန် အတင်းအကျပ် ခိုင်းစေနေသည်ကို မြင်လိုက်ရလေသည်။
လျူတာဖုန်းမှာ အလုပ်လုပ်နေရင်း ငိုယိုကာ ညည်းတွားနေသည်ဖြစ်ရာ အိမ်သာဆေးရန် အတင်းအကျပ် ခိုင်းစေ ခံနေရခြင်းမှာ အမှန်ပင် ဖြစ်လေသည်။
"ဝါး...၊ အိမ်သာဆေးတာကို တစ်ပတ်စီ အလှည့်ကျ လုပ်မယ်လို့ ပြောထားပြီးတော့ ငါက တစ်လလုံးလုံး ဆေးနေရပြီလေ...။ ဒါက တကယ်ကို မတရားဘူးလေ...။"
လျူတာဖုန်းက မကျေမနပ်ဖြစ်ကြောင်း ဖော်ပြတိုင်း ထိုမီးဖိုချောင်အကူက သူ့အား ဆူပူကြိမ်းမောင်းကာ ခြိမ်းခြောက်လေ့ရှိလေသည်။
"ငါခိုင်းတာကိုသာ လုပ်စမ်းပါ...၊ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ...။"
"မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲရင် ပြီးခဲ့တဲ့တစ်ခေါက်ကလို မင်းခေါင်းကို အိမ်သာခွက်ထဲ ဆွဲနှစ် ပစ်မယ်ဆိုတာ ယုံလိုက်စမ်းပါ...။"
ထိုသို့ပြောရင်း ထိုမီးဖိုချောင်အကူသည် လျူတာဖုန်း၏ ဆံပင်ကို ဆွဲကိုင်ကာ အိမ်သာခွက်ဆီသို့ အားကုန် ဆွဲခေါ်သွားလေသည်။
လျူတာဖုန်းက သေချာပေါက် ရုန်းကန်မည် ဖြစ်သော်လည်း မကြာမီမှာပင် နောက်ထပ် ခြိမ်းခြောက်စကား တစ်ခွန်းကို ကြားလိုက်ရလေသည်။
"အိုး...၊ မင်းက ရုန်းရဲတယ်ပေါ့လေ...၊ ငါ့ဦးလေးက ငါတို့မီးဖိုချောင်ရဲ့ အဓိကစားဖိုမှူးကြီးကွ...၊ မင်းက မီးဖိုချောင်က အလုပ်ကို အပြုတ်ခံချင်နေတာလား...။"
ထိုစကားကို ကြားသောအခါ လျူတာဖုန်းမှာ ချက်ချင်းပင် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်လေသည်။
သူသည် အလွန်အမင်း အနိုင်ကျင့်ခံထားရပုံ ပေါ်လေသည် အဘယ်ကြောင့်ဆိုသော် မကြာမီမှာပင် ဝမ်းနည်းကြေ ကွဲစွာဖြင့် ငိုသံပါကြီးဖြင့် ပြောလိုက်သောကြောင့် ဖြစ်လေသည်။
"ကောင်းပြီလေ...၊ ငါ အလုပ်ထွက်မယ်...။ ငါ နုတ်ထွက်မယ်...။"
မီးဖိုချောင်အကူက လှောင်ပြုံး ပြုံးလိုက်လေသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား...၊ ဒီလောက် မလွယ်ပါဘူးကွာ...။"
"ပြီးခဲ့တဲ့တစ်ခေါက် မင်းရဲ့ စာချုပ်ကို သက်တမ်းတိုးတုန်းက ငါ့ဦးလေးကို အဲ့ဒါ ပြောင်းခိုင်းထားတယ်...။ မင်း အခု ထွက်သွားရင် စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေ အများကြီး ပေးရလိမ့်မယ်...။"
"ပမာဏက သိပ်မများပါဘူး...၊ မင်းရဲ့ ပေါ်ရှေး ကိုးတစ်တစ် ကားတန်ဖိုးလောက်ပဲ ရှိတာ...၊ ဒါဆို မင်းက အဲ့ဒီလောက်များတဲ့ ပိုက်ဆံတွေကို လျော်ပေးချင်လို့လား...။"
လျူတာဖုန်းမှာ မတရားခံရသည်ဟု ခံစားရကာ နားမလည်နိုင်စွာဖြင့် ဆက်လက် ငိုယိုနေလေသည်။
