← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း (၂၉၉)

မီးအိမ်အောက်က နေရာက အမှောင်ဆုံးဖြစ်သည်

တရားစွဲခံရမည်ဟု ခြိမ်းခြောက်ခံရသော်လည်း အာမခံကုမ္ပဏီ ဝန်ထမ်းမှာ ထူးဆန်းလောက်အောင် တည်ငြိမ် နေဆဲ ဖြစ်လေသည်။

"စွဲချင်လည်း စွဲလေ ငါတို့ အာမခံကုမ္ပဏီက တရားစွဲခံရမှာကို မကြောက်ဘူး…၊ တရားစွဲခံရမှာကို မကြောက်ပါ ဘူး…။ သန်းတစ်ကောင် ပိုလာရုံနဲ့ ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး...။”

ဤသည်မှာ အတည်ငြိမ်ဆုံး လေသံဖြင့် ပြောဆိုသွားသော အမောက်မာဆုံး စကားပင် ဖြစ်လေသည်။

လျန်ထျန်းမှာ အလွန်ဒေါသထွက်လွန်းသဖြင့် ခေါင်းထဲတွင် အူနေတော့သည်။ သူသည် စိတ်ထဲတွင် ဆုံးဖြတ် ချက် တစ်ခုချလိုက်ပြီး နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောလိုက်လေသည်။

"ကောင်းပြီလေ ဒါဆိုရင် မင်းတို့ တရားရုံးက အကြောင်းကြားစာကိုသာ စောင့်နေလိုက်တော့ ဒီအမှုကို နိုင်ဖို့ အတွက် တစ်နိုင်ငံလုံးမှာ အကောင်းဆုံး ရှေ့နေတွေကို ငါ ငှားမယ်...။”

ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဒေါသတကြီးဖြင့် ဖုန်းချလိုက်လေသည်။

ဖုန်း၏ တစ်ဖက်စွန်းတွင်မူ အာမခံကုမ္ပဏီ ဝန်ထမ်းသည် ဖုန်းကျသွားသည်ကို ကြားလိုက်ရသောအခါ ချက် ချင်းပင် မထီမဲ့မြင်ပြုသော အမူအရာကို ပြသလိုက်ပြီး နှုတ်ခမ်းမဲ့ကာ လှောင်ပြောင်လိုက်လေသည်။

"ဒီအစားအသောက်ပို့တဲ့ ကောင်တွေ အခုတလော တကယ်ကို ဘဝင်မြင့်နေကြတာပဲ…၊ တရားနိုင်ဖို့ တစ်နိုင်ငံ လုံးက အကောင်းဆုံး ရှေ့နေတွေကို ငှားမယ်တဲ့ သူတို့မှာ အဲ့ဒီလောက် အရည်အချင်း ရှိလို့လား...။”

"သူ့နေရာသူတောင် မသိဘူး…၊ ငါထင်တာတော့ သူက လျှောက်ပြောနေတာပါ…။ တစ်နိုင်ငံလုံးက အကောင်း ဆုံး ရှေ့နေတွေက ငါတို့ အာမခံကုမ္ပဏီမှာပဲ ရှိတာ...။”

ဖုန်း၏ အခြားတစ်ဖက်တွင်မူ လျန်ထျန်းသည် ဖုန်းချပြီးနောက်၌ပင် ဒေါသထွက်နေဆဲ ဖြစ်လေသည်။

ဆန့်ကျင်ဘက်အနေဖြင့် လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားက သူ့ကိုကြည့်ကာ နှစ်သိမ့်ပေးလာခဲ့ လေသည်။

"အစ်ကို ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ထက်တောင် ပိုပြီး စိုးရိမ်နေသလိုပဲ...။ စိတ်မပူပါနဲ့ဗျာ အာမခံကုမ္ပဏီ တွေက ဘယ်လို လူစားမျိုးတွေလဲ ဆိုတာ လူတိုင်း သိကြတာပဲ...။”

"ကံကောင်းတာက အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတွေက အရင်ကလို တာဝန်မဲ့ မနေကြတော့ဘူး…။ ဒီလုံခြုံရေးကွန်ရက် ရှိနေတာမို့ အာမခံကုမ္ပဏီကနေ အလိမ်ခံရရင်လည်း ခံရပါစေတော့လေ နောက်ဆိုရင် ဒီ မတော်တဆမှု အာမခံကို ဘယ်တော့မှ မဝယ်တော့ဘူး...။”

အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီမှ ပေးထားသော အာမခံ ရှိနေသဖြင့် လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားမှာ ထိုမတော်တဆမှု အာမခံကို အမှန်တကယ်ပင် နှလုံးသွင်းမနေတော့ပေ။

သို့သော် လျန်ထျန်းကမူ လက်လျှော့မည့်အသွင် မရှိပေ။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အသံဩဩဖြင့် ဆိုလိုက်လေသည်။

"မဖြစ်ဘူး…၊ သူတို့ရဲ့ အပြုအမူက ငါတို့ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီကို အသရေဖျက်နေတာပဲ...။”

"ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီနဲ့ မိတ်ဖက်လုပ်ထားတာလေ….။ ပြီးတော့ ပို့ဆောင်ရေးသမား တိုင်းက အကောင့်ဝင်လိုက်တာနဲ့ ဒီအာမခံကို အထင်ရှားဆုံး နေရာမှာ မြင်တွေ့နိုင်တယ်...။”

"ငါတို့ ဝယ်တုန်းကတော့ သူတို့က ဒါအတွက် လျော်ပေးမယ် ဟိုဟာအတွက် လျော်ပေးမယ်ဆိုပြီး အလွန်အကျွံ ကြော်ငြာထားတဲ့ စာမျက်နှာတွေကို ပြထားကြတာပဲ...။”

"ဒါပေမဲ့ တကယ်တမ်း မတော်တဆမှု ဖြစ်လာတော့ ဘာလို့ ဒါလည်း မလျော်ပေးဘူး ၊ ဟိုဟာလည်း မလျော်ပေး ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်သွားရတာလဲ...။”

"ဒီလိုမျိုး ဖြစ်နိုင်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…။ ဒါက လိမ်လည်မှုပဲ…၊ သူတို့ ပေးဆပ်ရမယ်...။”

လျန်ထျန်း၏ စကားများကို ကြားပြီးနောက် လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားသည် သက်ပြင်းချ လိုက်ပြီး ထပ်ပြောလာခဲ့လေသည်။

"ဒီလို ကိစ္စမျိုးက အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာ မှန်ပေမဲ့ ဒီဟာက အဓိက အစုရှယ်ယာရှင်ကြီးရဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်...။”

"အဓိက အစုရှယ်ယာရှင်ကြီးတွေလည်း အမှောင်ချခံထားရပြီး ဒီအကြောင်းကို ဘာမှ မသိတာ ဖြစ်နိုင်တယ်…၊ သူတို့က ကျွန်တော်တို့ ပို့ဆောင်ရေးသမားတွေကို ခံစားခွင့်တွေ အများကြီး ပေးထားတာပဲ ဒီငွေကြေး အနည်း ငယ်လေးကို ဘာလို့ ဂရုစိုက်နေမှာလဲ...။”

"နှမြောစရာကောင်းတာက ကျွန်တော်တို့က သာမန် ပို့ဆောင်ရေးသမားတွေ ဖြစ်နေတာပဲ…။ ဒီကိစ္စကို အဓိက အစုရှယ်ယာရှင်ကြီးတွေဆီ ပြောပြလို့မှ မရတာ…။ ဟူး….၊ တခြားလူတွေရဲ့ အကျိုးစီးပွားကို ထပ်မထိခိုက်စေဖို့ နဲ့ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် ငါတို့က ဒါကို လက်ခံရုံပဲ ရှိတော့မှာပေါ့...။”

ပို့ဆောင်ရေးသမား၏ စကားများကို ကြားသောအခါ လျန်ထျန်း၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးသွား ခဲ့လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူက အလွန် လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့ အဓိက အစုရှယ်ယာရှင်ကြီးက ဒီကိစ္စတွေကို သိလာမှာဖြစ်ပြီး ညီအစ်ကိုတွေအတွက် တရားမျှတ မှုကို ရှာဖွေပေးပါလိမ့်မယ်...။”

ထိုအချိန်တွင် လူနာတင်ယာဉ်လည်း ရောက်ရှိလာခဲ့လေပြီဖြစ်၏။

မူလက လျန်ထျန်းသည် ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမား လူနာတင်ယာဉ်ပေါ် တက်သွားသည်ကို ကြည့် ပြီးနောက် ထွက်ခွာသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုလေးတင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူသည် အခြေအနေကို ပိုမို သိရှိနိုင်ရန် ဆုံးဖြတ်လိုက် ပြီး ဆေးရုံသို့ လိုက်သွားခဲ့လေသည်။

