အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း (၂၉၆)
မင်းအစ်ကိုကို ယုံလား
စီမာတယ်က ဤမျှ ရောင့်တက်နေရဲခြင်းမှာ သူ့ကျောထောက်နောက်ခံအပေါ် ယုံကြည်မှု ရှိနေသောကြောင့် ဖြစ်လေသည်။ သူသည် လက်ပိုက်ကာ လျန်ထျန်းနှင့် လျိုတာဖုန်းတို့ကို အထင်သေးဟန်ဖြင့် ဆိုလိုက်သည်။
"ဒါက အယ်လ်မြို့မှာရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းကြီးဖြစ်တဲ့ ထောင်ကျွီယွမ်ဟိုတယ်ကွ...။”
"ငါ့ဦးလေးက မီးဖိုချောင်ရဲ့ စားဖိုမှူးချုပ်ပဲ...၊ သူက တခြားစားဖိုမှူးတွေနဲ့ မတူဘူးကွ...၊ သူက ရာထူးရှိတဲ့ ဒုတိယ ဌာနခွဲအဆင့် အရာရှိတစ်ယောက်ပဲ...။”
"မင်းလို ရာထူးမရှိတဲ့ စာချုပ်ဝန်ထမ်းတစ်ယောက်နဲ့ ငါ့မျက်စိထဲမှာ အလုပ်လက်မဲ့လို ဖြစ်နေတဲ့ အစားအ သောက်ပို့တဲ့ကောင်က ငါ့ကို ဘာနဲ့လာယှဉ်မှာလဲ...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းက မျက်မှောင်ကြုတ်သွားပြီး အသံဩဩဖြင့် ဆိုလိုက်လေသည်။
"ယခုခေတ် နိုင်ငံပိုင်လုပ်ငန်းတွေမှာ ဒုတိယဌာနခွဲမှူးရဲ့ ဆွေမျိုးလေး တစ်ယောက်ကတောင် ပြဿနာရှာလို့ ရနေ ပြီလား...။”
"အဆက်အသွယ်ရှိတဲ့သူက အရည်အချင်းမရှိတာက ထားပါတော့...၊ ဒီလောက် အကျင့်စရိုက် ဆိုးရွားနေတာက တော့ တကယ့်ကို အရှက်မရှိတာပဲ...။”
ဤမတရားမှုကို ဒေါသတကြီး ဖော်ပြနေသော်လည်း စီမာတယ်မှာမူ အနည်းငယ်မျှ ဆင်ခြင်ခြင်းမရှိဘဲ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့်ပင် ပြန်ပြောလိုက်လေသည်။
"ဟုတ်တယ်...၊ ငါက ဆွေမျိုးပဲ...၊ မင်းက ဘာလုပ်ချင်လို့လဲ...။”
"မင်းကို ပြောပြရဦးမယ်...။ အဆက်အသွယ်ဆိုတာလည်း အင်အားတစ်မျိုးပဲ...၊ မင်းက အဲ့ဒီလောက်တောင် စွမ်းနေရင် မင်းဘာသာ အဆက်အသွယ် သွားရှာလေ...။”
"အကယ်လို့ မင်းက ငါ့ဦးလေးထက် ရာထူးကြီးတဲ့သူကို ရှာနိုင်ရင် ငါ ဒူးထောက်ပြီး တောင်းပန်မယ်...။ ပြီးတော့ ခွင့်လွှတ်ဖို့လည်း တောင်းဆိုပါ့မယ်...။”
"နှမြောစရာကောင်းတာက မင်းတို့နှစ်ယောက်မှာ အဲ့ဒါမျိုး မရှိဘူးလေ...၊ မဟုတ်ရင် တစ်ယောက်က စာချုပ်နဲ့ မီးဖိုချောင် အကူလုပ်စရာ မလိုသလို နောက်တစ်ယောက်ကလည်း နံစော်နေတဲ့ အစားအသောက်ပို့သမား ဖြစ်စရာ အကြောင်းမရှိဘူး....။ မင်းတို့နှစ်ယောက်က လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေအကျဆုံး အလွှာကဆိုတာ သိသာနေတာပဲ ဟားဟားဟား...။”
စော်ကားခြင်း၊ ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် ဖြစ်လေသည်။
လျိုတာဖုန်းက ဒေါသတကြီးဖြင့် တစ်ခုခုလုပ်ရန် ပြင်လိုက်စဉ်မှာပင် လျန်ထျန်းက အချိန်မီ တားဆီးလိုက်ပြီး အလေးအနက် ဆိုလိုက်သည်။