"မင်းတို့က ဘာလို့ ငါ့ကို အနိုင်ကျင့်နေကြတာလဲ...၊ ငါက အမြဲတမ်း ရိုးရိုးသားသား အလုပ်လုပ်ခဲ့ပြီး မင်းတို့ကို ဘယ်တုန်းကမှ ပြဿနာ မရှာခဲ့ပါဘူး...။"
မီးဖိုချောင်အကူက နောက်တစ်ကြိမ် အေးစက်စက် ရယ်မောလိုက်လေသည်။
"ငါတို့အကုန်လုံးက မီးဖိုချောင်အကူတွေချည်းပဲ...။ ဒါပေမဲ့ မင်းက ပေါ်ရှေး ကိုးတစ်တစ် လို ဇိမ်ခံကားကြီးကို မောင်းနိုင်တယ်...၊ အဲ့ဒါကပဲ ငါတို့ကို ပြဿနာရှာနေတာပဲလေ...။"
"ရိုးရိုးသားသား ပြောရရင် ငါ ဒီနေရာကို စရောက်လာတုန်းက မင်းက ဒီလောက်ကောင်းတဲ့ ကားကြီးကို မောင်း နေတော့ မင်းကို နည်းနည်း စိုးရိမ်ပြီး ကြောက်ခဲ့ရသေးတယ်...။"
"မင်းက ချမ်းသာတဲ့ ကလေးတစ်ယောက် ဒါမှမဟုတ် ငါ့လိုမျိုး အဆက်အသွယ်ရှိတဲ့ သူတစ်ယောက်လို့ ငါ ထင်ခဲ့တာ...။"
"ဒါပေမဲ့ မင်းက အရင်တုန်းက ဆင်းရဲတဲ့ ကောင်လေး တစ်ယောက်ဆိုတာကို ငါ နောက်ပိုင်း လူတော်တော်များ များဆီကနေ သိလာရတယ်...။"
"ဒါပေမဲ့ တစ်နေ့ကျတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိဘူး...။ မင်းက အသစ်စက်စက် ပေါ်ရှေး ကိုး တစ်တစ် ကားကြီးကို မောင်းပြီး အလုပ်လာတယ်လေ...။"
"တစ်ယောက်ယောက်က မင်းကို မေးရင် မင်းအစ်ကိုက ဝယ်ပေးတယ်လို့ပဲ မင်းက ပြောတယ်...။ ဒါပေမဲ့ လူတိုင်းက မင်းရဲ့ ငတုံးပါးစပ်ကနေတစ်ဆင့် မင်းမိသားစုရဲ့ ငွေကြေးအခြေအနေကို သိပြီးနေကြပြီ...။"
"မင်းက မိဘတစ်ပါးတည်းရှိတဲ့ မိသားစုကနေ လာတာဖြစ်ပြီး တစ်ဦးတည်းသော သားလေ...၊ ဒါဆို ဒီအစ်ကိုဆို တာက ဘယ်ကနေ ရောက်လာတာလဲ...။"
"ဒါကြောင့် ငါတို့ ခန့်မှန်းကြည့်တာတော့ မင်းက ဒီလို ဇိမ်ခံကားကြီးကို ဝယ်နိုင်လောက်အောင် အရမ်းကံကောင်း ပြီး ဆုကြီးတစ်ခုခု ပေါက်ခဲ့တာ သေချာတယ်...။"
"ဒါပေမဲ့ မင်းက အရူးတစ်ယောက် ဖြစ်နေလို့ မင်းရဲ့ ဆုကြေးငွေ အကုန်လုံးကို ဇိမ်ခံကားတွေ ဝယ်ဖို့ သုံးလိုက်ပြီး ပိုက်ဆံ နည်းနည်းလေးတောင် မစုထားဘူး...။ မင်းက ဒီနေရာမှာပဲ နေပြီး မီးဖိုချောင်အကူအဖြစ် အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ ပင်ပန်းပြီး ညစ်ပတ်တဲ့ အလုပ်တွေကိုပဲ လုပ်နိုင်တော့တာလေ...။"
ဤနေရာသို့ ရောက်သောအခါ မီးဖိုချောင်အကူမှာ မနာလိုမှုများဖြင့် မျက်နှာ ရှုံ့မဲ့သွားကာ စကားပြောခြင်းကို ခေတ္တရပ်လိုက်လေသည်။ သူသည် လျူတာဖုန်း၏ ဆံပင်ကို ပို၍ တင်းကျပ်စွာ ဆွဲကိုင်လိုက်ပြီး အံများကို ကြိတ်ကာ ဆက်ပြောလိုက်ရာ သူ၏ အသံမှာ တင်းကြိတ်ထားသော သွားများကြားမှ အတင်း ထွက်ပေါ်လာလေ သည်။