စစ်ဆေးမှုများနှင့် ကုသမှုများ အစဉ်လိုက် ပြုလုပ်ပြီးနောက် ချော်လဲကျရုံမျှဖြင့် အဆင့် (၁၀) မသန်စွမ်းမှု ဖြစ် သွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။

အဆင့် (၁၀) မသန်စွမ်းမှုဆိုသည်မှာ အနိမ့်ဆုံး မသန်စွမ်းမှု အဆင့်ဖြစ်သည်။

သို့သော် ၎င်းသည် အနာဂတ်တွင် နေ့စဉ်လှုပ်ရှားမှုများ၊ အလုပ်လုပ်ခြင်း၊ စာသင်ကြားခြင်းနှင့် လူမှုဆက်ဆံ ရေးများတွင် အနည်းနှင့်အများ ကန့်သတ်ချက်များ ရှိလာမည်ကို ဆိုလိုနေဆဲ ပင်ဖြစ်သည်။

ထို့ကြောင့် ချော်လဲခြင်း သို့မဟုတ် တစ်ခုခုနှင့် တိုက်မိခြင်းကို အသေးအဖွဲ ကိစ္စရပ်ဟု ဘယ်သောအခါမျှ မတွေး လိုက်ပါနှင့်။ တစ်ခါတစ်ရံတွင် သင်သည် အရေးကြီးသော နေရာတစ်ခုခုကို ထိခိုက်မိပါက ပြန်လည် ကုစား၍မ ရသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး နောင်တွင် နောင်တရနေရပေလိမ့်မည်။

ထို့အပြင် ဆေးရုံစရိတ်များမှာလည်း အလွန် မြင့်မားလှလေသည်။ ကုသမှု တစ်ခုလုံးအတွက် ဖန်အနည်းငယ်မျှ ကုန်ကျမည်ဟု ခန့်မှန်းရလေသည်။

ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယခု ဖန်အနည်းငယ်ဆိုသည်မှာ ယွမ်သိန်းနှင့်ချီ၍ တန်ဖိုးရှိ ခဲ့မည် ဆိုသည်ကို သိထားသင့်ပေသည်။

ဤငွေကြေးပမာဏမှာ သာမန် အစားအသောက် ပို့ဆောင်ရေးသမား တစ်ဦး၏ မိသားစုအတွက်မူ ဧရာမ ပိုင်ဆိုင် မှုကြီး တစ်ခုပင် ဖြစ်လေသည်။

ထို့အပြင် သူ ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းလာနိုင်လျှင်ပင် အဆင့် (၁၀) မသန်စွမ်းမှု၏ ပြန်လည် ကုစား၍ မရသော အကျိုးသက်ရောက်မှုများက သူ၏ အလုပ်အကိုင်ကို ရှောင်လွှဲ၍မရဘဲ ကန့်သတ်ထားမည် ဖြစ်ကာ ယခင်ကဲ့သို့ အစားအသောက်များကို မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်တော့မည် မဟုတ်သည်မှာ သေချာလှ လေသည်။

ကံကောင်းထောက်မစွာဖြင့် အခြေခံ လူမှုဖူလုံရေးနှင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီမှ ထောက်ပံ့ကြေး များနှင့် ပတ်သက်၍ ထပ်မံ ပြဿနာမရှိခဲ့ပေ။

လူမှုဖူလုံရေးမှ ယွမ် သိန်းနှင့်ချီသော ဆေးကုသစရိတ်များ၏ အများစုကို ပြန်လည် ထုတ်ပေးပြီးနောက် လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားမှာ ကုန်ကျစရိတ်၏ (၁၀) ရာခိုင်နှုန်း သို့မဟုတ် (၂၀) ရာခိုင်နှုန်းခန့်ကိုသာ ကျခံရတော့သည်။

တစ်ချိန်တည်းမှာပင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီမှ ထောက်ပံ့ကြေးများလည်း လျင်မြန်စွာ ရောက်ရှိ လာခဲ့ပြီး ကနဦး (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိကို ကာမိစေကာ ပြန်လည် နာလန်ထူချိန်အတွင်း မိသားစု စရိတ်အဖြစ် ပိုလျှံငွေ အချို့ကိုပါ ချန်ထားပေးနိုင်ခဲ့လေသည်။