"တာဖုန်း... မင်းအစ်ကိုကို ယုံလား...။”
သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ လျိုတာဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါပေါ့... ယုံတာပေါ့ အစ်ကိုရာ... အစ်ကို ဘာပြောပြော ကျွန်တော် ယုံတယ်...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ အမြဲတစေ တည်ငြိမ်နေတတ်သော မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။
"ကောင်းပြီ... ယနေ့တော့ သူ့ကို လွှတ်ပေးလိုက်ကြစို့...။”
"အစ်ကို့ကို အချိန်နည်းနည်းပေးပါ... သုံးရက်အတွင်း သူ ပြီးခဲ့တဲ့လက မင်းအပေါ် လုပ်ခဲ့သမျှ အားလုံးကို အတိုးရော အရင်းပါ ပြန်ပေးဆပ်ခိုင်းမယ်...။”
လျိုတာဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူညီကြောင်း ထပ်မံ၍ ခေါင်းညိတ်ပြလိုက်လေသည်။
သို့သော် တစ်ဖက်ရှိ စီမာတယ်မှာမူ ဗိုက်ကိုနှိပ်ကာ အသံထွက်သည်အထိ ရယ်မောလိုက်လေသည်။
"ထွက်ပြေးတာကို ဒီလောက် ဆန်းသစ်ပြီး အဆင့်အတန်းရှိရှိ ပြောတတ်တဲ့သူမျိုးကို ငါ ပထမဆုံး အကြိမ် ကြား ဖူးတာပဲ...။”
"ကြောက်ရင်လည်း ကြောက်တယ်လို့ ပြောပေါ့...။ ထွက်ပြေးချင်ရင်လည်း ထွက်ပြေးမယ်လို့ ပြောလေ...၊ ဘာ လို့ ကြောက်ဟန်ဆောင်နေရတာလဲ...။”
"သုံးရက်အတွင်း အတိုးရော အရင်းပါ ပြန်ပေးမယ်ဆိုတာက ဘာသဘောလဲ...၊ လူကြီးလူကောင်း တစ်ယောက် က ဆယ်နှစ်နေမှ ကလဲ့စားချေလည်း မနှောင်းပါဘူးလို့ ပြောလိုက်ပါလား...။”
"ဒါမှမဟုတ်ရင်လည်း သွေးနဲ့ စာရေးပြီး အော်လိုက်လေ...၊ မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ် မြစ်အနောက် ဘက်မှာ အနှစ်သုံးဆယ်ဆိုတော့ လူငယ်တစ်ယောက်ရဲ့ စွမ်းရည်ကို ဘယ်တော့မှ အထင်မသေးနဲ့ပေါ့...။”
"ငါထင်တာတော့ မင်း ဝတ္ထုတွေ ဖတ်တာ များနေပြီ...။ မင်းကိုယ်မင်း ဦးနှောက်မရှိတဲ့သူ အရူးတစ်ယောက်လို ဖြစ်အောင် လုပ်နေတာပဲ ဟားဟားဟား...။”
လျန်ထျန်းသည် ထိုစကားများကို လျစ်လျူရှုကာ စီမာတယ်အား စူးရဲစွာ စိုက်ကြည့်ပြီးနောက် လျိုတာဖုန်းနှင့် အတူ ထွက်ခွာသွားလေသည်။
ဧည့်ကြိုကောင်တာသို့ ပြန်ရောက်သောအခါ ပြင်ဆင်ထားသော အစားအသောက်များကို ယူကာ ဟိုတယ်ထဲမှ ထွက်လာပြီးနောက် လျန်ထျန်းက သူ၏ ဝမ်းကွဲအစ်ကိုကို စတင် စကားပြောလိုက်လေသည်။
"တာဖုန်း...၊ ဒီနေ့ မင်း အိမ်ပြန်နှင့်တော့...၊ အစ်ကို ပို့စရာ အမှာစာ ရှိသေးတယ်...။”
"ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် အစားအသောက် မှာထားတဲ့သူတွေ စားရဖို့ နောက်ကျခံလို့ မဖြစ် ဘူးလေ...။ ဒါပေမဲ့ အစားအသောက် ပို့ပြီးတာနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ အစ်ကို နည်းလမ်းရှာပါ့မယ်...။”
ယခုအချိန်ထိပင် လျိုတာဖုန်းသည် လျန်ထျန်း၏ စကားများကို အနည်းငယ်မျှ သံသယမရှိဘဲ ရိုးသားပွင့်လင်း စွာဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ပါ အစ်ကို...၊ အစ်ကို ခိုင်းတာ မှန်သမျှကို ကျွန်တော် လုပ်ပါ့မယ်...။”
ထိုသို့ဖြင့် ညီအစ်ကို နှစ်ယောက်မှာ ခေတ္တမျှ လမ်းခွဲခဲ့ကြလေသည်။
အစားအသောက်ပို့ရန် သွားရာလမ်းတစ်လျှောက်တွင် လျန်ထျန်းမှာ တိတ်တဆိတ် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ ပေ။
"တကယ်တော့ တာဖုန်းက မတုံးအပါဘူး...၊ သူက သူ့ခံစားချက်ကို သေချာ မပြောတတ်ရုံပါ...။ တစ်နည်းအား ဖြင့် ပြောရရင် သူက အရမ်းကို ရိုးသားလွန်းနေတာ...။”
"ဒါပေမဲ့ သူ့လို ရိုးသားတဲ့သူတွေက အနိုင်ကျင့်ခံရဖို့ မထိုက်တန်ဘူး...။ သူတို့ရဲ့ အဆက်အသွယ်တွေကို အသုံးချ ပြီး တခြားသူတွေကို အနိုင်ကျင့်တဲ့သူတွေက ပိုပြီး ယုတ်မာတာပဲ...။”
"ဒါပေမဲ့ ငါတို့က အရင်က နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ ပတ်သက်ခဲ့တာ အရမ်းရှားတယ်...။ အရင်တုန်းက အဓိက စီမံကိန်းတစ်ခုလောက်ပဲ ရှိခဲ့တာ...။ အဲ့ဒီတုန်းက လောင်တန်ကတစ်ဆင့် သူတို့ကို ဆက်သွယ်ခဲ့တာ...၊ အခုတော့ ညွှန်ကြားရေးမှူးလီကို ဆက်သွယ်သင့်တယ်ထင်တယ်...။”
အစားအသောက် ပို့ပြီးသည်နှင့် လျန်ထျန်းသည် အယ်လ်မြို့တော် ရဲဌာနမှ ညွှန်ကြားရေးမှူးလီထံသို့ ချက်ချင်း ဆက်သွယ်လိုက်လေသည်။
တန်ကော်ဟွာ၏ ယခင် ညာလက်ရုံးဟောင်း တစ်ဦးအနေဖြင့် သူသည် နောက်ပိုင်းတွင် လျန်ထျန်းနှင့် ရင်းနှီး သော မိတ်ဆွေများ ဖြစ်လာခဲ့ရာ ယခုကဲ့သို့ အကူအညီ တောင်းခံရန် တုံ့ဆိုင်းနေစရာ မလိုပေ။
လျန်ထျန်း၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ညွှန်ကြားရေးမှူးလီက ခေတ္တမျှ စဉ်းစားကာ ဆိုလိုက်သည်။
"ဒီကိစ္စက ဖြေရှင်းဖို့ မခက်ခဲပါဘူး...၊ ကျွန်တော်က သူတို့နဲ့ ဌာနချင်း မတူပေမဲ့ အဲ့ဒီဌာနက လူတွေနဲ့ ချိတ်ဆက် ပေးလို့ ရပါတယ်...။”
"ပြီးတော့ ယခုခေတ် နိုင်ငံပိုင်လုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေက အရမ်းကို များပြားနေတယ်လေ...၊ နိုင်ငံတော်က ငွေရှာဖို့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းတွေကို ရန်ပုံငွေ ထုတ်ပေးခဲ့ ပေမဲ့ သူတို့ထဲက အများစုက နှစ်စဉ် အရှုံးပေါ်နေကြတာပဲ...။”