"ဒါပေမဲ့ မင်းက ဘယ်လို အဆင့်အတန်းမျိုးလဲ...၊ မင်းက ငါ့ဦးလေးနဲ့ တစ်ပုံစံတည်း တူတဲ့ကားကို မောင်းနေ တယ်...။ ငါတောင် ဒီလောက် ကောင်းတဲ့ကားကို အခုထိ မမောင်းရသေးဘူးကွ...။"
"ဒါကြောင့် ငါ မင်းကို ပြဿနာရှာမယ်...။ မင်းကို ပြိုလဲသွားအောင် လုပ်မယ်...၊ အဲ့ဒီ ဇိမ်ခံကားကြီးကို ပြန်အန် ထွက်လာအောင် အတင်းအကျပ် လုပ်မယ်...၊ ဘာလို့လဲဆိုတော့ မင်းလို ငတုံးတစ်ယောက်က ဒီလောက် ကောင်းတဲ့ကားကို မောင်းဖို့ မထိုက်တန်လို့ပဲ...။”
ဤစကားများ၏ အစပိုင်းမှာ လျန်ထျန်း အိမ်သာထဲသို့ မဝင်မီကပင် အပြင်ဘက်ရှိ တံခါးစောင့်နေသော မီးဖို ချောင်အကူ နှစ်ဦးနှင့် အငြင်းပွားနေစဉ် ကြားခဲ့ရခြင်း ဖြစ်လေသည်။
နောက်ဆုံး စာကြောင်းအနည်းငယ်မှာမူ သူ အိမ်သာထဲသို့ ဝင်သွားပြီးနောက် သူ၏ ဝမ်းကွဲညီအစ်ကို တာဖုန်း မည်သို့ အနိုင်ကျင့်ခံနေရသည်ကို အမှန်တကယ် ကြားသိမြင်တွေ့ခဲ့ရပုံကို ဖော်ပြနေခြင်း ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် လျန်ထျန်းမှာ ဒေါသတကြီး ဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။
"လွှတ်လိုက်စမ်း...။”
အနောက်ဘက်မှ အသံကို ကြားသောအခါ ထိုမီးဖိုချောင်အကူမှာ အစပိုင်းတွင် လန့်သွားပြီးနောက် ရုတ်တရက် လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
"မင်းက ဘယ်သူလဲ...၊ မင်းကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ...။”
လျန်ထျန်းက စကားတစ်လုံးချင်းစီ ပီပီသသ ပြောလိုက်လေသည်။
"ငါက လျူတာဖုန်းရဲ့ အစ်ကိုပဲ...၊ အခု မင်း သူ့ကို လွှတ်လိုက်ဖို့ ငါ ပြောနေတယ်...။”
မီးဖိုချောင်အကူမှာ ပို၍ ဇဝေဇဝါ ဖြစ်သွားပြီး ထပ်မံ မေးလိုက်လေသည်။
"တံခါးပေါက်က ကောင်နှစ်ကောင် ဘယ်ရောက်သွားပြီလဲ...။ မင်းကို ဘယ်သူမှ မတားကြဘူးလား...။”
လျန်ထျန်း၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်သီးများပေါ်တွင် သွေးကြောများ ထောင်ထလာလေသည်။
"မင်းက ငါ့ညီကို အနိုင်ကျင့်ရတာ တကယ် သဘောကျနေတာပဲ ဟုတ်လား...။ စောစောက အပြင်ဘက်က ဆူညံ သံတွေကို မကြားလိုက်ဘူးလား...။”
"မင်းရဲ့ နောက်လိုက်ခွေး နှစ်ကောင်ကို ငါ ရှင်းလင်းပြီးသွားပြီ...။ သူတို့ ကြမ်းပြင်ပေါ်မှာ လဲနေပြီး မကြာခင် အချိန်အတွင်း ထနိုင်မှာ မဟုတ်ဘူး...။”
ထိုစကားကို ကြားပြီးနောက် မီးဖိုချောင်အကူမှာ တကယ်ကို ထိတ်လန့်သွားလေသည်။