ဤအချက်နှစ်ချက်ကို ကိုင်တွယ်ဖြေရှင်းမှု အပေါ် လျန်ထျန်းသည် အလွန် ကျေနပ်အားရခဲ့ပြီး အထူးသဖြင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီမှ ပေးအပ်သော ထောက်ပံ့ကြေးများမှာ လျင်မြန်ပြီး ထိရောက်မှု ရှိလှ လေသည်။

ဤသည်မှာ လျန်ထျန်း ကြေညာထားခဲ့သော ပို့ဆောင်ရေးသမားများအတွက် လူမှုဖူလုံရေး မူဝါဒများကို အစား အသောက် ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုလုံးက ကောင်းမွန်စွာ အကောင်အထည်ဖော်နေကြောင်းနှင့် အထွေထွေ မန်နေဂျာဝမ်သည်လည်း ၎င်းတို့ကို ကောင်းစွာ စီမံခန့်ခွဲနေကြောင်း ပြသနေလေသည်။

လျန်ထျန်းသည် ပို့ဆောင်သူ မတော်တဆမှု အာမခံ တစ်ခုတည်းနှင့် ပတ်သက်၍ အလွန်အမင်း မကျေမနပ် ဖြစ်ရုံ သာမက ဒေါသပင် ထွက်နေခဲ့လေသည်။

ပို့ဆောင်ရေးသမား ဒဏ်ရာရသွားလျှင်ပင် လူများက ပို့ဆောင်ရေး ကုမ္ပဏီအနေဖြင့် လုံလောက်စွာ လုပ်ဆောင် ပေးခဲ့ပြီး အလွန်ကောင်းမွန်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု ခံစားရသဖြင့် ဤကိစ္စကို ထပ်မံ၍ လိုက်လံ မစုံစမ်းကြတော့ပေ။

ထိုအရာများ အားလုံးမှာ အာမခံကုမ္ပဏီများဘက်မှ တစ်ဖက်သတ် လုပ်ဆောင်ခဲ့သော လုပ်ရပ်များသာ ဖြစ်ပြီး အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီများမှာ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရုံသာ ဖြစ်သောကြောင့် သူတို့ အကြား ဆက်စပ်မှု အနည်းငယ်သာ ရှိကြောင်းကို သူ နားလည်ထားလေသည်။

သို့သော် လျန်ထျန်းမှာ သည်းမခံနိုင်သေးပေ။

သူ လုပ်ဆောင်ခဲ့သော ကြိုးစားအားထုတ်မှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများ အားလုံး၏ ရည်ရွယ်ချက်က ဘာ များလဲ။

အရာအားလုံးက ဖိနှိပ်မှု၊ လိမ်လည်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အခြားသော ဆိုးရွားသည့် အရာများ ကင်းစင်ပြီး ပိုမို တရားမျှတသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် မဟုတ်ပါလား။

ဤမိတ်ဖက် အာမခံကုမ္ပဏီက ဘယ်လို အဓိပ္ပာယ်မရှိသည့် ကိစ္စမျိုးကို ဖန်တီးနေကြသနည်း။ အဓိပ္ပာယ်မရှိ သော မည်သည့် ကိစ္စကိုမှ သည်းမခံနိုင်သော သူ၏ နှာခေါင်းအောက်တည့်တည့်တွင် လာ၍ အညစ်အကြေး စွန့်သွားကြတော့မည်လော။

*မီးအိမ်အောက်က နေရာက အမှောင်ဆုံး နေရာဆိုတာ လူတွေ ပြောကြသလို တကယ်ပါပဲလား…။*

အကယ်၍သာ လျန်ထျန်းသည် ဤအခြေအနေကို မတော်တဆ ကြုံတွေ့ခဲ့ခြင်း မရှိဘဲ ကိုယ်တိုင် မျက်မြင် မတွေ့ရှိခဲ့ပါက အချိန်မည်မျှကြာအောင် လျှို့ဝှက်ထားခံရမည်ကို မည်သူက သိနိုင်မည်နည်း။

ထို့အပြင် ဤကိစ္စက သူ၏ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီအတွင်း၌ သေချာပေါက် ပုပ်သိုးနေသော ပန်းသီး တစ်လုံးစ နှစ်လုံးစ ရှိနေကြောင်းကို လျန်ထျန်းအား သဘောပေါက်သွားစေခဲ့လေသည်။

ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားကို သင့်လျော်စွာ စောင့်ရှောက်ထားကြောင်း မြင်တွေ့ပြီးနောက် လျန်ထျန်း သည် ချက်ချင်းပင် မစ္စတာဝမ်ထံ ဖုန်းဆက်ကာ အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူရန် ပြောလိုက်လေသည်။