"အတွင်းထဲမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေ အများကြီး ရှိနေတာ သေချာတယ်...။ အထက်လူကြီးတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကို ခေါင်းခဲနေကြတယ်...။ ဒီကိစ္စက တခြားသူတွေကို ကြောက်လန့်သွားအောင် ပညာပေးမယ့် ထိုးဖောက်မှုတစ်ခု ဖြစ်လာနိုင်တယ်...။”
ဦးတည်ချက်တစ်ခု ရရှိသွားပြီးနောက် သူတို့နှစ်ဦးသည် မည်သို့ အကောင်အထည်ဖော်ရမည်ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် အချက်အလက်များ အားလုံးကို ပြင်ဆင်ခဲ့ကြလေသည်။
ဤသုံးရက်အတွင်းတွင် လျန်ထျန်းသည် လျိုတာဖုန်းအား ထပ်မံ၍ အနိုင်ကျင့်မခံရစေရန် ဖျားနာချင်ယောင် ဆောင်ကာ အလုပ်မသွားရန် ညွှန်ကြားထားခဲ့လေသည်။
တတိယမြောက်နေ့တွင် လျန်ထျန်းသည် လျိုတာဖုန်းနှင့်အတူ ထောင်ကျွီယွမ်ဟိုတယ်သို့ ကိုယ်တိုင် လိုက်ပါလာ ခဲ့လေသည်။
ပေါ်ရှေး ၉၁၁ ကားကြီးမှာ ဟိုတယ်အဝင်ဝသို့ တိုက်ရိုက် မောင်းနှင်လာခဲ့ပြီး လျန်ထျန်းက ကားရပ်ပေးရန် စောင့်ဆိုင်းနေသော ဝန်ထမ်းအား လီ(၁၀၀) ကို ဘောက်ဆူးအဖြစ် ပေးလိုက်လေသည်။
သို့သော် ကားရပ်ပေးသည့် ဝန်ထမ်းသည် ၎င်းမှာ လျိုတာဖုန်း၏ကား ဖြစ်နေသည်ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လျန်ထျန်းထံသို့ ကားသော့နှင့် ငွေကို ပြန်ပေးကာ ဆိုလိုက်သည်။
"တောင်းပန်ပါတယ် လူကြီးမင်း...၊ ဒီကားက ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက်ရဲ့ ကားဖြစ်နေလို့ ဒီနေရာမှာ ရပ်ခွင့်ပြုလို့ မရပါဘူးခင်ဗျာ...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ပြုံးလိုက်လေသည်။
"စီမာတယ်က အတော်လေး စွမ်းတာပဲ...။ သူက မင်းတို့အားလုံးကို လျိုတာဖုန်းကို ဝိုင်းကြဉ်ထားဖို့ ခိုင်းထားတာ လား...။”
ထိုစကားကို ကြားသောအခါ ကားရပ်ပေးသည့် ဝန်ထမ်း၏ မျက်နှာပေါ်တွင် ခေတ္တမျှ ထိတ်လန့်သွားသည့် အရိပ် အယောင်များ ပေါ်လာသော်လည်း သူက အလျင်အမြန် ခေါင်းငုံ့ကာ ငြင်းဆန်လိုက်လေသည်။
"မဟုတ်ပါဘူး...၊ မဟုတ်ရပါဘူး...။ ဒီကိစ္စက တကယ့်ကို စည်းမျဉ်းတစ်ခုပါ...။”
လျန်ထျန်းက မယုံကြည်နိုင်သည့် ဟန်ဖြင့် နှာခေါင်းရှုံ့ကာ စကားဖြတ်ပြောလိုက်သည်။
"စည်းမျဉ်းတွေကို စီမာတယ် ဒါမှမဟုတ် စားဖိုမှူးချုပ်ဖြစ်တဲ့ သူ့ဦးလေးက ချမှတ်ထားတာ နေမှာပေါ့...။”
"မဟုတ်လို့ရှိရင် ဒီနေရာမှာ အလုပ်လုပ်တဲ့သူတွေက ဒီနေရာမှာ လာစားပြီး ဖောက်သည် မဖြစ်ရဘူးလို့ ဘယ်သူ က ပြောတာလဲ...။ မင်းတို့က ဒီနေရာမှာ ပိုက်ဆံရှာဖို့တောင် မရဲလောက်အောင် ကြောက်ဖို့ကောင်းနေတာ လား...။”