"အစားအသောက်ပို့တဲ့ ကောင်လေးက အဲ့ဒီနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ် ဟုတ်လား...။ သူတို့က မီးဖို ချောင်အကူတွေထဲကနေ ငါ ရွေးထုတ်ထားတဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမား နှစ်ယောက်လေ...။”
ခေတ္တမျှ ရပ်နားပြီးနောက် မီးဖိုချောင်အကူက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"နေပါဦး... လျူတာဖုန်းရဲ့ ကိုယ်ရေးရာဇဝင်မှာ သူက တစ်ဦးတည်းသော သားလို့ ရှင်းရှင်းလင်းလင်း ရေးထား တယ်လေ...၊ ဒီအစားအသောက်ပို့တဲ့ ကောင်က ဘယ်ကနေ ရောက်လာတာလဲ...။”
လျန်ထျန်းက မေးခွန်းကို ရိုးသားစွာ ဖြေကြားလိုက်လေသည်။
"ငါက သူရဲ့အဒေါ်ဘက်က ဝမ်းကွဲအစ်ကိုပဲ...၊ သူကလည်း ငါ့အဒေါ်ဘက်က ဝမ်းကွဲညီပဲ...။”
"ပြီးတော့ သူက ပေါ်ရှေး ကိုးတစ်တစ် လို ဇိမ်ခံကားကြီးကို ဘယ်လိုများ မောင်းနိုင်လဲဆိုတာ မင်း အရင်က စပ်စု ချင်နေတာ မဟုတ်ဘူးလား...။”
"အဲ့ဒီကားကို ငါ သူ့အတွက် ဝယ်ပေးခဲ့တာ...။ မင်း ခန့်မှန်းနေသလို ဆုကြီး ပေါက်ခဲ့တာ မဟုတ်ဘူး...။ သူ့ အတွက် ဗီလာအိမ်ကြီး တစ်လုံးတောင် ငါ ဝယ်ပေးခဲ့သေးတယ်...။”
ထိုစကားကို ကြားသောအခါ မီးဖိုချောင်အကူမှာ ခေတ္တမျှ မှင်တက်သွားသော်လည်း နှစ်စက္ကန့်ခန့်အကြာတွင် ရယ်မောလိုက်လေသည်။
"မင်းက တကယ်ပဲ လျူတာဖုန်းရဲ့ ဝမ်းကွဲအစ်ကို ဖြစ်နေရင်ကော ဘာဖြစ်လဲ...၊ မင်းဝတ်ထားတဲ့ အဝတ်အစား တွေကိုလည်း ပြန်ကြည့်ဦး...။”
"မင်းက အဆင့်နိမ့်တဲ့ အစားအသောက်ပို့သမားလေး တစ်ယောက်ပဲ...၊ သူက ဘာတွေ ကြွားလုံးထုတ်နေ တာလဲ... ။ သူက ဇိမ်ခံကားတွေနဲ့ ဗီလာတွေကို ဝယ်နိုင်တယ်ပေါ့ ဟုတ်လား...၊ ပြီးတော့ သူ့ရဲ့ ဝမ်းကွဲညီကို တောင် လက်ဆောင်ပေးနိုင်တယ်ပေါ့လေ...။”
ဆံပင်ဆွဲခံထားရဆဲ ဖြစ်သော လျူတာဖုန်းမှာ ဆက်၍ နားမထောင်နိုင်တော့ဘဲ ရုန်းကန်ကာ အော်ဟစ်လိုက်လေ သည်။
"ငါ့အစ်ကို ကြွားလုံးထုတ်နေတာ မဟုတ်ဘူး...၊ သူပြောတာတွေ အားလုံးက အမှန်တွေချည်းပဲ...။”
"စီမာတယ်...၊ မင်းကို ငါ ပြောလိုက်မယ်...။ မင်း ငါ့အကြောင်းကို ဘာပဲပြောပြော ငါ့ကို ဘယ်လိုပဲ အနိုင်ကျင့် ကျင့် ကိစ္စမရှိဘူး...။”
"ဒါပေမဲ့ ငါ့အစ်ကိုအကြောင်းကို မကောင်းတာ တစ်ခုခု ထပ်ပြောရဲရင် ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်...၊ မင်းရဲ့ ဦးလေးက အဓိကစားဖိုမှူးကြီး ဖြစ်နေရင်တောင် ဘာမှ ဂရုမစိုက်ဘူး...။”
လျူတာဖုန်း၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုက စီမာတယ် အမည်ရှိ ထိုမီးဖိုချောင်အကူအား တကယ်ကို အံ့အား သင့်သွားစေခဲ့လေသည်။