ချက်ချင်းပင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီမှ အကြီးတန်း စီမံခန့်ခွဲသူများ အားလုံး အပြေးအလွှား ရောက်ရှိလာကြပြီး လူအနည်းငယ်မှာမူ အနည်းငယ် စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေကြလေသည်။

"ဘာတွေ ဖြစ်နေတာလဲ ဒီအရေးပေါ် အစည်းအဝေးကို နောက်ကွယ်က အဓိက အစုရှယ်ယာရှင်ကြီးက သူ့ရဲ့ အမြင့်ဆုံး အာဏာကို သုံးပြီး ခေါ်ယူလိုက်တာလို့ ကြားတယ်...။”

"ငါလည်း မသိဘူး နောက်ကွယ်က အဓိက အစုရှယ်ယာရှင်ကြီးက ကိုယ်တိုင်ဦးဆောင်ပြီး အစည်းအဝေး လုပ်တာ ဒီတစ်ကြိမ်က ပထမဆုံးပဲလေ…၊ ပုံမှန်ဆိုရင် အထွေထွေမန်နေဂျာဝမ်ကပဲ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေကျကို...။”

"တစ်ခုခုတော့ မှားယွင်းတော့မယ်လို့ ငါ ခံစားနေရတယ်…။ ဒီအရင်းရှင်တွေကို ငါတို့ အနိုင်ရပြီးကတည်းက ကုမ္ပဏီက တည်ငြိမ်စွာနဲ့ တိုးတက်လာခဲ့တာပဲ ဘာတွေများ မှားယွင်းသွားလို့လဲ...။”

"ရှူး တိတ်တိတ်နေ ရှေ့ကို ကြည့်လိုက် အဓိက အစုရှယ်ယာရှင်ကြီး ရောက်လာပြီ သူ့ပုံစံက တကယ်ကို တင်းမာ နေတာပဲ…၊ ငါ့အတွေ့အကြုံအရတော့ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ့်ပုံပဲ...။”

ဤသည်ကို ကြားသောအခါ လူငယ် စီမံခန့်ခွဲသူ တစ်ဦးက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။

"ဟင် ပို့ဆောင်ရေး ဝတ်စုံနဲ့ လူက အဓိက အစုရှယ်ယာရှင်ကြီးလား...။”

အခြားသော စီမံခန့်ခွဲသူများ အားလုံးက သူ့ကို ကြည့်လိုက်ကြပြီး လူလတ်ပိုင်းအရွယ် စီမံခန့်ခွဲသူ တစ်ဦးက အသံဩဩဖြင့် ပြောလိုက်လေသည်။

"မင်းက ရာထူးတိုးလာတာ သိပ်မကြာသေးဘူး မဟုတ်လား…၊ အဓိက အစုရှယ်ယာရှင်ကြီးက မကြာခဏဆို သလို ကြိုတင်အသိမပေးဘဲ လာရောက်လည်ပတ်တတ်ပြီး အစားအသောက်တွေကို ကိုယ်တိုင် လိုက်ပို့တတ် တယ်...။”

"ဒါက မြေပြင်အခြေအနေကို သေချာဆင်းကြည့်တဲ့ ချဉ်းကပ်မှုမျိုးပဲ အောက်ခြေအဆင့်ကနေ ပြဿနာတွေကို ရှာဖွေပြီး ငါတို့လို မန်နေဂျာဟောင်းတွေကိုတောင် အပြင်လူတွေကို မဖွင့်ဟဖို့ တားမြစ်ထားတာ...။”

"မင်း စီမံခန့်ခွဲနေတဲ့ ဌာနမှာ ဘာပြဿနာမှ မရှိဖို့ မျှော်လင့်ပါတယ်…၊ အဲဒီလိုမှ မဟုတ်ဘဲ အဓိက အစုရှယ်ယာ ရှင်ကြီးကသာ မင်းကို ဖမ်းမိသွားရင် မင်း ဘယ်လိုပဲ ဒီရာထူးကို ရောက်လာခဲ့ပါစေ မင်းရဲ့ နိဂုံးက ကောင်းမှာ မဟုတ်ဘူး...။”

နားထောင်ပြီးနောက် လူငယ် စီမံခန့်ခွဲသူ၏ လည်စေ့မှာ လှုပ်ရှားသွားကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး သူ၏ နဖူးပေါ်တွင်လည်း ချွေးစေးများ ပျံလာတော့သည်။

All Chapters