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ယွမ်တစ်ရာကို သိမ်းလိုက်ပြီး (၁) ဖန်တန် ငွေစက္ကူ တစ်ရွက်နှင့် လဲလှယ် ကာ ကားရပ်ပေးသည့် ဝန်ထမ်းထံသို့ ပြန်ပေးလိုက်လေသည်။
(၁) ဖန်တန်ကို မြင်လိုက်ရသောအခါ ကားရပ်ပေးသည့် ဝန်ထမ်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် သူသည် ငွေနှင့် ကားသော့ကို လက်ခံလိုက်ပြီး လျန်ထျန်းအပေါ် အလွန်တရာ ရိုသေလေးစားသွားလေသည်။
"ကျေးဇူးပြုပြီး အမြန်ဝင်ပါခင်ဗျာ...၊ ကားရပ်ဖို့ကိစ္စကို ကျွန်တော့်တာဝန် ထားလိုက်ပါ...။ ကားကို သေချာရပ် ပေးပြီး ပတ်ပတ်လည်မှာ တခြားကားတွေ ရပ်ခွင့်မပြုပါဘူးလို့ ကျွန်တော် အာမခံပါတယ်...။”
အမှန်တကယ်တော့ ငွေကသာ ကမ္ဘာကြီးကို လည်ပတ်စေခြင်းပင် ဖြစ်လေသည်။
ယခုအချိန်ရှိ (၁) ဖန်ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ်တစ်သောင်းနှင့် ညီမျှ သည်ကို သိထားသင့်ပေသည်။
သူ့လို သာမန် ကားရပ်ပေးသည့် ဝန်ထမ်းတစ်ယောက်အတွက် ဤငွေမှာ တစ်လ သို့မဟုတ် နှစ်လစာ လစာနှင့် ဘောက်ဆူးပေါင်းထားသည်နှင့် ညီမျှနေလေသည်။
ဤအချိန်တွင် သူသည် စီမာတယ်ကို အနည်းငယ်မျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။ အကယ်၍ စီမာတယ်က ထွက်လာပြီး သူ့ကို တားဆီးလျှင်ပင် သူက ပြန်လည်၍ ဒေါသထွက်ဦးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတစ်ပါး၏ ဓနဥစ္စာ ရှာဖွေရာလမ်းကို ပိတ်ပင်ခြင်းမှာ မိဘကို သတ်ခြင်းနှင့် တူပေ သည်။
ကားကို မောင်းနှင်သွားပြီးနောက် လျန်ထျန်းသည် လျိုတာဖုန်းကို ခေါ်ကာ ဟိုတယ်အတွင်းသို့ ဝင်လာခဲ့လေ သည်။
သို့သော် သူတို့ ဧည့်ကြိုကောင်တာသို့ပင် မရောက်မီ စီမာတယ်သည် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ပါဝင် သော ယခင်တစ်ခေါက်ကထက် ပိုများပြားသည့် လူအုပ်ကြီးဖြင့် ရောက်ရှိလာခဲ့လေသည်။
အဖြူရောင် မီးဖိုချောင် အကူဝတ်စုံများကို ဝတ်ဆင်ထားသော လူတစ်စုမှာ တစ်စုံတစ်ဦး၏ သတင်းပေးမှုကို ရရှိထားပုံပေါ်ပြီး လျန်ထျန်းနှင့် လျိုတာဖုန်းတို့၏ လမ်းကို ပိတ်ဆို့ရန် ကောင်းစွာ ပြင်ဆင်ထားကြလေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော စီမာတယ်သည် လျန်ထျန်းကို အထက်အောက် စုန်ဆန်ကြည့်ကာ လှောင်ပြောင် လိုက်လေသည်။
"မင်းက အစားအသောက်ပို့တဲ့ ဝတ်စုံကို ချွတ်လိုက်ရုံနဲ့ အရင်တစ်ခေါက်က နံစော်နေတဲ့ အစားအသောက်ပို့ သမားဆိုတာ ငါက မမှတ်မိဘူးလို့ ထင်နေတာလား...။”
"မင်းလို လူမိုက်လေးက ဒီနေ့တော့ မထွက်ပြေးတာ အကောင်းဆုံးပဲ...။”