မည်သို့ပင်ဆိုစေ သူသည် ယခင်က ဦးလေးဖြစ်သူ အဓိကစားဖိုမှူးကြီး၏ အရှိန်အဝါကို အားကိုးကာ ပြင်ဆင် ထားသော စာချုပ်သက်တမ်းတိုးမှုဖြင့် လျူတာဖုန်းအား လှည့်စားခဲ့ဖူးလေသည်။
ဤသည်က လွန်ခဲ့သော တစ်လအတွင်း သူ လျူတာဖုန်းအား မည်မျှပင် အနိုင်ကျင့်စေကာမူ တစ်ဖက်လူက ပြန် လည် တိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ ၎င်းမှာ အလေ့အကျင့်တစ်ခုလိုပင် ဖြစ်နေခဲ့လေပြီ။
သို့သော် လူတစ်ယောက် ပေါ်လာမှုက အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော လျူတာဖုန်းအား ပြန်လည် ခုခံရန် လှုံ့ဆော်ပေးခဲ့ရာ ထိုလူက သူ့အပေါ် မည်မျှအထိ အလေးထားကြောင်း ပြသနေလေသည်။
ထို့ကြောင့် စီမာတယ်မှာ နောက်ဆုံးတွင် လျူတာဖုန်းကို ကြောက်ရွံ့သွားပြီး အလိုအလျောက်ပင် လျူတာဖုန်း၏ ဆံပင်များကို လွှတ်ပေးလိုက်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။
လျန်ထျန်းသည် လျူတာဖုန်း၏ အခြေအနေကို စစ်ဆေးရန် အမြန်သွားလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေ သည်။
"တာဖုန်း...၊ မင်း အဆင်ပြေရဲ့လား...။”
လျူတာဖုန်း၏ ဆံပင်များမှာ အချိန်ကြာမြင့်စွာ ဆွဲခံထားရပြီး စောစောက ရုန်းကန်လိုက်စဉ်တွင် ဆံပင်တစ်ဆုပ် ခန့်ပင် ပြတ်ထွက်သွားခဲ့လေသည်။
သူသည် နာကျင်လွန်းသဖြင့် မျက်နှာ ရှုံ့မဲ့နေသော်လည်း သူ၏ ဝမ်းကွဲအစ်ကို လျန်ထျန်းနှင့် မျက်နှာချင်းဆိုင် လိုက်ရသောအခါ နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။
"ရပါတယ်...၊ မနာပါဘူး အစ်ကို...၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့...။”
သိသာထင်ရှားစွာပင် လျူတာဖုန်းသည် လျန်ထျန်း သူ့အတွက် စိတ်မပူစေရန် ရဲရင့်သော ဟန်ဆောင်မှုကို ပြုလုပ်နေခြင်း ဖြစ်လေသည်။
ဝမ်းကွဲညီအစ်ကို တာဖုန်း၏ ဤကဲ့သို့သော အခြေအနေကို မြင်သောအခါ စီမာတယ်အပေါ်ထားရှိသော လျန်ထျန်း၏ ဒေါသမှာ ပိုမို ပြင်းထန်လာလေသည်။
သို့သော် လျန်ထျန်း တစ်ခုခု မပြောနိုင်မီ စီမာတယ်က တုံ့ပြန်လာပြီး မောက်မာစွာဖြင့် အရင်ဆုံး ပြောလိုက် လေသည်။
"ကျစ်...၊ ငါ သတိလက်လွတ်ဖြစ်သွားလို့ အဲ့ဒီ ငတုံးရဲ့ ခြောက်လှန့်တာကို ခံလိုက်ရတာပဲ...။”
"ဒါပေမဲ့ မင်းတို့ စောင့်နေလိုက်...။ မင်းလို ငတုံးနဲ့ မင်းလို အနံ့အသက်ဆိုးတဲ့ အစားအသောက်ပို့သမားကို ငါ ဘာဆက်လုပ်မလဲဆိုတာ ပြပေးမယ်...။”